အခန်း ၃၁၂
Vol. 32 Ch. 312
အခန်း ၃၁၂ နိုးထလာခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာအချိန်သည် ကုန်ဆုံးသွားခဲ့လေပြီ။ ဤတစ်နှစ်တာကာလအတွင်း ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်နှင့် အခြားလူများသည် ဝူကျန်းယွီ၏အနားမှ အဝေးသို့မသွားဘဲ စောင့်ကြပ်နေခဲ့ကြ၏။ ယခုအခါတွင်မူ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ရော လက်နက်သွန်းလုပ်သူအသင်းမှ လူများပါ မည်သည့်မတော်တဆမှုမျှ မရှိလျှင် ဝူကျန်းယွီသည် သွန်းလုပ်ခြင်းအတတ်ပညာရပ်၌ ထိပ်တန်းဦးဆောင်သူတစ်ဦး သေချာပေါက် ဖြစ်လာတော့မည်ကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။
ကောရှောင်ကန်းသည် သူ၏ဖခင်ဖြစ်သူဘေးတွင် ခေါင်းငုံ့ကာ မတ်တတ်ရပ်နေပြီး စကားတစ်ခွန်းမျှပင် မဟဝံ့ချေ။ ကုန်လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ကောသယ်ကန်းသည်လည်း သူ၏သားဖြစ်သူ ပြုလုပ်ခဲ့သော အမှားများကို သိရှိသွားခဲ့ပြီး ကောရှောင်ကန်းကို ထိုနေရာတွင်ပင် မတ်တတ်ရပ်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က ခွင့်လွှတ်မှသာ ထွက်ခွာခွင့်ရှိမည်ဟုလည်း မှာကြားထားခဲ့၏။
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကမူ ဘာမှမပြောဘဲ ဝူကျန်းယွီ နိုးထလာမည့်အချိန်ကိုသာ အနား၌ ရိုးရှင်းစွာ စောင့်ကြပ်နေခဲ့သည်။ ထို့ကြောင့် ကောရှောင်ကန်းမှာ ထိုနေရာ၌သာ ဆက်လက်ရပ်နေရင်း ဝူကျန်းယွီ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းကာ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ် အနေဖြင့် သူ့အပေါ် သို့ သက်ညှာပေးရန်သာ မျှော်လင့်နေရုံသာ ရှိတော့သည်။
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် လောကီလောကမှ အနားယူထားခဲ့သော်လည်း အထက်ဘုံရှိ သူ၏ အဆက်အသွယ်များနှင့် ဩဇာအာဏာမှာ နောက်ပြောင်စရာမဟုတ်ချေ။ ထို့ပြင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် အထက်ဘုံ၏ ငြင်းပယ်၍မရသော နံပါတ်တစ် လက်နက်သွန်းလုပ်သူကြီးအဖြစ် တည်ရှိနေဆဲပင်။
အကယ်၍ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သာ အလိုရှိပါက လက်နက်သွန်းလုပ်သူအသင်းသစ်တစ်ခုကို ပြန်လည်တည်ထောင်ပြီး လက်ရှိအသင်းကြီးကို တိုက်ရိုက် ပြိုလဲသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည်ဟုပင် ဆိုနိုင်သည်။
ဤသည်မှာ ကောသယ်ကန်းအနေဖြင့် သူ၏သားကို ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ထံမှ ခွင့်လွှတ်မှုရအောင် မဖြစ်မနေ တောင်းခံခိုင်းရသည့် အကြောင်းရင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် လက်နက်သွန်းလုပ်သူအသင်းတစ်ခုလုံးပင် လွန်စွာကြောက်ရွံ့ရသော ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
တစ်နှစ်တာအချိန် ကုန်လွန်သွားချိန်တွင် ဝူကျန်းယွီသည် လက်နက်သွန်းလုပ်သူအသင်း၏ တံခါးဝအထက်၌ ဝှက်ထားသော သွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို လုံးလုံးလျားလျား သန့်စင်ပြီးမြောက်သွားခဲ့ပြီး သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
လက်နက်သွန်းလုပ်သူအသင်းကို စတင်တည်ထောင်ခဲ့သော ခေါင်းဆောင်ကြီး ချန်ထားခဲ့သည့် သွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို သန့်စင်ခံယူပြီးနောက် ဝူကျန်းယွီသည် သူ၏ သွန်းလုပ်ခြင်းအတတ်ပညာအပေါ် ပိုမိုမြင့်မားသော နားလည်မှုအဆင့်တစ်ခုကို ရရှိခဲ့သည်။ ယခုအခါ သူသည် အဆင့် ၅ သို့မဟုတ် အဆင့် ၆ အင်မော်တယ်လက်နက်များကိုပင် သွန်းလုပ်နိုင်ပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့် ရှိနေပြီ ဖြစ်သည်။
ဤသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်ရှိနေသေးသည့် အခြေအနေအောက်တွင်ပင် ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံခြင်းအဆင့်သည် အမြဲတမ်း အရေးကြီးဆုံးသော အထောက်အပံ့ပင် မဟုတ်လော။ လက်နက်သွန်းလုပ်ခြင်းဖြစ်စေ၊ ဆေးဝါးဖော်စပ်ခြင်းဖြစ်စေ ကျင့်ကြံခြင်းအဆင့်သာ လုံလောက်မည်ဆိုပါက ဝူကျန်းယွီသည် အဆင့် ၈ သို့မဟုတ် အဆင့် ၉ အင်မော်တယ်လက်နက်များကိုပင် သွန်းလုပ်နိုင်စွမ်း ရှိပေသည်။
"ဆရာ... အချိန်ဘယ်လောက်တောင် ကုန်လွန်သွားခဲ့ပြီလဲ..."
ဝူကျန်းယွီ မျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် သူ့ထံသို့ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
သူ၏ နောက်တွင်မူ လွန်စွာအစွမ်းထက်ပုံရပြီး ထူးခြားမြင့်မြတ်သော ရုပ်ရည်သွင်ပြင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားအချို့လည်း ရှိနေကြသည်။
"တစ်နှစ်တောင် ရှိသွားခဲ့ပြီ... ဒါနဲ့ မင်း အခုပဲ လက်နက်သွန်းလုပ်သူအသင်းရဲ့ တည်ထောင်သူခေါင်းဆောင်ကြီး ချန်ထားခဲ့တဲ့ သွန်းလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကနေ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပြီလား..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က အလောတကြီး မေးမြန်းလိုက်ရာ ဘေးနားရှိ လျူဝမ်ယင်းနှင့် အခြားလူများသည်လည်း စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို မထိန်းနိုင်ဘဲ ဖြစ်နေကြတော့သည်။
ဝူကျန်းယွီက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ကဲ့... တည်ထောင်သူခေါင်းဆောင်ကြီး ချန်ထားခဲ့တဲ့ သွန်းလုပ်ခြင်းရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကို ကျွန်တော် သန့်စင်ပြီးပါပြီ..."
ထိုသို့ သန့်စင်နေသည့် လုပ်ငန်းစဉ်အတွင်း ဝူကျန်းယွီသည် ဤသူမှာ လက်နက်သွန်းလုပ်သူအသင်း၏ တည်ထောင်သူခေါင်းဆောင်ကြီး ဖြစ်သလို ၊ အထက်ဘုံတစ်ခုလုံး၏ တစ်ဦးတည်းသော အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူဖြစ်ပြီး 'ရတနာလက်နက် အင်မော်တယ် မဟာဧကရာဇ်' ဟု လူသိများကြောင်း သဘာဝကျကျ သိရှိသွားခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုပုဂ္ဂိုလ်ကြီးသည် သွေးဝိညာဉ်ဂိုဏ်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ကျဆုံးသွားခဲ့ရသည်။ ထိုအချိန်မှစ၍ လက်နက်သွန်းလုပ်သူအသင်းတွင် နောက်ထပ် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူတစ်ဦးတစ်ယောက်မျှ ပေါ်ထွက်မလာတော့ချေ။ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ပင်လျှင် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာရန် အနီးစပ်ဆုံးအဆင့်အထိသာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ဝူကျန်းယွီ၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ နောက်ကွယ်၌ ရပ်နေသော လျူဝမ်ယင်းသည် မျက်ရည်များ ဝဲတက်လာကာ ကောင်းကင်ယံသို့ မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
"ဆရာ... မြင်လား... နောက်ဆုံးတော့ တစ်ယောက်ယောက်က ဆရာ့ရဲ့ သွန်းလုပ်ခြင်း စစ်မှန်တဲ့ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားခဲ့ပြီ... ကျွန်တော်တို့ရဲ့လက်နက်သွန်းလုပ်သူအသင်းမှာ ဆက်ခံမယ့်သူ ရှိခဲ့ပြီ..."
"ခေါင်းဆောင်... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး... တစ်ဖက်လူက ကျွန်တော်တို့လက်နက်သွန်းလုပ်သူအသင်းကို ဝင်ဖို့ သဘောမတူရသေးဘူး..."
"ဟုတ်ပါတယ် ခေါင်းဆောင်... စိတ်အေးအေးထားပါဦး..."
ဘေးနားရှိ ကောသယ်ကန်းနှင့် အခြားလူများသည်လည်း လျူဝမ်ယင်း မည်သည့်အတွက်ကြောင့် ဤမျှအထိ စိတ်လှုပ်ရှားနေရသည်ကို သိရှိကြသဖြင့် ချက်ချင်းပင် ဝင်ရောက်ဖျောင်းဖျလိုက်ကြ၏။
လျူဝမ်ယင်း ပြုလုပ်လိုက်သော ဆူညံသံကြောင့် ဝူကျန်းယွီ၏ အာရုံစိုက်မှုကို သဘာဝကျကျ ဆွဲဆောင်နိုင်ခဲ့ပြီး ဝူကျန်းယွီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဆရာ... ဒါက ဘယ်သူလဲ..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်အနေဖြင့် စတင်မိတ်ဆက်ပေးရန်ပင် အချိန်မရလိုက်ဘဲ လျူဝမ်ယင်းက ဝူကျန်းယွီထံသို့ အပြေးအလွှား လျှောက်လှမ်းလာကာ သူ၏လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေတော့၏။
"မိတ်ဆွေငယ်လေး... ငါက လက်နက်သွန်းလုပ်သူအသင်းရဲ့ ခေါင်းဆောင် လျူဝမ်ယင်းပါ... မင်းအနေနဲ့ ငါတို့ရဲ့ လက်နက်သွန်းလုပ်သူအသင်းကို ဝင်ရောက်ဖို့ စိတ်ဝင်စားမှု ရှိ၊ မရှိ သိပါရစေ... မင်းကို ဂုဏ်ထူးဆောင်အကြီးအကဲ ရာထူးနေရာအပြင် နှစ်စဉ် ချီးမြှင့်ငွေအဖြစ် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးအပ်နိုင်ပါတယ်..."
"မင်းဆီကနေ ဘာတစ်ခုမှ လုပ်ပေးဖို့ ငါတို့ မမျှော်လင့်ပါဘူး... မင်း လုပ်ဆောင်ပေးရမှာက ဆယ်နှစ်တစ်ကြိမ် ငါတို့ လက်နက်သွန်းလုပ်သူအသင်းက လက်နက်သွန်းလုပ်သူတွေကို သင်ကြားပြသပေးဖို့ပါပဲ..."
ဤစကားကို ကြားသောအခါ ဝူကျန်းယွီသည် ခဏမျှ တုံ့ဆိုင်းသွားပြီး သူ၏ဆရာကို လှည့်ကြည့်လိုက်မိသည်။
ဝူကျန်းယွီ၏ အမူအယာကို မြင်ပြီးနောက် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချနိုင်ပါတယ်... လက်နက်သွန်းလုပ်သူအသင်းရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ဦး ဖြစ်လာတာက မင်းအတွက် နောက်ပိုင်း လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေချောမွေ့စေလိမ့်မယ်..."
အခြေအနေများက ဤသို့ဖြစ်လာခဲ့ပြီဖြစ်ရာ ဝူကျန်းယွီတွင် ငြင်းပယ်ရန် အကြောင်းပြချက်မရှိတော့သဖြင့် လျူဝမ်ယင်းကို ကြည့်ကာ ပြောလိုက်ပေ၏။
"ဒါဆိုရင်လည်း ခေါင်းဆောင်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..."
"ဟားဟား... အကြီးအကဲဝူ... ဘာတွေ ပြောနေတာလဲ... အခုကစပြီး ငါတို့က အတူတူ အလုပ်လုပ်ကြရမှာဆိုတော့ ကျေးဇူးပြုပြီး ငါတို့ကို အထင်မသေးပါနဲ့ဦး..."
လျူဝမ်ယင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ စကားအရ ရှေ့တွင်ရှိနေသော ဝူကျန်းယွီသည် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ၏ သူတော်စင်ဖြစ်ကြောင်း သိရှိထားပြီး ဖြစ်သည်။ ထို့ပြင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ တပည့်တစ်ဦးဟူသော ဂုဏ်ပုဒ်တစ်ခုတည်းနှင့်တင် ဝူကျန်းယွီအပေါ် သူ၏ သဘောထားသည် မည်မျှအထိ ကောင်းမွန်ရမည်ကို ဆုံးဖြတ်ရန် လုံလောက်နေပေပြီ။
ကောရှောင်ကန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ၌ အတိုင်းအဆမရှိ မနာလိုဖြစ်မိသော်လည်း ဝူကျန်းယွီ၏ ပါရမီက သူ့ထက် များစွာ သာလွန်ကြောင်း သိရှိပေသည်။ အထူးသဖြင့် ရတနာလက်နက် အင်မော်တယ် မဟာဧကရာဇ် ချန်ထားခဲ့သော သွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက်ကို သန့်စင်ပြီးသွားသည့်နောက်တွင် မည်သည့်မတော်တဆမှုမျှ မရှိလျှင် ဝူကျန်းယွီသည် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူတစ်ဦး သေချာပေါက် ဖြစ်လာတော့မည်ဟု ပြောဆိုနိုင်သည်။
"လက်နက်တစ်သောင်းအရှင်သခင်... စီနီယာ... ကျွန်တော့်သားရဲ့ အခြေအနေကို မသိသေးဘူးထင်တယ်..."
ထိုအချိန်တွင် ကောသယ်ကန်းသည် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ ဘေးနားသို့ ရောက်ရှိလာပြီး သတိကြီးစွာဖြင့် မေးမြန်းလိုက်၏။
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က ကောသယ်ကန်းကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ကောရှောင်ကန်းကို လှည့်ကြည့်ကာ ပြောဆိုလိုက်သည်။
"လူငယ်တွေအနေနဲ့ နည်းနည်းလောက် မာနထောင်လွှားတာက သဘာဝကျပါတယ်... ဒါပေမဲ့ အလွန်အကျွံတော့ မာနမကြီးနဲ့... မဟုတ်ရင် အမှားကြီးမှားသွားဖို့ လွယ်ကူလိမ့်မယ်... ငါ ဒီတစ်ကြိမ်တော့ ဒီအတိုင်း လွှတ်ပေးလိုက်မယ်... ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ ငါ့ရဲ့ စိတ်နေသဘောထားက ဒီလောက်အထိ ကောင်းနေမှာ မဟုတ်ဘူး..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... လက်နက်တစ်သောင်းအရှင်သခင် စီနီယာကို ကျေးဇူးတင်ပါတယ်..."
ဤစကားကို ကြားရချိန်တွင် ကောသယ်ကန်းသည် နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့ပြီး လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်၏။
ထိုအခါ ဝူကျန်းယွီက ဝင်ရောက်ပြောဆိုလိုက်သည်။
"ဆရာ... ကျွန်တော့်ရဲ့ လက်နက်သွန်းလုပ်သူ အဆင့်အတန်းကို အခုပဲ စမ်းသပ်ကြည့်ကြမလား..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ် စကားမပြောနိုင်ခင်မှာပင် လျူဝမ်ယင်းက လျင်မြန်စွာ ပြောလိုက်၏။
"အကြီးအကဲဝူ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ... မင်းရဲ့ လက်နက်သွန်းလုပ်သူ အဆင့်အတန်းကို စမ်းသပ်ဖို့ ခေါ်သွားပေးပါမယ်..."
ပြောပြီးသည်နှင့် လျူဝမ်ယင်းသည် ဝူကျန်းယွီကို လက်နက်သွန်းလုပ်သူအသင်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ ဤမြင်ကွင်းသည် လက်နက်သွန်းလုပ်သူအသင်းရှိ လက်နက်သွန်းလုပ်သူများကို လွန်စွာ တုန်လှုပ်သွားစေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ ခေါင်းဆောင်သည် အင်မော်တယ်မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ဖြစ်သလို အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူတစ်ဦးလည်း ဖြစ်သည်။ အထက်ဘုံတွင် လူအများစုသည် သူတို့၏ခေါင်းဆောင်ကို မျက်နှာလိုမျက်နှာရ လုပ်ကြရသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးက ငယိရွယ်သေးသော လျိုထျန်းရွှေအင်မော်တယ်တစ်ဦးအပေါ် မည်သည့်အတွက်ကြောင့် ဤမျှအထိ ရိုသေလေးစားစွာ ဆက်ဆံနေရသနည်း။
"အသင်းခေါင်းဆောင်က လျိုထျန်းရွှေအင်မော်တယ်တစ်ယောက်ကို ဒီလောက်အထိ ရိုရိုသေသေ ဆက်ဆံနေတာလား... ငါ အိမ်မက်မက်နေတာများလား..."
"ဟူး... မင်း အိမ်မက်မက်နေတာ မဟုတ်ဘူး... ငါလည်း မြင်လိုက်ရတယ်... ခေါင်းဆောင်ရဲ့ သဘောထားကို ကြည့်ရတာ အဲ့ဒီကောင်လေးရဲ့ နောက်ခံက ဘာဖြစ်နိုင်မလဲ... သူက မြင့်မြတ်နယ်မြေကြီး ငါးခုရဲ့ မြင့်မြတ်အရှင်သခင် ဖြစ်နေရင်တောင် ခေါင်းဆောင်ကို ဒီလိုမျိုး ပြုမူအောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
"သူက လျှို့ဝှက်ဆန်းကြယ်တဲ့ ဝူမိသားစုက ဖြစ်နေနိုင်တယ်လို့ မင်းတို့ ထင်လား..."
"ဟူး... ဒါကတော့ သေချာပေါက် ဖြစ်နိုင်ချေရှိတယ်..."
ထိုနေရာတွင် ရှိနေကြသော လက်နက်သွန်းလုပ်သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ စိတ်နှလုံးထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။ အကယ်၍ ခေါင်းဆောင်ကြီးကို ဤမျှအထိ လေးစားရိုသေအောင် ညွှန်ကြားနိုင်စွမ်းရှိသော အင်အားစုတစ်စု ရှိမည်ဆိုပါက ၎င်းသည် မကြာသေးမီကမှ အချိန်နှင့်ဟင်းလင်းပြင် မြင့်မြတ်နယ်မြေနှင့် ထိမ်းမြားလက်ထပ်ကာ မဟာမိတ်ဖြစ်သွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဝူမိသားစုသာ ဖြစ်နိုင်ပေတော့သည်။