အခန်း ၆၅၇
Vol. 44 Ch. 657
အခန်း (၆၅၇) ကျန်းပိုင်ယွီ၏ သေဆုံးခြင်း.. နတ်မိမယ် ဖုန်းလင် ပြန်လာပြီ အပိုင်း (၁)
ဤတိုက်ပွဲတွင် သူ ပေးဆပ်ခဲ့ရသော တန်ဖိုးမှာ မနည်းလှပါချေ။ စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ မြောက်မြားစွာကို အလကားရသကဲ့သို့ တရစပ် အသုံးပြုခဲ့သဖြင့် လက်ကျန် ပမာဏမှာ ထက်ဝက်ကျော်ခန့် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်၏။ သိုလှောင်ထားသော အဆောင်လက်ဖွဲ့များမှာ စိုးရိမ်ရလောက်အောင် နည်းပါးသွားပြီ ဖြစ်ရာ အခြေအနေများ ငြိမ်သက်သွားပါက သူ ပြန်လည် ဖြည့်တင်းရဦးမည် ဖြစ်သည်။
သို့သော်လည်း ချင်ခယ်ရှင်း နှင့် အခြားသူများကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ရရှိလိုက်သော အကျိုးအမြတ်များမှာလည်း ကြီးမားလှသည်။ အဆင့်နိမ့် မှော်ရတနာ ကိုးခုနှင့်အတူ အဆင့်မမီသေးသော သန္ဓေသား အဆင့် ရတနာ ခြောက်ခုကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အပြင် အထူးသဖြင့် အခင်းအကျင်း ပညာရပ်နှင့် ပတ်သက်သော အရင်းအမြစ်များမှာ မရေမတွက်နိုင်အောင် ပါဝင်နေသည်။ ထိုအရာများမှာ စတုတ္ထအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦး အဖြစ် သူ ဆက်လက် လေ့လာရန်အတွက် လုံလောက်သော ပမာဏပင် ဖြစ်တော့၏။
ဤအကျိုးအမြတ်များကို ဝိညာဉ်ကျောက်တုံးများ အဖြစ် ပြောင်းလဲလိုက်မည် ဆိုပါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော် တန်ဖိုးရှိပေလိမ့်မည်။
လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့မှ လူများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ ရန်ငြိုးရန်စမှာ အခိုင်အမာ တည်ရှိသွားခဲ့ချေပြီ။ ထို့အပြင် ဤသူနှစ်ဦးမှာ သူ၏ စွမ်းအား အစစ်အမှန်ကို သိရှိထားသူများ ဖြစ်သဖြင့် ၎င်းတို့ကို အသက်ရှင်လျက် လွှတ်ပေး၍ မဖြစ်ပါချေ။
သို့သော်လည်း... ဤလူများ ကျဆုံးသွားခြင်းကြောင့် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့ဘက်မှ စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်လာနိုင်ခြေ ရှိသည်။
ထိုအခါတွင် သူသည် မိမိကိုယ်ကို ဤကိစ္စနှင့် မည်သို့ ကင်းလွတ်အောင် လုပ်ရမည်နည်း...။ သူ၏ စွမ်းအား အစစ်အမှန်ကို မည်သို့ ဖုံးကွယ်ထားရမည်နည်း...။
စုယွီသည် အလွန်တရာ တည်ငြိမ်သော အမူအရာဖြင့် တွေးတောနေမိ၏။ လောလောဆယ် အရေးကြီးဆုံး ကိစ္စမှာ ဤသူနှစ်ဦးကို အဆုံးစီရင်ရန် ဖြစ်ပြီး... နောက်တစ်ဆင့် အနေဖြင့် တာ့ယွဲ့ နန်းတော် မှ လူများ အားလုံးကို လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ အတွင်းသို့ တွန်းအားပေး ပြောင်းရွှေ့ခိုင်းရမည် ဖြစ်သည်။ ၎င်းတို့ကို ကာလတိုအတွင်း အပြင်သို့ ထွက်ခွာခွင့် ပြုမည် မဟုတ်ပါချေ။
ဤသို့ လုပ်ဆောင်ခြင်းဖြင့် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် မှ လူများ သေဆုံးမှု၏ နောက်ကွယ်တွင် သူ ရှိနေသည်ကို မည်သူမျှ သိရှိနိုင်တော့မည် မဟုတ်သလို... သူ၏ စွမ်းအား အစစ်အမှန်ကိုလည်း ဖော်ထုတ်နိုင်မည် မဟုတ်ပါချေ။
နောက်ဆုံးတွင်မူ ဤအဖြစ်အပျက်အတွက် အပြစ်ပုံချရန် ဓားစာခံ တစ်ဦး ရှာရမည် ဖြစ်ပြီး... ရောက်ရှိလာမည့် စုံစမ်းစစ်ဆေးသူများကိုပါ ကိုင်တွယ်ရမည် ဖြစ်၏။ ဤကိစ္စရပ်များ အားလုံးကို ဖြေရှင်းပြီးမှသာ သူ စိတ်အေးနိုင်ပါမည်။
“ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် လုပ်ရုံနဲ့တင် မလုံလောက်သေးဘူး... လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် တို့ကို ဒုက္ခပေးနိုင်မယ့် နည်းလမ်း တစ်ခုခု ငါ ရှာရမယ်...”
စုယွီသည် သူ ချန်ထားခဲ့သော အမှတ်အသား မန္တန် အကြောင်းကို ပြန်လည် အမှတ်ရလိုက်၏။ သို့သော် ထိုမန္တန်ကို မည်သို့ အသုံးချရမည်နည်း ဆိုသည်ကိုမူ သူ သေချာ တွေးတောရပါဦးမည်။
မူလက သူသည် မူလဝိညာဉ် အဆင့်နှောင်းပိုင်း ရှိသော ချင်ခယ်ရှင်း နှင့် လီကျန့် တို့ကို မြေကမ္ဘာအင်မော်တယ် နန်းတော် သို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ ထို့နောက်မှ အမှတ်အသား မန္တန်ကို အသုံးပြု၍ မြေကမ္ဘာအင်မော်တယ် နန်းတော် အား ထိုအဖွဲ့အစည်း နှစ်ခုကို ပြဿနာ ရှာခိုင်းရန် စီစဉ်ခဲ့သည်။
သို့သော် ယခု ပြန်လည် စဉ်းစားကြည့်သောအခါ ထိုသို့ လုပ်ဆောင်ခြင်းမှာ မသင့်တော်ကြောင်း သူ သတိပြုမိသွား၏။ ၎င်းမှာ သူ၏ နောက်ကြောင်း အားလုံးကို အပြည့်အဝ ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။
သူ နှစ်ပေါင်းများစွာ ကြိုးစား အားထုတ်ခဲ့သမျှ အရာအားလုံးမှာ အလဟဿ ဖြစ်သွားနိုင်သည်။ မြေကမ္ဘာအင်မော်တယ် နန်းတော် ရှိ လူများစွာ၏ အာရုံစိုက်မှုကိုပါ ရရှိသွားနိုင်သဖြင့် ၎င်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပါချေ။
“ဒါကြောင့် ဒီကိစ္စကို အင်မော်တယ် ဂိတ်တံခါး ကို အသိပေးလို့ မဖြစ်ဘူး... လညွှန် နန်းတော် နဲ့ ကြယ်ခူး မျှော်စင် က လူတွေ ဟုတ်လား... ဘယ်သူတွေလဲ... ငါ တစ်ယောက်မှ မမြင်မိပါဘူး...”
စုယွီသည် ချင်းယွဲ့ (အစိမ်းရောင်လမင်း) ဓား ကို မြှောက်လိုက်ပြီး ချင်ခယ်ရှင်း နှင့် လီကျန့် တို့ကို သတ်ဖြတ်ရန် ပြင်၏။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်လွင်လာသည်နှင့် တစ်ပြိုင်နက်... ကြယ်ခူး မျှော်စင် မှ စတုတ္ထ အကြီးအကဲ လီကျန့် မှာ သူ၏ ရှေ့မှောက်တွင် ချက်ချင်းပင် ဒူးထောက် ကျသွားတော့၏။
လီကျန့်မှာ ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် အသနားခံလာသည်။
“အကြီးအကဲစု... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့... ခင်ဗျားကို အစေခံဖို့ ကျွန်တော် အဆင်သင့်ပါပဲ... ကျိန်ဆိုပါတယ်... တာအို သစ္စာဆိုဖို့လည်း အဆင်သင့်ပါပဲ ခင်ဗျာ...”
စုယွီက မျက်လုံးအိမ် ကျဉ်းမြောင်းလျက် ချင်ခယ်ရှင်း ကို လှောင်ပြုံး ပြုံးပြလိုက်၏။
လညွှန် နန်းတော် မှ အကြီးအကဲ ဖြစ်သော ဤအမျိုးသမီးမှာ အနည်းဆုံး သက်တမ်း ငါးရာ၊ ခြောက်ရာ ကျော်နေပြီ ဖြစ်သော်လည်း... မူလဝိညာဉ် အဆင့် အထွတ်အထိပ် ကျင့်ကြံသူများသည် အနှစ် တစ်ထောင်ကျော် အထိ ရှင်သန်နိုင်ကြသည် မဟုတ်ပါလော။ ထို့အပြင် နုပျိုခြင်း ကျင့်စဉ်များကြောင့် သူမ၏ ရုပ်ရည်မှာ များစွာ ပြောင်းလဲခြင်း မရှိပါချေ။
ထို့ကြောင့် ချင်ခယ်ရှင်း မှာ အသက် နှစ်ဆယ်ကျော် အမျိုးသမီး တစ်ဦးကဲ့သို့ပင် မြင်တွေ့နေရခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ချင်ခယ်ရှင်း မှာ သွေးများဖြင့် ရွှဲနစ်နေပြီး ကိုယ်ပေါ်တွင် ဓားဒဏ်ရာ မြောက်မြားစွာဖြင့် အလွန် သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေခဲ့ချေပြီ။ သူမသည် အနက်ရောင် ဒေါသ စစ်သည်တော် ၏ ဓားတာအို နယ်မြေ ဒဏ်ကြောင့် ပြင်းထန်သော ဒဏ်ရာများကို ရရှိထား၏။
စုယွီက စကားတစ်ခွန်းမျှ မဟဘဲ လက်ထဲတွင် ချင်းယွဲ့ (အစိမ်းရောင်လမင်း) ဓား ကို ကိုင်ဆောင်လျက် ချင်ခယ်ရှင်း ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ အမြဲတမ်း မာနထောင်လွှားတတ်သော ဤအမျိုးသမီးမှာမူ သူမ၏ မာနနှင့် ထပ်တူညီသော ခိုင်မာသည့် ဒူးဆစ်များ ရှိမရှိ စမ်းသပ်ရပေဦးမည်။
စုယွီ ချဉ်းကပ်လာပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင်မူ... ချင်ခယ်ရှင်း ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရတော့၏။
သူမသည် ခေါင်းကို ငုံ့လိုက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆိုလာသည်။
“ကျွန်မ... ကျွန်မ အရှုံးပေးဖို့ အဆင်သင့်ပါပဲ...”
သူမကို မြင်သောအခါ စုယွီက နှာခေါင်းရှုံ့လိုက်ရင်း...
“အရှုံးပေးတယ် ဟုတ်လား... မင်း ဆိုလိုတာက ငါက မင်းကို လညွှန် နန်းတော် က လူတွေကို သတ်ခိုင်းရင်တောင် မင်းက လုပ်ပေးမယ် ဆိုတဲ့ သဘောလား...”
သူ့စကားကြောင့် ချင်ခယ်ရှင်း သည် စုယွီကို ဒေါသတကြီး စိုက်ကြည့်လာ၏။
သို့သော် စုယွီ၏ အရိုးထဲအထိ စိမ့်ဝင်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါနှင့်... အစောပိုင်းက သူမ မြင်တွေ့ခဲ့ရသော သူ၏ ကြောက်မက်ဖွယ် စွမ်းအားများကို ပြန်လည် အမှတ်ရလိုက်ချိန်တွင်မူ ချင်ခယ်ရှင်း မှာ ဆက်လက် မတောင့်ခံနိုင်တော့ပါချေ။
သူမ အသက်ရှင်ချင်သေးသည် မဟုတ်ပါလော။
တစ်ချိန်က လညွှန် နန်းတော် သည်လည်း အင်မော်တယ်တစ်သောင်း နန်းတော် ၏ ဖိအားအောက်တွင် ရှင်သန်နိုင်ရန်အတွက် ခေါင်းငုံ့ အညံ့ခံခဲ့ရဖူးသည်လေ။သို့သော် သူတို့သည် တစ်ဦးတစ်ယောက်ချင်းစီထံ မဟုတ်ဘဲ အင်မော်တယ်တစ်သောင်း နန်းတော် ဟူသော အဖွဲ့အစည်းကြီး တစ်ခုလုံးထံတွင်သာ အညံ့ခံခဲ့ခြင်းပင်။
ယခုမူ အသက်ဘေးနှင့် ကြုံတွေ့နေရချိန်တွင် ချင်ခယ်ရှင်း ၏ ရှင်သန်လိုသော ပင်ကိုယ်စိတ်မှာ လညွှန် နန်းတော် အပေါ် ထားရှိသည့် သူမ၏ သစ္စာတရားထက် သာလွန်သွားခဲ့ချေပြီ။
မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချင်ခယ်ရှင်း မှာ ခေါင်းကို ထပ်မံ ငုံ့လိုက်ရင်း တိုးညှင်းစွာ ဆိုလာ၏။
“တာအိုမိတ်ဆွေ ရဲ့...”
စုယွီက သူမ၏ စကားကို ရုတ်ချည်း ဖြတ်ပြော၏။
“ငါ့ကို သခင် လို့ ခေါ်... မင်းက ငါ့ထံမှာ အရှုံးပေးပြီး အစေခံဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့... ဒီနေ့ကစပြီး ငါ့ကို သခင် လို့ပဲ ခေါ်ရမယ်...”
ချင်ခယ်ရှင်း မှာ စုယွီကို စိုက်ကြည့်နေမိ၏။ သူ၏ ဖိအားပေးမှု အောက်တွင် သူမ နောက်တစ်ကြိမ် အလျှော့ပေးလိုက်ရပြန်ကာ အံတင်းတင်းကြိတ်လျက် စိတ်မပါလက်မပါ.. ပြောလာ၏။
“သခင့်ရဲ့ အမိန့်ကို နာခံပါ့မယ်... သခင် ခိုင်းတာကိုပဲ လုပ်ပါ့မယ်...”
“ဟားဟားဟား...”
စုယွီက အားရပါးရ ရယ်မောလိုက်ပြီး ချင်ခယ်ရှင်း နှင့် လီကျန့် တို့ကို ဆက်လက် ချုပ်နှောင်ထားလျက် ဂူစံအိမ် အတွင်းမှ ထွက်ခွာလာခဲ့လိုက်သည်။
သူသည် ဤကိစ္စကို အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆလိုက်မိသဖြင့် သူမတို့၏ အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်လိုက်ခြင်းပါ။
သူ အားလပ်သည့် အချိန်များတွင် သူတို့ကို လာရောက် ယဉ်ပါးအောင် လေ့ကျင့်ပေး၍ ရသည် မဟုတ်ပါလော။
သူမတို့မှာ အကြွင်းမဲ့ နာခံလာသည့် အချိန်အထိ... သို့မဟုတ် သူမတို့၏ အသက်နှင့် သေခြင်းကို သူ အပြည့်အဝ ထိန်းချုပ်နိုင်သည့် အချိန်အထိ... သူမတို့ကို သူ၏ ကိရိယာများ အဖြစ်သာ အသုံးချသွားမည် ဖြစ်၏။
သခင် ဟု အခေါ်ခံရခြင်းကို စုယွီ စိတ်မဝင်စားသလို အသားလည်း မကျပါချေ။
သို့သော် လညွှန် နန်းတော် မှ အကြီးအကဲ ချင်ခယ်ရှင်း ၏ မာနကို ချိုးနှိမ်ရန်အတွက်မူ ဤသို့ လုပ်ဆောင်ရန် လိုအပ်သ၏။ ထိုသို့ လုပ်ဆောင်မှသာ မူလဝိညာဉ် အဆင့် (၈) အကြီးအကဲနှင့် ထိပ်တန်း စတုတ္ထအဆင့် အခင်းအကျင်း ပညာရှင်ကို စိတ်ကြိုက် ခိုင်းစေနိုင်မည့် အလားအလာ ရှိလာမည် မဟုတ်ပါလော။
အချိန်ကြာလာသည်နှင့်အမျှ တစ်ကြိမ် အလျှော့ပေးလိုက်ခြင်းမှာ နောက်ထပ် အကြိမ်များစွာကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး နောက်ဆုံးတွင်မူ နာခံမှု သက်သက်သာ ကျန်ရစ်တော့မည်လေ။
သေချာသည်ပေါ့... ၎င်းအတွက် ကြိုတင် လိုအပ်ချက် တစ်ခု ရှိသည်။
သည်အချက်ကတော့ သူမ၏ အသက်ကို သူ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိရမည် ဆိုခြင်းပင် ဖြစ်တော့၏။ မဟုတ်ပါက သေဆုံးရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။
ထို့အပြင် ချင်ခယ်ရှင်း နှင့် လီကျန့် တို့ကို ထိန်းချုပ်ထားခြင်းဖြင့် နောင်တစ်ချိန်တွင် လညွှန် နန်းတော် နှင့် ကြယ်ခူး မျှော်စင် တို့ကို ကိုင်တွယ်ရန်အတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ပေလိမ့်မည်။ ၎င်းမှာ သူတို့၏ အသက်ကို ချမ်းသာပေးလိုက်ရသည့် အဓိက အကြောင်းရင်းပင်။
ဂူစံအိမ်မှ ထွက်ခွာပြီးနောက်…
စုယွီသည် တာ့ယွဲ့ နန်းတော် အား လညွှန် မဟာမိတ် လျှို့ဝှက်နယ်မြေ အတွင်းသို့ အပြည့်အဝ ပြောင်းရွှေ့ရန် စတင် စီစဉ်၏။ ယခင် တိုက်ပွဲကို မြင်တွေ့ခဲ့သူများ အားလုံးမှာလည်း လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရမည် ဖြစ်ပြီး အပြင်သို့ ထွက်ခွာခွင့် လုံးဝ ရှိမည် မဟုတ်ပါချေ။