အခန်း ၃၁၃
Vol. 32 Ch. 313
အခန်း ၃၁၃ - အဆင့် ၆ အင်မော်တယ် လက်နက်သွန်းလုပ်သူ
ဝူကျန်းယွီ သွန်းလုပ်လိုက်သော အဆင့် ၆ အင်မော်တယ်လက်နက်ကို မြင်လိုက်ရချိန်တွင် လျူဝမ်ယင်းနှင့် အခြားလူများသည် ဆွံ့အကာ နှုတ်ဆိတ်သွားကြတော့၏။
"ဘာဖြစ်လို့လဲ... ကျွန်တော် သွန်းလုပ်လိုက်တဲ့ အင်မော်တယ်လက်နက်က အဆင့်အတန်း အရမ်းနိမ့်လွန်းလို့လား..."
သူတို့၏ မျက်နှာအမူအရာများကို မြင်တွေ့ရသောအခါ ဝူကျန်းယွီက အနည်းငယ် ဇဝေဇဝါဖြစ်လျက် မေးမြန်းလိုက်သည်။
"မဟုတ်တာ... မဟုတ်တာ... လုံးဝမဟုတ်ပါဘူး... အကြီးအကဲဝူက ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ အဆင့် ၆ အင်မော်တယ်လက်နက်ကို သွန်းလုပ်နိုင်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့မိရုံပါ... အခုအခြေအနေအရဆိုရင် အကြီးအကဲဝူ သာ အင်မော်တယ်အရှင်မြတ် အဆင့်ကို ဖောက်ထွက်နိုင်တဲ့အချိန်ကျရင် အဆင့် ၈ အင်မော်တယ် မဟာဧကရာဇ်လက်နက်ကို သေချာပေါက် သွန်းလုပ်နိုင်လိမ့်မယ်... ဒါ့အပြင် မင်းရဲ့ပါရမီနဲ့ဆိုရင် နှစ်သန်းပေါင်းတစ်ဆယ်အတွင်းမှာတင် အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာနိုင်ချေ ရှိတယ်..."
လျူဝမ်ယင်းသည် သက်ပြင်းပြင်းတစ်ချက်ချလိုက်ပြီး အလွန်တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ရာ ထိုအသံထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များလည်း ပါဝင်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဝူကျန်းယွီသည် အသက်တစ်ထောင်ပင်မပြည့်သေးဘဲ လျိုထျန်းရွှေအင်မော်တယ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ရုံသာမက သွန်းလုပ်ခြင်းအတတ်ပညာရပ်၌ ပါဝင်ပတ်သက်ခဲ့သည်မှာ နှစ်နှစ်ခွဲပင်မပြည့်သေးဘဲ အဆင့် ၆ အင်မော်တယ်လက်နက်ကို သွန်းလုပ်နိုင်ခဲ့သောကြောင့်ပင်။
သူ ထုတ်ဖော်ပြသလိုက်သော ပါရမီကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟုသာ ဖော်ညွှန်းနိုင်ပေတော့မည်။ ပါရမီအရှိဆုံးဖြစ်သော ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ပင်လျှင် အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာရန် နှစ်သန်းပေါင်း တစ်ဆယ်အပြည့် အချိန်ယူခဲ့ရပြီး သူကိုယ်တိုင်မှာမူ အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာရန် နှစ်ပေါင်း သန်းတစ်ထောင်အပြည့် အချိန်ယူခဲ့ရသည်ကို သင် သိထားရမည်။
သူတို့ကဲ့သို့သော လူများအတွက်ပင်လျှင် အဆင့် ၆ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာရန် အချိန် နှစ်သန်းနီးပါး ကုန်ဆုံးခဲ့ရခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ပိုမိုမြင့်မားသော အဆင့်ရှိ လက်နက်သွန်းလုပ်သူတစ်ဦးအတွက် ရှေ့သို့ ခြေတစ်လှမ်း တက်လှမ်းတိုင်းတွင် စိတ်ကူး၍မရနိုင်သော အချိန်နှင့် ကြိုးပမ်းအားထုတ်မှုများကို ရင်းနှီးမြှုပ်နှံရစမြဲ ဖြစ်ပေသည်။
"ဒီလိုလား... ဒါက နည်းနည်းတော့ နှေးကွေးလွန်းတယ်..."
ဝူကျန်းယွီက မိမိကိုယ်ကိုယ် ရေရွတ်လိုက်၏။
ဝူကျန်းယွီ၏ စိတ်ကူးမှာ သူ အင်မော်တယ်အရှင်မြတ် အဆင့်သို့ ရောက်ရှိချိန်တွင် နတ်ဘုရားအဆင့် လက်နက်သွန်းလုပ်သူတစ်ဦး ဖြစ်လာရန်ဖြစ်ပြီး ၊ ထိုမှသာ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်ပုလဲငါးလုံးကို ဆင့်ကဲမြှင့်တင်ကာ သူ၏ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။
ဆန်းကြယ်ပုလဲငါးလုံး ရှိနေခြင်းက နတ်ဘုရားဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံရန် လုံလောက်သည်ဟု ဆိုနိုင်သော်လည်း အရှိန်အဟုန်မှာ တဖြည်းဖြည်း နှေးကွေးသွားမည်ဖြစ်ရာ ဤသည်မှာ ဝူကျန်းယွီအတွက် လက်ခံနိုင်ဖွယ်မရှိချေ။ ထို့ကြောင့် ဆန်းကြယ်ပုလဲများ၏ အရည်အသွေးကို အမြန်ဆုံး ဆင့်ကဲမြှင့်တင်ခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် ဝူကျန်းယွီသည် ဆန်းကြယ်ပုလဲငါးလုံး၏ စွမ်းအားကို စတင်အသုံးပြုနိုင်ပြီဟုလည်း ခံစားမိနေသည်။ သူ အင်မော်တယ်ဘုရင် ဖြစ်လာချိန်တွင် ဆန်းကြယ်ပုလဲများ၏ စွမ်းအားကို စတင်အသုံးပြုနိုင်မည်ဖြစ်ရာ ထိုအချိန်၌ သူ၏အစွမ်းမှာ အတိုင်းအဆမရှိ တိုးတက်လာမည် ဖြစ်သည်။
ဝူကျန်းယွီ၏ အသံမှာ လွန်စွာတိုးညင်းလှသော်လည်း လျူဝမ်ယင်းနှင့် အခြားလူများ၏ နားထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် သူတို့အကုန်လုံး ချက်ချင်းပင် ဆွံ့အမှင်တက်သွားကြရသည်။ နှစ်သန်းပေါင်း တစ်ဆယ်အတွင်း အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာခြင်းမှာ လုံးလုံးလျားလျား မယုံကြည်နိုင်လောက်အောင် မြန်ဆန်သောအရှိန်အဟုန်ပင် ဖြစ်ပေသည်။
တည်ထောင်သူခေါင်းဆောင်ကြီးပင်လျှင် အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာရန် နှစ်သန်းပေါင်းများစွာ ကုန်ဆုံးခဲ့ရပြီး အထက်ဘုံတစ်ခုလုံးတွင် အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူ ငါးဦးသာ ရှိသဖြင့် ၎င်းတို့သည် မည်မျှအထိ ရှားပါးကြောင်း သက်သေပြနေသည်။
သို့တိုင်အောင် ဝူကျန်းယွီက နှေးကွေးလွန်းသည်ဟု ခံစားနေရဆဲပင်။ အရေးကြီးဆုံးမှာ လျူဝမ်ယင်းနှင့် အခြားလူများအနေဖြင့် ဤအချက်ကို မငြင်းပယ်နိုင်ခြင်း ဖြစ်သည်၊ မည်သို့ပင်ဆိုစေ ဝူကျန်းယွီ၏ ပါရမီသည် ငြင်းပယ်၍မရနိုင်အောင် အရှိန်အဝါကြီးမားလှပေသည်။
နှစ်သန်းပေါင်းတစ်ဆယ်ဟူသည် သူတို့၏ ခန့်မှန်းချက်မျှသာဖြစ်ပြီး ဝူကျန်းယွီ၏ အရှိန်အဟုန်မှာ သူတို့တွေးထားသည်ထက် များစွာ ပိုမိုမြန်ဆန်နိုင်ပေသည်။
"ကောင်းပါပြီ ခေါင်းဆောင်လျူ... အခု အားလုံး အဆင်ပြေသွားပြီဆိုတော့ ငါ့ရဲ့တပည့်ကို ခေါ်ပြီး ပြန်တော့မယ်..."
ထိုအချိန်တွင် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က ရှေ့သို့ လှမ်းလာပြီး ပြောဆိုလိုက်၏။
ဤစကားကို ကြားသောအခါ လျူဝမ်ယင်းက ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခုကို လျင်မြန်စွာ သတိရသွားကာ သိုလှောင်လက်စွပ်တစ်ကွင်းကို အလျင်အမြန် ထုတ်ယူ၍ ဝူကျန်းယွီထံသို့ ကမ်းပေးလိုက်သည်။
"အကြီးအကဲဝူ... ဒါက နောက်ထပ် နှစ်ပေါင်း တစ်သောင်းအတွက် မင်းရဲ့ ချီးမြှင့်ငွေပါ... အကြီးအကဲဝူအနေနဲ့ ဆယ်နှစ်ကို တစ်ကြိမ် ကျွန်တော်တို့ရဲ့ လက်နက်သွန်းလုပ်သူအသင်းကို လာပြီးတော့ သင်ကြားပြသပေးဖို့ မမေ့ပါနဲ့ဦး..."
"ကျွန်တော် နားလည်ပါပြီ..."
ဝူကျန်းယွီက သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်ပြီး ခေါင်းညိတ်ကာ ပြန်လည်ပြောဆိုလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် လက်နက်သွန်းလုပ်သူအသင်း၏ ဂုဏ်ထူးဆောင်အကြီးအကဲ ဖြစ်လာရန် လျူဝမ်ယင်းကို ကတိပေးခဲ့ပြီးဖြစ်ရာ သဘာဝကျကျ ငြင်းပယ်မည်မဟုတ်ချေ။
သိုလှောင်လက်စွပ်ကို လက်ခံရရှိပြီးနောက် ဝူကျန်းယွီသည် သူ၏ဆရာနှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း ထိုခဏတွင် လူရိပ်တစ်ခုက အပြေးအလွှား ထွက်ပေါ်လာပြီး ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ ရှေ့တွင် ပိတ်ဆို့တားဆီးလိုက်သည်။ ထို့နောက် မည်သည့်စကားမျှ မဆိုဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်တော့၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ကောသယ်ကန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ ရှေ့သို့ လှမ်းသွားရန် ပြင်လိုက်စဉ်မှာပင် ဒူးထောက်လိုက်သော ကောရှောင်ကန်းက ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို ကြည့်ကာ လေးနက်တည်ကြည်စွာဖြင့် ပြောဆိုလိုက်ပေသည်။
"လက်နက်တစ်သောင်းအရှင်သခင် စီနီယာ... ကျွန်တော် စီနီယာ့ကို ကြည်ညိုလေးစားခဲ့ရတာ ကြာပါပြီ... ကျွန်တော့်ကို စီနီယာ့ရဲ့ တပည့်တစ်ယောက် ဖြစ်ခွင့်ပြုဖို့ အခွင့်အရေးတစ်ကြိမ်လောက် ပေးသနားပါ..."
ဤစကားကို ကြားလိုက်ရချိန်တွင် ကောသယ်ကန်းသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးလျက် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို စိုက်ကြည့်မိသွားသည်။
အကယ်၍ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သာ သဘောတူမည်ဆိုပါက ၎င်းသည် သူတို့အတွက် သေချာပေါက် ကောင်းမွန်သောအရာ ဖြစ်ပေလိမ့်မည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး ကောရှောင်ကန်းကို သေချာစွာ စစ်ဆေးကြည့်ရှုကာ ဖြည်းညင်းစွာ ခေါင်းခါပြလျက် ပြောဆိုလိုက်၏။
"ငါ နောက်ထပ် တပည့်တွေ လက်မခံတော့ဘူး... ဝူကျန်းယွီကို ငါ လက်ခံခဲ့တာက သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီကြောင့်ပဲ... သူ့ကို တပည့်အဖြစ် လက်မခံခဲ့ရင် သွန်းလုပ်ခြင်းတာအိုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်... ဒါပေမဲ့ မင်းကတော့ မတူဘူး... မင်းရဲ့ ပါရမီက ကန့်သတ်ချက်ရှိတယ်... မင်း ဒီဘဝမှာ အဆင့် ၈ အင်မော်တယ် လက်နက်သွန်းလုပ်သူအဆင့်မှာတင် ရပ်တန့်သွားဖို့ အလားအလာ အလွန်များတယ်... ဒါကြောင့် ငါ မင်းကို တပည့်အဖြစ် လက်မခံနိုင်ဘူး..."
"ဒါ့အပြင် ငါ မင်းကို လမ်းညွှန်မှု မပေးနိုင်ရင်တောင် မင်းရဲ့ဖခင်နဲ့ လျူဝမ်ယင်းတို့က မင်းကို လက်နက်သွန်းလုပ်တဲ့နေရာမှာ လမ်းညွှန်ပြသပေးဖို့ လုံလောက်တာထက် ပိုနေပါပြီ..."
ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်တွင် ကောရှောင်ကန်း၏ ရင်ထဲ၌ အစောပိုင်းက ရှိနေခဲ့သော မျှော်လင့်ချက်အနည်းငယ်မှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရသည်။ သို့သော် သူ ဘာမှမတတ်နိုင်ချေ၊ သူ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကြိုတင်တွေးဆထားခဲ့ပြီးဖြစ်ရာ ယခုအခါတွင်မူ စိတ်ကူးယဉ်အိမ်မက်လေး ပျက်စီးသွားရုံမျှသာ ဖြစ်ပေသည်။
သို့သော် ကောရှောင်ကန်းသည် ထိုကိစ္စအပေါ် ဒေါသထွက်မနေဘဲ စိတ်ပျက်အားငယ်သော အမူအရာဖြင့်သာ ပြန်လည်ပြောဆိုလိုက်၏။
"လက်နက်တစ်သောင်းအရှင်သခင် စီနီယာကို ကျေးဇူးတင်ပါတယ်... ကျွန်တော် နားလည်ပါပြီ..."
ထိုအချိန်တွင် ဝူကျန်းယွီက ဝင်ရောက်ပြောဆိုလိုက်သည်။
"ဆရာ... ကျွန်တော်တို့ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် ဘယ်လိုလဲ..."
"ဟင်..."
ထိုနေရာတွင် ရှိနေကြသော လူအားလုံးသည် ဝူကျန်းယွီကို အံ့အားသင့်မိသော အရိပ်အယောင်များဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသည် ကောရှောင်ကန်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသလို ဝူကျန်းယွီသည်လည်း ကရုဏာသက်တတ်သော သူတော်စင်တစ်ဦး မဟုတ်သဖြင့် ကောရှောင်ကန်းအတွက် ဝင်ရောက်ပြောဆိုပေးရန် မလိုအပ်ချေ။
သို့သော် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် ဝူကျန်းယွီ၏ စကားကြောင့် သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲမသွားဘဲ စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ဆရာ... အခု ကျွန်တော်တို့ရဲ့ တာအိုကျောင်းတော်မှာ ဆရာနဲ့ ကျွန်တော်ကလွဲရင် တခြားဘယ်သူမှ မရှိတော့ဘူး... ပြီးတော့ သက်ဝင်လှုပ်ရှားမှုလည်း ကင်းမဲ့နေတယ်... ကောရှောင်ကန်းကို တပည့်အဖြစ် လက်ခံလိုက်တာက တာအိုကျောင်းတော်ကို ပိုပြီးတော့ သက်ဝင်နိုးကြားလာစေလိမ့်မယ်... ဒါ့အပြင် ဆရာကလည်း နေ့တိုင်း တရားထိုင်နေတာဆိုတော့ ကျွန်တော် တစ်ယောက်တည်း သွန်းလုပ်ခြင်းတာအိုကို လေ့လာနေရတာကလည်း အထီးကျန်လွန်းပါတယ်... ဒါကြောင့် ကောရှောင်ကန်းကို လက်ခံလိုက်တာက ကျွန်တော့်အတွက် ဂျူနီယာညီလေးတစ်ယောက် ရလာစေပြီး သွန်းလုပ်ခြင်းတာအိုကို အတူတူ လေ့လာတဲ့နေရာမှာ အထောက်အကူ ဖြစ်စေမှာပါ..."
ဝူကျန်းယွီသည် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်ကို ကြည့်ကာ အလွန်တရာ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
သို့သော် အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ချေ။ ဝူကျန်းယွီသည် ဆရာဖြစ်သူ တရားထိုင်နေခြင်းကြောင့် ပျင်းရိငြီးငွေ့နေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် လျိုထျန်းရွှေအင်မော်တယ်တစ်ဦး ဖြစ်နေပြီဖြစ်ရာ အချိန်အတော်ကြာ တစ်ယောက်တည်း နေထိုင်ရခြင်းမှာ ကျင့်သားရနေပြီ ဖြစ်သည်။
သူ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ဆရာဖြစ်သူကို တပည့်များ ဆက်တိုက်လက်ခံခိုင်းပြီး လက်နက်တစ်သောင်းဂိုဏ်းကို ပြန်လည်တည်ထောင်ရန်ပင် ဖြစ်သည်။ အကယ်၍ သူသည် ကောရှောင်ကန်းကို အရင်ဆုံး သိမ်းသွင်းနိုင်ခဲ့လျှင် ဒုတိယမြောက် တပည့်ကို သိမ်းသွင်းနိုင်ရန် မည်မျှအထိ ဝေးကွာတော့မည်နည်း။
ဤစကားကို ကြားသောအခါ ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် နက်ရှိုင်းစွာ တွေးတောမိသွားပြီး ကောရှောင်ကန်း၏ ရင်ခုန်သံမှာလည်း တဒိန်းဒိန်း ပြန်လည်မြန်ဆန်လာခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်သည် သက်ပြင်းတစ်ချက်ချကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"ကောင်လေး... မင်း ကံကောင်းသွားတာပဲ... ငါက အစက တပည့်တွေ ထပ်ပြီး လက်မခံဖို့ ရည်ရွယ်ထားတာ... ဒါပေမဲ့ ငါ့ရဲ့တပည့်ကြီးက ဝင်ပြောပေးတာကြောင့် ဒီနေ့ကစပြီး မင်း ငါ့ဆီမှာ ပညာသင်ကြားနိုင်ပြီ... ဒါပေမဲ့ ငါ မင်းကို အချိန်ကန့်သတ်ချက်တစ်ခု ပေးမယ်... အကယ်၍ မင်းအနေနဲ့ နှစ်သန်းပေါင်း တစ်ဆယ်အတွင်းမှာ အဆင့် ၆ အင်မော်တယ် လက်နက်သွန်းလုပ်သူတစ်ယောက် ဖြစ်မလာနိုင်ဘူးဆိုရင် ငါ မင်းကို ဂိုဏ်းကနေ သေချာပေါက် နှင်ထုတ်လိမ့်မယ်..."
"တပည့် ကောရှောင်ကန်းက ဆရာ့ကို ဂါရဝပြုပြီး စီနီယာအစ်ကိုကြီးကိုလည်း အရိုအသေပေးပါတယ်..."
ကောရှောင်ကန်းသည် အတိုင်းအဆမရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရပြီး ဝမ်ချီ အင်မော်တယ် မဟာဧကရာဇ်၏ ရှေ့တွင် လျင်မြန်စွာ ဒူးထောက်အရိုအသေပြုလိုက်သည်။ ထို့နောက် ဝူကျန်းယွီကို အလွန်တရာ ရိုသေလေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။
သို့သော် ကောရှောင်ကန်း၏ စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေသည်။ သူ၏ စီနီယာအစ်ကိုကြီးက မိမိ၏နှောင့်ယှက်မှုကို ဒေါသထွက်မနေသည့်အပြင် သူ့အတွက် သဘောထားကြီးစွာဖြင့် ဝင်ရောက်ပြောဆိုပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့် ဝူကျန်းယွီသည် ကောရှောင်ကန်း၏ စိတ်နှလုံးထဲတွင် အလွန်တရာ အရေးပါသော နေရာတစ်ခုကို ချက်ချင်း ရရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် ဝူကျန်းယွီသာ အခက်အခဲနှင့် ကြုံတွေ့ရပါက သူသည် ဝူကျန်းယွီကို ကူညီရန်အတွက် သူ၏အသက်ကိုပင် စွန့်လွှတ်ရဲပေလိမ့်မည်။