← Chapters

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈

Vol. 32 Ch. 318

အခန်း ၃၁၈ - ကိုးကွယ်ရာရုပ်ထုနှင့် နိဂုံးနတ်ဘုရားဘုရင်

"ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

ရွမ်ရှားအင်မော်တယ်မဟာဧကရာဇ်နှင့် လျှန်ဖျောင်းအင်မော်တယ်မဟာဧကရာဇ်တို့သည် ချန်ထျောင်းလောကမှ ကျင့်ကြံသူအုပ်စုနှင့်အတူ ဝူဟောက်၏ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး ရိုသေလေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

အသေအပျောက် အကျအဆုံးများပြားလှသည်ဆိုသော်လည်း အနည်းဆုံးတော့ သူတို့ ရှင်သန်ခွင့်ရရှိခဲ့ကြပြီ ဖြစ်သည်။

ဝူဟောက်သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီးနောက် ပြောဆိုလိုက်၏။

"ငါက လမ်းကြုံလို့ ဖြတ်သန်းလာရင်းနဲ့ လောကကြီးတစ်ခု ဒီလိုမျိုး ပျက်စီးသွားမှာကို မကြည့်ရက်လို့ ကူညီပေးခဲ့တာပဲ... နိဂုံးနတ်ဘုရားဘုရင်ရဲ့ ကိစ္စကိုတော့ ငါ နောက်မှ သွားရောက်ဖြေရှင်းလိုက်မယ်၊ ဒါကြောင့် မင်းတို့ စိုးရိမ်နေဖို့မလိုဘူး..."

"ဒါပေမဲ့ ငါ မင်းတို့တွေကို အကြောင်းမဲ့ ကယ်တင်ခဲ့တာတော့ မဟုတ်ဘူး... ငါ့အတွက် ချန်ထျောင်းလောကထဲမှာ ငါ့ရဲ့ကိုးကွယ်ရာရုပ်ထုတစ်ခုကို တည်ထားပြီး ကိုးကွယ်ပူဇော်ကြဖို့ လိုအပ်တယ်..."

သူ ဆက်လက်ပြောဆိုလိုက်သည်နှင့် ဝူဟောက်၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားခဲ့သည်။ နတ်ဘုရားရုပ်ထုများကို ပူဇော်ပသခြင်းဟူသည်မှာ အလွန်တရာ အစွမ်းထက်လှသော နတ်ဘုရားကြီးများသာ ပြုလုပ်လေ့ရှိသည့် အရာမျိုး ဖြစ်ပေသည်။ထိုရုပ်ထုရှိရာ နေရာတိုင်းတွင် နတ်ဘုရားသည် သူကျဆုံးသွားခဲ့လျှင်ပင် ပြန်လည်မွေးဖွားလာနိုင်စွမ်း ရှိပေသည်။

ဝူဟောက်အနေဖြင့် မိမိ၏စွမ်းအားအပေါ် လုံးဝဥဿုံ ယုံကြည်မှုရှိသည်ဆိုသော်လည်း လောကကြီးတွင် မမျှော်လင့်နိုင်သောအရာများ ရှိနေတတ်ရာ နတ်ဘုရားဘုံထဲတွင် ရှေးဟောင်းမိစ္ဆာအိုကြီးများ မရှိနိုင်ဟု သူ အာမမခံနိုင်ချေ။ ထို့ကြောင့် နောက်ထပ် အရန်အစီအစဉ်များ ပိုမိုရှိထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

၎င်းအပြင် ချန်ထျောင်းလောက၏ သက်ရှိများက မိမိ၏ ကိုးကွယ်ရာရုပ်ထုကို ကိုးကွယ်ကြခြင်းအားဖြင့် ယုံကြည်မှုစွမ်းအာ ကိုလည်း စုဆောင်းနိုင်မည် ဖြစ်သည်။ ယုံကြည်မှုစွမ်းအားများစွာကို ရရှိသွားပါက ၎င်း၏စွမ်းပကားကို လျှော့တွက်၍မရနိုင်ချေ၊ ၎င်းသည် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သလို အရန်အစီအစဉ်တစ်ခုအနေဖြင့်လည်း အသုံးပြုနိုင်ပေသည်။

ဝူဟောက်၏ စကားကို ကြားသောအခါ ချန်ထျောင်းလောကမှ သက်ရှိများသည် မဆိုင်းမတွဘဲ ချက်ချင်း သဘောတူလိုက်ကြတော့သည်။

ဝူဟောက်၏ ရုပ်ထုကို ပူဇော်ရခြင်းက သူတို့အတွက် အလွန်တရာ အကျိုးရှိပေသည်။ ဝူဟောက်၏ ရုပ်ထု ရှိနေခြင်းအားဖြင့် ဤလောကကို ဝူဟောက်က အကာအကွယ်ပေးထားကြောင်း အခြားသော နတ်ဘုရားများကို သတိပေးတားမြစ်ရာ ရောက်ပေလိမ့်မည်။

အကယ်၍ ဝူဟောက်၏ ရုပ်ထုသာ အစောကြီးကတည်းက ရှိနေခဲ့ပါက နိဂုံးနတ်ဘုရားဘုရင်သည်လည်း ဤလောကကို ကျူးကျော်ရဲခဲ့မည် မဟုတ်ချေ။

ချန်ထျောင်းလောကမှ သက်ရှိများမှ သဘောတူညီလိုက်ကြသဖြင့် ဝူဟောက်က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ၊ နောက်တစ်စက္ကန့်တွင် ဝူဟောက်၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး ကြီးမားထည်ဝါလှသော ရုပ်ထုကြီးတစ်ခုက ဖြည်းဖြည်းချင်း သက်ဝင်ထင်ရှားလာခဲ့တော့သည်။

ထိုရုပ်ထုကြီး ဖြစ်ပေါ်လာသည်နှင့်အမျှ ချန်ထျောင်းလောကထဲတွင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်၊ မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော သက်ရှိများသည် ပြန်လည်အသက်ရှင် လာခဲ့ကြသဖြင့် ချန်ထျောင်းလောကရှိ သက်ရှိအားလုံးကို အံ့သြမှင်တက်သွားစေခဲ့ရ၏။

သို့သော် ဤအရာသည် ဝူဟောက်၏ အထွတ်အထိပ် နတ်ဘုရားစွမ်းပကားကြောင့် ဖြစ်ကြောင်း သိရှိသွားကြပြီးနောက် သူတို့သည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဝူဟောက်ကို ချက်ချင်းပင် ဒူးထောက်ဦးညွှတ် ကိုးကွယ်ကြတော့သည်။

ဝူဟောက်သည် ဤအရာအားလုံးကို စိတ်ကြည်လင်စွာဖြင့် လက်ခံလိုက်ပြီး ၎င်းကို မိမိ၏ လက်အောက်ခံဖြစ်လာသည့် လောကကြီးအတွက် ပေးသနားသော အကျိုးကျေးဇူးလေးတစ်ခုအဖြစ် သတ်မှတ်လိုက်သည်။

ရုပ်ထုကြီး လုံးဝပုံပေါ်လာပြီး ချန်ထျောင်းလောက၏ ဗဟိုချက်တွင် တည်ရှိသွားချိန်၌ ဝူဟောက်သည် ချန်ထျောင်းလောက၏ သက်ရှိများကို ကြည့်ကာ မိန့်ကြားလိုက်၏။

"အားလုံးပဲ... ဒါကို မင်းတို့အတွက် ပေးတဲ့ အကျိုးကျေးဇူးလို့ပဲ သတ်မှတ်လိုက်ပါ... ဒါ့အပြင် မင်းတို့တွေ ဒီနတ်ဘုရားရုပ်ထုဆီကနေ နက်နဲတဲ့တရားတွေကို ဆင်ခြင်တွေးတောနိုင်ပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူ ရနိုင်ပါလိမ့်မယ်... အားလုံးပဲ... နောက်မှ ပြန်ဆုံကြတာပေါ့..."

"နှုတ်ဆက်ပါတယ် နတ်ဘုရားအရှင်မြတ်ကြီး..."

ချန်ထျောင်းလောကမှ သက်ရှိများသည် ဝူဟောက် ထွက်ခွာသွားသည်ကို မြင်သောအခါ ရိုသေလေးစားစွာဖြင့် ဒူးထောက်လျက် လိုက်လံပို့ဆောင်ကြပြီး သူ ထွက်ခွာသွားပြီး အချိန်အတော်ကြာမှသာ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့ကြသည်။

လျှန်ဖျောင်းအင်မော်တယ်မဟာဧကရာဇ်နှင့် ရွမ်ရှားအင်မော်တယ်မဟာဧကရာဇ်တို့သည် အချင်းချင်း ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝူဟောက်၏ အကာအကွယ်အောက်တွင် ချန်ထျောင်းလောကကြီး မည်မျှအထိ တောက်ပလာမည်ကို သူတို့နှစ်ဦးစလုံး စိတ်ကူးကြည့်နိုင်ကြပေသည်။

"ကောင်းပြီ... ငါတို့ ချန်ထျောင်းလောကကြီးဟာ သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာဆိုတော့ သာယာမနေသင့်ဘူး... အခု ငါတို့မှာ ဝူဟောက်... နတ်ဘုရားအရှင်မြတ်ကြီးရဲ့ အကူအညီ ရှိနေပြီဆိုတော့ ငါတို့ ပိုပြီးတော့ ကြိုးစားကြရမယ်”

"ဟုတ်တယ် အားလုံးပဲ... ကျင့်ကြံဖို့အတွက် ပြန်သွားကြရအောင်... ဒီတိုက်ပွဲအရဆိုရင် ငါတို့ ချန်ထျောင်းလောကက သိပ်ကို အားနည်းလွန်းနေသေးတယ်... အကယ်၍ ငါတို့သာ ပြင်ပက အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ငါတို့တွေဟာ ပုရွက်ဆိတ်တွေထက် မပိုဘူး..."

လျှန်ဖျောင်းအင်မော်တယ်မဟာဧကရာဇ်နှင့် ရွမ်ရှားအင်မော်တယ်မဟာဧကရာဇ်တို့၏ စကားကို ကြားသောအခါ ချန်ထျောင်းလောကမှ ကျင့်ကြံသူများသည် လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ထောက်ခံကြပြီး ပိုမိုကြိုးစားအားထုတ်ကာ ကျင့်ကြံရန်အတွက် ပြန်လည်ထွက်ခွာသွားကြတော့သည်။

ဝူဟောက်သည် ဤအကြောင်းအရာကို မသိရှိခဲ့ချေ။ ယခုအခါတွင် သူသည် ချန်ထျောင်းလောက၏ ပြင်ပသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျယ်ပြောလှပြီး အတိုင်းအဆမဲ့သော ချန်ထျောင်းလောကကြီးကို ကြည့်ရင်း သူ မျက်လုံးများကို မှိတ်လျက် သေချာစွာ အာရုံခံကြည့်လိုက်ရာ မကြာခင်မှာပင် နိဂုံးနတ်ဘုရားဘုရင် တည်ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားခဲ့တော့သည်။

ထို့အပြင် နိဂုံးနတ်ဘုရားဘုရင်ကို အာရုံခံမိချိန်၌ နိဂုံးနတ်ဘုရားဘုရင်၏ လက်ပါးစေ အများအပြားသည်လည်း အခြားသော လောကများကို ကျူးကျော်နေကြကြောင်း ဝူဟောက် အာရုံခံမိလိုက်သဖြင့် သက်ပြင်းချလိုက်မိ၏။

"ကြီးမားတဲ့ စွမ်းအားရှိရင် ကြီးမားတဲ့ တာဝန်လည်း ရှိတာပဲ... ကောင်းပြီလေ... ငါ့ရဲ့ ကိုးကွယ်ရာရုပ်ထုတွေကို ပိုပြီးတော့ ထားရှိနိုင်မှာဆိုတော့ ငါ လမ်းကြုံတုန်း တစ်ခါတည်း ကူညီပေးလိုက်တော့မယ်..."

ထိုသို့ တွေးတောရင်း ဝူဟောက်သည် မျက်စိတစ်မှိတ်အတွင်းမှာတင် မိမိ၏ခန္ဓာကိုယ်ထဲမှ ရေတွက်မရနိုင်သော ကိုယ်ပွားများကို ခွဲထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိရာဘက်သို့ စေလွှတ်လိုက်တော့သည်။

ဤသည်မှာ ဝူဟောက်သည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ဖောက်ထွက်စဉ်က သင်ယူခဲ့သော စွမ်းရည်တစ်ခုဖြစ်ပြီး ၎င်းကို တာအိုမဟာစွမ်းရည် ကိုယ်ပွားတစ်ထောင်ဟု ခေါ်တွင်ကာ ကိုယ်ပွားပေါင်း ထောင်ချီကို ဖန်တီးနိုင်စွမ်း ရှိပေသည်။ သို့သော်လည်း ဖန်တီးလိုက်သော ကိုယ်ပွားများသည် အသုံးပြုသူ၏ အစွမ်းထက်ဝက်မျှသာ ရှိပေသည်။ ထို့အပြင် ဤသည်ကို အသုံးပြုချိန်တွင် အသုံးပြုသူကိုယ်တိုင်၏ စွမ်းအားကိုလည်း သက်ရောက်မှုရှိစေပြီး မူလစွမ်းအား၏ ထက်ဝက်ခန့်အထိ အားနည်းသွားစေမည် ဖြစ်သည်။

ထို့ကြောင့် ဝူဟောက်သည် လုံးဝ မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှတစ်ပါး ဤအရာကို အသုံးပြုလေ့မရှိချေ။

မကြာခင်မှာပင် ဝူဟောက်၏ ကိုယ်ပွားများသည် နိဂုံးနတ်ဘုရားဘုရင် စေလွှတ်ထားသော မိစ္ဆာများ ကျူးကျော်နေသည့် လောကများဆီသို့ ကောင်းကင်နတ်ဘုရားတစ်ပါး မြေပြင်သို့ ဆင်းသက်လာသကဲ့သို့ ရောက်ရှိသွားခဲ့ကြသည်။ သူသည် ထိုလောကများကို ပျက်စီးခြင်းဘေးမှ ကယ်တင်ပေးခဲ့ပြီး မိမိ၏ ကိုးကွယ်ရာရုပ်ထုများကို ချန်ထားရစ်ခဲ့၏။

ထိုအတောအတွင်း မှောင်မိုက်လှသော အထက်ဘုံတစ်ခု၏ အတွင်း၌ မျက်လုံးတစ်စုံသည် ရုတ်တရက် ပွင့်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်တရာ ဆိုးသွမ်းကြမ်းကြုတ်လှပေသည်။

"တောက်... ဘာတွေ ဖြစ်နေတာလဲ... ငါ့ရဲ့ လက်ပါးစေတွေ ဒီလောက်အများကြီး ဘာလို့ သေကုန်ရတာလဲ..."

စကားဆိုလိုက်သူမှာ အခြားသူမဟုတ်ဘဲ မိနစ်ပိုင်းအတွင်းမှာတင် မိမိ၏ လက်ပါးစေ သုံးပုံနှစ်ပုံခန့် သေဆုံးသွားခြင်းကို အာရုံခံမိလိုက်သော နိဂုံးနတ်ဘုရားဘုရင် ပင် ဖြစ်ပေသည်။

လက်ပါးစေ တစ်ဦး သို့မဟုတ် နှစ်ဦး သေဆုံးခြင်းကို နိဂုံးနတ်ဘုရားဘုရင်အနေဖြင့် လက်ခံနိုင်သည်ဆိုသော်လည်း တစ်ပြိုင်နက်တည်းတွင် သုံးပုံနှစ်ပုံခန့် သေဆုံးသွားခြင်းကိုမူ သူ ဘယ်လိုမှ လက်မခံနိုင်ချေ။

သူ၏ ကြီးထွားလာမှုမှာ သူ၏ လက်ပါးစေများက အခြားအထက်ဘုံများကို ဖျက်ဆီးပြီး မူလရင်းမြစ်စွမ်းအားများကို စုဆောင်းပေးနိုင်ခြင်းအပေါ်တွင် အခြေခံနေသောကြောင့် ဖြစ်သည်။ အကယ်၍ သူ၏ လက်ပါးစေများ မရှိတော့ပါက သူ၏ ကြီးထွားနှုန်းမှာ များစွာ လျော့ကျသွားပေလိမ့်မည်။

ထို့အပြင် လက်ရှိတွင် သူသည် နတ်ဘုရားဧကရာဇ်လမ်းစဉ်သို့ ဖောက်ထွက်ရန်အတွက် အလွန်အရေးကြီးသော အချိန်အခါသို့ ရောက်ရှိနေသဖြင့် ဤကဲ့သို့သော အမှားမျိုးကို ဖြစ်ခွင့်ပေးရန် သူ သဘာဝကျကျ ခွင့်မပြုနိုင်ချေ။

ဤသို့ တွေးတောမိသည်နှင့် နိဂုံးနတ်ဘုရားဘုရင်သည် နောက်ထပ် မဆိုင်းမတွတော့ဘဲ တရားထိုင်ရာမှ ထွက်ခွာရန် ရွေးချယ်လိုက်တော့သည်။

သို့သော်လည်း နိဂုံးနတ်ဘုရားဘုရင် တရားထိုင်ရာမှ ထွက်လာသည့် အချိန်အတောအတွင်းမှာပင် သူ၏ လက်ပါးစေ အချို့ ထပ်မံသေဆုံးသွားခဲ့ရပြန်သဖြင့် နိဂုံးနတ်ဘုရားဘုရင်ကို ပို၍ပူပန်သောကရောက်သွားစေခဲ့၏။

သို့သော် နိဂုံးနတ်ဘုရားဘုရင် သည် မိစ္ဆာနယ်ပယ်မှ ထွက်ခွာလာသည့် အခိုက်အတန့်မှာပင် သူ၏ရှေ့တွင် ရပ်နေသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့သည်။ သူ၏ရှေ့မှောက်ရှိ ပုဂ္ဂိုလ်သည် အလွန်တရာ အစွမ်းထက်လှပြီး အောက်ခြေမမြင်နိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ပင်။

နိဂုံးနတ်ဘုရားဘုရင်သည် ရှေ့ကလူမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြောင်း သိရှိလိုက်ရသည်။

သူက အရှင်သခင်ကြီးတစ်ပါးပဲ... သေချာပေါက် အရှင်သခင်ကြီးတစ်ပါးပဲ... ငါ့ထက်တောင် ပိုပြီးတော့ အစွမ်းထက်တဲ့ အရှင်သခင်ကြီးတစ်ပါး၊ ဖြစ်နိုင်တာက နတ်ဘုရားဧကရာဇ်တစ်ပါးတောင် ဖြစ်နိုင်တယ်...

ထိုသို့ တွေးမိသောအခါ အစောပိုင်းက ပူပန်နေသော နတ်ဘုရားဘုရင်သည် ပြန်လည်တည်ငြိမ်သွားပြီး ဝူဟောက်ကို ကြည့်ကာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်၏။

"မိတ်ဆွေ... ငါ့မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စအချို့ ရှိနေလို့ပါ... အကယ်၍ မိတ်ဆွေက ငါ့ကို ရှာဖွေဖို့ လာခဲ့တာဆိုရင် ငါ့ရဲ့ အလုပ်တွေကို အရင်ဆုံး ပြီးအောင် လုပ်ဆောင်ခွင့်ပြုပါ..."

သို့သော်လည်း နတ်ဘုရားဘုရင် လုံးဝ မျှော်လင့်မထားခဲ့မိသော အရာမှာ သူ၏ရှေ့တွင် ရပ်နေသော ဝူဟောက်သည် သူ၏ လက်ပါးစေတစ်စုလုံးကို အမြစ်ပြတ်အောင် သတ်ဖြတ်ခဲ့သော ပုဂ္ဂိုလ်အစစ်အမှန် ဖြစ်နေခြင်းပင်။

All Chapters