← Chapters

အခန်း ၆၅၃

Vol. 44 Ch. 653

အခန်း ၆၅၃

Vol. 44 Ch. 653

အခန်း (၆၅၃) မူလဝိညာဉ် အရှင်သခင် ကိုးပါး၏ ကြောက်ရွံ့မှု အပိုင်း (၂)

“ကျန်တဲ့ ကိစ္စတွေကို ကျွန်တော့်လက်ထဲပဲ ထားလိုက်ပါ...”

နတ်မိမယ် လျူရွှီး နှင့် တာ့ယွဲ့နန်းတော်သခင် နတ်မိမယ် ကုယွဲ့ တို့သည် စုယွီ၏ မြေကမ္ဘာအင်မော်တယ် နန်းတော်မှ အဆင့်အတန်းကို အမှတ်ရလိုက်ကြသဖြင့် စိတ်အေးသွားကြသည်။ သူမတို့သည် ခေါင်းငြိမ့်ပြကာ ဆိုလိုက်ကြ၏။

“ကောင်းပါပြီ...”

သူမတို့ နှစ်ဦးသည် ဆေးလုံးများကို သောက်သုံးလိုက်ကြပြီးနောက် စုယွီ၏ နောက်ကျောဘက်သို့ ဆုတ်ခွာသွားကြတော့၏။ ယွီခယ်အာ နှင့် အခြားသူများ၏ စောင့်ရှောက်မှု အောက်တွင် သူမတို့သည် ဒဏ်ရာများကို တည်ငြိမ်သွားစေရန် သတိကြီးစွာဖြင့် ကုသနေကြလေပြီ။

ချင်ခယ်ရှင်း နှင့် အခြားသူများမှာမူ မျက်မှောင်ကြုတ်လျက် ထိုမြင်ကွင်းကို ကြည့်နေကြသော်လည်း မတားပါချေ။

သို့သော် အချို့သော သူများ၏ မျက်ဝန်းများတွင်မူ သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး စုယွီ တို့ကို လူသေများသဖွယ် ကြည့်နေကြတော့၏။ အပြင်ဘက်ရှိ အပျက်အစီးများ ကြားတွင် လဲလျောင်းနေသော သူတို့၏ တပည့်များ၏ အလောင်းများကို မြင်ရသောအခါ သူတို့၏ ဒေါသတရားမှာ ပိုမို ပွက်လောရိုက်လာသည်။

ထိုက်ရွှီ၏ လက်ချက်ဖြင့် သေဆုံးသွားသော လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ တပည့်များထဲတွင်... ဤနေရာ၌ ရှိနေသော မူလဝိညာဉ် အရှင်သခင် များ၏ တိုက်ရိုက်တပည့်များစွာ ပါဝင်နေသောကြောင့်ပင်။

ချင်ခယ်ရှင်း၏ အသံမှာ ပိုမို အေးစက်လာပြီး စုယွီကို စိုက်ကြည့်ကာ မေးလိုက်၏။

“မင်းက တကယ်ပဲ ဘယ်သူလဲ...”

စုယွီက သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပျက်စီးနေသော တာ့ယွဲ့ နန်းတော် ကို ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“လညွှန် နန်းတော်... ကြယ်ခူး မျှော်စင်... မင်းတို့က တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ...”

“ကြည့်ရတာ မင်းတို့က ကိုယ့်ကိုယ်ကိုယ် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ တစ်ဦးတည်းသော အင်မော်တယ်ဂိုဏ်းတော်ကြီး လို့တောင် အောက်မေ့နေပုံ ရတယ်...”

“အင်မော်တယ်တစ်သောင်း နန်းတော် နဲ့ မဟာမိတ် ဖွဲ့လိုက်ရလို့ မင်းတို့တွေ အဲဒီလောက်တောင် ဘဝင်မြင့်နေကြတာလား...”

ချင်ခယ်ရှင်း မျက်မှောင် တင်းတင်း ကြုတ်သွားရသည်။ ဤမျှအထိ သတင်း အချက်အလက်များစွာ သိရှိထားသူမှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း နယ်မြေမှ အင်အားကြီး အဖွဲ့အစည်းတစ်ခုမှ ဖြစ်ရမည်ဖြစ်ပြီး ရာထူး အဆင့်အတန်းလည်း မြင့်မားသူ ဖြစ်ရပေမည်။

သူမသည် စုယွီ ယခင်က ပြောခဲ့သော မြေကမ္ဘာအင်မော်တယ် နန်းတော် နှင့် ပတ်သက်သည့် အစအနများကို မာရှီချင်း၏ နောက်ကြောင်း သတင်းများနှင့် ပေါင်းစပ် တွေးတောကြည့်လိုက်၏။

စုယွီ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းရန်မှာ သူမအတွက် မခက်ခဲပါချေ။

ချင်ခယ်ရှင်း၏ မျက်ဝန်းများတွင် အလင်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီးနောက် စုယွီကို စိုက်ကြည့်ကာ ဆို၏။

“မင်းက မာရှီချင်း နဲ့အတူ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ အလယ်ပိုင်း နယ်မြေကို သွားပြီး မြေကမ္ဘာအင်မော်တယ် နန်းတော် ထဲကို ဝင်သွားတဲ့ သူတွေထဲက တစ်ယောက် မဟုတ်လား...”

ထိုသို့ ပြောပြီးနောက် စုယွီ၏ အဖြေကိုပင် မစောင့်တော့ဘဲ ချင်ခယ်ရှင်း၏ မူလဝိညာဉ် အဆင့် (၈) ရှိသော ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ရုတ်ချည်း စုစည်းသွားပြီး စုယွီ၏ အပေါ်သို့ ဖိနှိပ် ချလိုက်တော့၏။ သူမ၏ မျက်နှာမှာ အေးစက်နေပြီး အရှိန်အဝါများမှာလည်း အရိုးထဲအထိ စိမ့်ဝင်မတတ် အေးစက်လှသည်။

“ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... မာရှီချင်း ဘယ်မှာလဲ ဆိုတာ ပြောစမ်း...”

“ဒါမှမဟုတ်ရင်... မြေကမ္ဘာအင်မော်တယ် နန်းတော် ကလည်း အကာအကွယ် မဖြစ်ပေးနိုင်ဘူး...”

“ဝုန်း…”

ကြောက်မက်ဖွယ် ကောင်းလှသော အင်မော်တယ်အရှိန်အဝါများမှာ မားမားမတ်မတ် တည်ရှိနေသည့် တောင်ကြီးတစ်လုံးအလား စုယွီ၏ အပေါ်သို့ ပိကျလာတော့၏။ မူလဝိညာဉ် အဆင့် (၈) ၏ အစွမ်းမှာ အမှန်တကယ်ပင် ထူးခြား ပြောင်မြောက်လှသည်။ မူလဝိညာဉ် အဆင့် (၅) နှင့် နီးစပ်နေသော စုယွီပင်လျှင် ဤဖိအား အောက်တွင် များစွာ ရုန်းကန်နေရ၏။

ထိုအရှိန်အဝါက သူ့ကို အတင်းအကျပ် ဒူးထောက်ခိုင်းနေသကဲ့သို့ပင်...။

စုယွီကမူ သူ့အပေါ် ကျရောက်နေသော ဖိအားကို ကြည့်ကာ ပြုံးလိုက်မိသည်။ အမှန်တကယ်ပင် ၎င်းမှာ များပြားလှသည်။ အနည်းဆုံးတော့ သူ၏ လက်ရှိ မူလဝိညာဉ် အဆင့် (၂) စွမ်းအားနှင့်မူ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါချေ။

ဒါပေမဲ့ ဒီလောက်နဲ့တင် ငါ့ကို ဒူးထောက်ခိုင်းချင်တာလား...။

လညွှန် နန်းတော် ရဲ့ သာမန် မူလဝိညာဉ် အဆင့် အကြီးအကဲ တစ်ယောက်ကများ ငါ့ကို ဒူးထောက်ခိုင်းဖို့ ထိုက်တန်လို့လား...။

စုယွီသည် ချင်ခယ်ရှင်းကို ကြည့်ကာ အေးအေးဆေးဆေးပင် ဆို၏။

“တကယ့်ကို ခန့်ညားလိုက်တာ... လညွှန် နန်းတော် က မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ အကြီးအကဲ တစ်ယောက်ကိုတောင် သတ်ရဲတာပေါ့...”

ချင်ခယ်ရှင်း၏ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားသော်လည်း သူမ၏ မျက်နှာမှာမူ အေးစက်မြဲ အေးစက်နေဆဲပင်။

“မြေကမ္ဘာအင်မော်တယ် နန်းတော် က အင်အားကြီးတာ မှန်ပေမယ့် ဒါက မင်းတို့ရဲ့ နယ်မြေ မဟုတ်ဘူး... အဲဒီ နာမည်က မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး... လူမိုက်ရဲ့...”

“ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်... အသက် တစ်ရှိုက်စာ အချိန် တစ်ဆယ် အတွင်းမှာ မင်း...”

စုယွီက နှာခေါင်းရှုံ့လိုက်ရင်း...

“ငါ့ရဲ့ ဆရာက တာအိုဆရာ ထျန်းယွီ... ငါ့ရဲ့ စီနီယာ အစ်ကိုကြီးက မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ စံအိမ်တော် သခင်ကြီး... ငါ့မှာ မူလဝိညာဉ် အဆင့် အထွတ်အထိပ် အကြီးအကဲတွေတင် မကဘူး... ဝိညာဉ်ခွဲထွက်အဆင့် က ဆရာဦးလေးတွေလည်း အများကြီး ရှိသေးတယ်...”

“...”

ချင်ခယ်ရှင်း၏ စကားများမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ သူမ၏ မျက်ဝန်းများမှာ ခေတ္တမျှ ဗလာကျင်းသွားပြီး စုယွီကို ကြည့်ကာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရတော့၏။

လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ မူလဝိညာဉ် အရှင်သခင် များမှာလည်း... စုယွီကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်နေခဲ့ကြရာမှ... ထိုစကားကို ကြားလိုက်ရချိန်တွင်မူ ဆောင်းအကုန် နွေအကူးမှာ နှင်းများ အရည်ပျော်သွားသကဲ့သို့ သူမတို့၏ သတ်ဖြတ်လိုစိတ်များမှာ ရုတ်ချည်း ပျောက်ကွယ်သွားပြီး စုယွီကို ကြောင်အစွာ ကြည့်နေကြတော့၏။

“...”

သူ့ရဲ့ ဆရာက တာအိုဆရာ ထျန်းယွီ ဟုတ်လား...။

မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ စံအိမ်တော် သခင်ကြီး က သူ့ရဲ့ အစ်ကိုကြီး တဲ့လား...။

ပြီးတော့ ဝိညာဉ်ခွဲထွက်အဆင့် က ဆရာဦးလေးတွေ အများကြီး ရှိသေးတယ် ဆိုတာက...။

ဒါက လုံးဝ ပိုပြောနေတာ မဟုတ်ဘူး ဆိုတာ သူတို့ သိကြသည်။

အကယ်၍ ၎င်းမှာ သာမန် မြေကမ္ဘာအင်မော်တယ် နန်းတော် အကြီးအကဲ တစ်ဦးသာ ဆိုပါက သူတို့ ကြောက်ရွံ့မည် မဟုတ်ပါချေ။ သူတို့သည် ထိုသူကို သတ်ပစ်ပြီးနောက်မှ မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ ဒေါသကို ဖြေဖျောက်ရန် နည်းလမ်းတစ်ခုခု ရှာကြမည်သာ ဖြစ်၏။

ဒါပေမဲ့ ဒီလူကတော့...။

သူတို့ သူ့ကို လုံးဝ ထိလို့ မရဘူးလေ...။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချင်ခယ်ရှင်းသည် သူမ၏ အရှိန်အဝါကို အနည်းငယ် ပြန်လည် ရုပ်သိမ်းလိုက်သော်လည်း စုယွီကို စိုက်ကြည့်ကာ ဆို၏။

“ငါတို့ မာရှီချင်း ဘယ်မှာလဲ ဆိုတာကိုပဲ သိချင်တာ...”

“ဒါကိုသာ ပြောပြလိုက်မယ် ဆိုရင်... မင်း ဒီနေ့ ငါတို့ရဲ့ တပည့် ဒါဇင်ပေါင်းများစွာကို သတ်ပစ်လိုက်တဲ့ ကိစ္စကို ဘာမှ မဖြစ်ခဲ့သလို ငါ သဘောထားပေးမယ်...”

“ဒီ တာ့ယွဲ့ နန်းတော် က လူတွေရော... ဒီနယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ သူတွေပါ လုံခြုံသွားမှာပေါ့...”

သူမက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် စုယွီကို ကြည့်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ဆိုလိုက်ပြန်၏။

“မင်း သိထားသင့်တာက... ဒီသတင်းက ငါတို့ရဲ့ အင်အားစု တစ်ခုတည်းက လိုချင်နေတာ မဟုတ်ဘူး ဆိုတာပဲ... အကယ်လို့ မင်းက ဒါကို ဖုံးကွယ်ထားမယ် ဆိုရင်... မင်းက မြေကမ္ဘာအင်မော်တယ် တစ်ယောက် ဖြစ်နေရင်တောင် ဘာမှ အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး...”

ထိုအခိုက် စုယွီသည် သူ၏ ကိုယ်ပေါ်မှ ပုံရိပ်ဖမ်း အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူ၏။

ချင်ခယ်ရှင်း နှင့် အခြားသူများ၏ အခုနက တုံ့ပြန်မှုများမှာ... မြေကမ္ဘာအင်မော်တယ် နန်းတော် အနေဖြင့် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့ကို ပြဿနာ ရှာရန်အတွက် လုံလောက်သော သက်သေများ ဖြစ်သွားခဲ့ချေပြီ။

အကယ်၍ ဤသက်သေများသာ မလိုပါက သူက ဘာလို့ ဒီလောက် စကားတွေ အများကြီး ပြောနေမှာလဲ...။

ပုံရိပ်ဖမ်း အဆောင်လက်ဖွဲ့ ကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် စုယွီ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွား၏။

“မင်းတို့က ငါ့ရဲ့ တာ့ယွဲ့ နန်းတော် မှာ ဒီလောက်တောင် ရိုင်းစိုင်းရဲတယ် ဆိုမှတော့... ဘယ်သူမှ ဒီကနေ အသက်ရှင်လျက် ပြန်မသွားရဘူး...”

ထိုစကားကို ကြားသောအခါ ချင်ခယ်ရှင်း နှင့် အခြားသူများမှာ ကြောင်အသွားကြသည်။

ဒါက ဘာကို ဆိုလိုတာလဲ...။

ဒီမှာ ရှိနေတဲ့ လူတစ်စုနဲ့တင် ငါတို့ကို တားနိုင်မယ်လို့ သူက ထင်နေတာလား...။

သူမတို့သည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) အရှိန်အဝါကိုသာ ထုတ်လွှတ်နေသော စုယွီကို အသေအချာ ကြည့်လိုက်ကြ၏။

ယွီခယ်အာ နှင့် အခြားသူများကို ကြည့်လိုက်လျှင်လည်း အားလုံးမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်တွင်သာ ရှိနေကြသည် မဟုတ်ပါလော။

‘ဒီနေရာမှာ အစွမ်းအထက်ဆုံး အရာ ဆိုလို့ ကောင်းကင်ယံက စတုတ္ထအဆင့် အဆင့်နိမ့် မိစ္ဆာငှက်ကြီး နှင့်.. ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတဲ့ နတ်မိမယ် လျူရွှီးတို့သာ ရှိနေကြတာလေ..

‘ဒီသားရဲ တစ်ကောင်နဲ့... အစွမ်းတွေ အများကြီး လျော့ကျနေတဲ့ မူလဝိညာဉ် အဆင့် အစ ကျင့်ကြံသူ တစ်ယောက်တည်းနဲ့ ငါတို့ အားလုံးကို ဖမ်းထားနိုင်မယ်လို့ သူတို့က တကယ်ပဲ ယုံကြည်နေကြတာလား…’

“ဝုန်း…”

ထိုအခိုက်အတန့်တွင် စုယွီ၏ ကိုယ်ပေါ်မှ အရှိန်အဝါများမှာ ရုတ်ချည်း ပေါက်ကွဲ ထွက်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စွမ်းအား အမျိုးမျိုး၏ တာအိုနယ်မြေများမှာ စုစည်းသွားပြီး... ဟင်းလင်းပြင် နှင့် အချိန်တာအိုနယ်မြေ နှစ်ခုစလုံးကို စုယွီက အပြည့်အဝ အသက်သွင်း၏။

အချိန်တာအိုနယ်မြေ ၏ လွှမ်းမိုးမှု အောက်တွင် စုယွီ၏ မန္တန်စွမ်းအား အသုံးပြုနိုင်စွမ်းမှာ အလွန်အမင်း လျင်မြန်လှသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင်...ဟင်းလင်းပြင် တာအို နှင့် အချိန်တာအို တို့၏ စွမ်းအားများမှာ ချင်ခယ်ရှင်း နှင့် အခြားသူများကို လွှမ်းခြုံသွားတော့၏။

ဟင်းလင်းပြင် တာအို စွမ်းအားက ချင်ခယ်ရှင်း တို့၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ဖိနှိပ် ချုပ်နှောင်လိုက်ပြီး... ၎င်းကို ဟင်းလင်းပြင် လှောင်အိမ် တစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။

တစ်ချိန်တည်းမှာပင် အချိန်တာအို စွမ်းအားမှာလည်း ချင်ခယ်ရှင်း တို့၏ အပေါ်သို့ သက်ရောက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချင်ခယ်ရှင်း နှင့် အခြားသူများ၏ မျက်နှာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားကြရတော့၏။ သူမတို့ အားလုံးသည် သူတို့၏ သက်တမ်းများမှာ လျင်မြန်စွာ ကုန်ဆုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။

မူလဝိညာဉ် အရှင်သခင် ကိုးပါး အနက်... ချင်ခယ်ရှင်း နှင့် ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ ဖြစ်သော မူလဝိညာဉ် အဆင့်နှောင်းပိုင်း ကျင့်ကြံသူ နှစ်ဦးသာလျှင် လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း ရှိကြသည်။

သို့သော် ဟင်းလင်းပြင် တာအို စွမ်းအား၏ ချုပ်နှောင်မှုနှင့်... အချိန်တာအို စွမ်းအား၏ သက်တမ်း ဝါးမြိုမှုများကြောင့်... သူတို့ အနေဖြင့် အနည်းငယ် အားနည်းသွားသကဲ့သို့ ခံစားရပြီး တုံ့ပြန်မှုများမှာလည်း နှေးကွေးသွားခဲ့ရသည်။

သူတို့ သတိပြန်ဝင်လာပြီး စုယွီ၏ တာအိုနယ်မြေ ၏ ဖိနှိပ်မှုနှင့် ချုပ်နှောင်မှုများမှ ရုန်းထွက်ရန် ပြင်လိုက်ချိန်တွင်မူ... စုယွီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်းအဆောင်လက်ဖွဲ့ ရာနှင့်ချီ၍၊ မဟုတ်ပါ... ထောင်နှင့်ချီ၍ ထုတ်ယူလိုက်ချေပြီ။

ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများမှာ ကြေးမုံလမင်းအဆောင်လက်ဖွဲ့ များအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကာ ၎င်းတို့ကို အသက်သွင်း၏။

စုယွီ၏ အမိန့်အောက်တွင် ထူထပ်လှသော အဆောင်လက်ဖွဲ့များမှာ ချင်ခယ်ရှင်း နှင့် အခြား ကိုးဦး၏ ပတ်ဝန်းကျင်တွင် ရုတ်ချည်း ပေါ်ထွက်လာတော့၏။

စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ခုတည်းမှာမူ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိပါချေ။

ဆယ်ခု သို့မဟုတ် ဒါဇင်နှင့်ချီသော အဆောင်လက်ဖွဲ့ များကိုပင် ချင်ခယ်ရှင်း နှင့် ကြယ်ခူး မျှော်စင် အကြီးအကဲ တို့က အလွယ်တကူ ကိုင်တွယ်နိုင်စွမ်း ရှိကြသည်။ အကယ်၍ သူတို့ကို တုံ့ပြန်ရန် အချိန်ပေးမည် ဆိုပါက သူမတို့၏ ကိုယ်ပိုင် အခင်းအကျင်းများကို အသုံးပြု၍ ဤအဆောင်လက်ဖွဲ့ မည်မျှကိုမဆို ကြောက်ရွံ့နေစရာ လိုမည် မဟုတ်ပါချေ။

သို့သော် ယခုမူ... ဟင်းလင်းပြင် တာအို ၏ ချုပ်နှောင်မှုနှင့် အချိန်တာအို ၏ လွှမ်းမိုးမှုများ အောက်တွင်... ချင်ခယ်ရှင်း နှင့် ကြယ်ခူး မျှော်စင် အကြီးအကဲ တို့၏ တုံ့ပြန်မှု နှုန်းမှာ များစွာ နှေးကွေးသွားခဲ့ရသည်။

သူတို့၏ ပတ်ဝန်းကျင်တွင် သိပ်သည်းလှသော စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့များကို မြင်လိုက်ရချိန်တွင်... မူလဝိညာဉ် အရှင်သခင် ကိုးပါးစလုံးမှာ ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ကြောင်အသွားကြရတော့၏။

“... ... ...”

‘ဘယ်လိုလုပ်ပြီး စတုတ္ထအဆင့် အဆောင်လက်ဖွဲ့တွေ ဒီလောက်အများကြီး ရှိနေရတာလဲ…’

“ဝုန်း...”

ထောင်နှင့်ချီသော စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်းအဆောင်လက်ဖွဲ့ များ၏ စွမ်းအားမှာ မူလဝိညာဉ် အရှင်သခင် ကိုးပါး၏ ပတ်ဝန်းကျင်တွင် တစ်ပြိုင်နက် ပေါက်ကွဲ ထွက်ပေါ်လာသည်။

စုယွီ ကိုယ်တိုင်ပင်လျှင် ထိုပြင်းထန်လှသော ဟင်းလင်းပြင် စွမ်းအားကြီးကြောင့် ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားရတော့၏။

သေစမ်း... ငါ သုံးလိုက်တာ နည်းနည်းတောင် များသွားသလား မသိဘူး...။

ဒါပေမဲ့ အကျိုးသက်ရောက်မှု ကတော့ တကယ့်ကို အထူး ပြောင်မြောက်လှသည်။

ကြေးမုံလမင်းအဆောင်လက်ဖွဲ့ များ၏ စွမ်းအားများ ပေါက်ကွဲမှု အောက်တွင်... ချင်ခယ်ရှင်း အပါအဝင် မူလဝိညာဉ် အရှင်သခင် ကိုးပါးစလုံးမှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ သူတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ အပြည့်အဝ ပေါ်လွင်နေတော့၏။

ထိုအခိုက်အတန့်တွင် စုယွီသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ... နက်မှောင်သော စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ ချင်ခယ်ရှင်း နှင့် အခြားသူများ၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါ်ထွက်လာသည်။

စုယွီ၏ ဟင်းလင်းပြင် တာအို စွမ်းအား၏ အကူအညီဖြင့် အနက်ရောင် ဒေါသ စစ်သည်တော် သည် မျက်စိတစ်မှိတ် အတွင်းမှာပင် မူလဝိညာဉ် အဆင့် (၂) ရှိသော အရှင်သခင် တစ်ဦး၏ ဘေးသို့ ရောက်ရှိသွားခဲ့ချေပြီ။ ၎င်း၏ လက်ထဲရှိ အနက်ရောင် ဓားကြီးမှာ လေထုကို ခွဲထွက်သွားပြီး ၎င်း၏ ဓားသွားမှာ တောက်ပလှသော အလင်းတန်းများကို ထုတ်လွှတ်နေတော့၏။

“ဝီ…”

မူလဝိညာဉ် အဆင့် (၂) ရှိသော ထိုအရှင်သခင် ၏ ကိုယ်ပေါ်ရှိ ထိပ်တန်း အရည်အသွေးရှိ ဝတ်စုံမှာ အလိုအလျောက် ခုခံရန် ပြင်လိုက်သော်လည်း... ထိုကာကွယ်ရေး အတားအဆီးမှာ အနက်ရောင် ဓားကြီး၏ လက်ချက်ဖြင့် တိုက်ရိုက် ခုတ်ဖြတ်ခံလိုက်ရသည်။

ဧရာမ ဦးခေါင်းကြီး တစ်ခုမှာ အနက်ရောင် ဒေါသ စစ်သည်တော် ၏ လက်ချက်ဖြင့် ပြတ်ထွက်သွားခဲ့ချေပြီ။

ထိတ်လန့် ခြောက်ခြားနေသော မူလဝိညာဉ် တစ်ခုမှာ ခေါင်းပြတ်နေသော အလောင်းကောင် အတွင်းမှ ထွက်ပြေးရန် ကြိုးစားသော်လည်း... နောက်တစ်ခဏတွင် ထိုမူလဝိညာဉ်မှာ အနက်ရောင် ဒေါသ စစ်သည်တော် ၏ ပေါ့ပေါ့ပါးပါး ဓားချက် တစ်ချက်ဖြင့်ပင် အပိုင်းပိုင်းအပြတ်ပြတ် ဖျက်ဆီးခံလိုက်ရပြီး... စူးရှလှသော အော်ဟစ်သံကြီး တစ်ခုသာ ကျန်ရစ်ခဲ့လေတော့၏။

All Chapters