အခန်း ၆၄၆
Vol. 44 Ch. 646
အခန်း (၆၄၆) တာအိုနယ်ပယ် တိုးတက်ခြင်းနှင့် အသိစိတ် ပြန်လည် နိုးထလာခြင်း အပိုင်း (၁)
အဖြူရောင် ဝတ်စုံရှင်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။ မြေကမ္ဘာအင်မော်တယ်နန်းတော်က တည်ဆောက်ထားသော စတုတ္ထမြောက် အင်မော်တယ်မြို့တော်အကြောင်းကို သူ ကြားသိထားပြီး ဖြစ်ကာ ထိုမြို့တော်၏ တည်နေရာမှာ သူတို့၏ ယွီလုံနန်းတော်နှင့် များစွာမဝေးကွာလှပါချေ။
မကြာသေးမီ ကာလများအတွင်း သူသာ မြေကမ္ဘာအင်မော်တယ်နန်းတော်ကို ကိုင်တွယ်ရန် မအားမလပ် ဖြစ်မနေခဲ့ပါက ထိုအသစ်တည်ဆောက်ထားသော စတုတ္ထမြောက်မြို့တော်ကို အသေအချာ ဝင်ရောက်လုယက်ပြီး ဖြစ်ပေလိမ့်မည်။ ထိုမြို့တော်မှာ ယွီလုံနန်းတော်၏ အင်မော်တယ်မြို့တော်နှင့် အလွန်အမင်း နီးကပ်လွန်းနေသည်။
'မြေကမ္ဘာအင်မော်တယ်နန်းတော်က ဘာကိုများ ရည်ရွယ်နေတာပါလိမ့်...'
သူ တွေးတောနေမိ၏။
ယခုလောလောဆယ်တွင်မူ သူတို့သည် မိမိတို့ရှေ့မှောက်ရှိ ရှားပါးလှသော သွေးမျိုးဆက် ပိုင်ရှင် အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီးကို ဝိုင်းဝန်းအမဲလိုက်နေကြခြင်း ဖြစ်၏။ အရာအားလုံးသာ အဆင်ပြေချောမွေ့သွားပါက သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ မူလဝိညာဉ် စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စတုတ္ထအဆင့် အလယ်အလတ်သို့ ချိုးဖြတ်ဝင်ရောက်သွားနိုင်ပေမည်။
ထို့ကြောင့် သဘာဝကျစွာပင် ပြင်ပလောကရှိ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ စတုတ္ထမြောက်မြို့တော်မှ လူများကို ဂရုစိုက်နေရန် သူ့တွင် အချိန်မရှိခဲ့ပါချေ။ မဟုတ်ပါက...ဤအရိုင်းနယ်မြေကြီးထဲတွင် မြေကမ္ဘာအင်မော်တယ်နန်းတော်မှ လူများကိုပင် မိစ္ဆာသားရဲများအလား သူ အမဲလိုက်ပစ်မိမည်မှာ အသေအချာပင်။
စတုတ္ထမြောက် အင်မော်တယ်မြို့တော်သို့ တာအိုသမီးတော် အသစ် တစ်ဦး ရောက်ရှိလာကြောင်း သတင်းထွက်ပေါ်နေပြီး သူမမှာ အမျိုးသမီး ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။ သူမ၏ ပါရမီက မည်မျှအထိ ထူးချွန်ပြီး မည်သို့သော ရုပ်ရည်သွင်ပြင်မျိုး ရှိမည်ကို သူ သိချင်နေမိ၏။ အလှပြသက်သက်မျှသာ မဖြစ်ပါစေနှင့်ဟု သူ မျှော်လင့်မိသည်။ မဟုတ်ပါက အလွန်အမင်း ပျင်းစရာကောင်းသွားမည် မဟုတ်ပါလော။
အပြင်ဘက်တွင်မူ...စုယွီ၊ ဖန်ရှောင်၊ ကျန်ဟောင်နှင့် ချန်ချွမ်းတို့သည် အတွင်းရှိ လူအုပ်ကြီး၏ ဝတ်စားဆင်ယင်မှုများနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အရှိန်အဝါများကို လေ့လာစောင့်ကြည့်နေကြသည်။ သူတို့သည် ထိုအုပ်စု၏ လူဦးရေနှင့် အကြမ်းဖျင်း စွမ်းအားများကိုပါ အကဲခတ်လိုက်ကြ၏။
ကျန်ဟောင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး တိုးညှင်းစွာ ဆို၏။
"ဒါ ယွီလုံနန်းတော်က လူတွေပဲ... အဲဒီမှာ စတုတ္ထအဆင့် အလယ်အလတ်အထိ ရောက်နေတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အရှင်သခင် တစ်ပါး ပါတယ်... ပြီးတော့ စတုတ္ထအဆင့် အထက်မှာ ရှိတဲ့သူ နောက်ထပ် ငါးယောက်လည်း ရှိသေးတယ်..."
"သူတို့ရဲ့ အရေအတွက်က တစ်ထောင့်ရှစ်ရာလောက် ရှိတယ်... ဒါ ယွီလုံနန်းတော်ရဲ့ အစောင့်အကြပ် နဂါးတပ်ဖွဲ့ ဖြစ်ရမယ်... ငါတို့ရဲ့ စတုတ္ထမြို့တော်နဲ့ နီးတဲ့ ယွီလုံနန်းတော်ရဲ့ ဒုတိယမြောက် အင်မော်တယ်မြို့တော်က ဖြစ်လိမ့်မယ်..."
ထိုသူများမှာ အရေအတွက်အားဖြင့် သာလွန်နေရုံသာမက စွမ်းအားပိုင်းတွင်လည်း ပိုမို အစွမ်းထက်နေကြသည်။
ကျန်ဟောင်နှင့် ချန်ချွမ်းတို့သည် ဖန်ရှောင်ကို ချက်ချင်း လှမ်းကြည့်လိုက်ပြီး တိုးညှင်းစွာ သတိပေးလိုက်ကြ၏။
"တာအိုသမီးတော်... ငါတို့ သူတို့ကို ထိပ်တိုက် သွားရင်ဆိုင်လို့ မရဘူး..."
ဖန်ရှောင်က စုယွီဘက်သို့ လှည့်ကာ အကြံဉာဏ် တောင်းခံ၏။
"ဦးလေးငယ်ရော ဘယ်လိုထင်လဲဟင်..."
စုယွီကိုယ်တိုင်လည်း သူတို့ ဆုတ်ခွာသင့်သည်ဟု တွေးတောမိသည်။
ဖန်ရှောင် ခေါ်ဆောင်လာသော အင်မော်တယ် တပ်မတော်သား တစ်ထောင်အနက် ထက်ဝက်ခန့်မှာ မြေကမ္ဘာအင်မော်တယ်နန်းတော်မှ အသစ်ရောက်ရှိလာသူများသာ ဖြစ်ပြီး စွမ်းအားများမှာ သိပ်မခိုင်မာလှသေးပါချေ။ လူဦးရေ၊ အင်အား၊ ထိပ်တန်း တိုက်ခိုက်ရေးသမား စသည့် အဘက်ဘက်တွင် မိမိတို့က အရေးနိမ့်နေသည် မဟုတ်ပါလော။
အကယ်၍ မိမိသာ အင်မော်တယ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စွမ်းအားများကို အစွမ်းကုန် မြင့်တက်စေလိုက်မည်ဆိုပါက ဖန်ရှောင်တို့နှင့် ပူးပေါင်း၍ တစ်ဖက်လူများကို အနိုင်မယူနိုင်စရာ အကြောင်းမရှိပါချေ။
သို့ပေမယ့်...ဒီလိုလုပ်လို့ ဘာအကျိုးအမြတ် ရမှာလဲ...။ လုံးဝ ဘာမှမရှိပါ။
ပြောင်းပြန်အားဖြင့် သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်း စွမ်းအားများသာ ပေါ်လွင်သွားပေလိမ့်မည်။
'စဉ်းစားကြည့်ရုံနဲ့တင် ဒါက လုံးဝ အရှုံးပေါ်မယ့် အလုပ်ပဲ...'
သို့သော် ယွီလုံနန်းတော်က အမဲလိုက်နေသော ထိုမိစ္ဆာသားရဲကြီးကို စုယွီ တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးအိမ်များ လျှပ်တစ်ပြက် တောက်ပသွားပြီးနောက် ဆိုလာ၏။
"ငါတို့ အရင်ဆုံး ဆုတ်ခွာကြတာပေါ့... မင်းနဲ့ အင်မော်တယ် တပ်မတော်က သူတို့ကို ယှဉ်တိုက်နိုင်ဖို့ အများကြီး သွေးတိုးစမ်းပြီး လေ့ကျင့်ဖို့ လိုအပ်သေးတယ်..."
"အခုလက်ရှိ အင်အားနဲ့ဆိုရင် မင်းတို့က သူတို့နဲ့ တစ်တန်းတည်း မရှိသေးဘူး..."
ထိုစကားကို ကြားသောအခါ ဖန်ရှောင်က ချက်ချင်းပင် အမိန့်ပေးလိုက်တော့၏။
"သွားကြမယ်..."
ယွီလုံနန်းတော်မှ လူများ လာရောက် နှင်ထုတ်သည်အထိ မစောင့်ဆိုင်းတော့ဘဲ ဖန်ရှောင်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏ လူများကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ ဤအမဲလိုက်ကွင်းတွင် မထင်မှတ်ထားသော အရင်းအမြစ်များ ရှိနေသော်ငြားလည်း ကျယ်ပြန့်လှသော အရိုင်းနယ်မြေကြီးမှာ လုံလောက်စွာ ကြီးမားလှပြီး အလားတူ တောင်တန်းများလည်း မရေမတွက်နိုင်အောင် ရှိနေသေးသည် မဟုတ်ပါလော။
ကျန်ဟောင်သည် သူတို့ကို ဦးဆောင်ကာ အခြားသော အမဲလိုက် အရင်းအမြစ် နယ်မြေတစ်ခု အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွား၏။ မည်သည့် အချိန်တွင် ဆုတ်ခွာရမည်ကို သိရှိခြင်းက အလွန်ပင် အရေးကြီးလှသည်။
စုယွီအနေဖြင့် ဖန်ရှောင်နှင့် အခြားသူများအား အတင်းအကျပ် ထိပ်တိုက် ရင်ဆိုင်ခိုင်းလိုသော ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါချေ။ လူ့ဘဝတွင် အရေးအကြီးဆုံးအရာမှာ မိမိကိုယ်ကို နားလည်ခြင်းနှင့် မိမိ၏ အတိုင်းအတာကို သိရှိခြင်းပင် ဖြစ်၏။ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ တာအိုသမီးတော် တစ်ဦး ဖြစ်နေလျှင်တောင် ရန်သူ၏ ထက်မြက်သော အသွားများကို ရှောင်ရှားရန် မည်သည့်အချိန်တွင် ရှေ့တိုး၍ မည်သည့် အချိန်တွင် ဆုတ်ခွာရမည်ကို ကောင်းစွာ သိရှိထားသင့်သည်။
နှစ်နာရီပင် မပြည့်မီ အချိန်အတွင်း ယွီလုံနန်းတော်မှ အုပ်စုကြီးသည် မူလဝိညာဉ် အဆင့် (၆) နှင့် နီးပါး တန်းတူညီမျှ စွမ်းအား ရှိသော အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီးကို နောက်ဆုံးတွင် အောင်မြင်စွာ ဝိုင်းဝန်း သတ်ဖြတ်နိုင်ခဲ့သည်။ မိစ္ဆာကြီး၏ ဧရာမ ဦးခေါင်းကြီးမှာ ယွီလုံနန်းတော်မှ အဖြူရောင် ဝတ်စုံရှင် တာအိုသားတော်၏ လက်ချက်ဖြင့် ပြတ်ထွက်သွားခဲ့ချေပြီ။
မိမိ၏ ရှေ့မှောက်ရှိ ဧရာမ သားကောင်ကြီးကို ကြည့်ရင်း အဖြူရောင် ဝတ်စုံရှင် တာအိုသားတော်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။
သူသည် အရိုင်းနယ်မြေကြီးထဲတွင် ဤသားကောင်ကို ရှာဖွေနေခဲ့သည်မှာ တစ်နှစ်တိတိ ရှိနေခဲ့ပြီ မဟုတ်ပါလော။
သူသည် အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီး၏ အလောင်းကောင်ကို သိုလှောင်ရေး လက်စွပ်အတွင်းသို့ သိမ်းဆည်းရန် ရှေ့သို့ ချဉ်းကပ်သွား၏။ သို့သော် နောက်တစ်ခဏမှာပင် အရှေ့ဘက်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များသဖွယ် လှုပ်ခတ်မှုများ ပေါ်ထွက်လာတော့၏။
"ဝီ..." ဆိုသည့် အသံတစ်ခုနှင့်အတူ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ လှိုင်းထနေသော ရေကန်ပြင်ကြီး တစ်ခုအလား ဖြစ်သွားပြီး အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီး၏ အလောင်းကောင်ပေါ်သို့ လှိုင်းဂယက်များ ရိုက်ခတ်သွားသည်။
နောက်တစ်ခဏတွင်...သူတို့ ခြောက်နာရီနီးပါးခန့် အသေအလဲ ကြိုးစား ပန်းစား သတ်ဖြတ်ခဲ့ရသော အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီး၏ အလောင်းကောင်ကြီးမှာ သူတို့၏ မျက်စိရှေ့မှောက်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ဟင်းလင်းပြင်မှာလည်း ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားခဲ့ချေပြီ။
အဖြူရောင် ဝတ်စုံရှင် တာအိုသားတော်နှင့်တကွ ယွီလုံနန်းတော်မှ အကြီးအကဲများနှင့် အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင်များ အားလုံးမှာ ခေတ္တမျှ ကြက်သေသေသွားကြတော့၏။
သူတို့ သတိပြန်ဝင်လာချိန်တွင်မူ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ယွီလုံနန်းတော်ရဲ့ သားကောင်ကို ဘယ်သူကများ လာလုရဲတာလဲ... ဘယ်သူလဲ..."
ထိုဒေါသတကြီး အော်ဟစ်သံကြီးမှာ မိုင်တစ်ရာ ပတ်လည်ရှိ တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားတော့၏။
အခြားတစ်ဖက်တွင်မူ...
"အတိုးလေး အရင် ကြိုယူထားတာပါ... ပြီးမှ မင်းတို့နဲ့ စာရင်းရှင်းမယ်..."
စုယွီမှာ ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေးပင် ရှိနေကာ လက်ကိုဝှေ့ယမ်း၍ အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီး၏ အလောင်းကောင်ကို လက်စွပ်အတွင်းသို့ သိမ်းဆည်း၏။ ထို့နောက် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် အမဲလိုက်ရန် ဖန်ရှောင်တို့ အဖွဲ့နောက်သို့ အမြန် လိုက်သွားတော့၏။
အရိုင်းနယ်မြေကြီး၏ အစွန်အဖျားတွင် တစ်လခန့် နေထိုင်ပြီးနောက် စုယွီနှင့် အခြားသူများမှာ မရေမတွက်နိုင်သော သားရဲများကို အမဲလိုက်နိုင်ခဲ့ကြချေပြီ။ စတုတ္ထမြောက်မြို့တော်ရှိ လူများအတွက် တစ်နှစ်စာ ရိက္ခာအလုံအလောက် စုဆောင်းမိသွားသောအခါ သူတို့သည် အရိုင်းနယ်မြေကြီးထဲမှ သတိကြီးစွာဖြင့် ထွက်ခွာလာခဲ့ကြပြီး စစ်သင်္ဘောပေါ်သို့ တက်ကာ မြို့တော်သို့ ပြန်လာခဲ့ကြသည်။
ဤအရိုင်းနယ်မြေ ခရီးစဉ်အတွင်း အခြားသော အန္တရာယ်များနှင့် စုယွီ မကြုံတွေ့ခဲ့ရသေးသော်ငြား အစွန်အဖျား ဒေသလောက်မှာတင် မူလဝိညာဉ် အဆင့် (၆) နှင့် တန်းတူညီမျှသော သားရဲကြီးများ ရှိနေသည် မဟုတ်ပါလော။
ဤအချက်ကပင် အရိုင်းနယ်မြေ၏ အန္တရာယ်ကြီးမားမှုကို ကောင်းစွာ ဖော်ပြနေသည်။ အကယ်၍ သူတို့သာ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားမည်ဆိုပါက ပဉ္စမအဆင့် သားရဲကြီးများပင် ရှိနေနိုင်မည် မဟုတ်ပါလော။
ထိုကဲ့သို့သော သားရဲများမှာ သန့်စင်သော ခန္ဓာကိုယ်စွမ်းအား သက်သက်ဖြင့်ပင် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်တို့နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိကြသည်။ သူတို့၏ ကာကွယ်နိုင်စွမ်းမှာ တူညီသော ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများကိုပင် မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်လှသည်။
အကယ်၍ အရိုင်းနယ်မြေကြီးထဲတွင် ခန္ဓာကိုယ်စွမ်းအား သက်သက်ဖြင့် ၎င်းတို့ကို အမဲလိုက်လိုပါက ပကတိ အားသာသော စွမ်းအားကို အသုံးပြု၍ သတ်ဖြတ်နိုင်သည်။ သို့မဟုတ်ပါက ယွီလုံနန်းတော်၏ နည်းလမ်းအတိုင်း ကျင့်ကြံသူ အမြောက်အမြားကို စုစည်းကာ အုံနှင့်ကျင်းနှင့် ဝိုင်းဝန်း အမဲလိုက်ရမည်သာ ဖြစ်တော့၏။
စတုတ္ထမြောက်မြို့တော်သို့ ပြန်ရောက်သောအခါ စုယွီသည် အနီရောင် မြွေဟောက်မိစ္ဆာဘုရင်ကြီးဖြင့် ချက်ပြုတ်ထားသော စွပ်ပြုတ်တစ်ခွက်ကို အရသာခံ သောက်သုံးနေသည်။ အမှန်တကယ်ပင် ၎င်း၏ အသားနှင့် သွေးများထဲတွင် ပါဝင်သော သက်စောင့်အားအင်များမှာ ထူးခြားပြောင်မြောက်လှပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အလွန်ပင် အကျိုးရှိလှပေတော့သတည်း။