အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) ကိုယ့်ဇနီးသည် ဖြစ်ချင်လျှင် ကိုယ့်ကို ယုံကြည်ရမည်
"ဟုတ်တယ်... သူမက ကိုယ့်အမေပဲ..."
ယွီဝမ်ချန်၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်လင်က ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
အမှန်စင်စစ် ယွီဝမ်ချန် ဘာကြောင့် ဤသို့ မေးရသလဲဆိုသည်ကို ကျောက်လင် နားလည်သည်။
ယနေ့ နံနက်ပိုင်းတွင် ကျောက်လင်သည် ယွီဝမ်ချန်အား မွေးရာပါ ဝိညာဉ်နိုးထခြင်း သစ်သီးကို ရှာပေးမည်ဟု ပြောခဲ့သည်။ သို့သော် ကျေးလက်သူ ကျီစုဖျင် ရောက်လာခြင်းက ကျောက်လင်၏ နောက်ခံကို ဖော်ပြလိုက်သလို ဖြစ်သွား၏။
ယွီဝမ်ချန်က စတင် သံသယဝင်လာသည်။
တောင်သူလယ်သမားတစ်ယောက်က အဆင့်(၅) ဝိညာဉ်အသီးကို ဘယ်လိုလုပ်ပြီး ရှာနိုင်မည်နည်း။ ထိုသို့သော ကျင့်ကြံရေးဆေးဖက်ဝင်ပစ္စည်းများကို ရှေးဟောင်းသိုင်းဂိုဏ်းများသာ ပိုင်ဆိုင်နိုင်ကြသည်။
ယခင်က ယွီဝမ်ချန်သည် ကျောက်လင်ကို ရှေးဟောင်းသိုင်းဂိုဏ်းမှဟု ယုံကြည်ထားသဖြင့် ရွှေခန္ဓာနယ်ပယ်သို့ ပြန်လည်ရောက်ရှိပါက လက်ထပ်မည်ဟု သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ယွီဝမ်ချန်သည် ကျောက်လင်၏ မိသားစု အင်အားကို အသုံးချ၍ တာ့ချန်မင်းဆက်ကို ဖြိုချကာ မဟာလီမင်းဆက်ကို ပြန်လည် ထူထောင်နိုင်မည် ဖြစ်သည်။
ယခု ကျီစုဖျင် ရောက်လာပြီး ကျောက်လင်၏ အစစ်အမှန် နောက်ခံကို သိလိုက်ရသဖြင့် ယွီဝမ်ချန် စိတ်ပျက်သွားကာ ကျောက်လင် လိမ်ညာခဲ့သည်ဟု ခံစားလိုက်ရသည်။
ယွီဝမ်ချန်သာ သိုင်းစွမ်းအား မဆုံးရှုံးသေးပါက ကျောက်လင်ကို ဓားဖြင့် ထိုးမိလောက်မည်မှာ အသေအချာပင်။
"ကျောက်လင်... ဘာကြောင့် ငါ့ကို လိမ်ညာရတာလဲ..."
ယွီဝမ်ချန်၏ အသံတွင် ဒေါသများ ဖုံးလွှမ်းနေပြီး မျက်လုံးများမှာ အလွန် ပြတ်သားလွန်းလှသည်။
“ငါက ဘာကို လိမ်ညာမိလို့လဲ…”
"မင်းက ငါ့ဆီကနေ ရွှေခန္ဓာနယ်ပယ်ကို ပြန်ရောက်အောင် ကူညီပေးဖို့ မျှော်လင့်နေတာ မဟုတ်လား... ငါ အခု အဲ့ဒီအတွက် လုပ်ဆောင်နေပါပြီ... ရက်အနည်းငယ်လောက် စောင့်ပေးပါ အဖြေတစ်ခုတော့ ရလာမှာပါ..."
"ပြီးတော့ ငါက မင်းရဲ့ ကိုယ်ခန္ဓာကိုလည်း မထိပါးထားခဲ့ပါဘူး... မင်း ဘာများ ဆုံးရှုံးလိုက်ရလို့လဲ..."
"မင်း ငါ့ကို မယုံကြည်ဘူးဆိုရင်လည်း ထွက်သွားလို့ ရပါတယ်... ငါ ကျောက်လင်က မင်းကို အတင်း တားဆီးမှာ မဟုတ်ဘူး..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ အသံတွင် ခိုင်မာပြတ်သားမှု ရှိနေသည်။
*ယွီဝမ်ချန်... မင်းက အက်စ်အဆင့် ဖြစ်နေတာနဲ့ပဲ ငါ ကျောက်လင်က မင်းမပါဘဲ ပိုပြီး မတိုးတက်နိုင်တော့ဘူးလို့ ထင်နေတာလား*
သူ ကျောက်လင်က ကိုယ့်ကို မယုံကြည်တဲ့ မိန်းမတစ်ယောက်အပေါ် ဂရုစိုက်မနေတော့ပေ။
ယွီဝမ်ချန်သည် နန်းတွင်း၌ မွေးဖွားလာသူ ဖြစ်သဖြင့် ငယ်စဉ်ကတည်းက အာဏာလုပွဲများနှင့် လှည့်ကွက်များကြားတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သူမက သဘာဝအတိုင်းပင် သံသယစိတ် များလှသည်။
သို့သော် ကျောက်လင်၏ ဇနီးသည်များအပေါ် ထားရှိသော စံနှုန်းမှာ သူ၏ စကားကို အကြွင်းမဲ့ နာခံ၍ ယုံကြည်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
စိတ်ဝမ်းမကွဲပြားဘဲ အတူတူ မသွားနိုင်လျှင်တော့ ခင်မင်ရင်းနှီးစွာပင် လမ်းခွဲလိုက်ကြစို့။
ကျောက်လင်သာ ယွီဝမ်ချန်ကို အင်အားသုံး၍ သိမ်းပိုက်လိုက်ပါက စနစ်၏ အက်စ်အဆင့် ဆုလာဘ်ကို ရရှိမည်မှာ အသေအချာပင်။ သို့သော် ကျောက်လင်သည် ထိုသို့သော ယုတ်မာသည့် နည်းလမ်းမျိုးကို မနှစ်သက်ပါ။ သူသည် သူ၏ ဇနီးသည်ကို ဂုဏ်သိက္ခာရှိရှိ လက်ထပ်လိုသည်။
ထို့ကြောင့် ယွီဝမ်ချန်သာ ထွက်ခွာသွားရန် ရွေးချယ်ပါက ကျောက်လင် လုံးဝ တားဆီးမည် မဟုတ်ပါ။
"ကောင်းပြီ... ရက်အနည်းငယ်လောက် စောင့်ပေးမယ်..."
"ငါ ယွီဝမ်ချန်ဆိုတာ စကားတည်သူပဲ... နင်သာ ငါ့ကို ရွှေခန္ဓာနယ်ပယ် ပြန်ရောက်အောင် ကူညီပေးနိုင်ရင် နင့်ကို ငါ လက်ထပ်မယ်..."
"ဒါပေမဲ့ နင်သာ ငါ့ကို သစ္စာဖောက်ရင်တော့ သရဲတစ္ဆေဖြစ်နေရင်တောင် နင့်ကို ငါ လက်လွတ်မှာ မဟုတ်ဘူး..."
ယွီဝမ်ချန်သည်လည်း မူဝါဒ ခိုင်မာသူ ဖြစ်သည်။ သူမသည် သိုင်းစွမ်းအားများ ဆုံးရှုံးနေပြီး လက်အောက်ခံများ မရှိတော့သော်လည်း သူမ၏ ကိုယ်ပိုင် မူဝါဒများ ရှိနေသေးသည်။
ဖေးယင်းဂိုဏ်း (လင်းယုန်ပျံဂိုဏ်း) သို့ ဝင်ရောက်ခဲ့သည့်အချိန်ကတည်းက ကျောက်လင်သည် သာမန်လူ မဟုတ်ကြောင်း သူမ၏ အာရုံက ပြောပြနေခဲ့ပြီး ကျောက်လင်သည် လူသားတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်သော အရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု အမြဲ ယုံကြည်နေခဲ့သည်။
ယွီဝမ်ချန်သည် ကျီစုဖျင် ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ အနည်းငယ် သံသယ ဖြစ်နေသော်လည်း ထိုအချက်ကြောင့် ကျောက်လင်ကို လုံးဝ စွန့်ပယ်မည် မဟုတ်ပါ။
သူမသည် ကျောက်လင်အား ရက်အနည်းငယ် အခွင့်အရေး ပေးချင်သည်။ ရလဒ်ကို သူမကိုယ်တိုင် စောင့်ကြည့်လိုသည်။
ပြောပြီးသည်နှင့် ယွီဝမ်ချန်သည် သူမ၏ အစောင့် မိန်းကလေး နှစ်ယောက်နှင့်အတူ ငါးစာများ သွားရောက် ရိတ်သိမ်းရန် ထွက်ခွာသွားလေသည်။
ကျောက်လင်သည် ယွီဝမ်ချန် ထွက်ခွာသွားသည်ကို မျက်နှာတွင် အပြုံးနုနုလေးဖြင့် ငေးကြည့်နေရင်း ကျေနပ်နေမိသည်။
ထိုသို့သော ခေါင်းမာသည့် မိန်းမမျိုးကို နောက်ဆုံးတွင် သူ့ဆီ အညံ့ခံလာအောင် သူ လုပ်ဆောင်နိုင်လိမ့်မည်။
ထိုအချိန်တွင် ရှန်ချန်းရွှယ်က စိတ်လေးလံနေသော အမူအရာဖြင့် ဂူထဲမှ ထွက်လာသည်။
"ခင်ပွန်း... မနေ့က မိန်းကလေး ငါးဆယ်ကို ခေါ်လာတယ်... ဒီနေ့လည်း ယောက္ခမနဲ့ လန်အာ ရောက်လာကြပြီ... ဂူထဲမှာ အားလုံးအတွက် အခန်း မလောက်တော့ဘူး..."
"ဝမ်ချင်းက သစ်ပင်တွေ အများကြီး ခုတ်လှဲထားတယ်... အဲ့ဒါတွေကို ပြန်သယ်လာပြီး သစ်သားအိမ်တွေ အများကြီး ဆောက်ကြမလား..."
အိမ်ထောင်ရှင်မတစ်ယောက်အနေဖြင့် ရှန်ချန်းရွှယ်သည် တွေးတောစရာ ကိစ္စများစွာ ရှိနေသည်။
နေထိုင်ရေး အခြေအနေမှာ အခက်ခဲဆုံး ပြဿနာဖြစ်နေ၏။
ကျောက်လင်သည် ရှန်ချန်းရွှယ်၏ လက်ကို ပုတ်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့ဒါကို စိတ်ပူစရာ မလိုပါဘူး... ကိုယ် ကိုယ့်သူငယ်ချင်းတွေကို အကူအညီ တောင်းလိုက်ပါ့မယ်..."
"ဒီညဆိုရင် ဂူခန်းအသစ်တွေ ထပ်ပေါ်လာလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရသဖြင့် ရှန်ချန်းရွှယ်၏ မျက်လုံးများက လင်းလက်သွားသည်။
သူမသည် ယခုနေထိုင်နေသော ဂူများမှာလည်း ဘယ်ကမှန်းမသိ ပေါ်လာခြင်းဖြစ်ပြီး ကျောက်လင်၏ နောက်ကွယ်မှ စောင့်ရှောက်သူက ကူညီပေးခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
ကျောက်လင်၏ စကားကြောင့် ရှန်ချန်းရွှယ်၏ ခေါင်းကိုက်စရာ ကိစ္စမှာ ချက်ချင်း ပြေလည်သွားသည်။
"အော်... ဟုတ်ပြီ... စုယောင်တို့ကို သွားပြီး ရေချိုးဖို့ ပြောလိုက်ပါဦး... ကိုယ် သူတို့ကို ဆေးတစ်မျိုး ကျွေးမလို့..."
ရုတ်တရက် ကျောက်လင်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှန်ချန်းရွှယ်က ကျောက်လင်သည် ထိုကဲ့သို့သော အလုပ်ကို လုပ်ချင်နေပြန်ပြီဟု ယူဆလိုက်မိသဖြင့် မျက်နှာမှာ ချက်ချင်း နီရဲသွားသည်။
"အင်း..."
ရှန်ချန်းရွှယ်၏ အသံမှာ ခြင်သံကဲ့သို့ တိုးလျနေပြီး သူမ၏ မျက်လုံးများမှာ မက်မွန်ပွင့်များပမာ လင်းလက်နေ၏။
"မင်း ဘာတွေ တွေးနေတာလဲ... ကိုယ်က ခန္ဓာကိုယ်ကို ပုံသွင်းပေးပြီး ကျင့်ကြံရေး အရည်အချင်းတွေကို တိုးတက်စေမယ့် ဝိညာဉ်အရည်တစ်မျိုး ရထားလို့ပါ..."
"မင်းတို့က ကိုယ့်ရဲ့ ဇနီးသည်တွေပဲ... ကျောက်လင်ရဲ့ ဇနီးသည်တွေပေါ့... မင်းတို့ရဲ့ ခန္ဓာကိုယ်တွေ ပြောင်းလဲသွားပြီး အနာဂတ်မှာ အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ဖြစ်လာစေချင်လို့ပါ..."
ရှန်ချန်းရွှယ်၏ အမူအရာကို ကြည့်ပြီး သူမ အထင်မှားနေကြောင်း ကျောက်လင် ရိပ်မိသွားကာ အမြန် ရှင်းပြလိုက်သည်။
"အာ.."
"ဟုတ်ကဲ့... သူတို့ကို သွားပြောလိုက်ပါ့မယ်..."
ရှန်ချန်းရွှယ်သည် အလွန်ရှက်သွားကာ အမြန်ပင် ထွက်ခွာသွားလေသည်။
ကျောက်လင်က အားမလိုအားမရဖြင့် ခေါင်းခါလိုက်မိသည်။
ကျင့်ကြံရေး တိုးတက်စေရန်အတွက် နေ့ရောညပါ တိုက်ပွဲဝင်နေရသဖြင့် ကျောက်လင်၏ စကားတိုင်းကို သူ၏ ဇနီးသည်များက ကျောက်လင်သည် တစ်ခုခု လုပ်ချင်နေပြန်ပြီဟုသာ ထင်နေကြသည်။
ထို့ကြောင့် ကျောက်လင်သည် ထရပ်လိုက်ကာ ကြီးမားသော တဲအိမ်ထဲမှ ထွက်လာခဲ့သည်။ သူသည်လည်း စိတ်ကို အေးချမ်းစေလိုသည်။
ငါးကန်စပ်ဆီသို့ လျှောက်သွားစဉ် ငါးစာ ကျွေးနေသော အမျိုးသမီးအချို့ကို မြင်လိုက်ရသဖြင့် ကျောက်လင် ထိုင်ချလိုက်ကာ သူတို့ အလုပ်လုပ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေမိ၏။
တစ်ဖက်တွင်လည်း အမျိုးသမီးအချို့က ကြက်များနှင့် တောယုန်များကို အစာကျွေးနေကြသည်။
ဤအမျိုးသမီးများ တိုးလာသဖြင့် ငါးမွေးမြူရေးလုပ်ငန်းမှာ မကြာမီ ပိုမို ကြီးမားလာတော့မည် ဖြစ်၏။
တစ်နေရာတွင် ကျောက်လင်သည် ပတ်ဝန်းကျင် တောင်တန်းများကို မော့ကြည့်လိုက်သည်။
"အင်း..."
"တန်ထိုက်ပေါင်ပေါင်”
ကျောက်လင်က ရုတ်တရက် ထရပ်လိုက်သည်။
ယခုလေးတင် ကျောက်လင်သည် ထင်းရှူးနက်တောင် ထိပ်တွင် တန်ထိုက်ပေါင်ပေါင် လှပစွာ ရပ်နေပြီး သူ့ကို လက်ပြနေသည်ကို မြင်လိုက်ရ၏။
ဟေးလုံစခန်းမှ ဓားပြများသည် ရှရွှယ်ချန်တောင်မှ ထွက်ပြေးပြီး နန်ယွဲ့တိုင်းပြည် နယ်စပ်သို့ ပြောင်းရွှေ့သွားပုံရသည်။
ထိုညက ကျောက်လင်သည် တန်ထိုက်ပေါင်ပေါင်ကို အနိုင်အထက် ပြုခဲ့သည်။
ယခုအခါ တန်ထိုက်ပေါင်ပေါင်သည် သူမ၏ ကတိအတိုင်း ထင်းရှူးနက်ကျေးရွာသို့ လာရောက်ပြီး ကျောက်လင်ကို လက်ထပ်တော့မည် ဖြစ်သည်။
ဤအရာမှာ သူတို့နှစ်ယောက် ကြိုတင် သဘောတူထားခဲ့သော ကိစ္စဖြစ်သည်။
ကျောက်လင်က ရုတ်တရက် အသက်ရှူရ ကြပ်သလို ဖြစ်သွားသည်။
ယနေ့ ကျောက်လင်သည် မိခင်ဖြစ်သူကို ကြိုဆိုရသလို ချင်းလန်အာကိုလည်း လက်ထပ်ရမည် ဖြစ်သည်။ ယခုအခါ တန်ထိုက်ပေါင်ပေါင်ပါ ရောက်လာပြန်ပြီမို့ သူ၏ ဇနီးသည်များကို ဘယ်လို ရှင်းပြရပါ့မလဲ။
"ထားပါလေ... အမြဲတမ်းတော့ လမ်းစ ရှိလာမှာပါ..."
ကျောက်လင်က ခေါင်းခါလိုက်ကာ မြင်းရိုင်းကို ခေါ်လိုက်သည်။
တောင်ပေါ်သို့ မြင်းစီးသွားပြီး မကြာမီပင် တောင်ထိပ်သို့ ရောက်ရှိသွားသည်။
"ကျောက်လင်... ငါ ရောက်နေပြီ..."
"ဟေးလုံစခန်းက ညီအစ်ကိုတွေက နန်ယွဲ့တိုင်းပြည် နယ်စပ်ကို ပြောင်းရွှေ့သွားကြပြီ... ငါ့အဖေဆီကိုလည်း စာရေးထားခဲ့ပြီးပြီ... အခု နင့်ကို လက်ထပ်လို့ ရပြီ..."
တန်ထိုက်ပေါင်ပေါင်က ကျောက်လင်ကို မြင်သည်နှင့် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း ပြောပြလိုက်သည်။
ကျောက်လင်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကောင်းပြီ... မင်းက ကိုယ် ကျောက်လင်ကို လက်ထပ်ဖို့ ဆန္ဒရှိနေပြီဆိုရင် ကိုယ် ဘယ်တော့မှ မင်းကို အားမပျက်စေရဘူး..."
ကျောက်လင်က လေးနက်စွာ ပြောလိုက်သည်။
သိုင်းပညာကိုသာ မြတ်နိုးသော တန်ထိုက်ပေါင်ပေါင်မှာ ထိုသို့သော စကားလုံးများကြောင့် အနည်းငယ် ရေလိုက်လွဲနေပြီး မျက်နှာမှာ နီရဲလာ၏။
"အော်... ဟုတ်ပြီ... မင်းက ကိုယ့်ကို လက်ထပ်တော့မှာဆိုတော့ ကိုယ်ကလည်း မင်းကို ပစ္စည်းတစ်ခု ပေးရဦးမယ်..."
"မင်း အခု ဘယ်အဆင့်မှာ ရှိနေပြီလဲ..."
ကျောက်လင်က ပြုံး၍ မေးလိုက်သည်။
"ငါလား... ငါ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်နေပြီ..."
တန်ထိုက်ပေါင်ပေါင်က ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။
ထိုညက သူတို့ နှစ်ယောက် ပေါင်းစပ်ပြီးနောက် တန်ထိုက်ပေါင်ပေါင်၏ ကျောက်စိမ်းရတနာ ရုပ်ခန္ဓာမှာ ပွင့်လန်းသွားပြီး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အစောပိုင်းမှ နောက်ဆုံးအဆင့်သို့ ချက်ချင်း တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။
"အဲ့ဒီလိုလား... ကိုယ့်ဆီမှာ ဗာမီလီယံကြယ်သစ်သီးတစ်လုံး ရှိတယ်... အဲ့ဒါကို စားလိုက်ရင် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် အထွတ်အထိပ်ကို ရောက်သွားလိမ့်မယ်..."
ကျောက်လင်သည် မှော်ဆန်သလိုပင် သူ၏ ဝတ်ရုံအတွင်းမှ လက်ဆုပ်စာမျှရှိသော အနီရောင် အသီးတစ်လုံးကို ဆွဲထုတ်လိုက်သည်။