အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂)
ဝှက်ထားသော ရိက္ခာများ
ယောင်ရန်၏ စကားကို ကြားသောအခါ လုံယုသည် သူမကို ရုတ်တရက် ဆွဲဖက်လိုက်လေသည်။
ယောင်ရန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် လက်ကိုမြှောက်ကာ သူ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ် ပေးလိုက်လေ၏။
သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဆင်ယင်လျက် မေးလိုက်သည်။
"ကျွန်မရဲ့ အကြံကို ရှင် ဘယ်လိုထင်လဲ...။"
စက္ကန့်အနည်းငယ်ခန့် စောင့်ဆိုင်းပြီးနောက် လုံယု၏ တုန်ရီစွာပြောသံကို ကြားလိုက်ရလေသည်။
"ကျေးဇူးတင်ပါတယ် ရန်ရန်...။"
ယောင်ရန်က ခေါင်းငြိမ့်ပြရင်း မေးလိုက်၏။
"ရှင် ဒါကို ဘယ်အချိန်မှာ လုပ်ချင်လဲ...။"
လုံယုသည် သူမကို လွှတ်ပေးလိုက်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေခဲ့သည်။
"ငါတို့ ရိက္ခာတွေကို စစ်တပ်ဆီ တိုက်ရိုက်သွားပေးမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်...။ သူတို့က ဒီရိက္ခာတွေရဲ့
အရင်းအမြစ်ကို စုံစမ်းစစ်ဆေးကြလိမ့်မယ်...။ ဒီလိုဆိုရင် မင်း အန္တရာယ်ကြုံရနိုင်တယ်...။"
သူသည် စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလေသည်။
"စစ်တပ်ဆီ ရိက္ခာတွေကို တိုက်ရိုက်ပေးမယ့်အစား ငါတို့ ဝပ်နေသော ကျားဂိုဏ်းကို အကာအကွယ်အနေနဲ့ အသုံးချနိုင်တယ်...။"
ယောင်ရန်၏ မျက်ဝန်းများ ဝင်းလက်သွားကာ မေးလိုက်၏။
"ရှင်ဆိုလိုတာက ဒီရိက္ခာတွေကို ဝပ်နေသော ကျားဂိုဏ်းက ဝှက်ထားတဲ့ပုံစံမျိုး ဖြစ်အောင် လုပ်မလို့လား...။"
လုံယုက ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်တယ်... စစ်တပ်က ဒီဂိုဏ်းကို ဖမ်းဆီးပြီးခါစပဲ ရှိသေးပြီး သူတို့ ဝှက်ထားတဲ့ ရိက္ခာတွေကိုလည်း လိုက်ရှာ နေတုန်းပဲ...။ ဝပ်နေသော ကျားဂိုဏ်းလို ဂိုဏ်းအကြီးစားတစ်ခုအတွက် ရိက္ခာသိမ်းဆည်းတဲ့ နေရာ အများအပြား ရှိနေတာက သဘာဝကျပါတယ်...။ ငါတို့ လူသူဝေးတဲ့ နေရာတစ်ခုမှာ ရိက္ခာတွေကို သွားဝှက်ထားပြီးမှ စစ်တပ် ကို အကြောင်းကြားလိုက်မယ်လေ...။"
"အစပိုင်းမှာ သူတို့ သံသယဝင်ကောင်း ဝင်နိုင်ပေမယ့် ရိက္ခာတွေကို မြင်လိုက်ရတဲ့အခါ ငါတို့အကြောင်းကို ဂရု စိုက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး...။ ငါတို့ရဲ့ တကယ့်အထောက်အထားကို သိသွားရင်တောင်မှ ငါတို့က ဒီကိစ္စ မှာ ပါဝင်ပတ်သက်လိုစိတ် မရှိဘူးလို့ ထင်သွားကြမှာမို့ ငါတို့ ဘယ်သူလဲဆိုတာကို လိုက်လံစုံစမ်းတော့မှာ မဟုတ် ဘူး...။"
သူ၏ အစီအစဉ်ကို ကြားပြီးနောက် ယောင်ရန်သည် သူ့အား လက်မထောင်ပြလိုက်ရင်း ၊
"ပါရမီရှင်ပဲ...၊ ရှင့်ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့...။"
လုံယုက ခပ်ဖွဖွရယ်မောကာ မေးလိုက်၏။
"မင်း သူတို့ကို ဘယ်လောက်အထိ ပေးဖို့ ရည်ရွယ်ထားလဲ...။"
ယောင်ရန်က ခဏမျှ စဉ်းစားကာ ပြန်လည်ဖြေလိုက်လေသည်။
"ဝပ်နေသော ကျားဂိုဏ်းရဲ့ ကုန်လှောင်ရုံထဲမှာ ငါတို့ ချန်ထားခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်ပေါ့...။ တစ်ခါတည်းနဲ့ အများကြီး မပေးချင်ဘူး...၊ မဟုတ်ရင် သူတို့က အသက်ရှင်ကျန်ရစ်သူတွေကို ဝေမျှပေးပြီး စစ်သားတွေကို မျက်ကွယ်ပြုထားမိနိုင်တယ်...။"
"ကျွန်မ ကူညီချင်တဲ့လူတွေက စစ်တပ်ထဲက ရှင့်ရဲ့ ညီအစ်ကိုတွေပါ...။ ပြင်ပက လူစိမ်းတွေ မဟုတ်ဘူး...၊ ငါတို့ လုံလောက်ရုံပဲ ပေးမယ်ဆိုရင် သူတို့က စစ်သားတွေကို ဦးစားပေးလိမ့်မယ်...။ ပြည်သူတွေကို ကာကွယ်ဖို့ စစ်သားတွေရဲ့ အင်အားက လိုအပ်တာကြောင့် သူတို့ကို အရင်ဆုံး ကျွေးမွေးရမယ်...။"
ခဏမျှ ရပ်တန့်ပြီးနောက် ယောင်ရန်က ဆက်ပြောလေသည်။
"အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့ ကျွန်မ ကူညီဖို့ တခြားနည်းလမ်းကို ရှာဖွေပါ့မယ်...။ ကျွင်းချန်မြို့မှာ ရှိတဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ကျွန်မတို့ နှစ်ယောက်တည်းနဲ့ မထောက်ပံ့နိုင်တာကြောင့် ကူညီပေးမယ့် သူတစ်ဦးကို ရှာဖွေဖို့ လိုအပ်လိမ့်မယ်...။"
လုံယုသည် သူမ၏ သဘောထားကို သဘောတူကာ ပြောလိုက်၏။
"မင်း တခြားသူတွေကို ကူညီနိုင်ပါတယ်...။ ဒါပေမယ့် မင်းရဲ့ လုံခြုံရေးက ငါ့အတွက် အရေးကြီးဆုံးပဲ...။"
သူ၏ တည်ကြည်သော မျက်နှာအမူအရာကို မြင်သောအခါ ယောင်ရန်သည် စိတ်ထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရ ပြီး ပြုံးလိုက်မိလေသည်။ သူမ၏ အစီအစဉ်ကို မျှဝေပြီးနောက် မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။ သူတို့နှစ်ဦး သည် မြေပုံကို ကြည့်ကာ တည်နေရာတစ်ခုကို ရွေးချယ်လိုက်ပြီးနောက် တိုက်ခန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက် ကြတော့သည်။
အပြင်သို့ မထွက်ခွာမီ သူတို့သည် မိတ်ဆွေများကို အကြောင်းကြားခဲ့ကြ၏။ သူတို့နှစ်ဦး အပြင်သို့ သွားလို ကြောင်း သိရှိရသောအခါ ရှီရွှမ်းနှင့် အခြားသူများက ဂရုစိုက်ရန် တိုက်တွန်းခဲ့ကြလေသည်။
စစ်သားများက ဝပ်နေသော ကျားဂိုဏ်းကို ဖမ်းဆီးပြီးနောက်ပိုင်းတွင် ဂိုဏ်းငယ်လေးများသည် နယ်မြေလုရန် အတွက် အချင်းချင်း တိုက်ခိုက်နေကြပေသည်။ လတ်တလောတွင် ပြင်ပပတ်ဝန်းကျင်သည် ထင်သလောက် အေးချမ်းမှု မရှိလှပေ။
လုံယုနှင့် ယောင်ရန်သည် သူတို့နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ညအမှောင်ကို အကာအကွယ်ယူကာ လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာလာခဲ့ကြလေသည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် မပြီးစီးသေးသော အဆောက်အအုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြ သည်။ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်များနှင့် နှင်းများ ဖုံးလွှမ်းနေပြီး ခြေရာလက်ရာ လုံးဝမရှိချေ။ ဤနေရာသို့ မည်သူ မျှ မလာရောက်သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
လုံယုက အပြင်ဘက်မှ စောင့်ကြပ်ပေးနေစဉ် ယောင်ရန်သည် သူမ၏ နေရာလွတ်အတွင်းမှ ရိက္ခာပစ္စည်းများကို စတင်ထုတ်ယူလိုက်လေသည်။
သူမသည် အစားအသောက်၊ အဝတ်အထည်၊ စောင်များ၊ အပူပေးအိတ်များ၊ ဂျာကင်များ၊ နှင်းတောစီးဖိနပ်များ နှင့်အတူ လက်နက်ခဲယမ်းများကိုပါ ထုတ်ယူ၍ လွတ်လပ်သော ကြမ်းပြင်ပေါ်၌ စနစ်တကျ စုပုံထားလိုက်၏။ အလုပ်ပြီးစီးသွားသောအခါ ရိက္ခာများကို ရေစိုခံအဝတ်စဖြင့် ဖုံးအုပ်ထားလိုက်လေသည်။
လုံယုသည် သူမ ပြန်ထွက်လာသည်ကို မြင်သောအခါ မေးလိုက်၏။
"မင်း အားလုံး ပြီးသွားပြီလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"သွားကြစို့...။"
သူတို့သည် စွန့်ပစ်ထားသော အဆောက်အအုံမှ ထွက်ခွာပြီး ကုန်သွယ်ရေးစင်တာသို့ ဦးတည်လာခဲ့ကြလေသည်။ ဤသည်မှာ သူတို့အတွက် ညဘက်တွင် ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပေသည်။ ပုံမှန်အားဖြင့် စည်ကား လှသော နေရာသည် ယခုအခါ ဆိတ်ငြိမ်နေပြီး မည်သူမျှ ဆိုင်ခန်းများ ဖွင့်လှစ်ထားခြင်း မရှိချေ။
ကင်းစောင့်နေသော စစ်သားအနည်းငယ်ကိုသာ တွေ့ရသဖြင့် ယောင်ရန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက် ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူမသည် လုံယု၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ ထိုစစ်သားကို ညွှန်ပြရင်း ပြောလိုက်၏။
"လုံယု...၊ ဟိုစစ်သားဆီကို စာရွက်လေး သွားပေးလို့ ရမလား...။"
လုံယုသည် သူမ ညွှန်ပြရာသို့ လိုက်ကြည့်လိုက်ရာ သူတို့ ကယ်ဆယ်ရေးရိက္ခာများ လက်ခံစဉ်က သူမနှင့် စကား ပြောခဲ့သော စစ်သားကို တွေ့လိုက်ရလေသည်။ သူက ခေါင်းငြိမ့်ပြကာ ၊
"ရတာပေါ့...၊ ပြဿနာမရှိဘူး...။"
ယောင်ရန်သည် စွန့်ပစ်ထားသော အဆောက်အအုံ၏ မြေပုံကို စက္ကူတစ်ရွက်ပေါ်တွင် အလျင်အမြန် ဆွဲလိုက်ပြီး တိုတိုတုတ်တုတ် ရှင်းပြချက်အချို့ကို ရေးသားလိုက်၏။ ထို့နောက် ၎င်းကို လုံယုအား ကမ်းပေးလိုက်ရာ သူသည် ထိုစစ်သားဆီသို့ လျှောက်သွားခဲ့သည်။ အနီးရှိ အဆောက်အအုံတစ်ခု၏ နောက်ကွယ်တွင် ပုန်းကွယ်နေရင်း ယောင်ရန်သည် လုံယုနှင့် စစ်သား စကားပြောနေသည်ကို စောင့်ကြည့်နေခဲ့လေသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် လုံယုသည် ပြန်လည်ရောက်ရှိလာကာ ပြောလိုက်၏။
"သွားကြစို့..."
သူတို့ ထွက်ခွာလာစဉ် ယောင်ရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုစစ်သားမှာ ထွက်ခွာသွားပြီ ဖြစ် ကြောင်း တွေ့လိုက်ရသည်။ သူမသည် လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေ၏။
"ရှင် သူ့ကို ဘာပြောလိုက်လဲ...။"
လုံယုက သူမ၏လက်ကို ဆွဲကိုင်ကာ ပြန်လည်ဖြေကြားခဲ့သည်။
"ငါတို့ ထင်းရှာရင်းနဲ့ ဒီရိက္ခာတွေကို မတော်တဆ တွေ့ခဲ့တာလို့ ပြောလိုက်တယ်...။"
ယောင်ရန်က ပြုံးလိုက်ကာ ပြောလိုက်၏။
"သွားကြစို့... ၊ သူတို့ ရှင့်ကို လာပြီး မစစ်ဆေးခင် ကျွန်မတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ်...။"
သူတို့ ထွက်ခွာသွားပြီးနောက် ထိုစစ်သားသည် ဝူလျန်၏ ရုံးခန်းသို့ အပြေးအလွှား သွားခဲ့လေသည်။ တံခါးကို ခောက်ရင်း သူက ပြောလိုက်၏။
"တပ်မှူး ဝူ...၊ ကျွန်တော် သတင်းပို့စရာ ရှိလို့ပါ...။"
စာရွက်စာတမ်းများ စုပုံနေသော စားပွဲနောက်တွင် ထိုင်နေသည့် ဝူလျန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် သူ၏ နားထင် ကို နှိပ်နယ်ရင်း ပြောလိုက်လေ၏။
"ဝင်ခဲ့လေ...။"
စစ်သားသည် အထဲသို့ ဝင်လာပြီး အလေးပြုလိုက်ပြီးနောက် စာရွက်လေးကို ကမ်းပေးကာ ပြောလိုက်လေသည်။
"တပ်မှူး ဝူ...၊ ခုနတင် တစ်ယောက်ယောက်က ကျွန်တော့်ကို ဒါလာ ပေးသွားပါတယ်...။ ဒါကို တပ်မှူး ကြည့်သင့် တယ်လို့ ထင်ပါတယ်...။"
ဝူလျန်သည် စာရွက်စာတမ်းကို ချလိုက်ပြီး ထိုစာရွက်ကို ယူလိုက်၏။ ၎င်းကို ဖတ်ရှုပြီးနောက် သူ၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ သူက စစ်သားကို ကြည့်ကာ မေးလိုက်၏။
"မင်းကို ဒီစာရွက် ဘယ်သူ ပေးသွားတာလဲ...။"
"အမျိုးသားတစ်ယောက်ပါ...၊ သူက နှာခေါင်းစည်း တပ်ထားတာကြောင့် မျက်နှာကို သေချာမမြင်လိုက်ရပါဘူး ...။" ဟု စစ်သားက ပြန်လည်ဖြေကြားခဲ့သည်။
ဝူလျန်သည် မတ်တပ်ရပ်ကာ သူ၏ ဂျာကင်အင်္ကျီကို ဝတ်ဆင်လိုက်ရင်း ပြောလိုက်၏။
"ကျေးဇူးပဲ...၊ မင်းရဲ့ ကင်းစောင့်တာဝန်ဆီ ပြန်သွားနိုင်ပြီ...။"
"ဟုတ်ကဲ့ပါ တပ်မှူး...။"
စစ်သားသည် အလေးပြုပြီးနောက် ထွက်ခွာသွားခဲ့လေတော့သည်။