← Chapters

အခန်း ၆၅၉

Vol. 44 Ch. 659

အခန်း ၆၅၉

Vol. 44 Ch. 659

အခန်း (၆၅၉) ကျန်းပိုင်ယွီ၏ သေဆုံးခြင်း.. နတ်မိမယ် ဖုန်းလင် ပြန်လာပြီ အပိုင်း (၃)

စုယွီ၏ အသံက ခန်းမဆောင်ကြီး အတွင်း၌ ပဲ့တင်ထပ်သွားရာ နတ်မိမယ် ဖုန်းလင် မှာ လှုပ်ရှားမှုများ ခေတ္တ ရပ်တန့်သွားရသလို... မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကျန်းပိုင်ယွီ မှာလည်း မှင်သက်စွာဖြင့် မော့ကြည့်လာတော့၏။

နှစ်ပေါင်း ရာနှင့်ချီ၍ မတွေ့ရတော့သဖြင့် ကျန်းပိုင်ယွီ အတွက်မူ စုယွီ၏ အသံမှာ အနည်းငယ် စိမ်းသက်နေသည်။ သို့သော် နတ်မိမယ် ဖုန်းလင် ကတော့ ကောင်းစွာ မှတ်မိနေဆဲ ဖြစ်ပေ၏။ စုယွီ၏ အသံကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ အံ့အားသင့်ဖွယ် အပြုံးတစ်ခု ပေါ်ထွက်လာပြီးနောက် နှုတ်ဆက်၏။

"ဪ... တတာအိုမိတ်ဆွေ စု ပါလား..."

နတ်မိမယ် ဖုန်းလင် ၏ နောက်ကျောဘက်တွင် ပုံရိပ်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာ၏။ ၎င်းမှာ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် သက်ကြီး အမျိုးသမီး တစ်ဦးပင် ဖြစ်တော့သည်။

ထိုအမျိုးသမီးကြီးသည် စုယွီ ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ စုယွီ၏ ပုခုံးပေါ်ရှိ ထိုက်ရွှီ ကို စူးစမ်းနေသကဲ့သို့ ရှိသည်။ သူမသည် ထိုက်ရွှီ ထံမှ အရှိန်အဝါကို အာရုံခံမိလိုက်ချိန်တွင်မူ အနည်းငယ် စိတ်လှုပ်ရှားသွားပုံ ရ၏။

အမျိုးသမီးကြီးက ဖုန်းလင် ထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းပေး၏။

"တာအိုသမီးတော်... ဒါက ကောင်းကင် ဖီးနစ် သွေးမျိုးဆက်ပဲ... ကောင်းကင် ဖီးနစ် ယဉ်ပါးသားရဲ တစ်ကောင်ပဲ..."

နတ်မိမယ် ဖုန်းလင် ၏ မျက်မှောင်များမှာ အနည်းငယ် တွန့်ချိုးသွားရတော့၏။

“အွီး..”

သိပ်မကြာခင်မှာပင် ထက်မြက် စူးရှသော ဟိန်းဟောက်သံကြီးနှင့်အတူ... ပုံရိပ်များမှာ ခန်းမဆောင် အပြင်ဘက်သို့ တစ်ဦးပြီး တစ်ဦး ဆင်းသက်လာကြသည်။

စုယွီသည် ယွီခယ်အာ၊ စုရွေ့ နှင့် အခြားသူများကို ဦးဆောင်ကာ ခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့ချေပြီ။ ယခုအခါတွင်မူ အရွယ်အစား သေးငယ်သွားသော ထိုက်ရွှီ မှာ စုယွီ၏ ပုခုံးပေါ်တွင် ငြိမ်သက်စွာ နားနေသည်။

စုယွီသည် ကျန်းပိုင်ယွီ ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်... နတ်မိမယ် ဖုန်းလင် နှင့် သူမ၏ ဘေးတွင် ရပ်နေသော အမျိုးသမီးကြီး ဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်ရာ အနည်းငယ် အံ့အားသင့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် နတ်မိမယ် ဖုန်းလင် ၏ ကျင့်ကြံခြင်း အရှိန်အဝါမှာ မထင်မှတ်ဘဲ မူလဝိညာဉ် အဆင့် (၁) သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ သူမ၏ ဘေးရှိ အမျိုးသမီးကြီးမှာမူ ပို၍ပင် ခန့်မှန်းရ ခက်ခဲလှပေ၏။ ထိုအရှိန်အဝါမှာ... မူလဝိညာဉ် အဆင့် အထွတ်အထိပ် ဖြစ်ရပေမည်။

စုယွီသည် အာရုံကို စုစည်းလိုက်ပြီး ပြုံးလျက် နှုတ်ဆက်၏။

"မတွေ့ရတာ ကြာပြီနော် နတ်မိမယ် ဖုန်းလင်..."

ထို့နောက် စုယွီသည် အမျိုးသမီးကြီးအား ရိုသေစွာဖြင့် ဂါရဝပြုလိုက်၏။

"မျိုးဆက်သစ် စုယွီ က စီနီယာ ကို ဂါရဝပြုပါတယ် ခင်ဗျာ..."

စုယွီသည် ခန်းမအတွင်းရှိ အခြေအနေကို ကြည့်ကာ ခပ်ဟဟ ရယ်မောလိုက်၏။

"တာအိုမိတ်ဆွေ ဖုန်းလင် က အမှိုက်တွေ ရှင်းနေတာလား... နတ်မိမယ် ပျောက်ကွယ်သွားပြီး သိပ်မကြာခင်မှာပဲ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် က ပရမ်းပတာ ဖြစ်သွားခဲ့တာလေ..."

"ကျွန်တော် သတင်းရတဲ့ အချိန်မှာတော့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် က ပိုင်ယွီ အင်မော်တယ် မြို့တော် ဖြစ်နေပြီ... အဲဒီတုန်းက ကျွန်တော် ကိုယ်တိုင် ဝင်ပြီး ရှင်းပေးဖို့တောင် စဉ်းစားခဲ့သေးတာ..."

"ဒါပေမဲ့ ပြန်တွေးကြည့်တော့လည်း... နတ်မိမယ် ရဲ့ ကံတရားက အရမ်း ထူးခြားလွန်းတာဆိုတော့ အဲဒီ အပျက်အစီးတွေထဲမှာ အလွယ်တကူ ကျဆုံးသွားမယ်လို့ ကျွန်တော် မယုံခဲ့ဘူးလေ..."

"ဒါကြောင့်လည်း ဒီမြို့တော်က ဒီနေ့အထိ ပကတိအတိုင်း ရှိနေခဲ့တာပေါ့..."

မဟုတ်ပါက ကျန်းပိုင်ယွီ အတိတ်က လုပ်ခဲ့သမျှ လုပ်ရပ်တွေနှင့်ဆိုလျှင်... ဒီနေ့အထိ အသက်ရှင်

နေနိုင်ပါဦးမည်လော။

နတ်မိမယ် ဖုန်းလင် သည် စုယွီ၏ အရှိန်အဝါကို စူးစမ်း ကြည့်ရှုလိုက်ရာ သူမ၏ မျက်ဝန်းများတွင် အလင်းတစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။ စုယွီမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) တွင်သာ ရှိနေသေးသည်ကို မြင်ရသောအခါ သူမမှာ ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှောင်ကြုတ်မိတော့၏။

နတ်မိမယ် ဖုန်းလင် သည် နေရာမှ ထရပ်လိုက်ပြီး စုယွီ တို့ အုပ်စုရှိရာသို့ လျှောက်လှမ်း လာခဲ့သည်။ သူမသည် စုယွီကို နားမလည်နိုင်စွာဖြင့် ကြည့်ကာ ဆိုလိုက်၏။

"တာအိုမိတ်ဆွေ စု ရဲ့ ကျင့်ကြံခြင်းက...မဖြစ်နိုင်တာ..."

သူမသည် စုယွီ၏ ပုခုံးပေါ်မှ ထိုက်ရွှီ ကို ကြည့်ကာ မေးလိုက်ပြန်သည်။

"ဒီလောက် ထူးခြားတဲ့ စတုတ္ထအဆင့် အဆင့်နိမ့် ယဉ်ပါးသားရဲ တစ်ကောင်ကို ပိုင်ဆိုင်ထားပြီးတော့... ကျင့်ကြံခြင်းက အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) ပဲ ရှိသေးတာလား..."

စုယွီက သက်ပြင်းတစ်ချက် ချလိုက်ရင်း...

"ကျွန်တော့်မှာ အဆင့်မြင့် ဝိညာဉ်အမြစ် ပါရမီပဲ ရှိတာလေ... နတ်မိမယ် နဲ့ ဘယ်လိုလုပ် ယှဉ်လို့ ရမှာလဲ... မင်း ပြောတဲ့ ထိုက်ရွှီ ဆိုတာကလည်း ငါ့ရဲ့ ဆရာက လက်ဆောင်ပေးထားတာပါ..."

"ဒါကြောင့်သာ ကျွန်တော်.. သူ့ကို ထိန်းချုပ်ထားနိုင်တာပေါ့... မဟုတ်ရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"ကျွီ... ကျွီ..."

သူ၏ သခင်က ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ထိုက်ရွှီ မှာ မျက်လုံးလေး ကလည်ကလည် လုပ်ရင်း... မောက်မာသော အမူအရာဖြင့် ခေါင်းကို တဆက်ဆက် ငြိမ့်ပြနေသည်။ ၎င်းကပင် စုယွီ ပြောသည်မှာ မှန်ကန်ကြောင်း ထောက်ခံနေသည့်အလား...။

နတ်မိမယ် ဖုန်းလင် က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ... ကောင်းကင် ဖီးနစ် ၏ အရှိန်အဝါများ ပါဝင်နေသော မီးတောက်တစ်ခု ခန်းမဆောင်ကြီး အတွင်း၌ ဟုန်းခနဲ တောက်လောင်လာတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကျန်းပိုင်ယွီ အပါအဝင် ညစ်ညမ်းသော အရာအားလုံးမှာ လောင်ကျွမ်း ပြာကျသွားပြီး... ခန်းမဆောင်ကြီး တစ်ခုလုံး သန့်စင်သွားခဲ့ချေပြီ။

ထို့နောက် နတ်မိမယ် ဖုန်းလင် သည် စုယွီ နှင့် အခြားသူများကို နောက်ဖေးခြံဝင်း ဆီသို့ ခေါ်ဆောင်သွားပြီး... ကိုယ်တိုင် လက်ဖက်ရည် ဖျော်စပ်ကာ တည်ခင်း ဧည့်ခံသည်။

"တာအိုမိတ်ဆွေ စု ကို အားနာမိပါတယ်... အရှေ့က အမှိုက်တွေက အကုန် မစင်သေးတော့ ဒီမှာပဲ ဧည့်ခံပါရစေနော်..."

ခေတ္တမျှ ရောက်တတ်ရာရာကလေးများ ပြောဆိုပြီးနောက် နတ်မိမယ် ဖုန်းလင် က စုယွီ ယခု ဘယ်မှာ နေထိုင်သနည်းဟု မေးမြန်းလိုက်ရာ... စုယွီက မြေကမ္ဘာအင်မော်တယ် နန်းတော် တွင် ရှိနေကြောင်း ပွင့်လင်းစွာ ပြောပြလိုက်၏။

နတ်မိမယ် ဖုန်းလင် ကမူ ချိုမြစွာ ရယ်မောလိုက်ရင်း ဆိုလာသည်။

"ကျွန်မကတော့ တောင်ပိုင်း အင်မော်တယ်နယ်မြေ ရဲ့ မီးဖီးနစ် ကောင်းကင် နန်းတော် မှာပါ..."

သူမ မသိလိုက်သည်မှာ... စုယွီ၏ မျက်ဝန်းများမှာ လျှပ်တစ်ပြက် တောက်ပသွားပြီး မျက်နှာပေါ်တွင်လည်း အားရပါးရ အပြုံးကြီးတစ်ခု ပေါ်ပေါက်သွားခဲ့ချေပြီ။

သူ၏ အပြစ်များကို ပုံချရန်အတွက် အလွန် သင့်တော်သော ဓားစာခံ တစ်ဦးကို ရှာတွေ့သွားခဲ့ပြီ မဟုတ်ပါလော။

All Chapters