အခန်း ၆၅၆
Vol. 44 Ch. 656
အခန်း (၆၅၆) ဝှက်ဖဲအားလုံးကို ထုတ်သုံးခြင်းနှင့် မူလဝိညာဉ် အဆင့်နှောင်းပိုင်း နှစ်ဦးကို ဖမ်းဆီးခြင်း အပိုင်း (၃)
တာ့ယွဲ့ နယ်မြေ အတွင်း၌ ဘေးကင်းစွာ ကျင့်ကြံနေခြင်းဖြင့်... နောင်တစ်ချိန်တွင် တာ့ယွဲ့ နန်းတော် ထံမှ အထောက်အပံ့များ ရရှိနိုင်မည် ဖြစ်သည်။ တာ့ယွဲ့ နန်းတော် အား လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ သို့ ပြောင်းရွှေ့ရန်မှာမူ အချိန်အတန်ကြာ ယူရဦးမည် ဖြစ်၏။
စုယွီသည် နတ်မိမယ် လျူရွှီး နှင့် နတ်မိမယ် ကုယွဲ့ တို့အား ကုသရေး ဆေးလုံးများ... ထို့ပြင် တတိယအဆင့် ထိပ်တန်း နှင့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အနည်းငယ် ပေးအပ်ခဲ့သည်။ ထို့နောက် သူသည် ချင်ခယ်ရှင်း နှင့် ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ တို့ကို ဖမ်းဆီးကာ... ခယ်အာ နှင့်အတူ ထိုက်ရွှီ ကို စီးနင်း၍ တာ့ယွဲ့ တောင်တန်းကြီး ဆီသို့ ပြန်လည် ထွက်ခွာလာခဲ့တော့၏။
လမ်းခရီးတွင် သူသည် မိမိနောက်သို့ လိုက်လံ စူးစမ်းနေသော စုရွေ့ နှင့် သူမ၏ အဖွဲ့ကို တွေ့ဆုံခဲ့သည်။ စုရွေ့ နှင့် အခြားသော စုမိသားစုဝင် များကို ထိုက်ရွှီ ပေါ်သို့ တင်ဆောင်ပြီးနောက်... စုယွီ တို့ အုပ်စုသည် လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ ဆီသို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။
ခယ်အာ ထံမှ တာ့ယွဲ့ နန်းတော် တွင် ဖြစ်ပျက်ခဲ့သမျှကို ကြားသိပြီးနောက်... စုရွေ့ သည် စုယွီ ၏ လက်မောင်းကို ဆွဲကာ မကျေမနပ် ပြောဆိုလာတော့၏။
“ဟွန့်..ဦးလေးယွီ... ဘာလို့ ကျွန်မကို မစောင့်တာလဲဟင်... ဦးလေး က အကုန်လုံးကို အနိုင်တိုက်ပြီးနေပြီ... ကျွန်မက လမ်းတစ်ဝက်ပဲ ရောက်သေးတာကို”
စုယွီသည် ယခုအခါ အိမ်ထောင်ကျပြီး သားသမီး နှစ်ဦးပင် ရနေပြီ ဖြစ်သော စုရွေ့ ကို တစ်ချက် ကြည့်လိုက်ပြီး ဆို၏။
“ဒါက အသက်နဲ့ ရင်းရတဲ့ တိုက်ပွဲလေ... မင်းကို ငါ ဘယ်လိုလုပ် စောင့်နေနိုင်မှာလဲ... မင်း ကျင့်ကြံလာတာ ဒီလောက် ကြာနေတာတောင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကို မရောက်သေးဘူး... ဒီစကားမျိုး ပြောထွက်သေးတယ်ပေါ့လေ”
“မင်းက ကလေး နှစ်ယောက် ရနေတဲ့ အမေ တစ်ယောက် ဖြစ်နေပြီ... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကလေး တစ်ယောက်လိုပဲ ထင်နေတုန်းပဲလား”
စုရွေ့ က နှာခေါင်းရှုံ့လိုက်ရင်း…
“ဟွန့်... ကျွန်မ ဂရုမစိုက်ဘူး... ဦးလေး ရှေ့မှာတော့ ကျွန်မက ကလေးပဲလေ”
စုယွီမှာ ပြန်လည် ချေပရန် စကား မရှိတော့သဖြင့် ခေါင်းယမ်းလျက်သာ ရယ်မောလိုက်ရတော့၏။
သို့သော် ထိုအခိုက်တွင် စုရွေ့ က တိုးညှင်းသော အသံဖြင့် ဆိုလာသည်။
“ဦးလေးယွီ... ကျွန်မ အဖေ က ဦးလေးကို တွေ့ချင်နေတယ်... သူ့ရဲ့ သက်တမ်း က နောက်ထပ် အနှစ် ငါးဆယ် တောင် မကျန်တော့ဘူး... ဦးလေး ကလည်း ပြန်လာတာ ရှားတယ် မဟုတ်လား... ဦးလေး မရှိရင် စုမိသားစု က မပြည့်စုံဘူးလေ”
ထိုစကားကို ကြားသောအခါ စုယွီ ခေတ္တမျှ မှင်သက်သွားပြီး အတန်ကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ... ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ မင်းဦးလေး.. ချက်ချင်း ပြန်လာခဲ့ပါမယ်”
စုရွေ့ ၏ ဖခင် ဖြစ်သူ စုရွီအန်း မှာ သူ၏ ပါရမီ အကန့်အသတ်ကြောင့်... ကောင်းကင် ဆေးလုံး ကို အသုံးပြု၍ အမြုတေတု အဆင့် သို့သာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ အခြေခံ တည်ဆောက်ခြင်း အဆင့် ၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့သော်ငြား... အစစ်အမှန် အမြုတေ ဖွဲ့စည်းခြင်း အဆင့် နှင့်မူ များစွာ ကွာခြားနေဆဲပင် ဖြစ်၏။ အမှန်တကယ်ပင် စုရွီအန်း မှာ သူ၏ သက်တမ်း ကုန်ဆုံးရန် နီးကပ်နေခဲ့ချေပြီ။
သူတို့ အားလုံး လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
စုယွီသည် ချင်ခယ်ရှင်း နှင့် ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ လီကျန့် တို့ကို သူ၏ ကိုယ်ပိုင် ဂူစံအိမ် အတွင်းသို့ ခေါ်ဆောင်လာပြီး... ကြမ်းပြင်ပေါ်သို့ ပစ်ချ၏။ ထို့နောက် သူတို့၏ ရှေ့ရှိ ကျောက်စိမ်း ကုတင်ပေါ်တွင် ထိုင်လျက် ထိုနှစ်ဦးကို အပေါ်စီးမှ စိုက်ကြည့်နေတော့၏။
ချင်ခယ်ရှင်း မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး သူမ၏ မူလဝိညာဉ် နှင့် နတ်ဘုရား ဝိညာဉ် တို့မှာ အလွန်အမင်း အားနည်းနေသော်ငြား... သူမ၏ ခေါင်းမာမှုမှာ ပျောက်ကွယ်မသွားခဲ့ပါချေ။ သူမသည် စုယွီ ကို အေးစက်စွာ စိုက်ကြည့်လျက် အားနည်းလှသော လေသံဖြင့် ဆိုလာသည်။
“မင်း က ငါတို့ လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က လူတွေ အများကြီးကို သတ်ပစ်ခဲ့တယ်... ဒီကိစ္စ က ဒီလောက်နဲ့တင် ပြီးသွားမှာ မဟုတ်ဘူးနော်”
စုယွီ က သဘောတူဟန်ဖြင့် ခေါင်းညိတ်၏။
“မင်း ပြောတာ မှန်တယ်... မင်းတို့ က ငါ့ရဲ့ ဇာတိမြေ ကို တိုက်ခိုက်ရဲတယ်ပေါ့... လညွှန် နန်းတော် ရော ကြယ်ခူး မျှော်စင် ရော ငါ့ကို စော်ကားခဲ့ကြပြီ... ဒီကိစ္စ က ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး”
“ငါ စုယွီ က မင်းတို့နဲ့ ရစရာ ရှိတဲ့ စာရင်းတွေကို တစ်ခုချင်းစီ အေးအေးဆေးဆေး ရှင်းပေးပါ့မယ်...”
အကြောင်းရင်းကို မသိသော်ငြား စုယွီ ကဲ့သို့သော လူငယ်လေး တစ်ဦး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် ချင်ခယ်ရှင်း မှာ ကျောရိုးထဲအထိ စိမ့်ခနဲ ဖြစ်သွားရသည်။ သူမ၏ မျက်ဝန်းများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားပြီး ကိုယ်ပေါ်ရှိ မွေးညင်းနုများပင် ထောင်ထလာတော့၏။
ယခင်က အဖြစ်အပျက်များကို သူမ ပြန်လည် အမှတ်ရသွား၏။
မူလဝိညာဉ် အဆင့် (၂) ရှိသော မထင်မရှား လူငယ် တစ်ယောက်။
သူက မူလဝိညာဉ် အဆင့် (၇) ရှိသော လီကျန့် ကို ရင်ဆိုင်ခဲ့သည်။ သူ၏ မှော်ရတနာကို အတင်းအကျပ် လုယူခဲ့သည်။
ဤဖြစ်ရပ် တစ်ခုချင်းစီက သူတို့ ရှေ့မှ မြေကမ္ဘာအင်မော်တယ် နန်းတော် မှ လူငယ်မှာ သာမန်လူ တစ်ဦး မဟုတ်ကြောင်း သက်သေပြနေလေ၏။
“အင်မော်တယ်တစ်သောင်း နန်းတော် ရဲ့ တာအိုသားတော် တွေတောင် ဒီလူနဲ့ ယှဉ်နိုင်ပါ့မလား...”
ချင်ခယ်ရှင်း စိတ်ထဲမှ တိတ်တဆိတ် တွေးတောမိရင်း ထိတ်လန့် တုန်လှုပ်သွားရသည်။
အင်မော်တယ်တစ်သောင်း နန်းတော် မှ တာအိုသားတော် များပင်လျှင် သူမ ရှေ့မှ ပုဂ္ဂိုလ်ကို ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ကြောင်း သူမ ခံစားနေရ၏။ အကယ်၍ ထိုကဲ့သို့သော မိစ္ဆာ အဆင့်ရှိ ပါရမီရှင် တစ်ဦး၏ အငြိုးထားခြင်းကို ခံရမည် ဆိုပါက... လညွှန် နန်းတော် အနေဖြင့် ဆက်လက် ရှင်သန်နိုင်ပါဦးမည်လော။
ထိုသို့ တွေးတောရင်း ချင်ခယ်ရှင်း ၏ မျက်လုံးအိမ်များမှာ အစွမ်းကုန် ကျဉ်းမြောင်းသွားရပြီး... သူမ၏ မျက်နှာပေါ်ရှိ ထိတ်လန့် ကြောက်ရွံ့မှုများကို မဖုံးကွယ်ထားနိုင်တော့ပါချေ။
စုယွီ ကတော့ ချင်ခယ်ရှင်း နှင့် လီကျန့် တို့ကို မည်သို့ ကိုင်တွယ်ရမည်ကို တိတ်တဆိတ် စဉ်းစားနေ၏။