အခန်း ၁၅၉
Vol. 16 Ch. 159
အခန်း (၁၅၉) နှစ်ယောက်သား အရင်ဆုံး ဟော့ပေါ့ စားကြစို့
"မိတ်ဆွေတို့ ကျွန်ုပ်က ကျောက်လင်ပါ”
အာကာသတဲငယ်ကို ကြည့်ရှုရင်း အံ့သြတကြီး မှတ်ချက်ပေးနေကြသော မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့အား မြင်လိုက်ရသဖြင့် ကျောက်လင်က ရှေ့သို့ တိုးလာကာ မိတ်ဆက်လိုက်၏။ ထိုစကားကို ကြားလိုက်ရသောအခါ မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က ကျောက်လင်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
လူငယ်လေးပါလား...။
"ရုပ်ရည်ကတော့ သန့်သန့်လေးပဲ..."
မိုဟုန်လျန်က ကျောက်လင်ကို အပေါ်အောက် အကဲခတ်ကြည့်ရှုရင်း ပြုံး၍ ပြောလိုက်၏။ ကျောက်လင်မှာ စကားပင်မပြောနိုင်တော့။
ကိုယ်တိုင်တောင် သိနေတာကို...။ ကိုယ့်ရုပ်ရည် ကိုယ်မသိဘဲ နေပါ့မလား...။
"မိတ်ဆွေလေး ကျောက်... ကျုပ်က မိုချန်းချွမ်းပါ။ ဒီနေရာကို စိတ်လက်ပေါ့ပါးအောင် အလည်လာရင်းနဲ့ပဲ ထူးဆန်းတဲ့ အရာတော်တော်များများကို တွေ့လိုက်ရတယ်။ ဒီလိုပုံစံမျိုးနဲ့ အိမ်မျိုးကို တစ်ခါမှ မမြင်ဖူးသလို သူ့ထဲမှာ သုံးထားတဲ့ ပစ္စည်းတွေကလည်း အရင်က တစ်ခါမှ မတွေ့ဖူးတဲ့ အရာတွေပဲ... ကျုပ် သိချင်မိလို့ပါ... ဒီအိမ်တွေကို ဘယ်သူ ဆောက်လုပ်ထားတာလဲဆိုတာကို သိခွင့်ရှိမလား..."
မိုချန်းချွမ်းက ပွင့်ပွင့်လင်းလင်းပင် သူ၏ ရင်ထဲရှိ စကားကို ထုတ်ပြောလိုက်သည်။ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် မိုချန်းချွမ်းသည် အာကာသတဲ၏ အဆင့်မြင့် နည်းပညာကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။ သူအသုံးပြုထားသည့် ပစ္စည်းများဖြစ်စေ၊ အတွင်းပိုင်းရှိ ထူးခြားသော ထုတ်လုပ်မှု ပုံစံများဖြစ်စေသည်မှာ ယခင်က သူတစ်ခါမျှ မကြုံဖူးသည့် အရာများသာဖြစ်၏။ ဤအချိန်တွင် မိုချန်းချွမ်းမှာ အာကာသတဲကို ဖန်တီးခဲ့သူများကို တွေ့ဆုံလိုပြီး ၎င်းတို့ထံမှ ရိုရိုသေသေ ပညာဆည်းပူးလိုစိတ် ပြင်းပြနေမိသည်။
"တောင်းပန်ပါတယ်... ဒီအာကာသတဲကို ဖန်တီးတဲ့ သခင်ရဲ့ နောက်ခံက လျှို့ဝှက်လွန်းပြီး လူတွေ့ဖို့ အဆင်မပြေဘူးဗျ... ဒါပေမဲ့ ခင်ဗျားတို့က စိတ်ဝင်စားတယ်ဆိုတော့လည်း လွတ်လပ်စွာ လေ့လာကြည့်ရှုဖို့နဲ့ ဘယ်လို တည်ဆောက်ထားလဲဆိုတာကို စူးစမ်းဖို့ ခွင့်ပြုပေးနိုင်ပါတယ်..."
ကျောက်လင်က အနည်းငယ် ပြုံး၍ ပြောလိုက်၏။ ထို့နောက် သူက လူမနေသော အာကာသတဲတစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်ပြီး မိုချန်းချွမ်းတို့ကို ဝင်ရောက်ကြည့်ရှုရန် လက်ဟန်ဖြင့် ညွှန်ပြလိုက်သည်။
"မိတ်ဆွေလေးကျောက်က တကယ့်ကို ရက်ရောတာပဲ..."
မိုချန်းချွမ်းမှာ အလွန်ပင် ဝမ်းသာသွားပြီး ကျောက်လင်၏ ရက်ရောမှုကို လေးစားမိသွား၏။ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် မိုချန်းချွမ်းတွင် ပစ္စည်းမျိုးစုံ၏ နည်းပညာကို နားလည်အောင် လုပ်ဆောင်နိုင်သည့် ကိုယ်ပိုင် နည်းလမ်းများ ရှိသည်။ ယခုအခါ ကျောက်လင်က အာကာသတဲကို ဖွင့်ပေးပြီး အတွင်းရှိ အရာအားလုံးကို လွတ်လပ်စွာ ကိုင်တွယ်ခွင့် ပေးလိုက်ပြီ ဖြစ်ရာ မိုချန်းချွမ်းအနေဖြင့် ကုန်ကြမ်းပစ္စည်းများ၏ အရင်းအမြစ်နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို သေချာပေါက် နားလည်သဘောပေါက်နိုင်မည်ဟု ယုံကြည်နေသည်။
မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က အာကာသတဲအတွင်းသို့ ဝင်ရောက်သွားပြီး သူတို့ စိတ်ဝင်စားသည့် ပစ္စည်းတိုင်းကို အနီးကပ် လေ့လာစူးစမ်းနေကြ၏။ ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ဘေးရှိ ဂူထဲသို့ ဝင်သွားလိုက်သည်။ ဤဂူက နှစ်မျိုးနှစ်စား အသုံးဝင်သည်။ ပထမအချက်မှာ ကျောက်လင်တို့ ဇနီးမောင်နှံတို့၏ နေ့စဉ် အနားယူရာ နေရာဖြစ်ပြီး ဒုတိယအချက်မှာ စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများကို သိုလှောင်သည့်နေရာဖြစ်သည်။
ဂူခန်းတစ်ခုထဲသို့ ဝင်လိုက်သည်နှင့် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ ကိုလာ (၁၀) ဘူး၊ ဆိုဒါ(၁၀) ဘူး၊ မီးမလို အမဲသားဟော့ပေါ့ (၂) ခု၊ ပဲကြီးလှော် (၁၀) ထုပ်နှင့် ခေါက်ဆွဲခြောက် (၁၀) ထုပ်တို့ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ဤသည်မှာ မူလက ကြွက်လေးများအတွက် ပြင်ဆင်ထားသည့် မုန့်များဖြစ်သော်လည်း အဂ္ဂိရတ်ပညာရှင်နှစ်ဦးကို ဧည့်ခံရန်အတွက် အနည်းငယ် လျှော့သုံးလိုက်ခြင်းသာဖြစ်၏။ မုန့်များကို ဝါးခြင်းတောင်းထဲ ထည့်ပြီးနောက် ကျောက်လင်က ဂူထဲမှ ပြန်ထွက်လာပြီး အာကာသတဲထဲသို့ ဝင်လိုက်သည်။
"မိတ်ဆွေတို့... ဒါက ကျွန်တော့် သူငယ်ချင်းပေးထားတဲ့ မုန့်အနည်းငယ်ပါ... မြည်းစမ်းကြည့်ကြပါဦး..."
ကျောက်လင်က ရယ်မောရင်း ကိုလာ တစ်ဘူးနှင့် ဆိုဒါတစ်ဘူးကို ပေါ့ပေါ့ပါးပါး ဖွင့်ပေးလိုက်သည်။ မိုချန်းချွမ်းက ကိုလာကို ယူပြီး မတွန့်ဆုတ်ဘဲ တစ်ငုံသောက်လိုက်ရာ သူ၏ အမူအရာမှာ အလွန်ပင် ထူးခြားသွား၏။ သူသည်လည်း မနေနိုင်တော့ဘဲ ကိုလာ တစ်ဘူးလုံးကို တစ်ချက်တည်း မော့သောက်လိုက်တော့သည်။ ဆိုဒါကို သောက်လိုက်သည့်အခါ မိုဟုန်လျန်မှာလည်း လန်းဆန်းသော အရသာကြောင့် ချက်ချင်းပင် နှစ်သက်သွားပြီး တစ်ဘူးလုံးကို တစ်ချက်တည်း အကုန်သောက်လိုက်သည်။
"ဘာရေလဲ... အံ့ဩစရာပဲ... နည်းနည်းလေး ချိုပြီး ထူးခြားတဲ့ ဝိညာဉ်စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို စီးဝင်သွားသလိုပဲ..."
မိုချန်းချွမ်းက မှတ်ချက်ပေးလိုက်သည်။ ဆော်ဒါကို သောက်လိုက်ရသည့်အတွက် ဝိညာဉ်စွမ်းအင်များက သူ၏ ရုပ်ခန္ဓာကို ပြန်လည် ပုံသွင်းပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ကျောက်လင်မှာ စကားပင် မပြောနိုင်တော့ဘဲ ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းထားလိုက်ရ၏။
"အရသာရှိလိုက်တာ... တကယ့်ကို အရသာရှိတယ်... ဒီထူးခြားတဲ့ ရေက နတ်ဘုံက နတ်စမ်းရေထက်တောင် သာသေးတယ်..."
မိုဟုန်လျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဤသည်မှာ ကျောက်လင် လိုချင်သည့် ရလဒ်ပင် ဖြစ်သည်။ သူက ကိုလာ၊ ဆိုဒါတို့ကို သုံးပြီး ကြွက်လေးကို ဆွဲဆောင်ခဲ့ဖူးသလို ယခုအခါတွင်လည်း ဤအဂ္ဂိရတ်ပညာရှင်နှစ်ဦးကို ဆွဲဆောင်ရန် အသုံးပြုနေခြင်း ဖြစ်၏။
"သဘောကျရင် ပြီးတာပါပဲ... ဆက်ပြီး လေ့လာကြည့်ကြပါဦး... ကျွန်တော်လည်း ထူးခြားတဲ့ အစားအစာတစ်ခု ပြင်ဆင်ပေးလိုက်ပါ့မယ်..."
ကျောက်လင်က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျောက်လင်က မီးမလို အမဲသားဟော့ပေါ့ (၂) ခုကို ဖွင့်လိုက်ပြီး ထုပ်ပိုးထားသော အိတ်များကို ကျွမ်းကျင်စွာ ဆွဲဖြဲကာ ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ပြီးနောက် ရေဖြည့်လိုက်၏။
မိုချန်းချွမ်းက အာကာသတဲအတွင်းရှိ ပစ္စည်းများကို စစ်ဆေးနေရင်း သူ၏ စိတ်စွမ်းအားဖြင့် ကျောက်လင်၏ လှုပ်ရှားမှု အသေးစိတ်ကိုပါ အာရုံခံနေသည်။ မိုချန်းချွမ်းက ကျောက်လင်ကို အိုးအောက်ခြေတွင် ရေထည့်ပြီးနောက် အပူပေးသည့် အိတ်တစ်ခုကို ထည့်လိုက်သည်ကို မြင်လိုက်ရသောအခါ အဖြူရောင် မီးခိုးငွေ့များနှင့်အတူ အပူလှိုင်းများ တဟုန်းဟုန်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး လုံးဝ မှင်တက်သွားတော့သည်။
"ဒါ... ဒါဘာပစ္စည်းလဲ... သူဘာသာ သူ အပူတွေ ထွက်လာပါလား... ဒါကို ဘယ်သူ တီထွင်လိုက်တာလဲ... ဒါက လုံးဝကို မကြုံဖူးတဲ့ တီထွင်မှုအသစ်ပဲ..."
မိုချန်းချွမ်းမှာ တုန်လှုပ်ချောက်ချားသွား၏။ မိုချန်းချွမ်းသည် ကျောက်လင်ကို သိလိုသည့် စပ်စုစိတ်ဖြင့် ဟေးချီရွာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် နောက်တစ်နေရာသို့ မသွားခင် စိတ်လက်ပေါ့ပါးအောင် အလည်အပတ် လုပ်လိုခဲ့ခြင်းဖြစ်သော်လည်း ဟေးချီရွာသို့ ရောက်သည့်အခါ အာကာသတဲကို တွေ့လိုက်ရသည်။ ထူးဆန်းသော ရေချိုကို သောက်လိုက်ရသည်။ ယခုလို တီထွင်ဖန်တီးမှု ရှိသော အစားအသောက် စားသောက်နည်းကို မြင်လိုက်ရသောအခါ မိုချန်းချွမ်း၏ စူးစမ်းချင်စိတ်ကို အလွန်အမင်း လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားတော့သည်။
ဤအချိန်တွင် မိုချန်းချွမ်းမှာ ကျောက်လင်၏ ထူးဆန်းသော တီထွင်မှုများထဲတွင် လုံးဝ နှစ်မြောသွားတော့သည်။ သူသည် ဟေးချီရွာတွင် ကြာရှည်စွာ နေထိုင်ပြီး ဤအရာအားလုံးကို နားလည်သဘောပေါက်အောင် လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်၏ အခြေခံအကျဆုံး အရည်အချင်းဖြစ်၏။ မိုချန်းချွမ်းအနေဖြင့် ဤအရာများကို မဖြေရှင်းနိုင်သရွေ့ သူ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ။ မဟုတ်ပါက မိုချန်းချွမ်း၏ စိတ်ထဲတွင် ဤအရာများက အမြဲတစေ ဝင်ရောက်နှောင့်ယှက်နေမည်ဖြစ်ပြီး တခြား မည်သည့် အလုပ်ကိုမျှ လုပ်နိုင်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
ပါရမီရှင် အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေဖြင့် မိုဟုန်လျန်မှာ မွေးရာပါ စိတ်စွမ်းအား အလွန်ပင် ပြင်းထန်သူ ဖြစ်သည်။ ရေချိုးခန်းထဲရှိ ပစ္စည်းများကို အကဲခတ်နေရင်းနှင့်ပင် သူသည် ကျောက်လင်၏ လှုပ်ရှားမှု တိုင်းကို အာရုံစိုက်နေခဲ့သည်။ အပူပေးသည့်အိတ်မှ စွမ်းအင်များ ထွက်ပေါ်လာသည့်အခါ မိုဟုန်လျန်၏ စိတ်စွမ်းအားက ထိုအရာပေါ်တွင် အာရုံစိုက်နေပြီး အပူထုတ်လုပ်သည့် နိယာမကို လေ့လာရန်အတွက် အပူဖြစ်ပေါ်လာပုံကို သေချာစွာ စူးစမ်းနေ၏။
ဤသည်မှာ အဂ္ဂိရတ်ပညာရှင်များ၏ နည်းလမ်းဖြစ်သည်။ သူတို့၏ စိတ်စွမ်းအားကို အသုံးပြု၍ အရာဝတ္ထုတစ်ခု၏ လှုပ်ရှားမှုကို စေ့စပ်သေချာစွာ ခွဲခြမ်းစိတ်ဖြာခြင်း၊ အခြေခံ နိယာမများကို ရှာဖွေခြင်း၊ ထို့နောက် အဆိုပါ နိယာမများကို နားလည်သွားသည့်အခါ ထိုအရာကို သူတို့ကိုယ်တိုင် ပြန်လည် ဖန်တီးနိုင်ခြင်း ဖြစ်သည်။
မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က အခန်းထဲရှိ ပစ္စည်းများကို လေ့လာနေဟန်ဆောင်ရင်း တကယ်တမ်းတွင် သူတို့၏ စိတ်စွမ်းအားများကို အသုံးပြု၍ အပူပေးအိတ်မှ အပူများ စတင်ထွက်ပေါ်လာပုံကို အာရုံခံနေကြသော်လည်း သူတို့၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် ရယ်စရာကောင်းလာတော့သည်။
သူတို့က အပူပေးအိတ်သည် အဆက်မပြတ် အပူများ ထုတ်လွှတ်နေသည်ကိုသာ ခံစားရပြီး မည်ကဲ့သို့ အပူများ ဖြစ်ပေါ်လာသည်ကိုမူ လုံးဝ နားမလည်နိုင်ကြချေ။ နှစ်ယောက်သားတို့မှာ ဤအပူ၏ နိယာမကို ဘယ်လိုမှ နားမလည်နိုင်ဖြစ်နေကြသည်။
အရမ်းကို အရေးကြီးနေပြီ။
ကျောက်လင်တွင်လည်း စိတ်စွမ်းအား ရှိနေပြီး ဟော့ပေါ့ကို တိတ်တဆိတ် စောင့်ဆိုင်းနေရင်းနှင့်ပင် ထိုနှစ်ဦးကို သူ၏ စိတ်စွမ်းအားဖြင့် စောင့်ကြည့်နေ၏။ ကျောက်လင်သည် သူတို့၏ မျက်နှာအမူအရာ ပြောင်းလဲမှုများကို ကောင်းစွာ သိရှိနေသည်။
ဟားဟား... ဒါက ကမ္ဘာမြေရဲ့ ဓာတုဗေဒ အသိပညာပဲ... မင်းတို့ ဒီလောကကလူတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ…*
ကျောက်လင်က လျှို့ဝှက်စွာဖြင့် ကျေနပ်နေမိသည်။ ဤနှစ်ယောက်က အပူပေးအိတ်၏ နိယာမကို နားမလည်လေလေ ဤနေရာမှာ ဆက်နေနိုင်ဖို့ အခွင့်အလမ်း များလေလေ ဖြစ်သည်။
ဆယ်မိနစ် ကြာပြီးနောက်။
မီးမလို အမဲသားဟော့ပေါ့မှ အနံ့အရသာနှင့် ပြည့်စုံသော ရနံ့များ ထွက်ပေါ်လာပြီး ဟော့ပေါ့ပါဝင်ပစ္စည်းများမှာလည်း ကျက်သွားပြီ ဖြစ်သည်။
"မိတ်ဆွေတို့ အာကာသတဲထဲက ပစ္စည်းတွေကိုကြည့်ဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်... အရင်ဆုံးလာပြီး ဟော့ပေါ့ စားကြစို့... ဒါက ခင်ဗျားတို့ တစ်ခါမှ မစားဖူးတဲ့ အရသာရှိတဲ့ အစားအစာပဲ..."
ကျောက်လင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။ မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က ထိုစကားကိုသာ စောင့်နေကြခြင်း ဖြစ်သည်။ မည်သို့မျှ မတွန့်ဆုတ်တော့ဘဲ နှစ်ယောက်သားတို့က စားပွဲဝိုင်းလေးဘေးတွင် အမြန်ဆုံး ထိုင်လိုက်ပြီး သုံးယောက်သား အားလုံး၏ မျက်လုံးများက မီးမလို ဟော့ပေါ့ဆီသို့သာ ရောက်ရှိနေကြ၏။
"စားကြစို့"
ကျောက်လင်က အသားပြုတ်ရည် သောက်ပြီးထားသော်လည်း ဟော့ပေါ့၏ အနံ့က သူ၏ စားချင်စိတ်ကို ပို၍ တိုးပွားစေသည်။ သူက ဝါးတူကို ကောက်ကိုင်လိုက်ပြီး အမဲသားတစ်ပိုင်းကို ချက်ချင်း ယူလိုက်တော့သည်။