← Chapters

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း (၆၄၈) ကြယ်ခူး မျှော်စင်သခင်၏ ကျဆုံးခြင်း အပိုင်း (၁)

အနက်ရောင် ဒေါသ စစ်သည်တော် ၏ အသိစိတ် အကြွင်းအကျန် လေးမှာ ရုပ်သေး ဝိညာဉ် အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားခဲ့သော်ငြား... လောလောဆယ်တွင်မူ ရုပ်သေး၏ စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပါချေ။ ထိုအသိစိတ် အကြွင်းအကျန် လေးမှာ အလွန်အမင်း အားနည်းလွန်းနေသေးသောကြောင့် ဖြစ်သည်။

စကားအနည်းငယ် ပြောဆိုပြီးနောက် အနက်ရောင် ဒေါသ စစ်သည်တော် သည် မိမိသဘောဆန္ဒ အလျောက် ငြိမ်သက် အိပ်မောကျသွားသည်။ ၎င်းအနေဖြင့် ရုပ်သေး ဝိညာဉ် နှင့် တဖြည်းဖြည်း ပေါင်းစပ်ကာ ထိန်းချုပ်နိုင်ရန် သင်ယူရဦးမည် ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပြီးမှသာ အနက်ရောင် ဒေါသ စစ်သည်တော် ၏ ရုပ်သေး ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်ကာ ၎င်း၏ စွမ်းအားများကို အသုံးချနိုင်မည် မဟုတ်ပါလော။

စုယွီသည် ၎င်းကို မှော်ရတနာ နန်းတော် အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ရုပ်သေး ဝိညာဉ် နှင့် သူ၏ ချိတ်ဆက်မှုမှာ တည်ရှိနေဆဲ ဖြစ်ရာ... အနက်ရောင် ဒေါသ စစ်သည်တော် ၏ အသိစိတ်က ရုပ်သေး နှင့် ပေါင်းစပ်သွားခြင်းမှာ စုယွီအား ၎င်း၏ သခင်အသစ် အဖြစ် ပြောင်းလဲသွားစေပြီး... အနက်ရောင် ဒေါသ စစ်သည်တော် အပေါ် အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိသွားစေခြင်းပင် ဖြစ်တော့သည်။

ခေတ္တမျှ တွေးတောပြီးနောက် စုယွီသည် စိတ်ထဲမှ တိတ်တဆိတ် တွေး၏။

"ဒါက ကောင်းတဲ့ ကိစ္စပဲ..."

အနက်ရောင် ဒေါသ စစ်သည်တော် မှာ ကိုယ်ပိုင် အသိစိတ် ရရှိလာပြီး ၎င်း၏ ခန္ဓာကိုယ်ကို လွတ်လပ်စွာ ထိန်းချုပ်လာနိုင်ခြင်းက... သူ၏ လက်အောက်တွင် မူလဝိညာဉ် အဆင့် အထွတ်အထိပ် နှင့် တန်းတူညီမျှသော အစွမ်းထက် သက်ရှိ တစ်ပါးကို ပိုင်ဆိုင်လာရခြင်းနှင့် အတူတူပင် ဖြစ်တော့၏။

ထိုအချိန်တွင် တာအို ရုပ်သေး အနေဖြင့်လည်း ၎င်း၏ ကိုယ်ပိုင် ကိစ္စရပ်များကို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ပါလော။

ထို့အပြင်... ရုပ်သေး ဝိညာဉ် မှာ ပစ္စည်းများ၏ အနှစ်သာရ များကို ဝါးမြိုကာ ရုပ်သေး၏ အဆင့်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိရာ... နောင်တစ်ချိန်တွင် အနက်ရောင် ဒေါသ စစ်သည်တော် ၏ ခန္ဓာကိုယ်ကို ပဉ္စမအဆင့် အထိ ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။

သို့သော် ထိုသို့ လုပ်ဆောင်ရန်အတွက် ရုပ်သေး ဝိညာဉ် ၏ ကိုယ်ပိုင် အဆင့်ကိုပါ မြှင့်တင်ရန် လိုအပ်ပြီး... လက်ရှိတွင်မူ ၎င်း၏ အဆင့်မှာ မူလဝိညာဉ် အဆင့် (၅) နှင့် တန်းတူမျှသာ ရှိသေး၏။

ထို့ကြောင့် အနက်ရောင် ဒေါသ စစ်သည်တော် ၏ စွမ်းအားများကို မြှင့်တင်နိုင်ရန် အတွက်မူ ခရီးအလှမ်း ဝေးနေသေးသည်။

ထို့နောက် စုယွီသည် သူ၏ ဝိညာဉ် ကို အရိပ်နီ ရုပ်သေး အတွင်းသို့ ပြန်လည် ထည့်သွင်း ပေါင်းစပ်၏။ အနက်ရောင် ဒေါသ စစ်သည်တော် မှာ ကိုယ်ပိုင် အသိစိတ် ပြန်လည် ရရှိသွားပြီ ဖြစ်ရာ... သူသည် အရိပ်နီ ရုပ်သေး ကိုသာ သူ၏ တာအို ရုပ်သေး အဖြစ် ပြန်လည် အသုံးပြုရတော့မည် ဖြစ်၏။

အရိပ်နီ ရုပ်သေး ၏ လက်ရှိ အဆင့်မှာ မူလဝိညာဉ် အဆင့် (၄) နှင့် တန်းတူညီမျှသည် အထိ တိုးတက်လာခဲ့ချေပြီ။

သိပ်တော့ မဆိုးလှပါဘူးလေ။

သို့သော် ရုပ်သေး ဝိညာဉ် မရှိပါက အရိပ်နီ ရုပ်သေး ၏ အဆင့်မှာ ဤနေရာတွင်သာ တစ်ဆို့နေတော့မည် ဖြစ်သည်။

စဉ်းစား ဆုံးဖြတ်ပြီးနောက်... စုယွီသည် ဤနှစ်များ အတွင်း သူ ဖော်စပ်ခဲ့သော တတိယအဆင့် ဆေးလုံး များကို အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ပို့ဆောင်ပေးရန် တာအို ရုပ်သေး ကို ညွှန်ကြား၏။ ထို့အပြင် ယခင်က သူ ဖန်တီးခဲ့သော ထိပ်တန်း အရည်အသွေးရှိ စတုတ္ထအဆင့် အဆင့်နိမ့် ‘အရိပ်ဓား’ ရုပ်သေးကိုပါ ပင်လယ်ပြင် နယ်မြေရှိ ဟွမ်လင်းကျွန်း သို့ ပြန်လည် သယ်ဆောင်သွားရန် တာအို ရုပ်သေး ကို အပ်နှံလိုက်တော့၏။

ထိုသို့ဆိုလျှင် တာအို ရုပ်သေး နှင့် အရိပ်ဓား ရုပ်သေး နှစ်ခု ပေါင်းစပ်လိုက်ပါက... မူလဝိညာဉ် အဆင့် (၄) နှင့် မူလဝိညာဉ် အဆင့် (၃) စွမ်းအားများ အသီးသီး ရှိနေကြရာ... ဟွမ်လင်းကျွန်း ကို ကာကွယ်ရန်မှာ ပြဿနာ မရှိနိုင်တော့ပါချေ။

အချိန်ကား တဖြည်းဖြည်း ကုန်လွန်သွားခဲ့၏။

လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော် ရှိ ဖန်ရှောင်၊ ကျန်ဟောင် နှင့် ချန်ချွမ်း တို့ကဲ့သို့သော အကြီးအကဲများ အတွက် စတုတ္ထအဆင့် အဆင့်နိမ့် ဆေးလုံး များကို ဖော်စပ် ပေးနေခဲ့ပြီး... တစ်ခါတစ်ရံတွင် ထိပ်တန်း အရည်အသွေးရှိ ဆေးလုံး များကိုပါ ပံ့ပိုးပေးနေခဲ့သည်။ ဤဆေးလုံးများ၏ အကူအညီဖြင့် စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ချေပြီ။

ဖန်ရှောင်၏ ကျင့်ကြံခြင်း နှုန်းမှာလည်း အနည်းငယ် မြန်ဆန်လာခဲ့သည်။

စုယွီ ရောက်ရှိလာပြီး ကိုးနှစ်မြောက် နှစ်တွင်... ဖန်ရှောင်သည် အင်မော်တယ် တပ်မတော်သား သုံးထောင်ကို ဦးဆောင်ကာ ဝိညာဉ်မဲ့ သင်္ချိုင်း ထဲသို့ အမဲလိုက် ထွက်ခဲ့ရာ... ယွီလုံ နန်းတော် ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော် မှ တာအိုသားတော် နှင့် ထပ်မံ ဆုံတွေ့ခဲ့ပြန်သည်။

အင်မော်တယ် တပ်မတော် နှင့် သူတို့၏ အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင် တစ်ထောင်ရှစ်ရာ တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်... နှစ်ဖက်စလုံးတွင် အသေအပျောက်များ ရှိခဲ့ကာ နောက်ဆုတ် သွားခဲ့ကြ၏။

သူတို့ ပြန်လည် ရောက်ရှိလာပြီးနောက်... ဖန်ရှောင်၊ စုယွီ၊ ဟွမ်ရှီထောင်၊ ကျန်ဟောင် နှင့် အခြားသော စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ အဓိက ပုဂ္ဂိုလ်များ အားလုံး စည်းဝေးပွဲ တစ်ခု ပြုလုပ်ခဲ့ကြသည်။

“ဒီတိုက်ပွဲမှာ ငါတို့ဘက်က လူအင်အား သာလွန်ခဲ့ပေမယ့်... တစ်ဖက်ရန်သူရဲ့ အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင် တွေက အရမ်းကို အစွမ်းထက်တယ်... တိုက်ပွဲ ပြီးသွားတော့ ငါတို့ဘက်က လူသုံးရာ နီးပါး သေဆုံးခဲ့ပြီး ငါးရာနီးပါး ဒဏ်ရာ ရခဲ့တယ်...”

“သူတို့ဘက်ကတော့ လူတစ်ရာလောက်ပဲ သေပြီး ဒဏ်ရာရတဲ့သူ သုံးရာတောင် မပြည့်လောက်ဘူး...”

“ဒီတိုက်ပွဲမှာ ငါတို့က သူတို့ကို ဆုတ်ခွာသွားအောင် လုပ်နိုင်ခဲ့တယ် လို့ ထင်ရပေမယ့်... တကယ်တမ်း ရှုံးသွားတာက ငါတို့ပဲ...”

ဟွမ်ရှီထောင် မှာ အံ့အားသင့်ခြင်း မရှိဘဲ ဆိုသည်။

“ယွီလုံ နန်းတော် ရဲ့ ဒုတိယမြောက် အင်မော်တယ် မြို့တော် က အရိုင်းနယ်မြေ ထဲမှာ တည်ထောင်ထားတာ နှစ်ပေါင်း နှစ်ထောင်တောင် ကျော်နေပြီ... သူတို့ဆီမှာ အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင် သုံးထောင် ခြောက်ရာ ရှိပြီး... အများစုက တတိယအဆင့် တိုက်ခိုက်ရေး စွမ်းအားတွေ ရှိကြတယ်... စတုတ္ထအဆင့် ရှိတဲ့သူတွေတောင် နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက် ရှိတယ်...”

“ငါတို့ စတုတ္ထမြောက် အင်မော်တယ် မြို့တော် က တည်ထောင်ထားတာ နှစ်တစ်ရာတောင် မပြည့်သေးဘူး... သူတို့လက်ထဲကနေ အသက်မသေဘဲ ပြန်ဆုတ်လာနိုင်တာကိုပဲ တော်တော်လေး အောင်မြင်တယ် လို့ ပြောလို့ရနေပြီ...”

ဤသည်မှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော် နှင့် ယွီလုံ နန်းတော် တို့ အကြား ပထမဆုံးအကြိမ် တိုက်ပွဲကြီး ဖြစ်ခဲ့သည်။

ဤတိုက်ပွဲက ဖန်ရှောင်အား အရိုင်းနယ်မြေ ကြီးထဲတွင် ရှင်သန်ရပ်တည်ပြီး စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ အုတ်မြစ်နှင့် အင်အားကို မြှင့်တင်ရခြင်းမှာ... ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေအတွင်းရှိ အင်အားစု အသေးစားလေး များကို အုပ်ချုပ်ရခြင်းနှင့် လုံးဝ မတူညီကြောင်း သတိပြုမိစေခဲ့၏။

မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ အုပ်ချုပ်မှု အောက်တွင် နေထိုင်ရခြင်းမှာ... အစပြုသူ အဆင့် လေ့ကျင့်ရေး သက်သက်မျှသာ ဖြစ်သည်။

သို့သော် အရိုင်းနယ်မြေ ကြီးထဲတွင်တော့... ၎င်းမှာ အစွမ်းထက်သူများ ကြီးထွားလာရန်အတွက် အစစ်အမှန် လမ်းကြောင်းကြီးပင် ဖြစ်တော့၏။

ဖန်ရှောင် အနေဖြင့် အသက်ရှူချောင်ရန် အချိန်ပင် မရလိုက်မီ... တစ်လကျော် ကြာပြီးနောက် စုယွီ၏ ဂူစံအိမ် အတွင်း၌ ကောင်းကင်မိုးကြိုး ကြွက်ဘုရင် မှာ ပထမဆုံး ထွက်ပေါ်လာပြီး စုယွီထံသို့ သတင်းပို့လာသည်။

“သခင်... ယွီလုံ နန်းတော် က အစောင့်အကြပ် နဂါးတပ်ဖွဲ့ တစ်ဖွဲ့... လူအင်အား နှစ်ထောင့်ငါးရာ ကျော်လောက်က အခု မေ့ကာ ရွှေ ဝိညာဉ် သတ္တုတွင်း ဆီကို ဦးတည် သွားနေပါတယ်...”

နောက်တစ်ခဏတွင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ၏ မျက်နှာ အမူအရာမှာ တစ်စုံတစ်ရာကို မြင်တွေ့လိုက်ရသည့်အလား အနည်းငယ် ပြောင်းလဲသွားပြီး ဆိုလာပြန်၏။

“ယွီလုံ နန်းတော် က လူတွေ ရောက်လာပြီ... သူတို့ .. ရွှေ ဝိညာဉ် သတ္တုတွင်း ကို တိုက်ခိုက်နေကြပြီ...”

ကောင်းကင်မိုးကြိုး ကြွက်ဘုရင် ၏ နတ်ဘုရား စွမ်းအားများ အောက်တွင်... ၎င်းသည် သွေးမျိုးဆက် အားကောင်းသော ၎င်း၏ မျိုးဆက်များ၏ အမြင်အာရုံကို မျှဝေ အသုံးပြုကာ လှမ်းကြည့်နိုင်စွမ်း ရှိသည်။

သိပ်သည်းလှသော တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ဧရာမ တောင်တန်းကြီး တစ်ခု၏ အထက်မှ... စစ်သင်္ဘောကြီး နှစ်စီး ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။

နောက်တစ်ခဏတွင်..

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော အစောင့်အကြပ် နဂါးတပ်ဖွဲ့ နှစ်ဖွဲ့မှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကြ၏။ သူတို့၏ ကြမ်းကြုတ် ရက်စက်လှသော အရှိန်အဝါများမှာ လှိုင်းလုံးကြီးများအလား စုစည်းသွားကာ တိမ်တိုက်များ ကြားတွင် သွေးနဂါးကြီး နှစ်ကောင် အသွင် ပုံဖော် ဖြစ်တည်လာတော့၏။ သူတို့၏ ဟိန်းဟောက်သံများမှာ ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး နားအူမတတ် ဆူညံသွားသည်။

“သတ်ကြ...”

စစ်သင်္ဘောပေါ်မှ အဖြူရောင် ဝတ်စုံရှင် တစ်ဦး ထွက်ပေါ်လာပြီး ရှေ့မှ ဦးဆောင်ကာ... သူ၏ လက်ထဲတွင် နက်ပြာရောင် မှော်ဓား တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူသည် အစောင့်အကြပ် နဂါးတပ်ဖွဲ့ နှစ်ဖွဲ့၏ အရှိန်အဝါနှင့် စွမ်းအားများကို တစ်ကိုယ်တည်း ပေါင်းစပ် အသုံးပြုကာ... သတ္တုတွင်းကို ကာကွယ်ထားသော အခင်းအကျင်း အတားအဆီး ဆီသို့ ဓားဖြင့် တစ်ချက်တည်း ပိုင်းချလိုက်တော့၏။

တစ်ချက်တည်းသော ဓားချက်ဖြင့်ပင်... မူလဝိညာဉ် အဆင့်နှောင်းပိုင်း ကျင့်ကြံသူ တစ်ဦးကိုပင် တားဆီးနိုင်စွမ်း ရှိသော ကာကွယ်ရေး အခင်းအကျင်း အတားအဆီးမှာ ရုတ်ချည်း ပြင်းထန်စွာ တုန်ခါသွားပြီး ၎င်း၏ ခံနိုင်ရည် အတိုင်းအတာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

“ဝုန်း...”

ယွီလုံ နန်းတော် မှ တာအိုသားတော် ၏ တိုက်ခိုက်မှုနှင့်... အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင် များ၏ အကူအညီဖြင့်... နာရီဝက်ပင် မပြည့်မီ အချိန်အတွင်း သတ္တုတွင်း၏ ကာကွယ်ရေး အခင်းအကျင်းမှာ ချိုးဖျက်ခြင်း ခံလိုက်ရသည်။ သတ္တုတွင်းကို စောင့်ကြပ်နေသော မူလဝိညာဉ် အဆင့် (၃) အရှင်သခင် အကြီးအကဲ နှင့်အတူ... အင်မော်တယ် တပ်မတော်သား နှစ်ရာစလုံးမှာ ယွီလုံ နန်းတော် ၏ လက်ချက်ဖြင့် မျိုးဖြုတ်ခံလိုက်ရတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက်... မြေအောက်တွင် ပုန်းအောင်းနေသော ကောင်းကင်မိုးကြိုး ကြွက်အုပ်ကြီးမှာ ချက်ချင်း ထွက်ပြေးသွားကြပြီး... ရှာဖွေ တွေ့ရှိကာ သတ်ဖြတ် မခံရစေရန် အဝေးမှသာ ဆက်လက် စောင့်ကြည့်နေခဲ့ကြသည်။

သတ္တုတွင်း တိုက်ခိုက်ခံရသည့် သတင်းမှာ စတုတ္ထမြောက် အင်မော်တယ် မြို့တော် ရှိ ဖန်ရှောင်၊ ဟွမ်ရှီထောင် နှင့် အခြားသူများ ထံသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ သတ္တုတွင်းကို စောင့်ကြပ်နေသော အကြီးအကဲ က ယွီလုံ နန်းတော် စတင် တိုက်ခိုက်ချိန်တွင် ဆက်သွယ်ရေး တံဆိပ်ပြားကို အသုံးပြု၍ သတင်းပို့ထားခဲ့ခြင်း ဖြစ်ပေတော့သတည်း။

All Chapters