အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁) ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဇနီးသည်
"ငါ့ရဲ့ လင်အာ..."
"အမေ့ရဲ့သားလေး..."
ကျီစုဖျင်သည် ခရီးပန်းလှစွာ ရက်ပေါင်းများစွာ ခရီးနှင်လာခဲ့ပြီးနောက် နောက်ဆုံးတွင် ဟေးဆောင်ကျေးရွာသို့ ရောက်ရှိလာခဲ့၏။ သူမသည် အလွန်ပင်ပန်းနွမ်းနယ်နေသော်လည်း ကျောက်လင်ကို မြင်လိုက်ရသည့်အခါ၌မူ ဝမ်းသာအားရဖြင့် ပြေးလာကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
ကျောက်လင်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်ပြီး ဖြစ်သည့်အတွက် ဤဘဝ၏ မိခင်ဖြစ်သူ ကျီစုဖျင်ကို လက်ခံထားပြီး ဖြစ်၏။
ထို့ကြောင့် ကျောက်လင်သည် ရုန်းကန်မနေဘဲ ကျီစုဖျင်အား ပွေ့ဖက်ခွင့်ပေးလိုက်ကာ သူမ၏ သားအပေါ် လွမ်းဆွတ်မှုကို မျက်ရည်စက်လက်ဖြင့် ခံယူလိုက်ရသည်။
သတင်းကြားသည်နှင့် စုယောင်၊ ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့ ငါးယောက်စလုံး ဂူထဲမှ အတူတူ ပြေးထွက်လာကြပြီး ကျောက်လင်၏ နောက်တွင် ရပ်လိုက်ကြသည်။
"ချွေးမများက ယောက္ခမအား နှုတ်ဆက်အပ်ပါတယ်..."
မိန်းကလေး ငါးယောက်က တစ်ပြိုင်နက်တည်း အရိုအသေပြုလိုက်ကြ၏။
ငိုရှိုက်နေဆဲဖြစ်သော ကျီစုဖျင်က ရုတ်တရက် ကျောက်လင်ကို တွန်းထုတ်လိုက်ပြီး အံ့အားသင့်သော အမူအရာဖြင့် ထိုမိန်းကလေး ငါးယောက်ကို ကြည့်လိုက်သည်။
လှပသော မိန်းကလေး ငါးယောက်...။
*ဒါက ငါ့သားယူထားတဲ့ ဇနီးသည်တွေလား…*
*နောက်ဆုံးတွေ့ခဲ့တာ နှစ်လပဲ ရှိသေးတယ်၊ ငါ့သားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် လှပတဲ့ ဇနီးသည် ငါးယောက်ကို လက်ထပ်နိုင်သွားရတာလဲ…*
ကျီစုဖျင်သည် သူမ၏သား ကျောက်လင်ကို ကောင်းစွာ သိသည်။ သူက သာမန်အရည်အချင်းသာရှိပြီး ရိုးသားဖျတ်လတ်သူ၊ ငွေကြေးမရှိသလို စစ်ပညာလည်း မတတ်သူဖြစ်၏။ သူက ဘယ်လိုလုပ်ပြီး ဇနီးသည် ငါးယောက်ကို လက်ထပ်နိုင်ပါ့မလဲ...။
အံ့အားသင့်မှုအပြီးတွင် ကျီစုဖျင်သည် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ကာ သူမ၏ နောက်မှ ရပ်နေသော မိန်းကလေးငယ်ကို ကြည့်လိုက်သည်။
သူမသည် မိမိ၏ ဇာတိမြေမှ ခေါ်လာသော ချွေးမလောင်းပင်ဖြစ်၏။
ထိုအချိန်တွင် ကျောက်လင်သည်လည်း ခရီးပန်းနေသော်လည်း တောတောင်ကြားမှ ရှားပါးသစ်ခွပန်းတစ်ပွင့်ပမာ ထူးခြားပြီး ဆွဲဆောင်မှုရှိသော ထိုမိန်းကလေးကို ငေးကြည့်နေမိသည်။
ကျောက်လင်၏ စိတ်အာရုံသည် အလိုအလျောက် စနစ်မျက်နှာပြင်ဆီသို့ ရောက်သွား၏။
သတင်းအသစ်တစ်ခု ရောက်နေသည်။
【အမည် - ချင်းလန်အာ】
【အဆင့် - အဆင့်(၃)】
【ချင်းလန်အာ၏ ဘိုးဘေးများသည် ဆေးဝါးဘုရင်တောင်ကြားတွင် အဂ္ဂိရတ်ပညာကို ကျင့်ကြံခဲ့ကြသော်လည်း နောက်ပိုင်းတွင် မိသားစု ကျဆင်းသွားပြီး ဟေးချီခရိုင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်၊ ကျောက်လင်၏ ဖခင်နှင့် ချင်းလန်အာ၏ ဖခင်တို့မှာ သစ္စာဂတိပြုထားသော ညီအစ်ကိုများ ဖြစ်ကြပြီး ကလေးဘဝကတည်းက စေ့စပ်ပေးထားခဲ့ကြသည်။】
ကျောက်လင်၏ ခန္ဓာကိုယ်က အကြောင်းမဲ့ တုန်ယင်သွားသည်။
*ဒီလောက် ကောင်းတဲ့ အရာတောင် ရှိသေးတာလား*
*ဒါက ကံကောင်းခြင်း လက်ဆောင်ပဲ…*
ချင်းလန်အာသည် ကျီစုဖျင်နှင့်အတူ ထင်းရှူးနက်ကျေးရွာသို့ လိုက်လာခြင်းက သူမသည် ဤကလေးဘဝ စေ့စပ်မှုကို သဘောတူကြောင်း ပြသနေသည်။ မင်္ဂလာဆောင် ကျင်းပလိုက်သည်နှင့် သူတို့သည် ခင်ပွန်းဇနီးအဖြစ် ပေါင်းစပ်နိုင်ပြီ ဖြစ်သည်။
"လင်အာ... ဒီကလေးက ချင်းလန်အာ... သား အဖေ သားကို ကလေးဘဝကတည်းက စေ့စပ်ပေးထားခဲ့တဲ့သူလေ..."
ကျီစုဖျင်သည် ချင်းလန်အာ၏ လက်ကလေးကို သူမ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း လေးနက်စွာ ပြောလိုက်သည်။
ကျောက်လင်သည် အမှတ်ရရန် ကြိုးစားလိုက်ရာ မူလပိုင်ရှင်၏ မှတ်ဉာဏ်ထဲမှ အစိတ်အပိုင်းအချို့ကို ပြန်လည်တွေ့ရှိသွားသည်။
မူလပိုင်ရှင်သည် ကလေးဘဝက ချင်းလန်အာနှင့် အကြိမ်အနည်းငယ် တွေ့ဖူးခဲ့ပုံရသည်။ ချင်းလန်အာသည် ဤမျှ လှပလာပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိပါ။
"လန်အာ... ကိုယ်က ကျောက်လင်ပါ... မိဘတွေ စီစဉ်ပေးထားတဲ့ စေ့စပ်စာချုပ်ရှိပြီးသားမို့ ကိုယ်ကတော့ ဒီသဘောတူညီချက်ကို လိုက်နာမှာပါ..."
"ဒါပေမဲ့ ကိုယ်က ဇနီးသည် ငါးယောက် ရှိပြီးသား... လန်အာ အဆင်ပြေပါ့မလား..."
ကျောက်လင်က အနီးသို့ တိုးသွားကာ ပြုံး၍ မေးလိုက်၏။
စုယောင်တို့ ငါးယောက်ကို ကြည့်ရင်း ချင်းလန်အာသည်လည်း အတွေးပေါင်းများစွာဖြင့် စိုးရိမ်တကြီး ဖြစ်နေသည်။
သူမသည် ကလေးဘဝကတည်းက အဂ္ဂိရတ်ပညာတွင် အရည်အချင်းရှိခဲ့သော်လည်း ချင်းမိသားစုမှာ ဆေးပင်များ ရှာဖွေနိုင်လောက်အောင် မတတ်နိုင်ခဲ့ပေ။
ထို့ကြောင့် ချင်းလန်အာသည် အဂ္ဂိရတ်သီအိုရီများကို အပြည့်အဝ ပိုင်ဆိုင်ထားသော်လည်း လက်တွေ့တွင်မူ ဆေးမဖော်စပ်နိုင်ခဲ့ပေ။
ချင်းလန်အာ အရွယ်ရောက်လာသောအခါ သူမ၏ အစ်ကိုဖြစ်သူက သူမကို အမြန်ဆုံး အိမ်ထောင်ပြုစေချင်သဖြင့် ကျီစုဖျင်နှင့်အတူ ထင်းရှူးနက်ကျေးရွာသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။
ချင်းလန်အာ ကလေးဘဝတွင် ကျောက်လင်နှင့် အတူတူ ကစားခဲ့ဖူးသည်။ တစ်ခါက ချင်းလန်အာ ရေထဲကျသွားစဉ် ကျောက်လင်က အသက်စွန့်၍ ကယ်တင်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ ချင်းလန်အာက ကျောက်လင်နှင့်သာ ပေါင်းဖက်ရန် ဆုံးဖြတ်ထားခဲ့သည်။
ကျောက်ဟယ်ရွှမ်းက တစ်နေ့တွင် သူမကို အချစ်ဖွင့်ပြောခဲ့သော်လည်း ချင်းလန်အာက ငြင်းပယ်ခဲ့သည်။ ထိုအချက်ကြောင့်ပင် ကျောက်ဟယ်ရွှမ်းက ကျောက်လင်ကို မုန်းတီးကာ လုပ်ကြံရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
ယခုအခါ ချင်းလန်အာသည် ထင်းရှူးနက်ကျေးရွာသို့ ရောက်လာခဲ့ပြီးမှ သူမ နှစ်သက်ရသောသူမှာ ဇနီးသည် ငါးယောက် ရှိနေသည်ကို သိလိုက်ရသောအခါ လက်ခံရ ခက်ခဲနေသည်။
"ကျောက်လင်... ငါတို့က ကလေးဘဝကတည်းက အဖေတွေ စေ့စပ်ပေးထားတာမို့ ငါက နင့်ဇနီးပဲ..."
"ငါ အခု နင့်ကို လက်ထပ်မယ်ဆိုရင် ငါ့ရဲ့ အဆင့်အတန်းက ဘာဖြစ်မလဲ..."
ချင်းလန်အာက မေးလိုက်၏။
"ကိုယ်ပိုင်တာပေါ့... လန်အာကလည်း ကိုယ့်ဇနီးပါပဲ..."
"ကိုယ် လက်ထပ်ထားတဲ့ ဇနီးသည် ငါးယောက်စလုံးက အဆင့်တူဇနီးတွေပါ... လန်အာလည်း သဘာဝကျကျပဲ အဆင့်တူ ဇနီးပဲ ဖြစ်မှာပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
ချင်းလန်အာ သက်ပြင်းချလိုက်မိသည်။
သူမသည် မယားငယ်ဖြစ်သွားမှာကို အမှန်တကယ် စိုးရိမ်နေခဲ့ခြင်းဖြစ်၏။
"ငါ နင့်ကို လက်ထပ်မယ်... စေ့စပ်ခြင်း၊ မင်္ဂလာရက်ရွေးခြင်းနဲ့ မင်္ဂလာဆောင် အခမ်းအနား အဆင့်ဆင့်ကိုတော့ ကျော်ဖြတ်လိုက်မယ်... ဒါပေမဲ့ ငါ့ရဲ့ အချက်တစ်ချက်ကိုတော့ သဘောတူပေးဖို့ လိုတယ်..."
ရုတ်တရက် ချင်းလန်အာက ကျောက်လင်ကို လေးနက်စွာ ကြည့်လိုက်၏။
"ပြောလေ..."
ကျောက်လင်သည် လက်ကို ဆန့်ထုတ်လိုက်ကာ ပြုံး၍ ပြောသည်။
"ငါ့ဘဝရဲ့ ရည်မှန်းချက်က အဂ္ဂိရတ်ပညာပဲ..."
"ငါ နင့်ကို လက်ထပ်ပြီးတဲ့အခါ ငါ လိုအပ်တဲ့ အဂ္ဂိရတ်မီးဖို၊ ဝိညာဉ်မီးနဲ့ ဝိညာဉ်ဆေးပင်တွေကို အကောင်းဆုံး ရှာဖွေပေးမယ်လို့ ကတိပေးရမယ်..."
ချင်းလန်အာက ကျောက်လင်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီး ကျောက်လင် ငြင်းပယ်မည်ကို စိုးရိမ်တကြီးဖြင့် စောင့်နေသည်။
"ဒါလောက်များ... အေးဆေးပါ..."
"သေချာပါတယ်... ကိုယ် သဘောတူပါတယ်..."
ကျောက်လင်က တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်၏။
ကျောက်လင်သည် မူလကတည်းက ဝိညာဉ်ဆေးပင် ဥယျာဉ်ကို တည်ထောင်ရန် စိတ်ကူးရှိပြီး အနာဂတ်တွင် ဝိညာဉ်ဆေးပင် အမြောက်အမြား ရရှိလာတော့မည် ဖြစ်သည်။ သူ့တွင် အဂ္ဂိရတ်ပညာရှင်တစ်ယောက် လိုအပ်နေပြီး ယခု ချင်းလန်အာက သူ့ဆီ တောင်းဆိုလာခြင်းမို့ ငြင်းပယ်ရမည့် အကြောင်းရင်း မရှိပေ။
ချင်းလန်အာ၏ မျက်နှာက ပြေလျော့သွားပြီး ဝမ်းသာသွားလေသည်။
သူမသည်လည်း ကျောက်လင်က သူမကို လိမ်ညာ လက်ထပ်ပြီးနောက် အကြောင်းပြချက်များပေးကာ ဆေးဖော်စပ်ရန် ငြင်းဆန်နေပါက ကျောက်လင်ကို အဆိပ်ခတ်သတ်ပြီးမှ သူမ ကိုယ်တိုင် အဆုံးစီရင်ရန် စဉ်းစားထားခဲ့သည်။
ဤသည်က ချင်းလန်အာ၏ ရိုးသားသော စိတ်ပင်ဖြစ်သည်။ သူမသည် ကျောက်လင်ကို အနစ်နာခံ ကူညီပေးနိုင်သော်လည်း ကျောက်လင်က သူမကို သစ္စာဖောက်လျှင်မူ အဆိုးဝါးဆုံး နည်းလမ်းဖြင့် လက်စားချေလိမ့်မည်။
"ညီမလေးလန်အာ... ကြိုဆိုပါတယ်..."
ထိုအချိန်တွင် စုယောင်နှင့် အခြားသူ ငါးယောက် လျှောက်လာပြီး ချင်းလန်အာ၏ လက်ကလေးကို ဆုပ်ကိုင်ကာ ပြုံး၍ နှုတ်ဆက်ကြသည်။
ကျီစုဖျင်သည် ချင်းလန်အာ ဒေါသထွက်ပြီး ပြန်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း ချွေးမခြောက်ယောက် အဆင်ပြေနေသည်ကို မြင်ရသောအခါ အလွန်ဝမ်းသာသွား၏။
မိခင်တစ်ယောက်အနေဖြင့် ကျောက်လင်က ဇနီးသည် များများယူသည်ကိုပင် ကျီစုဖျင်က ပို၍ သဘောကျသည်။
ဤသို့ဖြင့် သားသမီးမြေးမြစ် များပြားလာပါက မိသားစု ပျော်ရွှင်မှုကို အပြည့်အဝ ခံစားရမည် မဟုတ်ပါလော။
"အမေ... လန်အာ... ခရီးပန်းလာမှာပါ..."
"ချန်းရွှယ်... အမေနဲ့ လန်အာကို အဝတ်အစား လဲလှယ်ဖို့နဲ့ စားသောက်စရာတွေ ပြင်ဆင်ပေးလိုက်ပါဦး... သူတို့ကို နားနေခိုင်းလိုက်ပါ..."
ကျောက်လင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့..."
မိသားစု၏ အိမ်ထောင်ရှင်မဖြစ်သူ ရှန်ချန်းရွှယ်က ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်၏။
ထို့နောက် ရှန်ချန်းရွှယ်က ကျီစုဖျင်နှင့် ချင်းလန်အာတို့ကို ဂူထဲသို့ ခေါ်ဆောင်သွားသည်။
ကျောက်လင်က ဂူဝကို ကြည့်ရင်း နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။
"ဒီဂူက နေဖို့ မလောက်တော့ဘူး..."
"ဂူတစ်လုံး ထပ်တူးဖို့ လိုနေပြီ..."
"မရဘူး... ငါက အိမ်တော်ကြီးတစ်ခု တည်ဆောက်ပြီး ငါ့ရဲ့ ဇနီးသည်တွေနဲ့ အတူတူ နေချင်တာ..."
ကျောက်လင်တွင် စီမံချက်အသစ် ရှိနေသည်။
ဤဂူထဲတွင် အခန်းပေါင်း တစ်ရာသာရှိသည်။ ယခုအခါ ယွီဝမ်ချန်အပါအဝင် အမျိုးသမီး ငါးဆယ်ကျော်ရှိနေပြီမို့ အလွတ်အခန်း အနည်းငယ်သာ ကျန်တော့ကာ အခြေအနေက တင်းကျပ်နေပြီ ဖြစ်၏။
ကျောက်လင်သည် နေထိုင်မှု အခြေအနေကို မြှင့်တင်ရန် သေချာပေါက် လုပ်ဆောင်ရမည်။
သူတို့ ဝယ်ယူထားသည့် ဒုက္ခသည် အမျိုးသားများနှင့် ဒုက္ခရောက်နေသော အမျိုးသမီးများကို သီးခြားစီ နေရာချထားပေးရမည်။
ဂူတူးခြင်းကိစ္စကိုမူ ကျောက်လင်သည် နေ့ခင်းကြောင်တောင် မလုပ်ဆောင်နိုင်ပေ။
ညဉ့်အချိန် မှောင်မည်းမှုအောက်တွင်သာ သူ၏ နည်းလမ်းများကို အသုံးပြုရမည် ဖြစ်သည်။
ကျောက်လင် ထိုအကြောင်းကို တွေးတောနေစဉ် ယွီဝမ်ချန်က လျှောက်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွီဝမ်ချန် ရောက်လာရသည့် ရည်ရွယ်ချက်ကို ကျောက်လင် ချက်ချင်း နားလည်လိုက်သည်။
"ကျေးဇူးရှင်... ခုနက ရောက်လာတဲ့ အမျိုးသမီးက ရှင့်ရဲ့ အမေလား..."
ယွီဝမ်ချန်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။