အခန်း ၆၅၀
Vol. 44 Ch. 650
အခန်း (၆၅၀) တာ့ယွဲ့ နန်းတော်၏ အရေးအခင်းနှင့် စုယွီ၏ ဒေါသတရား အပိုင်း (၁)
ကြယ်ခူး မျှော်စင်သည် လညွှန် နန်းတော်နှင့် အင်မော်တယ်တစ်သောင်း နန်းတော်တို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သော်ငြား အရေးအကြီးဆုံးသော အမွေအနှစ်နှင့် ရတနာများမှာ ကြယ်ခူး ဘိုးဘေးကြီး၏ လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ထိုအင်အားစု နှစ်ခုစလုံးက ကြယ်ခူး ဘိုးဘေးကြီးအား အသက်ရှင်လျက် ထွက်ပြေးခွင့် ပြုမည်မဟုတ်သည်မှာ သေချာလှသည်။ မည်သည့် တန်ဖိုးကို ပေးဆပ်ရပါစေ သူတို့သည် ဘိုးဘေးကြီးကို အမိအရ ရှာဖွေကြမည်သာ ဖြစ်တော့၏။ ဤအမွေအနှစ်များကို ကာကွယ် စောင့်ရှောက်ရန်အတွက် ကြယ်ခူး ဘိုးဘေးကြီး အနေဖြင့် တူညီသော အင်မော်တယ်ဂိုဏ်းတော် အဆင့်ရှိသည့် မြေကမ္ဘာအင်မော်တယ် နန်းတော်ကို ရွေးချယ် အားထားရန်မှလွဲ၍ အခြား ရွေးချယ်စရာ လမ်းကြောင်း မရှိတော့ပါချေ။ သူနှင့် မာရှီချင်းတို့ကို ခိုလှုံခွင့် ပေးကာ ကြယ်ခူး မျှော်စင်၏ မျိုးစေ့နှင့် အမွေအနှစ်များကို လုံခြုံစွာ ကာကွယ်ပေးနိုင်ရန် သူ မျှော်လင့်နေခဲ့သည်။
ကြယ်ခူး ဘိုးဘေးကြီးက စုယွီကို ကြည့်ကာ ဆိုလာသည်။
"ငါတို့ ကြယ်ခူး မျှော်စင်မှာ ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီးတွေရဲ့ လျှို့ဝှက် အမွေအနှစ် သုံးခု ရှိတယ်... အဲဒီအထဲက အရေးအကြီးဆုံး တစ်ခုကတော့ ရှေးဟောင်း ခေတ်ကာလကတည်းက လက်ဆင့်ကမ်း လာခဲ့တဲ့ ထိပ်တန်း ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီး တစ်ဦးရဲ့ အမွေအနှစ်ပဲ"
"အဲဒီ အမွေအနှစ်နဲ့ တွဲဖက် အသုံးပြုရမယ့် အရာကတော့ လညွှန် နန်းတော်ရဲ့ အခင်းအကျင်း တာအို အမွေအနှစ်ပဲ... အဲဒီ နှစ်ခုကိုသာ ပေါင်းစပ်လိုက်နိုင်ရင် ရှေးဟောင်း ခေတ်ကာလက ဆဋ္ဌမအဆင့် အခင်းအကျင်း ပညာရှင်ကြီး တစ်ဦးရဲ့ ပြီးပြည့်စုံတဲ့ အမွေအနှစ်ကို ရရှိနိုင်လိမ့်မယ်"
"ဒီအမွေအနှစ်တွေ အားလုံးက အခု ငါ့လက်ထဲမှာ ရှိနေတယ်... ဒါကြောင့် တာအိုမိတ်ဆွေ စု... ငါတို့ကို မြေကမ္ဘာအင်မော်တယ် နန်းတော်နဲ့ မိတ်ဆက်ပေးဖို့ ကူညီပါဦး"
မူလက စုယွီသည် မာရှီချင်း၏ ဒဏ်ရာများ အတန်အသင့် သက်သာလာသည်အထိ စောင့်ဆိုင်းပြီးမှ ကြယ်ခူး ဘိုးဘေးကြီးနှင့် မာရှီချင်းတို့ကို လညွှန် နန်းတော်၏ လျှို့ဝှက် ကောင်းကင် နယ်မြေဆီသို့ ပို့ဆောင်ကာ ပုန်းအောင်း ကျင့်ကြံစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ မာရှီချင်း၏ စွမ်းအားများ တိုးတက်လာသည့် တစ်နေ့ကျမှသာ အခြားကိစ္စရပ်များကို ဆက်လက် စီစဉ်ရန် တွေးတောထားခဲ့၏။
သို့သော် ကြယ်ခူး ဘိုးဘေးကြီးက စံအိမ်တော် သခင်ကြီးနှင့် တွေ့ဆုံလိုလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါချေ။ ခေတ္တမျှ တွေးတောပြီးနောက် စုယွီက ခေါင်းညိတ်၏။
"ကောင်းပြီလေ... ကျွန်တော် ခင်ဗျားတို့ကို ခေါ်သွားပေးပါ့မယ်"
"ငါတို့ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်က နေရာရွှေ့ပြောင်း အခင်းအကျင်းကို သုံးလို့ မရဘူး... အင်မော်တယ်တစ်သောင်း နန်းတော်က လူတွေ အဲဒီ အခင်းအကျင်းကို သေချာပေါက် စောင့်ကြည့်နေကြမှာပဲ... မြေကမ္ဘာအင်မော်တယ် နန်းတော်ဆီ သွားတဲ့ လမ်းမှာလည်း ငါတို့ အစောင့်ကြည့် ခံနေရနိုင်တယ်" ဟု ကြယ်ခူး ဘိုးဘေးကြီးက တည်ငြိမ်စွာ ရှင်းပြလာသည်။
"ဘာပဲဖြစ်ဖြစ် ရှီချင်းက ငါတို့နဲ့ အတူရှိနေတာဆိုတော့ သူကတစ်ဆင့် မြေကမ္ဘာအင်မော်တယ် နန်းတော်ကို ဝင်သွားတဲ့ မိတ်ဆွေတွေကိုလည်း သူတို့ သိနေကြမှာပဲ"
ထိုစကားကြောင့် စုယွီ မျက်ခုံးတစ်ချက် ပင့်သွားသော်ငြား များစွာ အံ့အားသင့်ခြင်း မရှိခဲ့ပါချေ။
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်မှာ မည်သည့် အင်အားစုများ၏ ပဋိပက္ခတွင်မှ ဝင်ရောက် စွက်ဖက်ခြင်း မရှိသော ကြားနေ မြို့တော်ကြီး တစ်ခုဟု ဆိုသော်လည်း အဆိုပါ ကြားနေမှု ဆိုသည်မှာ စွမ်းအားအပေါ်တွင်သာ အခြေခံခြင်း ဖြစ်သည်။ အင်မော်တယ်တစ်သောင်း နန်းတော်၏ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီးများအကြားမှ ခေါင်းဆောင်နေရာနှင့် ဩဇာအာဏာတို့ကို ထောက်ထား၍ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အနေဖြင့် မျက်နှာသာပေးရမှုများ အနည်းနှင့်အများ ရှိနေမည်မှာ အသေအချာပင်။
သူတို့သည် ကြယ်ခူး ဘိုးဘေးကြီးကို တိုက်ရိုက် ဖမ်းဆီးခြင်း မပြုလျှင်တောင် အင်မော်တယ်တစ်သောင်း နန်းတော်မှ လူများကို နေရာရွှေ့ပြောင်း အခင်းအကျင်းအနီး၌ စောင့်ကြည့်ခွင့် ပြုထားခြင်းက ပြဿနာ မဟုတ်ပါချေ။
"ကျွန်တော် အရင် ပြန်သွားပြီး စီနီယာ အစ်ကိုကြီးနဲ့ တွေ့လိုက်ပါ့မယ်... အကယ်လို့ သူက ခင်ဗျားတို့ကို တွေ့ချင်တယ် ဆိုရင်တော့ ဘယ်လို တွေ့ရမလဲ ဆိုတာကို စီစဉ်လို့ ရပြီပေါ့"
စုယွီသည် ဆက်သွယ်ရေး အစီအစဉ်များကို ကိုယ်တိုင် ချမှတ်ခဲ့ပြီး ဂိုဏ်းတော်ဆီသို့ အမြန် ပြန်သွားကာ စံအိမ်တော် သခင်ကြီးထံ ဤကိစ္စရပ်များကို အသေးစိတ် ရှင်းပြ၏။
ဤသတင်းကို ကြားရသောအခါ စံအိမ်တော် သခင်ကြီးမှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားပြီး စုယွီအား တည်နေရာ တစ်ခုကို ချက်ချင်း ပေးအပ်လိုက်တော့၏။
"ဂိုဏ်းတော်ရဲ့ သေးငယ်တဲ့ လျှို့ဝှက် နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု ရှိတယ်... ညီငယ် အနေနဲ့ ကြယ်ခူး ဘိုးဘေးကြီး နဲ့ သူတို့ရဲ့ တာအိုသားတော် ကို အဲဒီကနေ တစ်ဆင့် ဂိုဏ်းတော်ထဲ ခေါ်လာခဲ့လို့ ရတယ်"
ဂိုဏ်းတော်မှာ အပြင်ဘက်ကို ဆက်သွယ်ထားတဲ့ လျှို့ဝှက် နေရာရွှေ့ပြောင်း အခင်းအကျင်း တွေ ရှိနေတာလား...။
စုယွီ အံ့အားသင့်သွားသော်လည်း သေချာ ပြန်လည် စဉ်းစားကြည့်သောအခါ ဤသည်မှာ ပုံမှန်သာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူပင်လျှင် နှစ်ပေါင်းများစွာ အရင်းအမြစ်များ စုဆောင်းကာ တာ့ယွဲ့ နန်းတော်၏ လျှို့ဝှက်နယ်မြေမှသည် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်နယ်မြေအထိ နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို တိတ်တဆိတ် တည်ဆောက်နိုင်ခဲ့သေးသည် မဟုတ်ပါလော။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ပြီး နက်ရှိုင်းလှသော အုတ်မြစ်များ ပိုင်ဆိုင်ထားသည့် အင်မော်တယ်ဂိုဏ်းတော်ကြီးအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပါချေ။
ထိုလျှို့ဝှက် နေရာရွှေ့ပြောင်း အခင်းအကျင်းမှတစ်ဆင့် စုယွီသည် ကြယ်ခူး ဘိုးဘေးကြီးနှင့် မာရှီချင်းတို့ကို မြေကမ္ဘာအင်မော်တယ် နန်းတော် အတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီး နောက်ဆက်တွဲ ကိစ္စရပ်များတွင်မူ ဝင်ရောက် မစွက်ဖက်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် ကြယ်ခူး မျှော်စင်၏ အမွေအနှစ် ကိစ္စများမှာ အကျိုးစီးပွားများနှင့် အင်မော်တယ်တစ်သောင်း နန်းတော်၏ ရှုပ်ထွေးလှသော ဆက်ဆံရေးများ ပါဝင်နေသဖြင့် အင်မော်တယ်ဂိုဏ်းတော် အဆင့်ရှိသော မြေကမ္ဘာအင်မော်တယ် နန်းတော် ကသာ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသောကြောင့်ပင်။
အကယ်၍ သူကိုယ်တိုင်သာ သီးသန့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရမည် ဆိုပါက အင်မော်တယ်တစ်သောင်း နန်းတော်ကို ရှောင်ကွင်း၍ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီးမှ ထွက်ပြေးကာ အခြား နယ်မြေများတွင်သာ သွားရောက် ပုန်းအောင်း ကျင့်ကြံရုံမှလွဲ၍ အခြား ရွေးချယ်စရာ ရှိမည် မဟုတ်ပါချေ။ လုံလောက်စွာ အစွမ်းထက်လာမည့် တစ်နေ့ကျမှသာ အင်မော်တယ်တစ်သောင်း နန်းတော်နှင့် ပြန်လည် စာရင်းရှင်းရန် အခွင့်အရေး ရှိလာပေလိမ့်မည်။
ကြယ်ခူး ဘိုးဘေးကြီးမှာမူ တကယ့်ကို ကံကောင်းလှ၏။ အနည်းဆုံးတော့ မြေကမ္ဘာအင်မော်တယ် နန်းတော်ကို အားကိုး၍ အကာအကွယ် ရယူနိုင်ခဲ့ပြီ မဟုတ်ပါလော။
ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ကောင်းကင် နယ်မြေဝယ်…
စုယွီသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိ အမျိုးသမီး ကျင့်ကြံသူ အုပ်စုကို အကဲခတ်၏။ သူတို့သည် လင်းချင်းရှားနှင့် အခြား မိန်းကလေး နှစ်ဦးကဲ့သို့ပင် မှောင်ခို ဈေးကွက်၏ လှည့်စားမှု ကျင့်စဉ်များအောက်တွင် လွှမ်းမိုးမခံရစေရန် အာရုံ လှည့်စားခြင်း တာအိုကို အသုံးပြု၍ အတိတ် မှတ်ဉာဏ်များကို ယာယီ ဖျောက်ဖျက်ထားခြင်း ခံရသူများ ဖြစ်ကာ ရုပ်သေးများအလား ငြိမ်သက်နေကြသည်။
ဤအမျိုးသမီး ကျင့်ကြံသူ နှစ်ဆယ်မှာ လင်းချင်းရှား ကိုယ်တိုင် ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပြီး ယွီခယ်အာနှင့် မာထျန်းလင်တို့က စီမံ အုပ်ချုပ်ရန်အတွက် စုယွီ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။ သို့သော် သူတို့သည် ပိုင်ဟွာဂိုဏ်း၏ အရေးကိစ္စများတွင်မူ ပါဝင် ပတ်သက်ခြင်း မရှိကြသေးပါချေ။
အမျိုးသမီး ကျင့်ကြံသူများကို တစ်ချက် အကဲခတ်ပြီးနောက် စုယွီသည် ယွီခယ်အာနှင့် မာထျန်းလင်တို့ဘက်သို့ လှည့်ကာ မေးလိုက်၏။
"သူတို့ရဲ့ ပါရမီတွေက ဘယ်လိုနေလဲ"
"သူတို့ အားလုံးက ပါရမီရှင်တွေချည်းပဲ... အကယ်လို့ ကျွန်မတို့ကသာ သူတို့ကို သေချာ ပြုစု ပျိုးထောင်ပေးမယ် ဆိုရင် အနာဂတ်မှာ သူတို့က ပိုင်ဟွာဂိုဏ်းကို စီမံ အုပ်ချုပ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်" ဟု မာထျန်းလင်က ပြန်ဖြေလိုက်၏။
"ဒါဆိုရင်တော့ မင်းတို့ပဲ သေချာ စီစဉ်လိုက်တော့"
မာထျန်းလင်က နှာခေါင်းရှုံ့လိုက်ပြီး...
"ဒါပေါ့..ကျွန်မပဲ စီစဉ်ရမှာပေါ့... စီနီယာက တစ်နေ့ တစ်နေ့ အရိပ်အယောင်လေးတောင် မမြင်ရအောင် ပျောက်နေတာ... ဘယ်တွေ သွားနေမှန်းတောင် မသိရဘူး"
အနည်းငယ် မကျေမနပ် ဖြစ်နေသော မာထျန်းလင်ကို ကြည့်ကာ စုယွီက ခပ်ဟဟ ရယ်မောလိုက်မိ၏။
"ငါ အရင်က ပြောထားတယ် မဟုတ်လား... စံအိမ်တော် သခင်ကြီးက ငါ့ကို အရိုင်းနယ်မြေ ထဲမှာ နှစ်အနည်းငယ်လောက် သွားနေခိုင်းထားလို့ပါ... အချိန်တန်ရင် ငါ ပြန်လာခဲ့မှာပါ"
တစ်လကျော် ကုန်လွန်သွားခဲ့ချေပြီ။
စုယွီ၏ စိတ်ပါလက်ပါ လမ်းညွှန် သင်ကြားမှုများအောက်တွင် မာထျန်းလင်သည် ရွှေအမြုတေ တာအိုနှင့် ပတ်သက်၍ အသိအမြင်သစ် တစ်ခုကို ရရှိသွားခဲ့သည်။
ညတွင်းချင်းပင် သူမ၏ ဒန်တျန်အတွင်း၌ အသွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာပြီး အဆင့် (၈) ရွှေအမြုတေ သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့တော့၏။ နောက်တစ်နေ့တွင် မာထျန်းလင်သည် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အတွင်း၌ မူလဝိညာဉ် အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန် စတင် ကြိုးပမ်းတော့သည်။
မူလက စုယွီသည် မာထျန်းလင် မူလဝိညာဉ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်သည်အထိ စောင့်ဆိုင်းပြီးမှ ပိုင်ဟွာဂိုဏ်းမှ ထွက်ခွာကာ အရိုင်းနယ်မြေသို့ ပြန်သွားရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မာထျန်းလင် အဆင့်တက်ရန် ကြိုးပမ်းနေစဉ် အတွင်း ယွီခယ်အာ၏ မိခင်ဖြစ်သူ လော့ချင်းယာ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့် ခြောက်ခြားမှုများ အထင်းသား ပေါ်လွင်နေပြီး အလန့်တကြား အော်ဟစ်လိုက်တော့၏။
"တာ့ယွဲ့ နန်းတော်မှာ အရေးအခင်း ဖြစ်နေပြီ"
"သူတို့ကိုယ်သူတို့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အလယ်ပိုင်း နယ်မြေက လာတယ် ဆိုတဲ့ အုပ်စု တစ်စု ရောက်လာတယ်... သူတို့က ကြယ်ခူး မျှော်စင် နဲ့ လညွှန် နန်းတော် က အင်အားစုတွေလို့ ပြောကြတယ်... အခု သူတို့က တာ့ယွဲ့ နန်းတော်ကို ထိန်းချုပ်ထားလိုက်ပြီ... တာအိုမိတ်ဆွေ မာရှီချင်း ကို အမြန်ဆုံး ရှာပေးရမယ်တဲ့... မဟုတ်ရင် တာ့ယွဲ့ နန်းတော် တစ်ခုလုံးကို အမြစ်ပြတ် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်"
လော့ချင်းယာ သည် စုယွီကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ သက်သာရာရသွားသော အမူအရာများ လွှမ်းခြုံသွားတော့၏။ သူမ၏ မျက်ဝန်းများ အတွင်း၌ ယုံကြည်မှုများ အထင်းသား ပေါ်လွင်နေပြီး သမက်ဖြစ်သူ၏ စွမ်းအားနှင့် အရည်အချင်းများ အပေါ် အပြည့်အဝ အားထား ယုံကြည်နေပုံ ရပါ၏။