အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈)
ထပ်မံ အဆင့်မြှင့်တင်ခြင်း
ယောင်ရန်က ပြုံးလိုက်ကာ ပြောလိုက်၏။
"ကျေးဇူးပြုပြီး ကျွန်မကို ယောင်ရန်လို့ပဲ ခေါ်ပါ...။ ကျွန်မဆီမှာ စားစရာ ရိက္ခာတွေ ရနိုင်တဲ့ နည်းလမ်း ရှိတာ တော့ အမှန်ပါပဲ...။ ဒါပေမယ့် အအေးဒဏ်ခံ အာလူးတွေရဲ့ ဈေးနှုန်းကတော့ အခြား ရိက္ခာအမျိုးအစားတွေထက် ပိုပြီး နည်းနိုင်ပါတယ်...။"
ဤစကားကို ကြားသောအခါ ဝူလျန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့သည်။ သူသည် ခဏမျှ စဉ်းစားပြီး နောက် မေးမြန်းလိုက်လေ၏။
"ဒီရှေးဟောင်းပစ္စည်းတွေနဲ့ဆိုရင် ငါတို့ ရိက္ခာ ဘယ်လောက်အထိ ရနိုင်မလဲ...။"
ယောင်ရန်သည် ရှေးဟောင်းပစ္စည်းများကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး၊
"ကျွန်မ ရှင့်ကို ဆန်သစ်အိတ် နှစ်ရာနဲ့ အေးခဲအသားအချို့ ပေးနိုင်ပါတယ်...။"
ဆန်တစ်အိတ်လျှင် အလေးချိန် ကီလိုဂရမ် နှစ်ဆယ် ရှိသဖြင့် အိတ်နှစ်ရာဆိုပါက လေးတန်နှင့် ညီမျှပေသည်။ ဤ သည်မှာ များပြားလှသည် မဟုတ်သော်လည်း အကယ်၍ သူတို့သည် ဆန်ပြုတ်ပြုတ်ကာ အာလူးအချို့ကို ရော နှောလိုက်ပါက စစ်သားများကို ရက်အနည်းငယ်ခန့် တောင့်ခံထားနိုင်စေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် သူသည် ယောင်ရန်ကို ကြည့်ကာ ပြောလိုက်၏။
"ဒီရှေးဟောင်းပစ္စည်းတွေအတွက် ဆန်အိတ် သုံးရာနဲ့ အသား ကီလိုဂရမ် ခြောက်ရာလောက် ကျွန်တော် လိုချင် ပါတယ်...။"
နက်မှောင်သော မြေဆီလွှာကြောင့် ယောင်ရန်သည် မည်သည့်မျိုးစေ့အမျိုးအစားကိုမဆို စိုက်ပျိုးနိုင်သဖြင့် ကမ္ဘာကြီး ပြောင်းလဲသွားကတည်းက ရိက္ခာများကို အောင်မြင်စွာ စုဆောင်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမသည် သူမ၏ နေရာလွတ်အတွင်း၌ ဆန်စပါးနှင့် အခြားနှံစားသီးနှံများကို စိုက်ပျိုးထားခဲ့သဖြင့် ထိုပမာဏကို ပေးဆောင်ရန် တတ်နိုင်ပေသည်။ သို့သော်လည်း သူမအတွက် စားစရာနှင့် အသားများကို ရရှိရန် လွယ်ကူလှ သည်ဟု ဝူလျန်အား မထင်စေလိုချေ။
ထိုသို့ စဉ်းစားကာ ယောင်ရန်သည် သူမ၏ မျက်နှာတွင် တွေဝေတုံ့ဆိုင်းနေဟန်ပြသရင်း ပြောလိုက်၏။
"ဆန် ဒီလောက်အထိ ရနိုင်မယ်လို့တော့ ကျွန်မ အာမမခံနိုင်ပါဘူး...။ ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစား ပေးပါ့မယ်...။"
ရိက္ခာများ မည်မျှအထိ ရှားပါးနေသည်ကို သိရှိထားသဖြင့် ဝူလျန်သည် ခေါင်းငြိမ့်ပြကာ စိတ်ရင်းမှန်ဖြင့် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မယောင်ရန်...။"
သူသည် ရှေးဟောင်းပစ္စည်းများကို ကြည့်ကာ မေးမြန်းလိုက်၏။
"ဒီအရာတွေကို ရွှေ့ပြောင်းဖို့ အကူအညီ လိုအပ်ပါသလား...။"
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"ဟုတ်ကဲ့...၊ လိုအပ်ပါတယ်...။ မြေဩဇာအရည်တွေကို စွန့်ပစ်ထားတဲ့ အဆောက်အအုံတစ်ခုထဲမှာ ပြင်ဆင် ထားပြီးပြီမို့ ရှေးဟောင်းပစ္စည်းတွေကို အဲ့နေရာကို ရွှေ့ပြောင်းပေးဖို့ လိုအပ်ပါလိမ့်မယ်...။"
ဝူလျန်က ပြောလိုက်၏။
"ကောင်းပါပြီ...၊ ကျွန်တော် စစ်သားတွေကို သယ်ခိုင်းလိုက်ပါ့မယ်...။"
ရှေးဟောင်းပစ္စည်းများကို ရွှေ့ပြောင်းရန် စစ်သားများကို သွားရောက်စီစဉ်ပေးနေစဉ် ယောင်ရန်နှင့် လုံယုသည် သူ့အား စောင့်ဆိုင်းရန် အဝင်တံခါးဝသို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။
မကြာမီမှာပင် စစ်သုံးကုန်တင်ကားတစ်စီး မောင်းနှင်လာသည်ကို တွေ့လိုက်ရပြီး ဝူလျန်သည် ရှေ့ခန်းတွင် ထိုင် ကာလိုက်ပါလာခဲ့လေ၏။ စစ်သားသည် ကုန်တင်ကားကို ရပ်တန့်လိုက်သောအခါ သူသည် အောက်သို့ ဆင်းလာ ပြီး ပြောလိုက်လေသည်။
"မယောင်ရန်...၊ ကျေးဇူးပြုပြီး ကားပေါ်တက်ပြီး လမ်းပြပေးပါဦး...။"
ယောင်ရန်က ခေါင်းငြိမ့်ပြရာ လုံယုသည် သူမအား စစ်သုံးကုန်တင်ကားပေါ်သို့ တက်ရန် ကူညီပေးခဲ့လေ၏။ သူမ အတွက် ကားတံခါးကို ပိတ်ပေးပြီးနောက် လုံယုသည် ကား၏နောက်ခန်းထဲသို့ တက်ခဲ့လေသည်။
ကားနောက်ခန်းအတွင်းသို့ တက်လာပြီးနောက် ဝူလျန်သည် မောင်းနှင်သူ၏ ထိုင်ခုံနှင့် နောက်ခန်းကို ခြားထား သော မှန်ချပ်ကို ခေါက်လိုက်လေသည်။
တံခါးခေါက်သံကို ကြားရသောအခါ စစ်သားသည် ကားကို စတင်မောင်းနှင်လိုက်ပြီး ယောင်ရန်အား ပြောလိုက် သည်။
"ညီမလေး...၊ ကျေးဇူးပြုပြီး လမ်းပြပေးပါဦး...။"
သူမက ပြန်လည်ဖြေကြားခဲ့၏။
"ကောင်းပါပြီ...။"
ယောင်ရန်၏ လမ်းညွှန်မှုဖြင့် သူတို့သည် လူနေရပ်ကွက်မှ ထွက်ခွာခဲ့ကြလေသည်။ ကားနောက်ခန်းတွင် ထိုင်နေ ရင်း ဝူလျန်သည် လုံယုကို ကြည့်ကာ ပြောလိုက်၏။
"မင်းမှာ ချစ်သူရှိနေတာကို သိရလို့ ငါ တကယ်ပဲ အံ့သြမိတယ်...။"
လုံယုက သူ့အား တစ်ချက်မျှ ကြည့်ကာ ပြောလိုက်သည်။
"မင်း အားကျနေရင်လည်း ချစ်သူတစ်ယောက် သွားရှာလိုက်ပါလား...။ ငါ့လူကို လာပြီး စိုက်မကြည့်နေနဲ့...။"
ဝူလျန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခပ်ဖွဖွရယ်မောလျက်၊
"မယောင်ရန်က မင်း ဒီလောက်တောင် သဝန်တိုတတ်တဲ့လူဆိုတာ သိရဲ့လား...။"
လုံယုသည် မျက်လုံးများကို ကစားလိုက်ပြီး သူ့အား လျစ်လျူရှုထားလိုက်သည်။ ၎င်းကို မြင်သောအခါ ဝူလျန်က ခပ်တိုးတိုး ရယ်မောကာ စကားပြောခြင်းကို ရပ်တန့်လိုက်၏။
လုံယုအား စနောက်ရန် အခွင့်အရေး ရရှိခြင်းက သူ့အတွက် ရှားပါးလှသော်လည်း သူသည် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို ကောင်းစွာ သိရှိပေသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် စစ်သားသည် စွန့်ပစ်ထားသော အဆောက်အအုံတစ်ခု၏ ရှေ့တွင် ကားကို ရပ်တန့်လိုက်သည်။ ကားပေါ်မှ ဆင်းလာကြပြီးနောက် ဝူလျန်က ညွှန်ကြားလိုက်၏။
"လူနှစ်ယောက်က ဒီနေရာမှာ စောင့်ပြီး ကားကို စောင့်ကြပ်ပါ...။ ကျန်တဲ့သူတွေက ငါ့နောက်ကို လိုက်ခဲ့ကြ...။"
"ဟုတ်ကဲ့ပါ တပ်မှူး...။"
လုံယုနှင့် ယောင်ရန်၏ နောက်သို့ လိုက်ပါရင်း သူတို့သည် စွန့်ပစ်ထားသော အဆောက်အအုံအတွင်းသို့ လျှောက် လှမ်းဝင်ရောက်ခဲ့ကြလေသည်။ ယောင်ရန်သည် နောက်ဘက်ရှိ တံခါးတစ်ခုကို ဖွင့်ကာ အတွင်းသို့ ဝင်ရောက် ခဲ့လေ၏။
အခန်းအတွင်းသို့ ဝင်ရောက်လာသောအခါ ဤနေရာသည် ယခင်က ကုမ္ပဏီဝန်ထမ်းများအတွက် နားနေခန်း အဖြစ် အသုံးပြုခဲ့ပုံရကြောင်း ဝူလျန် သတိပြုမိလိုက်လေသည်။ ထောင့်တစ်ထောင့်ရှိ မီးဖိုချောင်နှင့် ရေခဲသေ တ္တာတို့မှာ ဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုပြီးနောက် သူ၏ မျက်ဝန်းများမှာ အခန်း ၏ အခြားတစ်ထောင့်တွင် ထားရှိထားသော ပလတ်စတစ်စည်ပိုင်းကြီး ငါးလုံးဆီသို့ ကျရောက်သွားခဲ့လေသည်။
ယောင်ရန်သည် စည်ပိုင်းအဖုံးများကို ဖွင့်လိုက်ပြီးနောက် ပြောလိုက်လေ၏။
"တပ်မှူး ဝူ...၊ ရှင် ကုန်ပစ္စည်းတွေကို အရင်ဆုံး စစ်ဆေးနိုင်ပါတယ်...။"
ဝူလျန်သည် သူမ၏အနားသို့ လျှောက်သွားကာ စည်ပိုင်းတစ်လုံး၏ အတွင်းပိုင်းကို လှမ်းကြည့်လိုက်လေသည်။ ကြည်လင်ပြီး မည်သည့်အနံ့မျှ မရှိသော အရည်ကို တွေ့ရသဖြင့် ဤသည်မှာ မြေဩဇာအရည် အစစ်အမှန် ဟုတ်မဟုတ် သူ သေချာမသိနိုင်ချေ။ သို့သော်လည်း သူသည် လုံယုနှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး သူ၏ စရိုက်ကို ယုံကြည်သဖြင့် ယောင်ရန်ကိုလည်း ယုံကြည်လိုက်လေသည်။
"ကုန်ပစ္စည်းတွေက ဘာပြဿနာမှ မရှိပါဘူး...။"
ထိုသို့ပြောပြီးနောက် သူသည် စစ်သားများကို ကြည့်ကာ ညွှန်ကြားလိုက်၏။
"ဒါတွေကို အောက်ကို ရွှေ့ပြီး ရှေးဟောင်းပစ္စည်းတွေကို အပေါ် သယ်ခဲ့ကြ...။"
"ဟုတ်ကဲ့ပါ တပ်မှူး...။"
စစ်သားများက ပလတ်စတစ်စည်ပိုင်းများနှင့် ရှေးဟောင်းပစ္စည်းများကို ရွှေ့ပြောင်းနေစဉ် ယောင်ရန်က ပြောလိုက်လေသည်။
"တပ်မှူး ဝူ...၊ ကျွန်မ ဒီနေ့ညမှာ ဆန်နဲ့ အေးခဲအသားတွေကို ဒီနေရာကို ရောက်အောင် စီစဉ်ပေးပါ့မယ်...။ ရှင်တို့ မနက်ဖြန် မနက်ပိုင်းမှာ လာပြီး သယ်ယူနိုင်ပါတယ်...။"
ဝူလျန်က ပြုံးလျက် ၊
"ကောင်းပါပြီ...။" ဟု ပြောလိုက်လေသည်။
နောက်ဆုံး ရှေးဟောင်းပစ္စည်းများကို အခန်းအတွင်းသို့ ရွှေ့ပြောင်းပြီးစီးသွားသောအခါ ဝူလျန်က၊
"မယောင်ရန်...၊ တပ်မှူး လုံ...။ ကျွန်တော် တပ်ကြပ်ရွှီထံသို့ ပြန်လည်တင်ပြရဦးမှာမို့ အရင် ပြန်ခွင့်ပြုပါဦး...။"
လုံယုက ပြောလိုက်သည်။
"ကောင်းပါပြီ...၊ နောက်မှ တွေ့ကြတာပေါ့...။"
ဝူလျန်သည် ခေါင်းငြိမ့်ပြကာ စစ်သားများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူတို့သည် ကုန်တင်ကား မောင်းနှင် ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြလေသည်။
အခန်းအတွင်းသို့ ခြေလှမ်းလှမ်းဝင်ပြီးနောက် ယောင်ရန်သည် ရှေးဟောင်းပစ္စည်းအားလုံးကို သူမ၏ နေရာလွတ် အတွင်းသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်တွင် ရေစိုခံအဝတ်စကို ဖြန့်ခင်းလိုက်၏။
သူမသည် နေရာလွတ်အတွင်းမှ လတ်ဆတ်သော ဝက်သား ကီလိုဂရမ် ခြောက်ရာကို ထုတ်ယူကာ ရေစိုခံအဝတ် စပေါ်သို့ တင်လိုက်လေသည်။ ထိုအသားများသည် နေရာလွတ်အတွင်းမှ ထွက်ခွာ၍ အေးစက်သော လေထုနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် စက္ကန့်အနည်းငယ်အတွင်းမှာပင် အေးခဲသွားခဲ့လေ၏။ ထို့နောက် သူမသည် အခန်းအတွင်း ပြည့်နှက်သွားစေမည့် ဆန်အိတ် သုံးရာကို ထုတ်ယူလိုက်လေသည်။
တံခါးကို ပိတ်လိုက်ပြီးနောက် ယောင်ရန်နှင့် လုံယုသည် အဆောက်အအုံအတွင်းမှ ထွက်ခွာခဲ့ကြ၏။ အကယ်၍ သူတို့၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့ပါက ဝူလျန်သည် ယနေ့ညတွင် ဤအဆောက်အအုံကို စောင့်ကြည့်ရန် လူ တစ်ဦးဦး စေလွှတ်ထားနိုင်ခြေ ရှိပေသည်။
အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ်အတွင်းသို့ စေလွှတ်လိုက်သည်။ ၎င်းမှာ ထပ်မံ ကျယ်ဝန်းလာကြောင်း မြင်တွေ့ရသဖြင့် မည်သည့်အရာများ ပြောင်းလဲသွားသည်ကို ကြည့်ရှုရန် ဗီလာအိမ်အတွင်းသို့ သွားရောက်ခဲ့လေ၏။
ယခင်တစ်ကြိမ်နှင့်မတူဘဲ တတိယထပ်တွင် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခုသာ ပေါ်လာခဲ့လေသည်။ လှေကား တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် စတုတ္ထထပ်တစ်ခုလည်း ရှိနေနိုင်သေးကြောင်း ယောင်ရန် သဘောပေါက် လိုက် လေ၏။ အဆောက်အအုံ၏ ကျယ်ဝန်းလာမှုနှင့် ထပ်တိုးလာသောအထပ်အပြင် ကောင်းကင်ယံကို ဖုံးလွှမ်းထား သော မြူထုမှာလည်း ပိုမိုပါးလွှာသွားခဲ့လေသည်။
ရေကန်ဆီသို့ လျှောက်လှမ်းသွားရင်း ယောင်ရန်သည် ငြိမ်သက်နေသော ရေပြင်ကို ငေးကြည့်နေလိုက်တော့ သည်။