← Chapters

အခန်း ၆၅၂

Vol. 44 Ch. 652

အခန်း ၆၅၂

Vol. 44 Ch. 652

အခန်း (၆၅၂) မူလဝိညာဉ် အရှင်သခင် ကိုးပါး၏ ကြောက်ရွံ့မှု အပိုင်း (၁)

“ကျွီ...”

စူးရှပြီး နားကွဲမတတ် ကျယ်လောင်လှသော ဟစ်ကြွေးသံကြီး တစ်ခု တာ့ယွဲ့ တောင်ထွတ် တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ တာ့ယွဲ့ တောင်တန်းကြီး ရှိရာ အရပ်မှ စတုတ္ထအဆင့် မိစ္ဆာသားရဲ ၏ ကြမ်းကြုတ် ရိုင်းစိုင်းလှသော စွမ်းအားကြီးမှာ တာ့ယွဲ့ နန်းတော် ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေပြီး... လုံးဝ ပြိုင်ဘက်ကင်းသော သွေးစွန်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေကာ ပြင်းထန်လှသော လေဆင်နှာမောင်း များကိုပါ ဖြစ်ပေါ်စေပြီး ကောင်းကင်နှင့် မြေကြီး၏ အရောင်အသွေးကိုပင် ပြောင်းလဲသွားစေတော့၏။

ဂိုဏ်းတော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌... လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့မှ ချင်ခယ်ရှင်း နှင့် အခြားသော မူလဝိညာဉ် အရှင်သခင် များမှာ ဤကြမ်းကြုတ်လှသော အရှိန်အဝါကြီး ပေါ်ထွက်လာမှုကို ခံစားမိလိုက်ကြပြီး မျက်မှောင်များ အလိုလို တွန့်ချိုးသွားကြသည်။

ထိုက်ရွှီမှာ စတုတ္ထအဆင့် အစပိုင်း မိစ္ဆာငှက် တစ်ကောင်သာ ဖြစ်သော်ငြား ၎င်း၏ သွေးမျိုးဆက်မှာ သာမန် လုံးဝ မဟုတ်ပါချေ။ တာ့ယွဲ့ နန်းတော် သို့ ရောက်ရှိလာချိန်တွင် ၎င်း ထုတ်လွှတ်လိုက်သော ကြမ်းကြုတ်သည့် အရှိန်အဝါမှာ သာမန် စတုတ္ထအဆင့် အလယ်အလတ် မိစ္ဆာသားရဲ တစ်ကောင်ထက်ပင် အနည်းငယ်မျှ အားနည်းခြင်း မရှိပါချေ။

ခန်းမဆောင်ကြီး အတွင်း ပဲ့တင်ထပ်သွားသော စုယွီ၏ အေးစက်သည့် အသံကို ကြားလိုက်ရချိန်တွင် ချင်ခယ်ရှင်း နှင့် အခြားသူများ၏ မျက်နှာများမှာ ရုတ်ချည်း မည်းမှောင်သွားတော့၏။

ဒီလောက်တောင် ရဲတင်းနေရတာလား...။

ဒီလူက ဘယ်သူများလဲ...။

ခန်းမဆောင်ကြီး၏ အပြင်ဘက်တွင်မူ... လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့် ဒါဇင်ပေါင်းများစွာမှာ ထိုက်ရွှီ၏ ကြောက်မက်ဖွယ် စွမ်းအားကြီးကြောင့် ထိတ်လန့်တကြား ထွက်ပေါ်လာကြသည်။

တာ့ယွဲ့ တောင်ထွတ်ပေါ်သို့ ဆင်းသက်လာသော ထိုက်ရွှီ၏ ဧရာမ ပုံရိပ်ကြီးကို မြင်တွေ့လိုက်ရချိန်တွင်... အမြုတေ ဖွဲ့စည်းခြင်း အဆင့် အထွတ်အထိပ် ရှိ တပည့် အနည်းငယ်မှာ သူတို့၏ မန္တန်စွမ်းအား များကို ချက်ချင်း စုစည်းလိုက်ကြ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့သည် အခင်းအကျင်း အလံ ရာနှင့်ချီ၍ ပစ်ပေါက်လိုက်ကြပြီး... တာ့ယွဲ့ နန်းတော်၏ မြေပြင်ပေါ်တွင် ထိပ်တန်း တတိယအဆင့် အခင်းအကျင်း များကို တစ်ခုပြီးတစ်ခု ချမှတ်ကာ ဧရာမ ပေါင်းစပ် အခင်းအကျင်း ကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။

“ဝီ...”

ပေါင်းစပ် အခင်းအကျင်း ကြီးမှာ ရုတ်ချည်း ပေါက်ကွဲ ထွက်ပေါ်လာပြီး ကြီးမားလှသော စွမ်းအားများကို ထုတ်လွှတ်နေတော့၏။

အခင်းအကျင်း များကို ချမှတ်ပြီးနောက် ထိုလူများမှာ ထိုက်ရွှီကို ချက်ချင်း မျက်နှာမူလိုက်ပြီး ကြမ်းတမ်းသော လေသံဖြင့် အော်ဟစ်လိုက်ကြသည်။

“လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က ဒီမှာ ရှိနေတယ်... သောက်ရူး သတ္တဝါကြီး... မင်းရဲ့ မိုက်ရိုင်းတဲ့ အပြုအမူတွေကို အခုချက်ချင်း ရပ်လိုက်စမ်း... မဟုတ်ရင် မင်းကို အခင်းအကျင်း နဲ့ သတ်ပစ်လိုက်ရတယ် ဆိုပြီး ငါတို့ကို လာအပြစ်မတင်နဲ့...”

ထိုက်ရွှီ၏ ကျောပြင်ထက်မှ စုယွီသည် တာ့ယွဲ့ နန်းတော် ရှိ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့်များ ဖန်တီးထားသော အထင်ကြီးဖွယ် အခင်းအကျင်းကြီးကို ငုံ့ကြည့်ကာ ခပ်ဟဟ ရယ်မော၏။

“အခင်းအကျင်း နဲ့ သတ်ပစ်မယ် ဟုတ်လား...”

“လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က တော်တော် သတ္တိကောင်းနေပါလား... ဒီအကြီးအကဲ က မင်းတို့ အားလုံးကို တကယ် သတ်ပစ်လိုက်ရင်... မင်းတို့ရဲ့ လညွှန် နန်းတော် ဘိုးဘေးကြီး က အင်မော်တယ် နန်းတော် အထိ လာပြီး ငါ့ကို တောင်းပန်ရမယ် ဆိုတာကို မင်းတို့ ယုံလား...”

စကားပြောနေစဉ်မှာပင် စုယွီ၏ စိတ်အာရုံက ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ကို အသက်သွင်းလိုက်ပြီး... သူ၏ မျက်ဝန်း နတ်ဘုရား စွမ်းအားများကို စုစည်းလိုက်ရာ ပိတ်ထားသော သူ၏ မူလဝိညာဉ် မျက်လုံးများမှ ရွှေရောင် မျက်ဝန်း တစ်စုံ ရုတ်ချည်း ပုံဖော် ဖြစ်တည်လာတော့၏။

ထိုရွှေရောင် မျက်ဝန်းများဖြင့် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ တပည့် ဒါဇင်ပေါင်းများစွာ ဖန်တီးထားသော ပေါင်းစပ် အခင်းအကျင်း ကြီးကို အကဲခတ် လေ့လာ၏။

ဤသို့ လေ့လာ ကြည့်ရှုလိုက်ရုံဖြင့် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့၏ နက်ရှိုင်းလှသော အခင်းအကျင်း တာအို ပညာရပ်များကို အမှန်တကယ်ပင် ချီးကျူးရမည် ဖြစ်သည်။ သူတို့၏ တပည့်များ၏ အခင်းအကျင်း တာအို ကျွမ်းကျင်မှုများပင် သာမန် လုံးဝ မဟုတ်ပါချေ။

ကပျာကယာ တည်ဆောက်ထားသော ပေါင်းစပ် အခင်းအကျင်း ကြီးမှာ သာမန် စတုတ္ထအဆင့် အဆင့်နိမ့် မဟာ အခင်းအကျင်း ကြီးတစ်ခုကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

အကယ်၍ ထိုက်ရွှီ တစ်ကောင်တည်းသာ ဆိုပါက ထိုအရာကို ကိုင်တွယ်နိုင်မည် မဟုတ်ဘဲ တာ့ယွဲ့ နန်းတော် ၏ အပြင်ဘက်တွင် ပိတ်ဆို့ခံထားရမည်မှာ အသေအချာပင်။

သို့သော်လည်း...။

စုယွီ၏ မျက်ဝန်း နတ်ဘုရား စွမ်းအားများ အောက်တွင် ဤကဲ့သို့သော ပေါင်းစပ် အခင်းအကျင်း ကြီးမှာ... အသေးစိတ် အချက်အလက် တိုင်း၊ အခင်းအကျင်း အခြေစိုက်စခန်း တိုင်း၊ အခင်းအကျင်း အလံ ချိတ်ဆက်မှု တိုင်းမှာ စုယွီ၏ မျက်စိရှေ့တွင် ဗလာကျင်းစွာ ပေါ်လွင်နေတော့၏။ စုယွီ၏ စိတ်အာရုံမှာ ကြည်လင် ပြတ်သားနေပြီး ဉာဏ်ပညာများမှာ ရေစီးကြောင်းအလား စီးဆင်းနေသည်။ လက်ရှိ စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် တစ်ဦး အနေဖြင့်... သူသည် အသက်တစ်ရှိုက်စာ အချိန်လေး အတွင်းမှာပင် ဤအခင်းအကျင်း၏ အားနည်းချက် များစွာကို အလွယ်တကူ မြင်တွေ့နိုင်စွမ်း ရှိသည်။

ထိုက်ရွှီ နှင့် စုယွီတို့မှာ တစ်သားတည်း ဖြစ်နေကြ၏။ နှလုံးသားချင်း ချိတ်ဆက်မှု မှတစ်ဆင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုက်ရွှီသည် ကောင်းကင်ယံ တစ်ခုလုံးကို တုန်လှုပ်သွားစေသော ဟစ်ကြွေးသံကြီးကို ပြုလုပ်လိုက်ပြီး... ၎င်း၏ စိမ်းပြာရောင်နှင့် ခရမ်းရောင် အတောင်ပံကြီးများကို ခတ်လိုက်ရာ ကောင်းကင်ယံ တစ်ခုလုံး မီးတောက်များဖြင့် လွှမ်းခြုံသွားတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် မီးတောက်များမှ ဖီးနစ်ငှက် ဒါဇင်ပေါင်းများစွာ ပုံဖော် ဖြစ်တည်လာပြီး... စူးရှစွာ ဟစ်ကြွေးလျက် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တပည့်များ ဖန်တီးထားသော အောက်ခြေရှိ ပေါင်းစပ် အခင်းအကျင်း ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားကြသည်။

“ကျွီ...”

ဂိုဏ်းတော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌...။

ချင်ခယ်ရှင်း နှင့် အခြားသော လညွှန် နန်းတော်၊ ကြယ်ခူး မျှော်စင် တို့မှ မူလဝိညာဉ် အရှင်သခင် အကြီးအကဲ များမှာ... ‘အင်မော်တယ် နန်းတော်’ ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာ အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ ရုတ်တရက် ပေါ်လာသော စုယွီကို ထွက်၍ ရင်ဆိုင်ရန် ပြင်ဆင်နေစဉ်မှာပင်... ထိုက်ရွှီထံမှ ဖီးနစ်ငှက် ဒါဇင်ပေါင်းများစွာမှာ ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်တော့၏။

“ဝုန်း...”

လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့် ဒါဇင်ပေါင်းများစွာ မတုံ့ပြန်နိုင်မီမှာပင်... သူတို့၏ ပေါင်းစပ် အခင်းအကျင်း ကြီးမှာ ထိုက်ရွှီ၏ မီးလျှံ ဖီးနစ်ငှက် များ၏ လက်ချက်ဖြင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။

အခင်းအကျင်း အလံ မြောက်မြားစွာ ပေါက်ကွဲ ထွက်သွားပြီး... ပေါင်းစပ် အခင်းအကျင်း ဆိုသည့် အရာကြီးမှာ မျက်စိတစ်မှိတ် အတွင်း ပျက်စီး ယိုယွင်းသွားခဲ့ချေပြီ။ အောက်ခြေရှိ တာ့ယွဲ့ တောင်ထွတ်ကြီး ပင်လျှင် တုန်ခါ ပြိုကျနေတော့၏။

ထိုတပည့် ဒါဇင်ပေါင်းများစွာမှာ စကားတစ်ခွန်းမျှ မဟနိုင် သို့မဟုတ် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ... ထိုက်ရွှီ၏ ကောင်းကင် ဖီးနစ် မီးတောက်များ အောက်တွင် အစတောင် မရှာနိုင်အောင် လောင်ကျွမ်း ပြာကျသွားခဲ့ကြသည်။

ဂိုဏ်းတော် ပင်မ ခန်းမဆောင် အပြင်ဘက်ရှိ အဆောက်အအုံ တိုင်းမှာ ပြိုကျ ပျက်စီးကာ အပျက်အစီး ပုံကြီးများ အဖြစ်သို့ ရောက်ရှိသွားတော့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ခယ်ရှင်း နှင့် အခြားသော မူလဝိညာဉ် အရှင်သခင် ကိုးပါးတို့၏ မျက်နှာများမှာ အလွန်အမင်း ပျက်ယွင်းသွားပြီး ရုတ်တရက် မတ်တတ် ရပ်လိုက်ကြသည်။

“ဝုန်း...”

မူလဝိညာဉ် အရှင်သခင် များ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ တစ်ခုပြီး တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့၏။ ကမ္ဘာလောကကြီး ထပ်မံ တုန်လှုပ်သွားပြီး တာ့ယွဲ့ နန်းတော် အထက်ရှိ ကောင်းကင်ယံ၏ အရောင်အသွေးမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ တိမ်တိုက်များ လှုပ်ရှား ရုန်းကန်လာပြီး သူတို့၏ မိုးခြိမ်းသံအလား ကျယ်လောင်သော ဒေါသတကြီး အော်ဟစ်သံများမှာ နယ်မြေ တစ်ခွင်လုံး ပဲ့တင်ထပ်သွားတော့၏။ အဝေးရှိ တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ကျင့်ကြံသူများပင် ဤဟိန်းဟောက်သံကြီး များကို ကြားလိုက်ကြရသည်။

“ရိုင်းစိုင်းလိုက်တာ...”

“အား... ငါ့ရဲ့ တပည့်လေး...”

“မင်း ဘယ်လောက်တောင် ရဲတင်းနေရတာလဲ...”

“ဒီလောက်တောင် ရက်စက်တဲ့ နှလုံးသား ရှိရသလား... ရောက်ရောက်ချင်းပဲ ငါ့ရဲ့ လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့် ဒါဇင်ပေါင်းများစွာကို သတ်ပစ်လိုက်တယ်ပေါ့... ဒီသွေးကြွေး အတွက် မင်း ဘယ်သူပဲ ဖြစ်နေပါစေ... ဒီနေ့ မင်း အသက်နဲ့ ပြန်ပေးဆပ်ရမယ်...”

“ဝုန်း...”

တာ့ယွဲ့ နန်းတော် ၏ ပင်မ ခန်းမဆောင်ကြီး မှာ မူလဝိညာဉ် အရှင်သခင် များ၏ ဒေါသတရား အောက်တွင် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီး ပြိုကျသွားတော့၏။

နောက်တစ်ခဏတွင်...မူလဝိညာဉ် အရှင်သခင် တစ်ပါးသည် ထိုက်ရွှီ နှင့် ၎င်း၏ ကျောပေါ်ရှိ စုယွီအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် လညွှန် နန်းတော် ၏ တတိယ အကြီးအကဲ ချင်ခယ်ရှင်း မှာ ဒေါသထွက်နေသော်ငြား သတိလွတ်မသွားခဲ့ဘဲ အားလုံးကို တင်းကြပ်စွာ ဟန့်တားထားသည်။

“အားလုံးပဲ... ငါ့အမိန့်နဲ့ ရပ်လိုက်ကြစမ်း...”

လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ မူလဝိညာဉ် အရှင်သခင် များကို တားဆီးပြီးနောက်... ချင်ခယ်ရှင်း သည် ကောင်းကင်ယံ၌ ဆက်လက် ဆင်းသက်လာခြင်း မရှိသေးသော ထိုက်ရွှီကို အေးစက်သော အကြည့်များဖြင့် မော့ကြည့်လာ၏။

“တာအိုမိတ်ဆွေ... မင်းက ဘယ်သူများလဲ...” ချင်ခယ်ရှင်း က အေးစက်စွာ မေးလိုက်၏။

စုယွီက ပြန်မဖြေဘဲ လက်ကို ဝှေ့ယမ်းကာ မန္တန်စွမ်းအား များကို အသုံးပြု၍... ယွီခယ်အာ နှင့် အခြားသူများကို ထိုက်ရွှီ၏ ကျောပေါ်မှ သယ်ဆောင်ကာ ခုန်ဆင်းလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့သည် တာ့ယွဲ့ နန်းတော် ၏ ပင်မ ခန်းမဆောင် ရှေ့သို့ ရောက်ရှိလာကြတော့၏။

စုယွီ ရောက်ရှိလာပြီးနောက်... နတ်မိမယ် လျူရွှီး နှင့် တာ့ယွဲ့နန်းတော်သခင် နတ်မိမယ် ကုယွဲ့ တို့သည် ချင်ခယ်ရှင်း နှင့် အခြားသူများကို ကျော်ဖြတ်ကာ စုယွီ၏ ဘေးသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လာကြပြီး... သူမတို့၏ မျက်နှာများ ပေါ်တွင် ဝမ်းသာ ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေလျက် ဆိုလာကြသည်။

“တာအိုမိတ်ဆွေ စု... ဒီကို ဘယ်လိုများ ရောက်လာတာလဲ...”

စုယွီသည် နတ်မိမယ် လျူရွှီး နှင့် တာ့ယွဲ့နန်းတော်သခင် နတ်မိမယ် ကုယွဲ့ တို့၏ ဒဏ်ရာများကို ကြည့်ကာ မျက်မှောင်များ ထပ်မံ တွန့်ချိုးသွားပြန်သည်။ သူ၏ မျက်ဝန်းများ အတွင်းရှိ ဒေါသ မီးတောက်များမှာ တစ်ဖန် ပြန်လည် တောက်လောင်လာတော့၏။

သူသည် လက်ကို ဝှေ့ယမ်းကာ ထိပ်တန်း အရည်အသွေးရှိ စတုတ္ထအဆင့် အဆင့်နိမ့် ကုသရေး ဆေးလုံး တစ်လုံးနှင့်... ထိပ်တန်း အရည်အသွေးရှိ တတိယအဆင့် ကုသရေး ဆေးလုံး တစ်လုံးကို ထုတ်ယူပြီး သူမတို့ နှစ်ဦးကို အသီးသီး ပေးအပ်လိုက်ကာ ဆိုသည်။

“ခင်ဗျာတို့ နှစ်ယောက် အရင်ဆုံး ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်ထားကြပါဦး…”

All Chapters