← Chapters

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း ၆၄၉

Vol. 44 Ch. 649

အခန်း (၆၄၉) - ကြယ်ခူး မျှော်စင်သခင်၏ ကျဆုံးခြင်း အပိုင်း (၂)

စတုတ္ထမြောက် အင်မော်တယ် မြို့တော်၏ ခန်းမဆောင်ကြီး အတွင်း...။ စုယွီ၊ ဖန်ရှောင်၊ ဟွမ်ရှီထောင် နှင့် အခြားသော အဓိက ပုဂ္ဂိုလ်များ အားလုံး ထပ်မံ စုဝေးခဲ့ကြပြန်သည်။

မေ့ကာ ရွှေ ဝိညာဉ် သတ္တု ဆိုသည်မှာ ပေါ့ပါးခြင်းနှင့် မာကျောခြင်း စသည့် ထူးခြားသော ဂုဏ်သတ္တိများ ပါရှိသည့် စတုတ္ထအဆင့် ဝိညာဉ် သတ္တုရိုင်း တစ်မျိုး ဖြစ်သည်။ ၎င်းသည် ထိပ်တန်း မှော်ရတနာများနှင့် အကာအကွယ် ချပ်ဝတ်များ ဖန်တီးရာတွင် အသုံးပြုလေ့ ရှိသော အလွန် အဖိုးတန်သည့် ဝိညာဉ် သတ္တုရိုင်း အရင်းအမြစ် တစ်ခု ဖြစ်၏။

ယခု ယွီလုံ နန်းတော် က သိမ်းပိုက်လိုက်သော သတ္တုတွင်းမှာ... စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ ထိန်းချုပ်မှု အောက်ရှိ အရင်းအမြစ် နယ်မြေ ဒါဇင်ပေါင်းများစွာ အနက်မှ... စတုတ္ထအဆင့် အရင်းအမြစ် နေရာ သုံးခုတည်းမှ တစ်ခုတည်း။

ဘယ်ဘက်အစွန်ဆုံး နေရာတွင် ထိုင်နေသော ဟွမ်ရှီထောင် က မျက်မှောင်ကြုတ်ကာ ဆိုသည်။

“ယွီလုံ နန်းတော် ဘက်က ဒီ မေ့ကာ ရွှေ ဝိညာဉ် သတ္တုတွင်း ကို တမင်သက်သက် ပစ်မှတ်ထားပြီး ဝင်စီးလိုက်တဲ့ လုပ်ရပ်ကို ကြည့်ရင်... သူတို့က ဒီလောက်နဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘဲ ဆက်ပြီး ရန်စ လာနိုင်သေးတယ် ဆိုတာကို ပြနေတယ်...”

အကယ်၍ စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ အောက်ရှိ အရင်းအမြစ် နေရာများ အားလုံးကိုသာ ယွီလုံ နန်းတော် က တကယ်ပဲ သိမ်းပိုက်သွားမည် ဆိုပါက... စတုတ္ထမြောက် အင်မော်တယ် မြို့တော် မှာ အနှစ်သာရ အားဖြင့် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကာ... နောက်ဆုတ်သွားရုံမှ လွဲ၍ အခြား ရွေးချယ်စရာ လမ်းကြောင်း ရှိတော့မည် မဟုတ်ပါချေ။

သို့သော် ဤအခြေအနေမျိုးတွင် သူတို့ အနေဖြင့် လုံးဝ နောက်ဆုတ်ခွင့် မရှိပါချေ။

မဟုတ်ပါက တာအိုသမီးတော် ဖြစ်သော ဖန်ရှောင် အနေဖြင့် အချိန်အတော်ကြာသည် အထိ အင်မော်တယ် နန်းတော် ၏ ဆက်ခံသူ အဖြစ် ပြန်လည် ရပ်တည်နိုင်မည့် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

အကြီးအကဲ ကျန်ဟောင် က လေအေးတစ်ချက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆို၏။

“ငါတို့ တခြား အင်မော်တယ် မြို့တော် တွေဆီက အကူအညီ တောင်းသင့်လား... တတိယမြောက် အင်မော်တယ် မြို့တော် ကပဲ ဖြစ်ဖြစ်... သူတို့သာ ကူညီပေးမယ် ဆိုရင် ယွီလုံ နန်းတော် ရဲ့ ဒုတိယမြောက် မြို့တော် လည်း ဒီလောက်ထိ မောက်မာရဲမှာ မဟုတ်ဘူး...”

အကြီးအကဲ ချန်ချွမ်း ကလည်း ဖန်ရှောင်ကို ဂရုတစိုက် လှမ်းကြည့်လိုက်ပြီး ထောက်ခံလိုက်၏။

“ဒီလိုလုပ်ဖို့ လိုအပ်တယ်လို့ ငါလည်း ထင်တယ်... အကယ်လို့ ယွီလုံ နန်းတော် ကို ဆက်ပြီး ဒီအတိုင်း လွှတ်ထားမယ် ဆိုရင်... ငါတို့ရဲ့ ဆုံးရှုံးမှုတွေက ပိုပြီး ကြီးမားလာလိမ့်မယ်...”

စုယွီကလည်း သဘောတူ၏။

“ကျွန်တော်တို့က မျိုးဆက်သစ်တွေလေ... ပထမ မြို့တော်၊ ဒုတိယ မြို့တော် နဲ့ တတိယ မြို့တော် တွေက ကျွန်တော်တို့ရဲ့ လူကြီးတွေပဲ... အခု ကျွန်တော်တို့က အနိုင်ကျင့် ခံနေရတာ ဆိုတော့ လူကြီးတွေဆီက အကူအညီ တောင်းတာ သဘာဝ ကျပါတယ်... ဒါက ကိုယ်ကျင့်တရား အရလည်း မှန်ကန်ပါတယ်...”

ဟွမ်ရှီထောင် နှင့် အခြားသော မူလဝိညာဉ် အဆင့် အကြီးအကဲ များကလည်း ဤအဆိုပြုချက်ကို သဘောတူ လက်ခံလိုက်ကြသည်။

ဖန်ရှောင် ကလည်း လူအများ၏ အမြင်များကို သဘောတူ လိုက်လျော၏။

သို့သော် ကျန်ဟောင် နှင့် ချန်ချွမ်း တို့ အကူအညီ တောင်းခံရန် ထွက်ခွာသွားပြီးနောက်... ဖန်ရှောင်က စုယွီအား မေးလိုက်၏။

“ဦးလေးငယ်... ဒီလို အကူအညီ တောင်းတာက သူတစ်ပါး အောက်ကို ခေါင်းငုံ့ ဝင်ရတာနဲ့ အတူတူပဲလို့ မထင်ဘူးလား...”

ထိုစကားကို ကြားသောအခါ စုယွီက လှောင်ပြုံး တစ်ချက် ပြုံးလိုက်ပြီး ဆိုသည်။

“လူတစ်ယောက် အားနည်းနေတဲ့ အချိန်မှာ... ကိုယ့်ကိုယ်ကိုယ် ပိုပြီး အစွမ်းထက်လာအောင် လုပ်ဖို့အတွက်... ကိုယ့်မိသားစုရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုတွေ အပါအဝင် ရနိုင်သမျှ အရင်းအမြစ်တွေ အားလုံးကို အသုံးချဖို့ သင်ယူရမယ်...”

“ခေါင်းငုံ့ ဝင်ရတယ် ဟုတ်လား... မင်း အားနည်းနေတဲ့ အချိန်မှာ မင်းရဲ့ အဲဒီ မာန ဆိုတဲ့ အရာကို လွှင့်ပစ်လိုက်သင့်တယ်...”

“မင်း မှတ်ထားရမယ့် တစ်ခုတည်းသော ယုံကြည်ချက်က ပိုပြီး အစွမ်းထက်လာဖို့ပဲ...”

“မင်း တကယ်ပဲ အစွမ်းထက်လာတဲ့ တစ်နေ့ကျရင်... မင်း လိုချင်တာ မှန်သမျှ အကုန် ရလာလိမ့်မယ်... ဒါပေမဲ့ အခုလို အားနည်းနေသေးတဲ့ အချိန်မှာတော့ အရမ်းကြီး ဇာတ်နာ မနေစမ်းပါနဲ့...”

“မင်း လုပ်ရမယ့် အလုပ်က အသက်ရှင် ကျန်ရစ်အောင် ကြိုးစားပြီး... ပိုပြီး အစွမ်းထက်လာအောင် လုပ်ဖို့ပဲ...”

အကြီးအကဲ ဟွမ်ရှီထောင် ခန့်မှန်းထားသည့် အတိုင်းပင်... ယွီလုံ နန်းတော် ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော် မှ တာအိုသားတော် သည်... မေ့ကာ ရွှေ ဝိညာဉ် သတ္တုတွင်း ကို သိမ်းပိုက်ပြီးနောက် သူ၏ ထိုးစစ်များကို ရပ်တန့်မသွားခဲ့ပါချေ။

သူတို့သည် စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ ထိန်းချုပ်မှု အောက်ရှိ စတုတ္ထအဆင့် မဟာဗျူဟာမြောက် အရင်းအမြစ် နေရာ သုံးခုစလုံးကို တိုက်ရိုက် သိမ်းပိုက်လိုက်ကြပြီး... ယခုအခါ စတုတ္ထမြောက် အင်မော်တယ် မြို့တော် နှင့် မိုင်တစ်သောင်းပင် မကွာဝေးတော့သော နေရာသို့ ရောက်ရှိနေကြချေပြီ။

သို့သော် နှစ်နှစ်ကျော် ကြာပြီးနောက်... အကူအညီ တောင်းခံရန် ထွက်ခွာသွားသော အကြီးအကဲ ကျန်ဟောင် နှင့် ချန်ချွမ်း တို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူတို့သည် ပထမ၊ ဒုတိယ နှင့် တတိယမြောက် အင်မော်တယ် မြို့တော် အသီးသီးမှ မြေကမ္ဘာအင်မော်တယ် တပ်မတော်သား တစ်ထောင်စီ... စုစုပေါင်း သုံးထောင် နှင့်အတူ... မူလဝိညာဉ် အဆင့် အရှင်သခင် အကြီးအကဲ ဆယ့်ငါးပါး ကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။ တပ်မတော်သား အားလုံးမှာ တတိယအဆင့် တိုက်ခိုက်ရေး စွမ်းအား ရှိသူများချည်း ဖြစ်ကြ၏။

ထိုနေ့တွင်ပင်...ဖန်ရှောင်သည် စတုတ္ထမြောက် အင်မော်တယ် မြို့တော် ၏ အင်မော်တယ် တပ်မတော် တစ်ခုလုံး... စုစုပေါင်း လူအင်အား ခြောက်ထောင် ကို ဦးဆောင်ကာ အပြည့်အဝ ထိုးစစ်ဆင်ရန် ထွက်ခွာလာခဲ့တော့သည်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော် မှ စစ်ကူများ ရောက်ရှိလာကြောင်း သတင်း ကြားသည်နှင့် တစ်ပြိုင်နက်... ယွီလုံ နန်းတော် မှ လူများမှာ ဖန်ရှောင် တို့ တပ်မတော် မရောက်လာမီ ကတည်းက... သူတို့ သိမ်းပိုက်ထားသော အရင်းအမြစ် နေရာများမှ ချက်ချင်း ဆုတ်ခွာသွားခဲ့ကြသည်။

သို့သော် ဖန်ရှောင် အနေဖြင့် ဤမျှနှင့် ရပ်တန့်သွားမည့်ပုံ မပေါ်ပါချေ။ သူမသည် လူခြောက်ထောင် ပါဝင်သော အင်မော်တယ် တပ်မတော် ကို ဦးဆောင်ကာ... ယွီလုံ နန်းတော် ၏ ဒုတိယမြောက် အင်မော်တယ် မြို့တော် နယ်မြေ အတွင်းသို့ တိုက်ရိုက် ချီတက်သွားခဲ့တော့၏။

ဤတိုက်ပွဲကြီးမှာ တစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရသည်။

မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ တပ်မတော် သည်... ယွီလုံ နန်းတော် ဒုတိယမြောက် မြို့တော် ၏ အစွန်အဖျား နယ်မြေ အထိ တိုက်ခိုက် ဝင်ရောက်သွားခဲ့ပြီး... သူတို့၏ အရင်းအမြစ် နေရာ နှစ်ဆယ်ကျော် ကို ဖျက်ဆီးကာ... ယွီလုံ နန်းတော် ၏ အစောင့်အကြပ် နဂါးတပ်ဖွဲ့ဝင် တစ်ထောင် နီးပါး ကိုပါ သတ်ဖြတ်ပစ်ခဲ့ကြသည်။

သူတို့၏ ဆုံးရှုံးမှုများ အားလုံးအတွက် လုံလောက်သော လက်စားချေမှုများ ပြုလုပ်ပြီးနောက်... ယွီလုံ နန်းတော် ၏ အခြားသော အင်မော်တယ် မြို့တော် များမှ စစ်ကူများ မရောက်လာမီ အချိန်လေး အတွင်းမှာပင် ချက်ချင်း ပြန်လည် ဆုတ်ခွာသွားခဲ့ကြတော့သည်။

ဤတိုက်ပွဲ အပြီးတွင် မြေကမ္ဘာအင်မော်တယ် နန်းတော် နှင့် ယွီလုံ နန်းတော် နှစ်ဖက်စလုံးမှာ ကြီးမားသော ဂယက်ရိုက်ခတ်မှုများနှင့် ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ကြရသည်။

အရိုင်းနယ်မြေ အတွင်းရှိ မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ အင်အားနှင့် အုတ်မြစ် အရ... သူတို့သည် ယွီလုံ နန်းတော် ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။ အကယ်၍ ယွီလုံ နန်းတော် ကသာ စစ်ပွဲ ဆင်နွှဲလိုပါက... မြေကမ္ဘာအင်မော်တယ် နန်းတော် အနေဖြင့် လုံးဝ နောက်တွန့်နေမည် မဟုတ်ဘဲ ထိပ်တိုက် ရင်ဆိုင်ရန် အသင့် ရှိနေ၏။

ဤကိစ္စများ အားလုံးတွင် စုယွီ ဝင်ရောက် စွက်ဖက်ရန် ၊ လှုပ်ရှားရန် လုံးဝ မလိုအပ်ခဲ့ပါချေ။

ဖန်ရှောင်၏ အကြီးမားဆုံး အားထားရာမှာ အမြဲတစေ.. မြေကမ္ဘာအင်မော်တယ် နန်းတော် သာ ဖြစ်ပြီး... သူ့ကို အားကိုးနေခြင်း မဟုတ်ပါချေ။ သူမ၏ ခိုင်မာသော ကျောထောက်နောက်ခံ မှာလည်း မြေကမ္ဘာအင်မော်တယ် နန်းတော် ပင် ဖြစ်တော့၏။

‘စတုတ္ထမြောက် အင်မော်တယ် မြို့တော် သို့ လာရောက်ရခြင်းမှာ... ငါးသေတစ်ကောင် လို ငြိမ်ငြိမ်လေး နေဖို့ပဲလေ…’

သူ၏ အဓိက တာဝန်များမှာ တည်ငြိမ်စွာ ကျင့်ကြံခြင်း၊ သူ၏ ဆေးဖော်စပ်ခြင်း ပညာ၊ အခင်းအကျင်း ပညာ၊ အဆောင်လက်ဖွဲ့ ပညာ စသည်တို့ကို အဆင့်မြှင့်တင်ခြင်းနှင့်... သူ၏ ကိုယ်ပိုင် စွမ်းအားများကို တဖြည်းဖြည်း တိုးတက်အောင် ပြုလုပ်ခြင်းတို့သာ ဖြစ်သည်။

စတုတ္ထမြောက် အင်မော်တယ် မြို့တော် သို့ ရောက်ရှိပြီး ဆယ့်ငါးနှစ်မြောက် နှစ်တွင်...။

မှော်ရတနာ နန်းတော် အတွင်းရှိ အနက်ရောင် ဒေါသ စစ်သည်တော် ၏ အသိစိတ်မှာ ထပ်မံ နိုးထလာခဲ့ပြီး... ယခုအခါ ရုပ်သေး ဝိညာဉ် နှင့် အပြည့်အဝ ပေါင်းစပ်သွားခဲ့ချေပြီ။ သို့သော် ရုပ်သေး ၏ အဆင့်မှာ အလွန် နိမ့်ကျနေဆဲ ဖြစ်ပြီး... မူလဝိညာဉ် အဆင့် (၅) နှင့် တန်းတူမျှသာ ရှိသေး၏။

လောလောဆယ်တွင် အနက်ရောင် ဒေါသ စစ်သည်တော် ထုတ်ဖော် အသုံးပြုနိုင်သော တိုက်ခိုက်ရေး စွမ်းအားများမှာ... ဝိညာဉ်ကျောက်တုံး များကို ဝါးမြိုကာ ၎င်း၏ အမြုတေ ကို အားဖြည့်ပေးခြင်း အပေါ်တွင်သာ မှီခိုနေရဆဲ ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး များ ရှိနေသရွေ့ အနက်ရောင် ဒေါသ စစ်သည်တော် သည် ၎င်း၏ တိုက်ခိုက်ရေး စွမ်းအားများကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် အနက်ရောင် ဒေါသ စစ်သည်တော် ၏ အသိစိတ် ပြန်လည် ရရှိလာပြီး ရုပ်သေး ဝိညာဉ် ကို အပြည့်အဝ ထိန်းချုပ်နိုင်လာသောအခါ... အနက်ရောင် ဒေါသ စစ်သည်တော် ၏ စွမ်းအင် စားသုံးမှု နှုန်းမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။ ယခုအခါ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ရှိရုံဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်အနည်းငယ် ကြာအောင် ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။

သေချာသည်ပေါ့... တိုက်ပွဲဝင်ရသည့် အချိန်များတော့ ကင်းလွတ်ခွင့် ပေးရမည် ဖြစ်၏။

မဟုတ်ပါက စုယွီ ကိုယ်တိုင်ပင် ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားရှိသည့် ရုပ်သေး တစ်ခုကို ဆက်လက် ထောက်ပံ့ရန် အခက်အခဲ ရှိလာနိုင်သည်။

တစ်နှစ်ခန့် ကြာပြီးနောက်…

စုယွီသည် စတုတ္ထမြောက် အင်မော်တယ် မြို့တော် မှ ထွက်ခွာလာခဲ့ပြီး... ပထမ မြို့တော် ရှိ နေရာရွှေ့ပြောင်း အခင်းအကျင်း မှတစ်ဆင့် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် ပိုင်ဟွာဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ အတွင်းရှိ ယွီခယ်အာ နှင့် မာထျန်းလင် တို့၏ အခြေအနေကို သွားရောက် စစ်ဆေးရန်နှင့်... ပိုင်ဟွာဂိုဏ်း အပေါ် သူ၏ ထိန်းချုပ်မှုများ လျော့ရဲသွားခြင်း ရှိမရှိ စုံစမ်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် သူ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိချိန်တွင်... မြို့တော် တစ်ခုလုံး၌ သတင်းကြီး တစ်ခု ပျံ့နှံ့နေခဲ့ချေပြီ။

ထိုသတင်းကို ကြားလိုက်ရချိန်တွင် စုယွီ၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။

“ကြယ်ခူး မျှော်စင်သခင် က ကျဆုံးသွားပြီ ဟုတ်လား...”

ကြယ်ခူး မျှော်စင်သခင် ကျဆုံးသွားခဲ့ပြီး... ကြယ်ခူး မျှော်စင် မှာလည်း ကြီးမားလှသော အပြောင်းအလဲကြီး တစ်ခုကို ကြုံတွေ့ခဲ့ရလေပြီ။

ကြယ်ခူး ဘိုးဘေးကြီး မှာ ရန်သူများ၏ ဝိုင်းရံမှုများ ကြားမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီးနောက် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့၏။ တာအိုသားတော် မာရှီချင်း လည်း ပျောက်ဆုံးနေခဲ့ချေပြီ။

ယခုအခါတွင်မူ...ယခင် ကြယ်ခူး မျှော်စင် ၏ ပထမ အကြီးအကဲ မှာ မျှော်စင်သခင် အသစ် ဖြစ်လာခဲ့သည်။ သို့သော် ကြယ်ခူး မျှော်စင် မှာ အရင်လို လွတ်လပ်သော အင်အားစု တစ်ခု မဟုတ်တော့ပါချေ။ သူတို့သည် လညွှန် နန်းတော် ထံသို့ ခေါင်းငုံ့ အညံ့ခံခဲ့ပြီး... လညွှန် နန်းတော်၏ လက်အောက်ခံ အင်အားစု တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ဤသတင်းကို ကြားရသောအခါ စုယွီသည် မျက်မှောင် တင်းတင်း ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေမိသည်။ ထို့နောက် သူသည် မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ အကြီးအကဲ တစ်ဦး ဖြစ်သော ခြောက်မြီး မြေခွေး အရှင်သခင် ထံသို့ သွားရောက်ကာ... မာရှီချင်း ပျောက်ဆုံးနေမှုနှင့် ကြယ်ခူး မျှော်စင် ၏ အခြေအနေများကို စုံစမ်း မေးမြန်းရန် ဆုံးဖြတ်လိုက်တော့၏။

သို့သော် မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ သတင်း ကွန်ရက် တွင်လည်း မာရှီချင်း သို့မဟုတ် ကြယ်ခူး ဘိုးဘေးကြီး တို့၏ တည်နေရာနှင့် ပတ်သက်၍ မည်သည့် သတင်း အချက်အလက်မျှ မရှိပါချေ။

ထို့နောက် စုယွီသည် ကောင်းကင်သိုင်းကျမ်း မျှော်စင် သို့ သွားရောက် ရှာဖွေခဲ့သော်ငြား... မာရှီချင်း နှင့် ကြယ်ခူး ဘိုးဘေးကြီး တို့ကို ထိုနေရာတွင်လည်း မတွေ့ရှိခဲ့ရပေ။

ရှာဖွေမှုများ အားလုံး အချည်းနှီး ဖြစ်သွားပြီးနောက်... စုယွီ အနေဖြင့် ပိုင်ဟွာဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ သို့ အရင်ဆုံး သွားရောက်ရန်မှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။

စုယွီ… ပိုင်ဟွာဂိုဏ်း ၏ လျှို့ဝှက်နယ်မြေ သို့ ရောက်ရှိချိန်တွင်... ပြင်းထန်သော ဒဏ်ရာများ ရရှိကာ သတိလစ် မေ့မြောနေသော မာရှီချင်း နှင့်... သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသဖြင့် ခန္ဓာကိုယ် တဖြည်းဖြည်း ဆွေးမြည့် ယိုယွင်းနေသော ကြယ်ခူး ဘိုးဘေးကြီး တို့ကို ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရတော့သည်။

ပိုင်ဟွာဂိုဏ်း လျှို့ဝှက်နယ်မြေ အတွင်းရှိ... ပန်းပေါင်းစုံ အင်မော်တယ် နန်းတော် အတွင်း၌...။

စုယွီ၊ ကြယ်ခူး ဘိုးဘေးကြီး၊ ယွီခယ်အာ နှင့် မာထျန်းလင် တို့ လေးဦးသားမှာ... ကျောက်စိမ်း ကုတင်ပေါ်တွင် ညအိပ်ရာ ဝင်ချိန် တစ်ညတည်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ဖြစ်နေပြီး သတိလစ် မေ့မြောနေသော မာရှီချင်း ကို ဝိုင်းကြည့်နေကြသည်။

ကြယ်ခူး ဘိုးဘေးကြီး ၏ မျက်ဝန်းများတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လွင်နေပြီး... သူသည် သွားကို တင်းတင်းကြိတ်ကာ ဆိုလာသည်။

“ကြယ်ခူး မျှော်စင် မှာ သစ္စာဖောက် တစ်ယောက် ရှိနေခဲ့တယ်... သူတို့က ရှီချင်း ကို ကြယ်ခူး မျှော်စင် ရဲ့ သခင်အသစ် ဖြစ်လာမှာကို လုံးဝ မလိုလားခဲ့ကြဘူး...”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ် က ငါ ရာထူး လွှဲပြောင်းပေးဖို့ ပြင်ဆင်နေတုန်း... သူတို့က ရုတ်တရက် ဝင်တိုက်ခိုက်ကြတယ်... ဝိညာဉ်ခွဲထွက်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးယောက် စလုံး ကြယ်ခူး မျှော်စင် ထဲကို ဝင်ရောက် စီးနင်းခဲ့ကြတာ...”

“အကယ်လို့ ရှီချင်း ရဲ့ ဆရာ သာ သူတို့ကို အသက်စွန့်ပြီး ခဏလောက် တားဆီး မထားပေးခဲ့ရင်... ငါ ကိုယ်တိုင်တောင် ရှီချင်း ကို ခေါ်ပြီး ဒီနေရာမှာ လာပုန်းနေနိုင်မှာ မဟုတ်ဘူး...”

စုယွီသည် အတန်ကြာ တွေးတောနေပြီးနောက် မေး၏။

“အင်မော်တယ်တစ်သောင်း နန်းတော် ကရော ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတာလားဗျ...”

ကြယ်ခူး ဘိုးဘေးကြီး က ခေါင်းညိတ်ပြလိုက်၏။

“သူတို့အထဲက နှစ်ယောက်က အင်မော်တယ်တစ်သောင်း နန်းတော် က ဝိညာဉ်ခွဲထွက်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး တွေပဲ...”

ထိုစကားကို ကြားသောအခါ စုယွီမှာ ခေါင်းကိုက်သွားရသည်။ အကယ်၍ အင်မော်တယ်တစ်သောင်း နန်းတော် နှင့် လညွှန် နန်းတော် မှ လူများသာ ကြယ်ခူး ဘိုးဘေးကြီး နှင့် မာရှီချင်း တို့ ဤနေရာတွင် ပုန်းအောင်းနေကြောင်း သိရှိသွားမည် ဆိုပါက...။

သူသည် သတိလစ် မေ့မြောနေသော မာရှီချင်း ကို ကြည့်ကာ မေး၏။

“ညီအစ်ကို မာ က ဘယ်လို ဒဏ်ရာမျိုး ရသွားတာလဲ ခင်ဗျာ...”

ကြယ်ခူး ဘိုးဘေးကြီး က ပြန်ဖြေသည်။

“ဝိညာဉ် ထိခိုက်သွားတာရယ်... သက်တမ်း အများကြီး လျော့ကျသွားတာရယ် ပါပဲ... သူက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းနိုင်တဲ့ အစွမ်းရှိတဲ့ ဧရာမ အခင်းအကျင်း ကြီးတစ်ခုကို အတင်းအကျပ် အသက်သွင်းခဲ့တာ... အဲဒီလို လုပ်လိုက်လို့သာ ငါတို့ နှစ်ယောက်စလုံး ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့ပြီး အင်မော်တယ်တစ်သောင်း နန်းတော် က လူတွေ မသိအောင် ဒီမှာ လာပုန်းနေနိုင်ခဲ့တာ...”

‘ဒီဒဏ်ရာတွေက သိပ်ပြီး မပြင်းထန်လှပါဘူးလေ…’

စုယွီသည် ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည် တစ်စက်ကို ထုတ်ယူကာ မာရှီချင်း ၏ ပါးစပ်အတွင်းသို့ ထည့်သွင်း ပေးလိုက်ပြီး ၎င်းကို သန့်စင် စုပ်ယူနိုင်ရန် ကူညီပေး၏။ ထို့နောက် ဤကာလ အတွင်း သူ စုဆောင်းထားသော ပဉ္စမအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အချို့ကို ထုတ်ယူကာ ကြယ်ခူး ဘိုးဘေးကြီး ထံသို့ ပေးအပ်လိုက်ပြီး... ၎င်း၏ ခန္ဓာကိုယ်နှင့် သက်တမ်းကို တည်ငြိမ်အောင် ပြုလုပ်ရန် အသုံးပြုစေခဲ့တော့၏။

နှစ်လကျော် ကြာပြီးနောက်...မာရှီချင်း သည် နောက်ဆုံးတွင် သတိပြန်လည် လာခဲ့ချေပြီ။ ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည် သုံးစက်နှင့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အမြောက်အမြားကို သန့်စင် စုပ်ယူပြီးနောက်... သူ၏ ဒဏ်ရာများမှာ အပြည့်အဝ သက်သာ ပျောက်ကင်းသွားခဲ့သည်။

သို့သော် သက်တမ်း ပိုင်းတွင်မူ... ဤတစ်ကြိမ်တွင် သူသည် အနှစ် တစ်ရာကျော်မျှ ဆုံးရှုံးသွားခဲ့ရချေပြီ။

မာရှီချင်း သတိရလာသည်ကို မြင်သောအခါ... ကြယ်ခူး ဘိုးဘေးကြီး သည် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်သားစွာ ချမှတ်လိုက်ပုံ ရသည်။ သူသည် စုယွီကို ကြည့်ကာ ဆိုလာသည်။

“ကျေးဇူးပြုပြီး ငါ့ကို မြေကမ္ဘာအင်မော်တယ် နန်းတော် ဆီ လိုက်ပို့ပေးပါ... ငါ မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ စံအိမ်တော် သခင်ကြီး နဲ့ တွေ့ချင်တယ်…”

All Chapters