အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇)
ပေးပို့ခြင်း
လုံယုသည် စည်ပိုင်းများအတွင်းသို့ ရေကန်ရေများကို ခပ်ထည့်နေစဉ် ယောင်ရန်သည် သူမ၏ ရေစွမ်းအင်ကို အသုံးပြု၍ ရေကို ဖန်တီးကာ ပလတ်စတစ်စည်ပိုင်းအတွင်းသို့ ထည့်ပေးလိုက်လေ၏။
စည်ပိုင်းတစ်လုံး ပြည့်သွားသည့်အခါတိုင်း သူမသည် အဖုံးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီးနောက် နောက် ထပ်တစ်လုံးသို့ ကူးပြောင်းလုပ်ဆောင်ခဲ့လေသည်။
မကြာမီမှာပင် စည်ပိုင်းငါးလုံးစလုံး၌ ရောစပ်ထားသော ရေကန်ရေများ ပြည့်သွားခဲ့ပေသည်။ ယောင်ရန်သည် ၎င်းတို့ကို သူမ၏ စိတ်ဝိညာဉ်ဖြင့် ကုန်လှောင်ရုံအတွင်းသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ပြီး နောက်ထပ် စည်ပိုင်း အလွတ် ငါးလုံးကို ထုတ်ယူလိုက်၏။
သူမ၏ ရေစွမ်းအင် ကုန်ဆုံးသွားသည့် အခါတိုင်း စွမ်းအင်ပြန်လည်ပြည့်တင်းရန် ရေကန်ရေကို သောက်သုံးကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ လုံယု၏ ကူညီမှုဖြင့် သူတို့နှစ်ဦးသည် ရောစပ်ထားသော ရေကန်ရေများ ပါဝင် သည့် စည်ပိုင်းနှစ်ရာကို ဖြည့်တင်းနိုင်ခဲ့ကြလေသည်။
သူမ၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ စိုစွတ်နေသည်ကို မြင်သောအခါ လုံယုသည် နောက်ဆုံးစည်ပိုင်းကို ပိတ်လိုက်ပြီး ပြောလိုက်လေ၏။
"လောလောဆယ် ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ကြရအောင်...။ မင်း အနားယူဖို့ လိုတယ်...။"
ယောင်ရန်သည် ခေတ္တမျှ ခေါင်းကိုက်ခဲလာသဖြင့် ခေါင်းငြိမ့်ပြလိုက်မိသည်။ ကျန်ရှိသော စည်ပိုင်းများကို ကုန်လှောင် ရုံအတွင်းသို့ ရွှေ့ပြောင်းပြီးနောက် ရေချိုးလိုက်ပြီးမှ လုံယုနှင့်အတူ နေရာလွတ်အတွင်းမှ ထွက်ခွာ ခဲ့ကြလေသည်။
နောက်တစ်နေ့ မနက်ပိုင်းတွင် ယောင်ရန်သည် စောစောနိုးထလာပြီး လုံယုကို သွားရောက်ရှာဖွေခဲ့၏။ သူမ တိုက်ခန်းမှ ထွက်လာခဲ့စဥ်မှာပင် လုံယုသည် သူ၏တံခါးကို ဖွင့်လိုက်လေသည်။
သူမကို မြင်သောအခါ သူက ပြုံးလျက် ပြောလိုက်သည်။
"မင်္ဂလာမနက်ခင်းပါ ရန်ရန်...။"
ယောင်ရန်သည် သူ၏အနားသို့ လျှောက်သွားကာ ပြောလိုက်၏။
"မင်္ဂလာမနက်ခင်းပါ...၊ ဒီနေ့အတွက် ဘာအစီအစဉ်များ ရှိလဲ...။"
လုံယုက ခေါင်းယမ်းပြကာ၊
"ဘာအစီအစဉ်မှ မရှိပါဘူး...။ တစ်ခုခု အကူအညီလိုလို့လား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"ကျွန်မ ဝူလျန်ဆီ သွားပြီး သူ ရှေးဟောင်းပစ္စည်းတွေ ရမရ သွားကြည့်ချင်လို့ပါ...။"
သူမက နေရာလွတ်ကို အဆင့်မြှင့်တင်ရန် အလျင်စလို ဖြစ်နေသည်ကို သိရှိသဖြင့် လုံယုက သူမအား စိုက် ကြည့်ကာ မေးလိုက်သည်။
"မင်း မနက်စာ စားပြီးပြီလား...။"
ယောင်ရန်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက်၊
"မစားရသေးဘူး...။"
လုံယုက သူမကို သူ၏အိမ်အတွင်းသို့ ဆွဲခေါ်လိုက်ရင်း ပြောလိုက်လေသည်။
"ဝူလျန်ဆီ မသွားခင် အရင်ဆုံး မနက်စာ စားကြတာပေါ့....။"
ယောင်ရန်က လိမ္မာသိတတ်စွာဖြင့် သူ၏နောက်သို့ လိုက်ပါသွားရင်း ၊
"ဟုတ်ကဲ့..." ဟု ပြောလိုက်လေသည်။
လုံယု၏ အိပ်ခန်းအတွင်းရှိ ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်၌ ထိုင်နေရင်း ယောင်ရန်သည် သူ မနက်စာ ပြင်ဆင်နေသည်ကို စောင့်ကြည့်နေမိသည်။ အရင်းအမြစ်များ ကန့်သတ်ချက်ရှိနေသဖြင့် လုံယုသည် ကြက်သွန် မြိတ်မုန့်ပြားအချို့ကို နွှေးပေးကာ သူတို့နှစ်ဦးစလုံးအတွက် ဟင်းသီးဟင်းရွက်စွပ်ပြုတ်တစ်ခွက်စီကိုသာ ပြင်ဆင် ပေးနိုင်ခဲ့လေ၏။
စားသောက်ပြီးစီးသွားသောအခါ ယောင်ရန်သည် သူမ၏ ကျောပိုးအိတ်နှင့် လက်နက်ကို ယူရန် သူမ၏တိုက်ခန်း သို့ ပြန်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် အပြင်သို့ သွားမည်ဖြစ်ကြောင်း မိတ်ဆွေများကို အကြောင်းကြား ကာ ထွက်ခွာလာခဲ့ကြလေသည်။
လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာလာပြီးနောက် ယောင်ရန်နှင့် လုံယုသည် ဦးစွာ သူတို့၏ လူနေရပ် ကွက်နှင့် မလှမ်းမကမ်းရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခုသို့ သွားခဲ့ကြလေသည်။ သင့်တော်သော နေရာ တစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ရောစပ်ထားသော ရေကန်ရေငါးစည်ကို ထိုနေရာ၌ ဝှက်ထားခဲ့ပြီးမှ ဝူလျန်ကို ရှာဖွေရန် ထွက်ခွာခဲ့ကြလေသည်။
တစ်နာရီခန့် ကြာပြီးနောက် သူတို့သည် စစ်တပ်အသုံးပြုသော လူနေရပ်ကွက်သို့ ရောက်ရှိလာခဲ့ကြသည်။ တံခါး ဝတွင် ကင်းစောင့်နေသော စစ်သားများထံသို့ လျှောက်လှမ်းသွားကာ ပြောလိုက်လေ၏။
"ခွင့်ပြုပါဦး ရဲဘော်တို့...၊တပ်မှူး ဝူလျန်ကို ယောင်ရန် လာတွေ့တယ်လို့ ကျေးဇူးပြုပြီး ပြောပေးလို့ ရမလား...။"
စစ်သားများက သူမနှင့် လုံယုကို ကြည့်လိုက်ကြပြီးနောက် တစ်ဦးက ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဒီနေရာမှာ ခဏလောက် စောင့်ပေးပါဦး...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ်...။"
သူတို့နှစ်ဦးသည် တံခါးဝ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေစဉ် စစ်သားတစ်ဦးက ဝူလျန်ကို ရှာဖွေရန် ထွက်ခွာ သွားခဲ့လေသည်။
မကြာမီမှာပင် သူသည် ဝူလျန်၏ ရုံးခန်းတံခါးဝတွင် ရပ်တန့်ကာ တံခါးခေါက်လိုက်၏။ ခေတ္တမျှ စောင့်ဆိုင်းပြီး နောက် မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် ဘေးမှ လမ်းလျှောက်သွားသော ဝန်ထမ်းအမျိုးသမီးတစ်ဦးကို မြင် တွေ့ကာ တားဆီးလိုက်သည်။
"ရဲဘော်...၊တပ်မှူး ဝူက ရုံးခန်းထဲမှာ မရှိဘူးလား...။"
ဝန်ထမ်းအမျိုးသမီးက ခဏမျှ စဉ်းစားပြီးနောက်၊
"ကျွန်မ ခုနတင် တပ်မှူး ဝူကို ထမင်းစားဆောင်မှာ တွေ့ခဲ့တယ်...၊ အဲ့ဒီနေရာမှာ သွားကြည့်ရင် တွေ့နိုင်ပါ တယ်...။"
စစ်သားသည် သူမကို ကျေးဇူးတင်စကားပြောကာ ထမင်းစားဆောင်ဆီသို့ အပြေးအလွှား သွားခဲ့လေသည်။ အထဲသို့ မဝင်မီ လှမ်းလှမ်းမှ ထမင်းစားဆောင်အတွင်းမှ ထွက်လာသော ဝူလျန်ကို လှမ်းမြင်လိုက်ရသဖြင့် သူ၏အနားသို့ အမြန်လျှောက်သွားခဲ့လေ၏။
သူက ဝူလျန်ကို အလေးပြုလိုက်ပြီးနောက် ပြောလိုက်သည်။
"တပ်မှူး ဝူ...၊ တံခါးဝမှာ အမျိုးသမီးတစ်ယောက် လာပြီး တွေ့ချင်တယ်လို့ ပြောနေလို့ပါ...။"
တစ်ဦးဦးက သူ့ကို ဤနေရာအထိ လာရောက်ရှာဖွေခြင်းက ရှားပါးလှပေသည်။ ဝူလျန်သည် ခဏမျှ စဉ်းစား လိုက်ပြီးနောက် သူ၏ မျက်မှောင်များ ပြေလျော့ကာ မျက်ဝန်းများ ဝင်းလက်သွားခဲ့လေ၏။
သူက မေးမြန်းလိုက်သည်။
"သူမ ဘယ်မှာလဲ...။"
စစ်သားက ပြန်လည်ဖြေလိုက်လေ၏။
"အဝင်တံခါးဝမှာ စောင့်နေပါတယ်...။"
ထိုစကားကို ကြားသောအခါ ဝူလျန်က ပြောလိုက်လေ၏။
"သွားကြစို့...။"
သူ ရောက်ရှိသွားသောအခါ အဝင်တံခါးဝ၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော လုံယုနှင့် ယောင်ရန်တို့ကို တွေ့လိုက်ရလေသည်။
သူသည် သူတို့၏အနားသို့ လျှောက်လှမ်းသွားရင်း မေးလိုက်လေသည်။
"တပ်မှူး လုံ...၊ မင်းတို့နှစ်ယောက် သတင်းကောင်း ယူလာခဲ့တာလား...။"
လုံယုနှင့် ယောင်ရန်သည် လှည့်ကြည့်လိုက်ရာ ဝူလျန်ကို တွေ့လိုက်ရသည်။ လုံယုက ခေါင်းငြိမ့်ပြကာ၊
"ဟုတ်တယ်...၊ မင်း ပေးချေမှု အတွက် ပစ္စည်းတွေကို ပြင်ဆင်ပြီးပြီလား...။"
ဝူလျန်က မေးမြန်းလိုက်သည်။
"ကျွန်တော် ပစ္စည်းအချို့ကိုတော့ အနိုင်နိုင် ပြင်ဆင်ထားပါတယ်...။ မင်းတို့ ဘယ်လောက်အထိ ပံ့ပိုးပေးနိုင် မလဲ...။"
ယောင်ရန်က ပြန်လည်ဖြေကြားခဲ့၏။
"လီတာတစ်ထောင်ပါ...။"
ဝူလျန်သည် အံ့အားသင့်သွားပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်ကာ ရေရွတ်လိုက်လေသည်။
"လီတာတစ်ထောင်တောင်လား...။"
သူက ယောင်ရန်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"လဲလှယ်ဖို့အတွက် ရှေးဟောင်းပစ္စည်း ဘယ်လောက်အထိ လိုချင်လဲ...."
သူ၏ ခက်ခဲနေဟန်ရှိသော မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ ယောင်ရန်က ပြုံးလိုက်မိသည်။
"ဒါက ရှေးဟောင်းပစ္စည်းအပေါ်မှာ မူတည်ပါတယ်... အချို့ပစ္စည်းတွေက တန်ဖိုးကြီးမားပြီး အချို့ပစ္စည်းတွေ ကတော့ သိပ်ပြီး တန်ဖိုးမရှိတာမျိုး ရှိတတ်တယ်လေ...။"
သူမ၏ စကားကြောင့် စိတ်သက်သာရာရသွားကာ ဝူလျန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူသည် ရှေးဟောင်းပစ္စည်းများနှင့် ပတ်သက်၍ များများစားစား မသိရှိသဖြင့် ရွှီချီဖန်ထံ တင်ပြတောင်းခံစဉ်ကလည်း မည်သည့်အရာကို အတိအကျ လိုချင်သည်ကို မဖော်ပြခဲ့ဘဲ ရှေးဟောင်းပစ္စည်းများကို ရိက္ခာများနှင့် လဲလှယ်ရန် ခွင့်ပြုချက်သာ တောင်းခံခဲ့ခြင်း ဖြစ်လေသည်။
သူက ယောင်ရန်ကို ကြည့်ကာ ပြောလိုက်၏။
"ကျွန်တော်တို့ ရှေးဟောင်းပစ္စည်းအချို့ ပြင်ဆင်ထားပါတယ်...။ ညီမ သွားကြည့်ချင်လား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်ကဲ့...၊ ကြည့်ပါရစေ...။"
ဝူလျန်က ပြုံးလျက် ၊
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ...။"
သူတို့ စစ်တပ်၏ ကုန်လှောင်ရုံသို့ ရောက်ရှိသွားသောအခါ ထိုနေရာရှိ ရိက္ခာပစ္စည်း ပမာဏက ယောင်ရန်နှင့် လုံယုကို အံ့အားသင့်သွားစေခဲ့သည်။
ရင်းမြစ်များ နည်းပါးနေသည်ကို သိရှိထားသော်လည်း စစ်တပ်တွင် ဤမျှလောက်သာ ရှိလိမ့်မည်ဟု သူတို့ မမျှော် လင့်ထားခဲ့ကြပေ။ ယောင်ရန်သည် ကျွင်းချန်မြို့ရှိ စစ်သားအရေအတွက်ကို အတိအကျ မသိရှိသော်လည်း ဤ ပမာဏက ရေရှည်အတွက် တောင့်ခံထားနိုင်မည် မဟုတ်ကြောင်း ကောင်းစွာ နားလည်ထားပေသည်။
သူတို့ တိတ်ဆိတ်နေသည်ကို သတိပြုမိသဖြင့် ဝူလျန်က ပြောလိုက်သည်။
"ရှေးဟောင်းပစ္စည်းတွေကို နောက်ဘက်အခန်းထဲမှာ သိမ်းဆည်းထားပါတယ်...။ ဒီဘက်ကို ကြွပါ...။"
သူသည် သူတို့အား ကုန်လှောင်ရုံ၏ နောက်ဘက်ရှိ အခန်းငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သော့ကို ထုတ်ယူကာ တံခါးကို ဖွင့်လိုက်ပြီးနောက် နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ကို ဖွင့်လိုက်လေသည်။
နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်မှ တောက်ပသော အလင်းရောင်များက ပတ်ဝန်းကျင်ကို လင်းထိန်စေပြီး နောက် သူတို့သည် အခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ဝူလျန်၏နောက်သို့ လိုက်ပါသွားရင်း ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ဝင်းလက်သွားခဲ့၏။
သူမသည် ရှေးဟောင်းပစ္စည်းများရှိရာသို့ လျှောက်သွားကာ တစ်ခုချင်းစီကို စတင်စစ်ဆေးကြည့်ရှုလိုက်တော့ သည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ယောင်ရန်သည် အလှပြပန်းအိုးတစ်လုံးကို ပြန်ချလိုက်ပြီး ဝူလျန်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
"တပ်မှူး ဝူ...၊ ရှင် ဒီရှေးဟောင်းပစ္စည်းတွေကို စားစရာ ဒါမှမဟုတ် အသားတွေနဲ့ လဲလှယ်ဖို့ စိတ်ဝင်စားလား...။"
ဝူလျန်က မေးမြန်းလိုက်သည်။
"ညီမလေးမှာ စားစရာ ရိက္ခာတွေ ရရှိနိုင်မယ့် နည်းလမ်း ရှိလို့လား...။"