အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁)
ယောင်ရန်၏ အံ့အားသင့်မှု
ယောင်ရန်နှင့် လုံယုသည် ခေါင်မိုးထပ်သို့ တက်သွားပြီးနောက် ပတ်ဝန်းကျင်ကိုစောင့်ကြည့်ရင်း တစ်နာရီခန့် နေခဲ့ကြလေ၏။
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိကြောင်း သေချာသွားသည့်အခါမှသာ သူတို့သည် အောက်ထပ်သို ဆင်းလာခဲ့ ကြသည်။ ယောင်ရန်သည် သေတ္တာများကို သိမ်းဆည်းလိုက်ပြီးနောက် သူတို့နှစ်ဦးသည် အဆောက်အအုံအတွင်း မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ရုံးအဆောက်အအုံသို့ အမျိုးသားခြောက်ဦး ရောက်ရှိလာခဲ့ပေသည်။ နေကာမျက် မှန် တပ်ဆင်ထားသော အမျိုးသားသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ပြောလိုက်၏။
"တောက်... ငါတို့ နောက်ကျသွားပြီ...။"
ထိုလူများထဲမှ တစ်ဦးက သူ့ဘက်သို့လှည့်ကာ မေးလိုက်လေသည်။
"အစ်ကိုကြီး...၊ ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ...။ လက်ဗလာနဲ့ ပြန်သွားရင်တော့ ကျွန်တော် စိုးရိမ်မိ တယ်...။"
သူသည် စကားကို ချန်လှပ်ထားခဲ့သော်လည်း ကျန်ရှိသောလူများမှာ သူဆိုလိုသည်ကို ကောင်းစွာ နားလည်ကြပေ သည်။
နေကာမျက်မှန်နှင့် လူသည် လက်သီးကို တင်းတင်းဆုပ်ကာ မေးလိုက်၏။
"လင်းယိက ဒီနေရာကို အရောင်းအဝယ်လုပ်ဖို့ လာတာ သေချာရဲ့လား...။"
အခြားသူများက ခေါင်းငြိမ့်ပြကြသည်။
"ဟုတ်ပါတယ်... ။သူ ဝမ်းကွဲဖြစ်သူနဲ့ စကားပြောနေတာကို ကျွန်တော် မတော်တဆ ကြားခဲ့တာပါ...။"
ထိုအမျိုးသားသည် စိတ်ပျက်လက်ပျက်ဖြင့်သာ လက်သီးကို ပိုမိုတင်းကြပ်စွာ ဆုပ်ထားလိုက်မိသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်၏။
"သူ ငါတို့ နောက်ယောင်ခံလိုက်နေတာကို ကြိုသိနေတာ ဖြစ်ရမယ်...။"
"ကျွန်တော်တို့ ယွမ်ရီဟွေး နောက်ကို ဆက်လိုက်ရဦးမလား...။" ဟု အခြားအမျိုးသားတစ်ဦးက မေးလိုက်လေ သည်။
နေကာမျက်မှန်နှင့် လူက လှောင်ပြုံးပြုံးရင်း ပြောလေသည်။
"သေချာတာပေါ့...၊ ငါတို့ သူ့ရဲ့ ဖောက်သည်က ဘယ်သူလဲဆိုတာ ရှာဖွေပြီး ဒီလုပ်ငန်းကို လွှဲပြောင်းယူရမယ်...။ မဟုတ်ရင်တော့ ငါတို့ သူ့လက်ထဲမှာ လုပ်ငန်းတွေ ပိုပြီး ဆုံးရှုံးရလိမ့်မယ်...။"
အခြေအနေ၏ လေးနက်မှုကို သိရှိသွားကြသဖြင့် ကျန်ရှိသောလူများက ခေါင်းငြိမ့်ကာ ပြောလိုက်ကြ၏။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး...။"
သူမ၏ တိုက်ခန်းသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်အတွင်းသို့ အလျင် အမြန် စေလွှတ်လိုက်လေသည်။
ကုန်လှောင်ရုံ၊ စိုက်ပျိုးရေးမြေ၊ ငါးကန်နှင့် မြက်ခင်းပြင်တို့မှာ နှစ်ဆခန့် ကျယ်ဝန်းလာသည်ကို တွေ့လိုက်ရသော အခါ သူမမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ထို့အပြင် ဗီလာအိမ်လေး သည်လည်း ပိုမိုကျယ်ဝန်းလာ၏။ အမြင့်ပိုင်းတွင် မြင့်တက်လာရုံသာမက ဒုတိယထပ်တစ်ခုလုံးကိုပါ ဖွင့်လှစ်ပေး ထားလေသည်။
ဒုတိယထပ်တွင် ကိုယ်ပိုင်ရေချိုးခန်းများ ပါဝင်သော အိပ်ခန်းလေးခန်း ရှိပေသည်။ ထို့အပြင် ဧည့်ခန်း၊ ဘားဧရိယာနှင့် ကျယ်ဝန်းသော ဝရန်တာတစ်ခုလည်း ရှိနေပေ၏။ မျက်နှာကြက်မှာ ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာသဖြင့် ဗီလာအိမ်လေးမှာ ပိုမိုကျယ်ဝန်းကာ လင်းထိန်နေပေတော့သည်။
ဒုတိယထပ်တွင်လည်း ရေနှင့် လျှပ်စစ်မီးများ တပ်ဆင်ထားသည်ကို သတိပြုမိသောအခါ ယောင်ရန်သည် ကျေနပ်စွာ ပြုံးလိုက်မိလေသည်။ သူမသည် ဗီလာအိမ်အတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်ရာ တတိယထပ်သို့ ဦးတည် ထားသော လှေကားတစ်ခုကို တွေ့လိုက်ရသော်လည်း ၎င်းကို ယခုအချိန်တွင် အသုံးပြု၍ မရသေးသဖြင့် စိုက်ပျိုး ရေးမြေကိုသာ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။
နေရာလွတ်၏ ကျယ်ဝန်းလာမှုက သူမကို အံ့အားသင့်စေခဲ့သည် ဆိုလျှင်ပင်၊ စိုက်ပျိုးရေးမြေအတွင်း တွေ့ရှိ လိုက်ရသောအရာက သူမကို ပိုမိုတုန်လှုပ်သွားစေခဲ့၏။
လွန်ခဲ့သော ဆယ်ရက်က သူမ စိုက်ပျိုးခဲ့သော ကောက်ပဲသီးနှံများမှာ ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူမ၏ တွက်ချက်မှုအရဆိုလျှင် ထိုသီးနှံများ ရင့်မှည့်ရန် နောက်ထပ် နှစ်လခန့် စောင့်ဆိုင်းရမည် ဖြစ်၏။
သီးနှံများ ဖုံးလွှမ်းနေသော ကျယ်ပြောသည့် စိုက်ပျိုးရေးမြေကို ကြည့်ရင်း ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက် သွားကာ သဘောပေါက်သွားသည့်အလား ရေရွတ်လိုက်လေသည်။
"စိုက်ပျိုးရေးမြေ၊ ငါးကန်နဲ့ မြက်ခင်းပြင်ရဲ့ အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာထက် တကယ်ကို ပိုမြန်နေတာပဲ...။ ဒါကြောင့်မို့လည်း သီးနှံတွေနဲ့ တိရစ္ဆာန်တွေက ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာကြတာကိုး...။"
ယောင်ရန်သည် ခေတ္တမျှ နက်နက်နဲနဲ စဉ်းစားပြီးနောက် သီးနှံများကို စတင်ရိတ်သိမ်းပြီး တိရစ္ဆာန်များကို သတ် ဖြတ်ကာ ကုန်လှောင်ရုံအတွင်းသို့ အကုန်လုံး သိမ်းဆည်းလိုက်လေတော့သည်။
အလုပ်ပြီးစီးသွားသောအခါ သူမသည် ကုန်လှောင်ရုံအတွင်းရှိ စုပုံနေသော ရိက္ခာပစ္စည်းများကို ကြည့်ရင်း စိတ်ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။
ကမ္ဘာပျက်ကပ် မရောက်ရှိမီအချိန်က သူမ၏ နေရာလွတ်သည် အစားအစာများကို ထုတ်လုပ်နိုင်စွမ်းရှိသည်ကို သူမ မသိရှိခဲ့သဖြင့် ဘဝပေါင်းများစွာ အသုံးပြုနိုင်မည့် ရိက္ခာများကို ကြိုတင်စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ စိုက်ပျိုးရေးမြေ၏ အချိန်စီးဆင်းမှုမှာ ပြင်ပကမ္ဘာထက် ငါးဆခန့် ပိုမိုမြန်ဆန်နေပြီး ငါးကန်နှင့် မြက်ခင်းပြင်တို့က သုံးဆခန့် ပိုမိုမြန်ဆန်နေသောကြောင့် သူမ၏ ရိက္ခာများကို သိမ်းဆည်းရန် နေရာ မလုံ လောက်တော့မည်ကို ယောင်ရန် သဘောပေါက်လိုက်မိသည်။
သူမရှေ့ရှိ ရိက္ခာပစ္စည်းများကို ငေးကြည့်ရင်း သူမသည် ပျော်ရွှင်ကျေနပ်မိသော်လည်း တစ်ဖက်တွင်လည်း စိုးရိမ်ပူပန်မိလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ယောင်ရန်၏ မျက်ဝန်းများမှာ ရုတ်တရက် ဝင်းလက်သွားခဲ့၏။ သူမ၏ နှုတ်ခမ်း ထောင့်တွင် အပြုံးတစ်ခု ပေါ်လာကာ ရေရွတ်လိုက်လေသည်။
"ငါ ဒီရိက္ခာတွေကို သုံးပြီး လုံယုကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာပဲ...။"
ဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိသွားပြီးနောက် ယောင်ရန်သည် နေရာလွတ်အတွင်းမှ စိတ်ဝိညာဉ်ကို ပြန်လည်ရုပ် သိမ်းလိုက်လေသည်။ ကုတင်ဘေးရှိ စားပွဲတင်နာရီကို ကြည့်လိုက်ရာ ညနေ ခြောက်နာရီသာ ရှိသေးသည်ကို တွေ့လိုက်ရ၏။
ဆုံးဖြတ်ချက် ချပြီးသည်နှင့်တစ်ပြိုင်နက် သူမသည် ချက်ချင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ကုတင်ပေါ်မှ ဆင်းကာ သူမ၏ ဂျာကင်အင်္ကျီနှင့် အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်၍ လုံယုကို ရှာဖွေရန် အပြင်သို့ ထွက်လာခဲ့ လေသည်။
ယောင်ရန်သည် လုံယု၏ တံခါးကို ခေါက်နေရင်း စိတ်ထဲ၌ သူမ၏ အစီအစဉ်ကို မည်သို့အကောင်အထည်ဖော်ရ မည်ကို စဉ်းစားနေမိသည်။ သူ တံခါးဖွင့်ပေးလိုက်သောအခါ သူမသည် သူ၏လက်ကို ဆွဲကိုင်ကာ အထဲသို့ ဆွဲခေါ် သွားခဲ့လေသည်။
"လုံယု...၊ ကျွန်မ ရှင့်ကို တိုင်ပင်စရာ တစ်ခုရှိတယ်...။"
သူမသည် သူ့ကို အိပ်ခန်းဆီသို့ ဆွဲခေါ်သွားရင်း ပြောလိုက်ရာ လုံယုသည်လည်း သူမ ဆွဲခေါ်ရာသို့ လိုက်ပါလာရင်း စူးစမ်းစွာ မေးလိုက်၏။
"ဘာကိစ္စလဲ...၊"
နွေးထွေးလှသော အိပ်ခန်းအတွင်းသို့ ရောက်ရှိသွားသည့်အခါ ယောင်ရန်သည် တံခါးကို ပိတ်လိုက်ပြီးနောက် မေးလိုက်လေသည်။
"ရှင် စစ်အခြေစိုက်စခန်း ပတ်ဝန်းကျင်က နေရာတွေကို ကျွမ်းကျင်လား...။"
လုံယုက ခေါင်းငြိမ့်ပြကာ ၊
"ကျွမ်းကျင်ပါတယ်...၊ မင်း ဒါကို ဘာလို့မေးတာလဲ...။"
ယောင်ရန်သည် သူ့ကို ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်၌ ဆွဲထိုင်ခိုင်းလိုက်ပြီး သူမသည်လည်း သူ့ရှေ့တွင် ဝင်ထိုင်ကာ ရှင်းပြလိုက်၏။
"ကျွန်မ ဒီနေ့ ရှေးဟောင်းပစ္စည်းတွေကို နေရာလွတ်ထဲ ထည့်ပြီးတဲ့နောက်မှာ စိုက်ပျိုးရေးမြေ၊ ငါးကန်နဲ့ မြက်ခင်း ပြင်ရဲ့ အချိန်စီးဆင်းမှုက ပြင်ပထက် ပိုမြန်လာတာကို သိခဲ့ရတယ်...။"
ထိုစကားကို ကြားသောအခါ လုံယုသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။
"မင်းဆိုလိုတာက... မင်း အစားအသောက်တွေ ပိုပြီး ထုတ်လုပ်နိုင်တယ်ဆိုတဲ့ သဘောလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်တယ်...၊ ကျွန်မ အခုပဲ သီးနှံတစ်သုတ်ကို ထပ်ပြီး ရိတ်သိမ်းလိုက်တယ်၊ ငါးကန်ထဲက ငါးတွေနဲ့ ပင်လယ်စာ ထက်ဝက်၊ ပြီးတော့ တိရစ္ဆာန်မွေးမြူရေးခြံထဲက တိရစ္ဆာန် ထက်ဝက်ကိုလည်း သိမ်းဆည်းခဲ့တယ်...။"
"စင်ပေါ်မှာလည်း ဥတွေနဲ့ နို့ထွက်ပစ္စည်းတွေကို အပြည့် ဖြည့်ထားနိုင်ခဲ့တယ်...။ ကျွန်မ သီးနှံတွေကို တစ်လ တစ်ကြိမ် ရိတ်သိမ်းနိုင်ပြီးတော့ တိရစ္ဆာန်တွေ၊ ငါးတွေနဲ့ ပင်လယ်စာတွေကိုတော့ နှစ်လတစ်ကြိမ် သိမ်းဆည်း နိုင်တယ်...။ တကယ်လို့ ဒီရိက္ခာတွေကို မသုံးစွဲဘူးဆိုရင် မကြာခင်မှာ သိမ်းဆည်းဖို့ နေရာ မလုံလောက်တော့ ဘူး...။"
သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လုံယုက မေးလိုက်၏။
"မင်း ငါ့ကို ဘာလုပ်ပေးစေချင်လဲ...။"
ယောင်ရန်က ပြုံးလျက် ပြန်မေးလိုက်သည်။
"ရှင် ဤရိက္ခာအချို့ကို စစ်တပ်ထဲက ရှင့်ရဲ့ ညီအစ်ကိုတွေကို ပေးချင်လား...။"
လုံယုမှာ အံ့အားသင့်သွားပြီး သူမကို ခေတ္တမျှ စိုက်ကြည့်ကာ မေးလိုက်လေ၏။
"မင်း ဒါတွေကို ငါ့ရဲ့ ညီအစ်ကိုတွေကို ပေးချင်တာလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"အစိုးရ၊ စစ်တပ်နဲ့ သေတ္တာတော်ရဲ့ ဆက်ဆံရေးအပေါ် ကျွန်မ သံသယရှိပေမယ့်လည်း စစ်သားအများစုကတော့ အပြစ်ကင်းကြပါတယ်...။"
"ကျွန်မ မကြာသေးမီက စောင့်ကြည့်လေ့လာခဲ့သလောက်တော့ အစိုးရဆီမှာ ရိက္ခာတွေ နည်းပါးနေပုံရတယ်...၊ သူတို့ရဲ့ လက်ရှိ ထုတ်လုပ်မှုအင်အားနဲ့ဆိုရင် ကျွင်းချန်မြို့မှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ထောက်ပံ့ ပေးနိုင်လိမ့်မယ် မထင်ဘူး...။ ဒီရိက္ခာတွေကို ကျွန်မရဲ့ နေရာလွတ်ထဲမှာ အလဟဿ အဖြစ်ခံမယ့်အစား ရှင့်ရဲ့ ညီအစ်ကိုတွေကို ကူညီပေးဖို့ ဘာလို့ အသုံးမပြုရမှာလဲ...။"