အခန်း ၃၁၆
Vol. 32 Ch. 316
အခန်း ၃၁၆ - လီထျန်းရှဲ့ ၏ အံ့အားသင့်မှုနှင့် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ကို သိမ်းသွင်းခြင်း
ဝူတုံသည် အချိန်အတော်ကြာအောင် စဉ်းစားတွေးတောပြီးနောက်မှသာ နောက်ဆုံး၌ လက်ခံနိုင်သွားတော့သည်။လီထျန်းရှဲ့ သည် စိတ်ခံစားချက်များစွာနှင့်အတူ မိမိ၏ ဝမ်းကွဲမောင်နှမတစ်ဦး ဖြစ်နေကြောင်း သူ သဘောပေါက်သွားခဲ့၏။
ဤသို့တွေးတောရင်း ဝူတုံသည် လီထျန်းရှဲ့ ကို ရိုသေလေးစားစွာဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။
"ဂါရဝပြုပါတယ် အစ်ကို..”
"အင်း..."
လီထျန်းရှဲ့ က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ အထက်ဘုံသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံရသည့် ဝူမိသားစု၏ မျိုးဆက်သစ်လူငယ်တစ်ဦး ဖြစ်ပေသည်။ ဝူတုံ၏ အခြေအနေကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် လီထျန်းရှဲ့ တစ်ယောက် အံ့အားသင့်သွားရတော့၏။
ဝူတုံ၏ ခန္ဓာကိုယ်ထဲတွင် မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာကိုယ် ဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ထည်တည်ဆောက်ပုံမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့မိချေ။ ထို့ပြင် ဝူတုံသည် အသက်သုံးရာပင် မပြည့်သေးသော်လည်း ကျင့်ကြံခြင်းနယ်ပယ်၌ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝူမိသားစု၏ ဆွေစဉ်မျိုးဆက်စာရင်းအရ သူ သိရှိလိုက်ရသည်။ ဤပါရမီကို ကြောက်မက်ဖွယ်ကောင်းလှသည်ဟုသာ ဖော်ညွှန်းနိုင်ပေတော့မည်။
ကျန်းကျဲနှင့် အခြားလူများသည် ဝူတုံနှင့် လီထျန်းရှဲ့ တို့ အချင်းချင်း ၎င်းတို့၏ လက္ခဏာများကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်ကို မြင်တွေ့ရသောအခါ ခဏမျှ မှင်တက်သွားကြရသော်လည်း လျင်မြန်စွာပင် ပြန်လည်သတိဝင်လာကာ အလျင်အမြန် ပြုံးလျက် ပြောဆိုလိုက်ကြ၏။
"စီနီယာနဲ့ ဝူတုံက မိသားစုဝင်တွေ ဖြစ်နေတာပဲ... ဒါဆိုရင် ပြဿနာတွေက အများကြီး ပိုပြီးတော့ ဖြေရှင်းရလွယ်ကူသွားပြီ..."
"အင်း..."
လီထျန်းရှဲ့ က ခေါင်းညိတ်လိုက်ပြီးနောက် ဝူတုံသည် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့ကြောင်းနှင့် ကျန်းကျဲ၏ တပည့်တစ်ဦး မည်သို့ဖြစ်လာခဲ့ကြောင်းကို ကျန်းကျဲထံမှ စုံစမ်းမေးမြန်းလိုက်သည်။
ဝူတုံသည် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်းကို ရှစ်ကြိမ်တိုင်တိုင် မြည်ဟည်းအောင် ပြုလုပ်နိုင်ခဲ့ကြောင်း ကြားသိရသောအခါ လီထျန်းရှဲ့ အနေဖြင့် အနည်းငယ်မျှ ထူးဆန်းသည်ဟု မခံစားရချေ။ မွေးရာပါ တာအိုသန္ဓေသား သူတော်စင်ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦးအတွက် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်းကို ရှစ်ကြိမ်မြည်အောင် လုပ်နိုင်ခြင်းမှာ လုံးဝကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်ပေသည်။
"ဝမ်းကွဲအစ်ကို... ပြောစရာ ကိစ္စတွေ ရှိဦးမှာဆိုတော့ ကျွန်တော် နောက်ထပ် မနှောင့်ယှက်တော့ပါဘူး..."
ဝူတုံသည် စကားဆုံးသည်နှင့် ထွက်ခွာရန် ခွင့်ပန်လိုက်ရာ လီထျန်းရှဲ့ ကလည်း သူ့ကို တားဆီးခြင်းမပြုခဲ့ချေ။ ဝူတုံ ထွက်ခွာသွားပြီးနောက်မှသာ သူသည် ဘေးတွင် မတ်တတ်ရပ်နေသော ကျန်းကျဲကို လှည့်ကြည့်လိုက်တော့သည်။
လီထျန်းရှဲ့ ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ လီထျန်းရှဲ့ သည် မိမိကို တစ်စုံတစ်ခု ပြောကြားလိုပုံရကြောင်း ကျန်းကျဲ ချက်ချင်းပင် ရိပ်မိသွားခဲ့၏။
ထိုသို့ တွေးတောမိသည်နှင့် ကျန်းကျဲသည် လက်ကိုဝှေ့ယမ်းလိုက်ကာ တိုက်ရိုက် အမိန့်ပေးလိုက်တော့သည်။
"အကြီးအကဲတို့... အားလုံး အပြင်ကို ခဏထွက်ပေးကြပါ... ငါ စီနီယာလီနဲ့ နှစ်ယောက်တည်း သီးသန့်ဆွေးနွေးစရာ ကိစ္စလေးရှိတယ်”
"ဟုတ်ကဲ့ပါ မြင့်မြတ်နယ်မြေ အရှင်သခင်..."
ထိုနေရာတွင် ရှိနေကြသော အကြီးအကဲများသည် မြင့်မြတ်နယ်မြေ အရှင်သခင်၏ စကားကို ကြားသောအခါမှသာ နောက်ဆုံး၌ သက်ပြင်းချနိုင်ကြတော့ကာ အလျင်အမြန်ပင် ထွက်ခွာသွားကြတော့၏။
စစ်မှန်သော အစွမ်းအစကို မခန့်မှန်းနိုင်သော ပုဂ္ဂိုလ်တစ်ဦးနှင့် အတူရှိနေရခြင်းက မည်မျှအထိ ဖိအားကြီးမားလှကြောင်း မည်သူသိနိုင်မည်နည်း။
အကယ်၍ မြင့်မြတ်နယ်မြေ အရှင်သခင်သာ မိန့်ကြားခြင်းမပြုခဲ့လျှင် သူတို့ ဤနေရာမှ ထွက်ခွာသွားခဲ့ကြသည်မှာ ကြာလှပြီ ဖြစ်သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ကျန်းကျဲ၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားကာ လီထျန်းရှဲ့ ကို မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်၏။
"စီနီယာ... ကျွန်တော့်ကို ဘာများ မိန့်ကြားချင်လို့လဲ..."
လီထျန်းရှဲ့ က တိုက်ရိုက် စကားမဆိုသေးဘဲ တာအိုလက်ဖက်ရည်ကို အရင်ဆုံး တစ်ငုံမျှ ဖြည်းညင်းစွာ သောက်လိုက်ပြီးနောက်မှသာ ပြောဆိုလိုက်သည်။
"လက်ရှိ ရွှမ်ယွမ်နယ်မြေဟာ တစ်စုံတစ်ခုသော ကန့်သတ်ချက်အောက်မှာ ရှိနေပြီး အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်လို့မရဘူးဆိုတာ ခင်ဗျားသိမှာပါ.."
"သတိပြုမိပါတယ်... စီနီယာ ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် သိပါရစေ..."
ကျန်းကျဲက မျက်မှောင်ကြုတ်လိုက်မိပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ လီထျန်းရှဲ့ သည် မိမိကိုယ်ကိုယ် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း၏ သခင်အဖြစ် ဝန်ခံခဲ့စဉ်ကတည်းက သူ့အနေဖြင့် အထက်ဘုံ၏ လက်ရှိအခြေအနေကို သေချာပေါက် မြင်နိုင်စွမ်းရှိရမည်ကို ကျန်းကျဲ သိရှိထားခဲ့ပြီးဖြစ်ရာ အံ့သြမနေတော့ချေ။
၎င်းကို ကြားသောအခါ လီထျန်းရှဲ့ သည် လက်ဖက်ရည်ခွက်ကို အောက်သို့ချလိုက်ပြီး ကျန်းကျဲကို စိုက်ကြည့်လျက် အလွန်တရာ တည်ကြည်လေးနက်စွာဖြင့် တစ်လုံးချင်း ပြောဆိုလိုက်တော့၏။
"သာမန်အခြေအနေမျိုးမှာဆိုရင် ခင်ဗျားဟာ ဒီတစ်သက် အင်မော်တယ် မဟာဧကရာဇ်အထက်က နယ်ပယ်ကို ဘယ်တော့မှ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ အခုတော့ အခွင့်အလမ်းက ခင်ဗျားရဲ့ရှေ့ကို ရောက်လို့နေပြီ... အကယ်၍ ခင်ဗျား ကျုပ်ကို သခင်အဖြစ် အသိအမှတ်ပြုပြီး အမှုထမ်းမယ်ဆိုရင် အင်မော်တယ် မဟာဧကရာဇ်အထက်က နယ်ပယ်ကို ဖောက်ထွက်နိုင်ဖို့ ကူညီပေးမယ်လို့ ကတိပေးနိုင်တယ်..."
လီထျန်းရှဲ့ ၏ စကားကို ကြားလိုက်ရချိန်တွင် ကျန်းကျဲ ခဏမျှ မှင်တက်သွားရသော်လည်း လျင်မြန်စွာပင် ပြန်လည်သတိဝင်လာခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
အခြားလူတစ်ဦးကို သခင်အဖြစ် အမှုထမ်းရမည်ဟူသော အချက်အပေါ် သူ အနည်းငယ် ရှက်ရွံ့မိသည်ဆိုသော်လည်း ၎င်းက အခြေအနေပေါ်တွင် မူတည်ပေသည်။ အကယ်၍ လီထျန်းရှဲ့ သာ မိမိနှင့် ကျင့်ကြံခြင်းနယ်ပယ်ချင်း တူညီနေပါက သူသည် လီထျန်းရှဲ့ ကို သေချာပေါက် အမှုထမ်းမည်မဟုတ်ချေ။
သို့သော်လည်း လီထျန်းရှဲ့ သည် နတ်ဘုရားဆန့်ကျင်ခြင်း ခေါင်းလောင်း၏ သခင်ဖြစ်ပြီး သူ၏ စစ်မှန်သော အစွမ်းအစမှာ မည်မျှအထိ ရှိသည်ကို မည်သူမျှ မသိနိုင်ချေ။ ဤကဲ့သို့သော အစွမ်းထက်လှသည့် ပုဂ္ဂိုလ်တစ်ဦးကို သခင်အဖြစ် အမှုထမ်းရခြင်းက ရှက်စရာကောင်းသောအရာတစ်ခု မဟုတ်ချေ။
ထိုသို့ တွေးတောမိသည်နှင့် ကျန်းကျဲသည် မဆိုင်းမတွဘဲ လီထျန်းရှဲ့ ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်တော့၏။
" ကျန်းကျဲက သခင်ကြီးကို ဂါရဝပြုပါတယ်..."
"အင်း... မှန်ကန်တဲ့ ရွေးချယ်မှုပဲ..."
ကျန်းကျဲ၏ ရွေးချယ်မှုအပေါ် လီထျန်းရှဲ့ အံ့သြမနေခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သူသာ မကူညီခဲ့လျှင် ကျန်းကျဲသည် သူ၏တစ်သက်တာလုံး ရွှမ်ယွမ်နယ်မြေထဲတွင်သာ ပိတ်မိနေမည်ဖြစ်၏။ သူ့ကို သခင်အဖြစ် အမှုထမ်းခြင်းအားဖြင့် သူသည် ကျန်းကျဲကို ရွှမ်ယွမ်နယ်မြေမှ ထွက်ခွာနိုင်အောင် ကူညီပေးနိုင်သည့်အပြင် ပိုမိုအစွမ်းထက်လာအောင်လည်း ပြုလုပ်ပေးနိုင်လိမ့်မည်။
သို့သော် ထိုအချိန်တွင် ကျန်းကျဲသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး လီထျန်းရှဲ့ ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
"သခင်ကြီး... သခင်ကြီး ပြောတာ တစ်ချက်တော့ မှားနေပါတယ်..."
"အို... ဘာကိစ္စလဲ..."
လီထျန်းရှဲ့ က အနည်းငယ် အံ့အားသင့်လျက် မေးမြန်းလိုက်သည်။
ကျန်းကျဲကမူ တည်ကြည်လေးနက်သော အမူအရာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"ကျွန်တော် အင်မော်တယ် မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်လို့မရတာက ပါရမီကြောင့် မဟုတ်ပါဘူး... အထက်ဘုံရဲ့ နိယာမတရားတွေကို 'သွေးဝိညာဉ်တံခါး' က ချိတ်ပိတ်ထားလို့ပဲ ဖြစ်ပါတယ်... မကြာခင်မှာ အထက်ဘုံရဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ပြောင်းလဲတော့မှာပါ...အဲ့အချိန်ကျရင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်မှာတင်မကဘဲ အထက်ဘုံထဲမှာတင် နတ်ဘုရားအဆင့်အထိပါ ဖောက်ထွက်နိုင်တော့မှာ ဖြစ်ပါတယ်..."
"ခင်ဗျား ဘာကို ဆိုလိုတာလဲ..."
ကျန်းကျဲ၏ စကားကို ကြားလိုက်ရချိန်တွင် လီထျန်းရှဲ့ ၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ သူ မသိရှိသေးဘဲ ရွှမ်ယွမ်နယ်မြေထဲတွင် မျှော်လင့်မထားသော အရာတစ်ခုခု ဖြစ်ပျက်တော့မည်လော။
ကျန်းကျဲသည် မည်သည့်အရာကိုမျှ ထန်ချန်မထားဘဲ ဝူဟောက်၏ အစီအစဉ်အားလုံးကို တိုက်ရိုက်ထုတ်ဖော် ပြောပြလိုက်တော့သည်။ ကျန်းကျဲ၏ အမြင်တွင် လီထျန်းရှဲ့ နှင့် ဝူဟောက်တို့မှာ မိသားစုဝင်များ ဖြစ်ကြသဖြင့် ဤအစီအစဉ်ကို အသိပေးခြင်းက မဖြစ်နိုင်သောအရာတစ်ခု မဟုတ်ပေ။
ကျန်းကျဲထံမှ ဝူဟောက်၏ အစီအစဉ်ကို ကြားသိရပြီးနောက် လီထျန်းရှဲ့ ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မိမိတို့၏ ဘိုးဘေးကြီးသည် ဤမျှအထိ အစွမ်းထက်လှပြီး ရွှမ်ယွမ်နယ်မြေကိုပင် ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မည်ဟု သူ သေချာပေါက် မျှော်လင့်မထားခဲ့မိချေ။
'အထက်ဘုံတစ်ခုလုံးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ စွမ်းအားမျိုး ရှိရမယ်... မဟုတ်ရင် ကောင်းကင်တာအိုရဲ့ စမ်းသပ်ချက်ကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး... ဒါကြောင့် ငါတို့ရဲ့ ဘိုးဘေးကြီးက အနည်းဆုံးတော့ ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်ရမယ်...'
'ဒါပေမဲ့ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ အစွမ်းနဲ့တင် ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်စဉ်မျိုးကို ရရှိဖို့က မလုံလောက်သေးဘူး... ငါတို့ ဘိုးဘေးကြီးရဲ့ စစ်မှန်တဲ့အစွမ်းက ငါတို့တွေးထားတာထက် များစွာ ပိုပြီးတော့ အစွမ်းထက်နိုင်တယ်... အနည်းဆုံးတော့ နတ်ဘုရားအရှင်မြတ်အဆင့် ဖြစ်လိမ့်မယ်...'
လီထျန်းရှဲ့ သည် အလွန်တရာ လေးနက်တည်ကြည်သော အမူအရာဖြင့် မိမိကိုယ်ကိုယ် တွေးတောလိုက်သော်လည်း မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ချေ။ အကယ်၍ ဘိုးဘေးကြီးသာ ရွှမ်ယွမ်နယ်မြေကို ပြုပြင်ပြောင်းလဲပေးမည်ဆိုပါက ၎င်းသည် သူ့အတွက် ကောင်းမွန်သောအရာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသာ ရွှမ်ယွမ်နယ်မြေမှ ထွက်ခွာသွားခဲ့လျှင် ကျောက်တုံးနတ်ဘုရားဧကရာဇ်၏ သိရှိခြင်းကို ခံရနိုင်ပြီး သူ့အတွက် ထပ်မံ၍ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်သောကြောင့်ပင်။
ရွှမ်ယွမ်နယ်မြေသည် ကျောက်တုံးနတ်ဘုရားဧကရာဇ်၏ လူများ ရောက်ရှိမနေသော ရှားရှားပါးပါး နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်ကြောင်း သူသိရှိထားသဖြင့် ရွှမ်ယွမ်နယ်မြေထဲတွင်သာ ဆက်လက်နေထိုင်ပြီး ကျင့်ကြံခြင်းက ပိုမိုဘေးကင်းလုံခြုံပေလိမ့်မည်။
"ငါ နားလည်ပါပြီ... လောလောဆယ်တော့ ဘိုးဘေးကြီး မိန့်ကြားထားတဲ့အတိုင်းပဲ လုပ်ဆောင်လိုက်ပါ... အကယ်၍ ခင်ဗျား ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာတွေရှိရင် ငါ့ဆီလာပြီး လမ်းညွှန်မှု တောင်းခံနိုင်ပါတယ်..."
လီထျန်းရှဲ့ က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျန်းကျဲကို ထွက်ခွာခွင့် ပေးလိုက်သည်။ ကျန်းကျဲ ထွက်ခွာသွားပြီးနောက် လီထျန်းရှဲ့ သည်လည်း ထွက်ခွာရန် ပြင်ဆင်လိုက်တော့၏။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့် သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ လီထျန်းရှဲ့ အနေဖြင့် တိုက်ခိုက်ရန်အတွက် အစွမ်းထက်သော မိစ္ဆာသားရဲအချို့ကို သွားရောက်ရှာဖွေရန် စီစဉ်လိုက်သည်။
မည်သို့ပင်ဆိုစေ သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သင့်တော်သော တိုက်ပွဲများက သူ၏ ကျင့်ကြံခြင်းနယ်ပယ်ကို ခိုင်မာစေရန်နှင့် အမြန်ဆုံး ပိုမိုအစွမ်းထက်လာစေရန် အထောက်အကူ ပြုနိုင်သောကြောင့်ပင်။
ထို့အပြင် လီထျန်းရှဲ့ သည် သူ၏ ကိုယ်ပိုင်အင်အားစုကို ပိုမိုပျိုးထောင်ရန်လည်း စီစဉ်ထားသည်။ သူ၏ ယခင်ဘဝတုန်းက မိမိနှင့် ကျောက်တုံးနတ်ဘုရားဧကရာဇ်တို့အကြား ကွာဟချက်ရှိနေရခြင်းမှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းနယ်ပယ်က မိမိထက် မြင့်မားနေခြင်းကြောင့်သာမကဘဲ ပိုမိုအရေးကြီးသောအချက်မှာ တစ်ဖက်လူတွင် လက်အောက်ခံများစွာ ရှိနေပြီး ကျောက်တုံးနတ်ဘုရားဧကရာဇ်သည် မိမိ၏အကြောင်းအရာအားလုံးကို စုံစမ်းသိရှိထားခဲ့သောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် လီထျန်းရှဲ့ သည် ဤဘဝတွင် သူ၏ ကိုယ်ပိုင်အဖွဲ့အစည်းကို ပျိုးထောင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းက နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။