အခန်း ၁၆၀
Vol. 16 Ch. 160
အခန်း (၁၆၀) ကျောက်လင်က တကယ့်ကို ထူးခြားသူပဲ...
"မိတ်ဆွေလေး ကျောက်... ဒီအဘိုးအိုကို ခဏလောက် ဖယ်ပေးပါဦး..."
မိုချန်းချွမ်းက တူကို ကိုင်လိုက်ပြီးသည်နှင့် ကျောက်လင်က အမဲသားတုံး နှစ်တုံးကို စားလိုက်သည်ကို မြင်လိုက်ရသဖြင့် စိတ်ပူသွား၏။
ဟော့ပေါ့ထဲတွင် အသားတုံး အနည်းငယ်သာရှိသည် မဟုတ်ပါလား။
"မင်း တစ်ယောက်တည်း အကုန်စားလိုက်တာလား..."
မိုဟုန်လျန်ကတော့ ဘာမှမပြော။ ဟော့ပေါ့နှစ်အိုး ရှိသည့်အထဲမှ တစ်အိုးကို ပိုက်ထားလိုက်ပြီး အပေါက်ကလေးများကို ကာကွယ်ပေးနေသည့် ကြက်မကြီးတစ်ကောင်လိုပင် တူကို ကိုင်၍ အစားအစာများကို အမြန်ပင် ခပ်ယူစားသောက်နေ၏။ ကျောက်လင်ရော မိုချန်းချွမ်းပါ ထိခွင့်မရစေရ။
မိုချန်းချွမ်းလည်း ဆရာသခင်တစ်ယောက်၏ ဂုဏ်ကို ဂရုမစိုက်တော့ဘဲ အလားတူပင် လုပ်ဆောင်လိုက်ပြီး ဟော့ပေါ့ကို ဆွဲယူကာ ကျောက်လင်ကို တစ်စုံတစ်ရာ ပေးခွင့်မပြုတော့ပေ။
ကျောက်လင်ကတော့ မသိမသာ ပြုံးလိုက်ပြီး တူကို ချထားလိုက်၏။
အဘိုးနှင့်မြေး နှစ်ယောက် အပြန်အလှန် ဂရုစိုက်ကာ စားသောက်နေသည်ကို ကြည့်ရသည်မှာ သူ၏ ရင်ထဲတွင် ပီတိဖြာနေမိသည်။
ထိုနှစ်ယောက်သည် အာကာသတဲထဲတွင် ပစ္စည်းအမျိုးမျိုးကို လေ့လာနိုင်သောကြောင့်သာ ဤနေရာ၌ ဆက်နေခြင်း ဖြစ်သည်။
ကိုလာနှင့် မီးမလို အမဲသားဟော့ပေါ့တို့ကြောင့် ထိုနှစ်ယောက်မှာ ဤအရသာရှိသော အစားအစာများကို မေ့မရတော့ဘဲ ပြန်ထွက်သွားရန်ပင် ဝန်လေးနေကြ၏။
ဤအခိုက်တွင် ကျောက်လင်က ထိုနှစ်ယောက်မှာ ဟေးချီကျေးရွာမှ မထွက်သွားတော့မည်ကို သေချာပေါက် သိရှိလိုက်သည်။
"စီနီယာတို့... စိတ်ကြိုက်သာ နေခဲ့ကြပါ... ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ခွင့်ပြုပါဦး..."
"အော်... နေ့လည်စာအတွက်လည်း နေခဲ့ကြပါဦး... ကျွန်တော်တို့မှာ တစ်ခါမှ မစားဖူးသေးတဲ့ အထူးဝက်ပေါင်ခြောက်နဲ့ အသားခြောက်တွေ ရှိတယ်..."
အဘိုးနှင့်မြေးနှစ်ယောက် အားရပါးရ စားသောက်နေသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်က သူတို့ကို သိမ်းသွင်းနိုင်ပြီ ဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူက မတ်တပ်ရပ်ကာ နောက်ထပ် တစ်ခွန်း ပြောလိုက်သည်။
ကျောက်လင်က ဤစကားထဲတွင် အရိပ်အမြွက်လေး ချန်ခဲ့သည်... ထိုနှစ်ယောက်မှာ ဝက်ပေါင်ခြောက်နှင့် အသားခြောက်ကို စားရန်အတွက် နေ့လည်စာကို မုချပင် နေခဲ့ကြလိမ့်မည်။
ထိုအသားခြောက်များကို စားမိသည့်အချိန်မှစ၍ သူတို့နှစ်ယောက် ဟေးချီကျေးရွာမှ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း ကျောက်လင် ပို၍ပင် ယုံကြည်ချက် ရှိနေသည်။
"ဘာမှမဖြစ်ဘူး..."
မိုချန်းချွမ်းက ခေါင်းပင် မမော့တော့ဘဲ တိုတုတ်စွာ ပြန်ပြောလိုက်သည်။
"မင်း ပြောတဲ့အတိုင်းပဲ... ငါတို့က အားနာမနေတော့ဘူး..."
မိုဟုန်လျန်က စားသောက်ရသည်ကို ဝါသနာပါသူ ဖြစ်ရာ ကျောက်လင်၏ အစားအစာ အကြံပြုချက်ကို ကြားလိုက်သည်နှင့် စိတ်ဝင်စားသွားလေသည်။
ကျောက်လင်က မသိမသာ ပြုံးလိုက်ပြီး အာကာသတဲထဲမှ ထွက်လာကာ ကြီးမားသည့် ပဏာမ စက်ရုံကြီးဆီသို့ အမြန်ပြန်သွားလိုက်၏။
စုချန်းရွှယ်က သူ၏ ဆီသို့ လျှောက်လာသည်။
“ခင်ပွန်း.. အဲ့နှစ်ယောက်က ဘယ်သူတွေလဲ... ဘာလို့ သူတို့ကိုတွေ့ရတာ ဒီလောက်တောင် ကြာနေရတာလဲ..."
စုချန်းရွှယ်က အလွန်သိချင်နေသည်။
"သူတို့နှစ်ယောက်က သာမန်လူတွေ မဟုတ်ဘူး... သူတို့ကို သေသေချာချာ ဆက်ဆံမှ ဖြစ်မယ်..."
"ဒီနေ့ကစပြီး ငါတို့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးက သူတို့ရဲ့ အကူအညီ လိုအပ်လိမ့်မယ်..."
ကျောက်လင်က တိကျသည့် ညွှန်ကြားချက်အချို့ ပေးလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ စုချန်းရွှယ်မှာ အံ့အားသင့်သွားသည်။ ကျောက်လင်က တစ်စုံတစ်ယောက်ကို ဤသို့ မိတ်ဆက်ပေးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် မိုချန်းချွမ်းနှင့် မိုဟုန်လျန်ကို အလေးအနက် ထားရန် ချက်ချင်း စတင်လိုက်တော့သည်။
ဤအချိန်တွင် ကျောက်လင်က ဒုက္ခသည် အမျိုးသားနှစ်ရာခန့်သည် ထင်းရှူးနက်တောင်ထိပ်သို့ တက်ကာ လက်ဝတ်ရတနာ ကိရိယာအစုံနှင့် အဝတ်အစားများကို ထမ်းချလာသည်ကို မြင်လိုက်ရသည်။
စိမ်းလမ်းစိုပြေသည့် ဟေးချီကျေးရွာသို့ ထူးဆန်းသူ နှစ်ရာကျော် ရောက်ရှိလာပြီး ကျောက်လင်ကို စုံစမ်းရန်နှင့် ဧရိယာတစ်ဝိုက်တွင် လွတ်လပ်စွာ လျှောက်သွားနေကြသည်။
ကျောက်လင်ကတော့ သူတို့ကို နှင်ထုတ်မည် မဟုတ်ဘဲ သူတို့ ကြိုက်သလောက် ကြည့်ခွင့်ပေးထားလိုက်သည်။
"ချန်းရွှယ်... မနေ့က လူတွေကို နေရောင်ခြည်စွမ်းအင်သုံး မီးလင်းရေးစနစ်ကို ဆက်လက် တပ်ဆင်ခိုင်းထားလိုက်..."
"ဒီနေ့ နေ့လည်ဘက်မှာ ကိုယ်ပြန်လာရင် ဝိုင်ယာကြိုးတွေ အားလုံးကို ပြန်ဆက်ပေးမယ်... ညကျရင် မီးလုံးတွေ ဘယ်လို လင်းလာမလဲဆိုတာ မင်းကို ပြမယ်..."
ဤအချိန်တွင် ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။
စုချန်းရွှယ်က ချက်ချင်း ခေါင်းညိတ်သည်။
"စပါးပျိုးပင်တွေက ကောင်းကောင်း ကြီးထွားနေပြီ... စစ်တပ်ပိုင်မြေ (၃၀) မူလုံးမှာ ဒီနေ့ စိုက်ပျိုးပြီးစီးအောင် လုပ်မယ်..."
"မြေ (၅) မူ ကျန်သေးတယ်... အဲ့ဒီမှာ ဟင်းသီးဟင်းရွက် ဒါမှမဟုတ် တခြားဟာ တစ်ခုခု စိုက်လို့ရတယ်..."
ကျောက်လင်က နောက်ထပ် ညွှန်ကြားချက်တစ်ခု ထပ်ပေးလိုက်သည်။
ယခုအခါ ဒုက္ခသည်များစွာရှိနေပြီ ဖြစ်သဖြင့် ဒုက္ခသည် တစ်ရာခန့်ကို စေလွှတ်လိုက်ရုံဖြင့် စပါးပျိုးပင်များ အားလုံးကို တစ်ရက်တည်းဖြင့် စိုက်ပျိုးပြီးစီးနိုင်လိမ့်မည်။
"ဟုတ်ကဲ့ပါ... ကျွန်မ ဒုက္ခသည် တစ်ရာကို ရွေးချယ်ပြီးသားပါ..."
စုချန်းရွှယ်က ပြုံးလျက် ပြန်ဖြေသည်။
"ကောင်းပြီ... အိမ်မှာ အရာရာကို မင်းတာဝန်ယူထားတာကို မြင်ရတော့ ကိုယ် အများကြီး စိတ်အေးရတယ်..."
"ဒီနေ့တော့ တောင်တောကြီးဆီသွားပြီး အဲ့ဒီမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေကို အကုန် ဖယ်ရှားပစ်ဖို့ ကြိုးစားကြည့်ဦးမယ်... အဲ့ဒီနေရာကို ကျွရဲ့ မွေးမြူရေးခြံ ဖြစ်လာစေရမယ်..."
ကျောက်လင်က နောက်ထပ် တစ်ကြောင်း ပြောလိုက်၏။
ရှေးဟောင်းသစ်တောကြီးကို ရှင်းလင်းရခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိသည်... ပထမအချက်မှာ တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ရန် ဖြစ်ပြီး ချင်းပေါင်စံအိမ်သို့ ရောင်းချရန် သို့မဟုတ် အသားအရင်းအမြစ် ပိုမိုရရှိစေရန် ဖြစ်သည်။ ဒုတိယအချက်မှာ အနာဂတ်တွင် နွား၊ သိုးနှင့် ဝက်စသည့် စားသုံးနိုင်သော တိရစ္ဆာန်များကို မွေးမြူရန်အတွက် အဆိပ်သင့် မြွေများ အပါအဝင် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များကို ဖယ်ရှားပစ်ရန် ဖြစ်သည်။
ထို့နောက် ကျောက်လင်က တောရိုင်း နွားအကောင် (၈) ကောင်ကို မောင်းနှင်လာပြီး ဒုက္ခသည် (၈) ယောက်နှင့်အတူ နွားတစ်ကောင်စီ၏ နောက်ကျောတွင် ကြီးမားသော ဝါးလှောင်အိမ် (၄) လုံးစီကို ချည်နှောင်စေလိုက်သည်။
"သွားကြမယ်... တောင်တန်းတွေထဲကို ခရီးတစ်ခု သွားကြမယ်..."
ကျောက်လင်က လှမ်းခေါ်လိုက်သည်။
ချက်ချင်းပင် ကျောက်လင်က မြင်းရိုင်းတစ်ကောင်ပေါ် တက်စီးလိုက်ပြီး ဒုက္ခသည် (၈) ယောက်ကလည်း တောရိုင်း နွားများပေါ်တွင် ထိုင်လိုက်ကာ ထင်းရှူးနက်တောင်ကို အတူတူ ဖြတ်ကျော်သွားကြ၏။
ဝိညာဉ်ကြွက်လေးက တစ်နေရာရာမှ ပေါ်လာပြီး သစ်ပင်ပေါ်တွင် နားနေသည်။ ကျောက်လင် ရောက်လာသည့်အခါ လျှပ်စီးပမာ သူ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားသည်။
အာကာသတဲ အတွင်းတွင်...
မိုချန်းချွမ်းနှင့် မြေးဖြစ်သူ မိုဟုန်လျန်တို့က မီးမလို အမဲသားဟော့ပေါ့ကို အားရပါးရ စားသောက်ပြီးနောက် ကျေနပ်စွာ လေထုတ်လိုက်မှသာ ပါးစပ်ကို သုတ်လိုက်ကြသည်။
"အံ့ဩဖို့ ကောင်းလိုက်တာ..."
"မိတ်ဆွေလေး ကျောက်က တကယ့်ကို ထူးခြားသူပဲ..."
မိုချန်းချွမ်းက ကျောက်လင်ကို အလွန်မြင့်မားသည့် အကဲဖြတ်ချက် ပေးလိုက်၏။
"ဒီကောင်လေးမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ... ဒီလောက် မယုံနိုင်စရာကောင်းတဲ့ ပစ္စည်းတွေကို ဘယ်လိုများ ထုတ်လုပ်လိုက်တာလဲ..."
မိုဟုန်လျန်က သူမကိုယ်သူမ ပါရမီရှင်ဟု သတ်မှတ်ထားပြီး သူတစ်ပါးကို အလွယ်တကူ လေးစားလေ့ မရှိသော်လည်း ဟေးချီကျေးရွာသို့ ရောက်လာပြီးနောက် သူမ လက်ခံရရှုံးနိမ့်သွားစေမည့် မယုံနိုင်စရာ ဖြစ်ရပ်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။
ဤအချိန်တွင် မိုချန်းချွမ်းက သူ၏ ပတ်လည်ရှိ ကြီးမားပြီး ကြည်လင်နေသည့် ဖန်ပြတင်းပေါက်ကြီးများကို ကြည့်ကာ အတွေး နက်နေမိသည်။
"ဒီလောက် ကြီးမားတဲ့ ဖန်သားပြင်ကြီးကို ဘယ်လိုများ လုပ်ထားလဲဆိုတာ ငါ တစ်ခါမှ မမြင်ဖူးဘူး..."
မိုချန်းချွမ်းက ရုတ်တရက် သက်ပြင်းချလိုက်၏။
အတိတ်က မိုချန်းချွမ်းသည် ပစ္စည်းသစ်အချို့နှင့် ကြုံတွေ့ရတိုင်း သူ၏ စိတ်စွမ်းအားနှင့် အဂ္ဂိရတ်ပညာ အတွေ့အကြုံကို အသုံးပြုကာ ထုတ်လုပ်သည့် နည်းလမ်းကို အမြန်ပင် ကျွမ်းကျင်အောင် လုပ်နိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် မိုချန်းချွမ်းမှာ ဝေခွဲမရ ဖြစ်နေပြီး ဤမျှ ကျယ်ပြန့်သည့် ဖန်သားပြင်ကို မည်သို့ ဖန်တီးထားမှန်း မသိနိုင်တော့ပေ။
ထိုအခိုက်တွင် မိုဟုန်လျန်က ထင်းရှူးနက်တောင် ထိပ်မှ ဆင်းလာသည့် ဒုက္ခသည်များကို မြင်လိုက်ရသည်။
"ဟေး... အဲ့ဒီ ဒုက္ခသည်တွေ သေတ္တာအချို့ ထမ်းလာတယ်..."
မိုဟုန်လျန်က ရုတ်တရက် အော်ပြောလိုက်ပြီး အာကာသတဲထဲမှ ပြေးထွက်သွားကာ အရှေ့ဆုံးမှ ဒုက္ခသည် နှစ်ယောက်ထံသို့ သွား၍ တားဆီးလိုက်သည်။
ထိုလူနှစ်ယောက်က 'လက်လုပ် လက်ဝတ်ရတနာ ကိရိယာအစုံ' ထည့်ထားသည့် သစ်သားသေတ္တာကို ထမ်းထားသည်။
မိုဟုန်လျန်က သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ထူးခြားသည့် ကိရိယာများစွာကို တွေ့လိုက်ရသည်။
"ဝိုး..."
"ဒီကိရိယာတွေက အရမ်း လှတာပဲ..."
"ဒါတွေက အပ်ချွန်ညှပ်တွေ၊ ဒါက အဝိုင်းညှပ်... ပြီးတော့ ဒါတွေကတော့ ပြားချပ်ညှပ်တွေပေါ့..."
"အဝိုင်းခေါင်းပါတဲ့ တူ၊ ပြားချပ်တဲ့ တူ၊ လွှ၊ သဲကျောက်... ဒါတွေက ဘာတွေလဲ..."
"ဒါက ပွတ်တိုက်သည့် ဘီးလား..."
"ဒီလိုမျိုး တူးဖော်တဲ့ ကိရိယာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."
"ဒါက တိုင်းတာတဲ့ ပေတံလား... အရမ်း တိကျတာပဲ..."
"ပြီးတော့ ညှပ်၊ မီးဖို၊ သေးငယ်တဲ့ အလုပ်ခုံတန်း..."
မိုဟုန်လျန်က သေတ္တာထဲရှိ လက်ဝတ်ရတနာ ဖန်တီးသည့် ကိရိယာအားလုံးကို စစ်ဆေးကြည့်ရှုရင်း အံ့ဩတကြီး ပြောလိုက်သည်။
ဤကိရိယာအများစုမှာ အဂ္ဂိရတ်ပညာရှင် ပါရမီရှင် ဖြစ်သည့် မိုဟုန်လျန်အတွက်တောင် အလွန် ထူးဆန်းနေသည်။
ဤကိရိယာများ၏ ပုံစံမှာ အထူးပင် လှပလွန်းသဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် အလွန်ထူးခြားကြောင်း သိသာနေသည်။
မြေးဖြစ်သူ မိုဟုန်လျန်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် သိလိုစိတ် ပြင်းပြနေသည့် မိုချန်းချွမ်းလည်း ပြေးလာခဲ့၏။
မိုချန်းချွမ်းသည် ဤ 'လက်လုပ် လက်ဝတ်ရတနာ ကိရိယာအစုံ' ကို သူ့မျက်စိဖြင့် ကိုယ်တိုင် မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။
"မိတ်ဆွေငယ် ကျောက်မှာ ဒီလို မှော်ဆန်တဲ့ ပစ္စည်းတွေ ဘယ်လောက်တောင် များနေတာလဲ..."
မိုချန်းချွမ်းလည်း သက်ပြင်းချလိုက်မိသည်။
သစ်သားသေတ္တာများကို သယ်ဆောင်သွားပြီးနောက် ထိုနှစ်ယောက်မှာ တီရှပ်များ၊ ဘောင်းဘီတိုများ၊ အတွင်းခံများနှင့် ဘော်လီအင်္ကျီများကို ထမ်းလာသည့် ဒုက္ခသည်များကို ထပ်တွေ့လိုက်ရသည်။ အဝတ်အစားများကို ကိုင်ကြည့်လိုက်ကြပြီးနောက် တစ်ဖန် ပြန်အော်လိုက်မိကြ၏။
"မဖြစ်နိုင်ဘူး..."
"ဒီအထည်တွေက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ချောမွေ့ပြီး တင်းရင်းနေရတာလဲ..."