အခန်း ၆၅၅
Vol. 44 Ch. 655
အခန်း (၆၅၅) - ဝှက်ဖဲအားလုံးကို ထုတ်သုံးခြင်းနှင့် မူလဝိညာဉ် အဆင့်နှောင်းပိုင်း နှစ်ဦးကို ဖမ်းဆီးခြင်း အပိုင်း (၂)
နတ်ဘုရား သတ်ဖြတ်ခြင်း မန္တန် တစ်ခုချင်းစီ၏ စွမ်းအားမှာ မူလဝိညာဉ် အဆင့် (၃) အရှင်သခင် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှသည်။ ၎င်းတို့ ရာနှင့်ချီ၍ တစ်ပြိုင်နက် ပေါက်ကွဲသွားသောအခါ... ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးမှာ တောက်ပလှသော ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားခဲ့ချေပြီ။ ၎င်းမှာ လက်ဝါး အမှတ်အသား တစ်ခုနှင့်အတူ ကောင်းကင်ယံမှ ပိုင်းချလိုက်သည့် ဧရာမ ဓားသွားကြီး တစ်ခုနှင့်ပင် တူနေတော့၏။
မန္တန် အခင်းအကျင်း၏ အလယ်ဗဟိုတွင် ရှိနေသော ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ ၏ မျက်နှာမှာ ရုတ်ချည်း ပျက်ယွင်းသွားခဲ့သည်။ သူသည် ခုခံရန်နှင့် ထွက်ပြေးရန် အစွမ်းကုန် ကြိုးစားသော်လည်း... စတုတ္ထအဆင့် အဆင့်နိမ့် ကြေးမုံလမင်းအဆောင်လက်ဖွဲ့ များ၏ စွမ်းအားများမှာ တစ်ဖန် ပြန်လည် ပေါက်ကွဲလာပြန်တော့၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် နေရာ၌တင် အချုပ်ခံလိုက်ရသည်။
နတ်ဘုရား သတ်ဖြတ်ခြင်း မန္တန် ရာပေါင်းများစွာ၏ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ တရစပ် ကျရောက်လာခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင်...။ ကောင်းကင်ယံရှိ ထိုက်ရွှီ သည်လည်း ထိုသူက မိမိ၏ သခင်ကို တိုက်ခိုက်ရန် ကြိုးပမ်းသည်ကို မြင်သောအခါ... ဒေါသတကြီးဖြင့် ကောင်းကင် တစ်ခုလုံးကို လောင်ကျွမ်းစေမည့် မီးတောက်များကို ထုတ်လွှတ်လိုက်တော့၏။ ၎င်း၏ အရှိန်အဝါမှာ မျက်စိတစ်မှိတ် အတွင်း မြင့်တက်လာပြီး ၎င်း၏ ဟစ်ကြွေးသံမှာလည်း ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ ၎င်းသည် ပါးစပ်ကို ဖွင့်ကာ ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ ဆီသို့ မီးတောက်များကို မှုတ်ထုတ်လိုက်တော့၏။
“ဂါး...”
ဧရာမ မီးဖီးနစ်ငှက်ကြီး တစ်ကောင် ထွက်ပေါ်လာပြီး... စုယွီက ထိုသူအား ဖမ်းဆီး ထိန်းချုပ်ထားချိန်မှာပင် စတုတ္ထ အကြီးအကဲ ဆီသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်၏။
“ဝုန်း...”
ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ မှာ မြေပြင်ထဲသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားပြီး မြေသားများမှာလည်း လောင်ကျွမ်း ပြာကျသွားခဲ့ရသည်။ သူ့တွင် အဆင့်နိမ့် မှော်ချပ်ဝတ် ရှိနေသော်ငြားလည်း... ဤတိုက်ခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲသွားပြီး သွေးများဖြင့် ရွှဲနစ်နေခဲ့ချေပြီ။ သူ၏ အရှိန်အဝါမှာလည်း ဖရိုဖရဲ ဖြစ်သွားပြီး ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့တော့၏။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက် သွေးများကို အဆက်မပြတ် အန်ထုတ်နေရသည်။
အခြားတစ်ဖက်တွင်မူ...။ ချင်ခယ်ရှင်း သည်လည်း အခင်းအကျင်းများ မချမှတ်နိုင်တော့ဘဲ... အနက်ရောင် ဒေါသ စစ်သည်တော် ကို အသက် တစ်ရှိုက်စာ အချိန် ဆယ်ခါပင် မပြည့်မီမှာတင် မနည်း တောင့်ခံနေရသည်။ သူမသည် အနက်ရောင် ဓားချက်ဖြင့် ကောင်းကင်ယံမှ ပိုင်းချခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်ရှိ ကျင်းကြီးတစ်ခု အတွင်းသို့ ပြုတ်ကျသွားခဲ့တော့၏။
အနက်ရောင် ဒေါသ စစ်သည်တော် က အဓိက တိုက်ခိုက်ပြီး စုယွီက ဘေးမှ ကူညီလိုက်ခြင်းကြောင့်... တိုက်ပွဲ ဖြစ်ပွားပြီး တစ်နာရီကျော် အကြာတွင် မူလဝိညာဉ် အဆင့်နှောင်းပိုင်း ကျင့်ကြံသူ နှစ်ဦးစလုံးမှာ ပြင်းထန်သော ဒဏ်ရာများဖြင့် ခုခံနိုင်စွမ်း မရှိတော့ဘဲ ဖမ်းဆီးခြင်း ခံလိုက်ရပြီ ဖြစ်တော့သည်။
ဤကဲ့သို့သော မူလဝိညာဉ် အဆင့်နှောင်းပိုင်း ကျင့်ကြံသူများမှာ အမှန်တကယ်ပင် ကိုင်တွယ်ရန် မလွယ်ကူပါချေ။ အထူးသဖြင့် သူတို့ နှစ်ဦး ပူးပေါင်းလိုက်လျှင် ပို၍ပင် ခက်ခဲလှ၏။
အကယ်၍ စုယွီသာ ဟင်းလင်းပြင် နှင့် အချိန်တာအို စွမ်းအားများကို မပိုင်ဆိုင်ထားပါက... ချင်ခယ်ရှင်း နှင့် စတုတ္ထ အကြီးအကဲ တို့သည် အနက်ရောင် ဒေါသ စစ်သည်တော် ကို မယှဉ်နိုင်လျှင်တောင် အလွယ်တကူ ထွက်ပြေး လွတ်မြောက်သွားနိုင်မည်မှာ အသေအချာပင်။ ယခုမူ စုယွီနှင့် အနက်ရောင် ဒေါသ စစ်သည်တော် တို့ ပူးပေါင်းလိုက်ခြင်းကြောင့်... ပကတိ သာလွန်သော စွမ်းအားဖြင့် သူတို့ နှစ်ဦးကို တစ်နာရီကျော် အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပေတော့သည်။
တိုက်ပွဲ အပြီးတွင်…
တာ့ယွဲ့ နန်းတော် ၏ ထက်ဝက်ခန့်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး... တာ့ယွဲ့ တောင်ထွတ် ၏ အထက်ပိုင်းမှာလည်း ပြားချပ်သွားခဲ့ရသည်။
တောင်တန်း၏ ထက်ဝက်ခန့်မှာ ပြိုကျ ပျက်စီးသွား၏။
အကယ်၍ တာ့ယွဲ့ နန်းတော် အနေဖြင့် တာ့ယွဲ့ တောင်ထွတ်၏ အုတ်မြစ်ကို ခိုင်မာအောင် ပြုပြင် မထားခဲ့ပါက... ဤတိုက်ပွဲ အပြီးတွင် တောင်ထွတ် တစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည်။
ထိုစဉ်.. နတ်မိမယ် လျူရွှီး က သတိပေးလာ၏။
“တာ့ယွဲ့ အင်မော်တယ် မြို့တော် ထဲမှာ သူတို့ရဲ့ လူတွေ ကျန်နေသေးတယ်...”
“ရန်သူက တာအိုမိတ်ဆွေ မာ ရဲ့ မိသားစုကို ရှာတွေ့ထားကြတယ်... ငါတို့..သူတို့ကိုလည်း သွားပြီး ဖမ်းရမယ်...”
စုယွီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက်... သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့၏။ သူ ပြန်လည် ပေါ်ထွက်လာချိန်တွင်မူ တာ့ယွဲ့ နန်းတော် မှ မိုင်တစ်ထောင်ခန့် ဝေးသော တာ့ယွဲ့ အင်မော်တယ် မြို့တော် ၏ ကောင်းကင်ယံသို့ ရောက်ရှိနေခဲ့ချေပြီ။
လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့် သုံးဆယ်ခန့်သာ ရှိနေပြီး မူလဝိညာဉ် အရှင်သခင် များ တစ်ဦးမှ မရှိပါချေ။
စုယွီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက်... ထိုလူများ အားလုံးမှာ ဟင်းလင်းပြင် စွမ်းအားဖြင့် မြို့အတွင်းမှ ထုတ်ယူခြင်း ခံလိုက်ရပြီး သူ၏ ရှေ့မှောက်တွင် စုစည်းသွားကြတော့၏။
ထို့နောက် စုယွီ၏ ခန္ဓာကိုယ်ပေါ်မှ သောင်းနှင့်ချီသော အင်မော်တယ်ခန္ဓာကိုယ် သန့်စင်ခြင်း တာအို မန္တန် အမှတ်အသားများမှာ ပေါက်ကွဲ ထွက်ပေါ်လာပြီး... ခန္ဓာကိုယ် စွမ်းအား တာအိုနယ်မြေ တစ်ခုကို ဖန်တီး၏။ ထိုတာအိုနယ်မြေ အောက်တွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိသူ သုံးဆယ်မှာ ပုရွက်ဆိတ်များအလား အားနည်းနေခဲ့ကြတော့၏။
စုယွီ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်... ထိုလူများ အားလုံးမှာ ဘုန်းခနဲ အသံနှင့်အတူ ဖုန်မှုန့်များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ရသည်။
မီးတောက်များက ကောင်းကင်ယံကို လောင်ကျွမ်းစေပြီး ပြာများမှာ လေနှင့်အတူ လွင့်ပါးသွားခဲ့ချေပြီ။
“နောက်ဘဝကျရင် အဖွဲ့အစည်း ကောင်းကောင်းကို ရွေးချယ်တတ်ပါစေ... တစ်ခုခု မလုပ်ခင်မှာ အကျိုးဆက်ကို ခံနိုင်ရည် ရှိမရှိ အရင် စဉ်းစားကြပေါ့...”
သူ၏ အေးစက် တည်ငြိမ်လှသော အသံမှာ လေထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့ပြီး... တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ကျင့်ကြံသူများ သူ၏ တည်ရှိမှုကို သတိမပြုမိခင်မှာပင်... ဟင်းလင်းပြင် လှိုင်းဂယက်များ ပျံ့နှံ့သွားကာ သူ ထပ်မံ ပျောက်ကွယ်သွားပြန်တော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီသည် နတ်မိမယ် လျူရွှီး တို့၏ ရှေ့မှောက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“တာ့ယွဲ့ အင်မော်တယ် မြို့တော် က လူတွေကို ငါ ရှင်းပစ်လိုက်ပြီ...”
“ဒီ လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က ကျန်တဲ့ နှစ်ယောက်ကိုလည်း ကျွန်တော် ကိုင်တွယ်လိုက်မယ်... သူတို့ အဖွဲ့အစည်း တွေအနေနဲ့ တာ့ယွဲ့ နန်းတော် ကို နောက်တစ်ခါ ထပ်ပြီး ရန်စရဲမှာ မဟုတ်တော့ဘူး...”
“တာ့ယွဲ့ နန်းတော် ကိစ္စကတော့...”
သူသည် ပျက်စီး ယိုယွင်းနေသော တာ့ယွဲ့ နန်းတော် ကို ကြည့်ကာ ခေတ္တမျှ တွေဝေသွားပြီးနောက် ဆိုလိုက်၏။
“မင်းတို့တွေ လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ ထဲကို ပြောင်းရွှေ့လိုက်ရင် မကောင်းဘူးလား...”
“ကျွန်တော်.. ခယ်အာ နဲ့ ထျန်းလင် တို့ကိုလည်း တာ့ယွဲ့ နန်းတော် ထဲကို ဝင်ခိုင်းလိုက်မယ်...”
သူသည် နတ်မိမယ် လျူရွှီး ယနှင့် နတ်မိမယ် ကုယွဲ့တို့ကို ကြည့်လိုက်၏။
နတ်မိမယ် လျူရွှီး နှင့် နတ်မိမယ် ကုယွဲ့ တို့မှာ စုယွီ၏ ရုတ်တရက် အဆိုပြုချက်ကြောင့် ကြောင်အသွားကြရသည်။
သို့သော် စုယွီ၏ စွမ်းအားနှင့်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း နယ်မြေမှ အင်အားကြီး အဖွဲ့အစည်း နှစ်ခုဖြစ်သော လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့၏ အနိုင်ကျင့်မှုကို မြင်တွေ့ခဲ့ရပြီးနောက်... သူတို့ အနေဖြင့် စုယွီ၏ အဆိုပြုချက်ကို ငြင်းဆန်ရန် အင်အား မရှိတော့ပါချေ။
စုယွီကို တာ့ယွဲ့ နန်းတော် ၏ ကျောရိုး အဖြစ် ထားရှိမှသာ ၎င်း၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလော။
ထို့ကြောင့် နတ်မိမယ် လျူရွှီး နှင့် နတ်မိမယ် ကုယွဲ့ တို့ ခေတ္တမျှ တိတ်တဆိတ် တိုင်ပင် ဆွေးနွေးပြီးနောက်... စုယွီကို ချက်ချင်း ဦးညွှတ်လိုက်ကြတော့၏။
“ယနေ့မှစပြီး တာ့ယွဲ့ နန်းတော် ကို တာအိုမိတ်ဆွေ စု ကပဲ ဦးဆောင်ပါတော့...”
စုယွီက ပြုံးလိုက်ပြီးနောက် နတ်မိမယ် နှစ်ပါးကို အသိပေးလိုက်သည်။
“ကျွန်တော်.. တာအိုမိတ်ဆွေ လော့ နဲ့ တိုင်ပင်ပြီး... ယွင်ကျန်းဂိုဏ်း ကို တာ့ယွဲ့ နန်းတော် ထဲမှာ ပေါင်းထည့်ကာ တာ့ယွဲ့ နယ်မြေ တစ်ခုလုံးကို စုစည်းလိုက်မယ်...”
“ကျွန်တော်တို့.. ဖုန်းလော့နန်းတော် နဲ့ ဇီကွမ်းနန်းတော် ကိုပါ အုပ်ချုပ်နိုင်သလို... ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း ကိုလည်း ကိုင်တွယ်ရမယ့် အချိန် ရောက်ပြီ ထင်တယ်...”
ဤနယ်မြေ တစ်ဝိုက်ရှိ ကျင့်ကြံခြင်း ကမ္ဘာကို ရှင်းလင်းရေး ပြုလုပ်ပြီး... တာ့ယွဲ့ နန်းတော် အား ကျင့်ကြံသူ အားလုံးကို အုပ်ချုပ်ခွင့် ပေးရန်မှာ... စုယွီ နေရာရွှေ့ပြောင်း အခင်းအကျင်း ကို တည်ဆောက်စဉ် ကတည်းက စီစဉ်ထားခဲ့သော ကိစ္စရပ် တစ်ခု ဖြစ်သည်။
မည်သည့် နောက်ကြောင်း ပြဿနာမျှ မရှိသော တာ့ယွဲ့ နယ်မြေ တစ်ခုတည်းသာလျှင် သူ၏ ခိုင်မာသော အမာခံ စခန်း ဖြစ်လာနိုင်ပေလိမ့်မည်။ ထို့အပြင် သူသည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း နယ်မြေမှ သယ်ဆောင်လာသော အရင်းအမြစ်များကို အသုံးပြု၍... တာ့ယွဲ့ နန်းတော် မှ လူများ၏ ကျင့်ကြံခြင်း အဆင့်နှင့် စွမ်းအားများကိုပါ မြှင့်တင်ပေးနိုင်မည် မဟုတ်ပါလား။။