အခန်း ၆၆၀
Vol. 44 Ch. 660
အခန်း (၆၆၀) မိသားစုထံ ပြန်လာခြင်းနှင့် စုမိသားစု၏ ပြောင်းလဲမှုများ အပိုင်း (၁)
စုယွီသည် ယခင်က မြေကမ္ဘာအင်မော်တယ် နန်းတော် ရှိ စာအုပ်များတွင် ကျင့်ကြံခြင်း ကမ္ဘာ၏ မြေပုံများအကြောင်း ဖတ်ရှုဖူးသည်။
သူတို့ ရောက်ရှိနေသော နေရာမှာ ချန်းကျိုး နယ်မြေ ဖြစ်ပြီး... ကောင်းကင်အင်မော်တယ် နန်းတော် အမည်ရှိ နယ်မြေ သို့မဟုတ် အရှေ့ပိုင်း အင်မော်တယ်နယ်မြေ ဟုလည်း ခေါ်ဝေါ်ကြသည်။
တောင်ပိုင်း အင်မော်တယ်နယ်မြေ ဟု ဆိုရာ၌... စုယွီသည် ထိုနေရာ၏ မှတ်တမ်းအကျဉ်းကို မြင်ဖူးခဲ့ပါ၏။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်က အင်မော်တယ်ဂိုဏ်းတော် များမှ ဘိုးဘေးကြီး တစ်ဦး၏ မှတ်စုများတွင် မီးဖီးနစ် ကောင်းကင် နန်းတော် ၏ အင်အားကြီးမားပုံကို ဖော်ပြထားခဲ့သည်။
၎င်းသည် တောင်ပိုင်း အင်မော်တယ်နယ်မြေ ရှိ လွှမ်းမိုးမှု အရှိဆုံးသော အင်အားစုများထဲမှ တစ်ခု ဖြစ်ပြီး... ထျန်းဖုန်း နန်းတော် ၏ အမွေအနှစ်များနှင့် အပျက်အစီး အချို့ကို ဆက်ခံထားခြင်း ဖြစ်သည်။ စွမ်းအားနှင့် ဩဇာအာဏာ အပိုင်းတွင်မူ မြေကမ္ဘာအင်မော်တယ် နန်းတော် ထက်ပင် ပိုမို အစွမ်းထက်နိုင်ပြီး... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ ထိပ်သီး ဖြစ်သော အင်မော်တယ်တစ်သောင်း နန်းတော် နှင့်ပင် တန်းတူ ဖြစ်နိုင်ချေ ရှိသည်။
မူလဝိညာဉ် အဆင့် (၁) သို့ ရောက်ရှိနေသော နတ်မိမယ် ဖုန်းလင် နှင့်... မူလဝိညာဉ် အဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေသော အမျိုးသမီးကြီးကို ကြည့်ကာ စုယွီက ပြုံး၍ မေး၏။
“တာအိုမိတ်ဆွေ ဖုန်းလင်... ဒီတစ်ခေါက်မှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ...”
နတ်မိမယ် ဖုန်းလင် က ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုသည်။
“ကျွန်မ မူလကတော့ ဆရာ့ကို ဂါရဝပြုဖို့နဲ့ ညီအစ်ကို မောင်နှမတွေကို တွေ့ဖို့ ပြန်လာခဲ့တာပါ... ဒါပေမဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် က ဒီလို ဖြစ်သွားပြီ ဆိုတော့လည်း... အလွမ်းပြေစရာ သိပ်မရှိတော့ပါဘူး...”
“ဖြစ်နိုင်တာကတော့... ကျွန်မ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ကို အရင်လို ပြန်ဖြစ်အောင် လုပ်ပြီးတာနဲ့ ထွက်သွားမှာပါ...”
ထိုအခါ..စုယွီက ဝင်၍ ဆိုလိုက်၏။
“ဒီမှာ ခဏလောက် ထပ်နေဦးမလား... ကျွန်တော် ဒီကိစ္စတွေ ရှင်းပြီးရင် မြေကမ္ဘာအင်မော်တယ် နန်းတော် ကို လာလည်ဖို့ ဖိတ်ခေါ်ချင်လို့ပါ... တောင်ပိုင်း အင်မော်တယ်နယ်မြေ မှာ အင်မော်တယ်လမ်းစဉ်က ထွန်းကားပြီး မီးဖီးနစ် ကောင်းကင် နန်းတော် ကလည်း အရမ်း အစွမ်းထက်တယ် လို့ ကျွန်တော် ကြားဖူးပါတယ်... ဒါပေမဲ့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကလည်း မဆိုးလှပါဘူး... မြေကမ္ဘာအင်မော်တယ် နန်းတော် ကလည်း တာ့ချန် ရဲ့ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ခုထဲက တစ်ခုပဲလေ...”
“အဲဒီလို ဆိုရင် တာအိုမိတ်ဆွေ ဖုန်းလင် အနေနဲ့ ချန်းယွီ၊ ချင်းချွမ်း၊ ရှီချင်း တို့နဲ့လည်း တွေ့ပြီး အတိတ်က အကြောင်းတွေကို ပြန်ပြောလို့ ရတာပေါ့... ကျွန်တော်တို့ အားလုံး မတွေ့ရတာလည်း နှစ်အတော်ကြာပြီ မဟုတ်လား...”
စုယွီ၏ စကားကို ကြားသောအခါ နတ်မိမယ် ဖုန်းလင် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။ သူမသည်လည်း အပန်းဖြေ ခရီးထွက်ရန် ရည်ရွယ်ထားသူ ဖြစ်ရာ... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်း နယ်မြေသို့ သွားရောက်ခြင်းက သူမ၏ အမြင်နှင့် စိတ်အာရုံကို ပိုမို ကျယ်ပြန့်စေမည်မှာ အသေအချာပင်။
ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် နတ်မိမယ် ဖုန်းလင် က ပြုံးလျက် သဘောတူလိုက်၏။
“ကောင်းပါပြီ... တာအိုမိတ်ဆွေ က ဒီလောက်အထိ ဖိတ်ခေါ်နေမှတော့ ကျွန်မ မငြင်းတော့ပါဘူး... ပိုင်ယွဲ့ အင်မော်တယ် မြို့တော် ကိစ္စတွေ ပြီးတာနဲ့ ရှင်နဲ့အတူ မြေကမ္ဘာအင်မော်တယ် နန်းတော် ကို လိုက်ခဲ့ပါ့မယ်...”
ထိုအခါ..စုယွီက လက်ကို ဝှေ့ယမ်းကာ ဆက်သွယ်ရေး တံဆိပ်ပြား တစ်ခုကို ထုတ်ယူ၍ နတ်မိမယ် ဖုန်းလင် ထံသို့ ကမ်းပေးလိုက်၏။
“ဒါက ဆက်သွယ်ရေး တံဆိပ်ပြား ပါ... ကျွန်တော် မိသားစုဆီကို ခဏလောက် ပြန်ဦးမယ်... မင်းဘက်က အားလုံး အဆင်သင့် ဖြစ်ပြီ ဆိုရင် ဒီကနေတစ်ဆင့် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ...”
နတ်မိမယ် ဖုန်းလင် ကို နှုတ်ဆက်ပြီးနောက် စုယွီသည် ယွီခယ်အာ နှင့် အခြားသူများနှင့်အတူ ထိုက်ရွှီ ပေါ်သို့ ထပ်မံ တက်ရောက်ကာ စုမိသားစု ရှိရာသို့ ပြန်လည် ထွက်ခွာလာခဲ့တော့၏။
စုယွီ တို့ အုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း နတ်မိမယ် ဖုန်းလင် ၏ နောက်ကွယ်ရှိ အမျိုးသမီးကြီးမှာ မလိုလားဟန်ဖြင့် တိုးညှင်းစွာ ဆိုလာသည်။
“တာအိုသမီးတော်... အဲဒီ သားရဲကို ဘာလို့ မယူလိုက်တာလဲ... သမီးတော် ဆီမှာ ကောင်းကင် ဖီးနစ် သွေးမျိုးဆက် ရှိနေတာ ဆိုတော့ အဲဒီ သားရဲက သမီးတော် စေခိုင်းဖို့ အသင့်တော်ဆုံးပဲလေ... အဲဒါက သမီးတော် ရဲ့ ကျင့်ကြံခြင်း အတွက်လည်း အများကြီး အကျိုးရှိမှာ...”
“သမီးတော် ကိုယ်တိုင် လက်မပါချင်ရင်တောင် သူ့ကို လဲလှယ်ဖို့ ကမ်းလှမ်းသင့်တာပေါ့... သူတို့ ရဲ့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံခြင်း နဲ့ဆိုရင် ဘယ်လိုလုပ် ငြင်းရဲမှာလဲ...”
နတ်မိမယ် ဖုန်းလင် ၏ မျက်မှောင်များမှာ အနည်းငယ် တွန့်ချိုးသွားရ၏။
“ကောင်းကင် ဖီးနစ် သွေးမျိုးဆက် ပါတဲ့ သားရဲက တကယ့်ကို ထူးခြားပြီး ဆွဲဆောင်မှု ရှိတာတော့ မှန်ပါတယ်... ဒါပေမဲ့ ဒါက..ကျွန်မတို့ ဒီကို လာရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလေ...”
“သူက တာ့ချန် ရဲ့ ထိပ်သီး ဂိုဏ်းကြီး ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ် နန်းတော် ထဲကို ဝင်သွားတဲ့သူ... ပြီးတော့ ကောင်းကင် ဖီးနစ် သွေးမျိုးဆက် ပါတဲ့ သားရဲကိုတောင် လက်ဆောင် ရထားတာ...”
“သူတို့ကို ကိုင်တွယ်ရတာ တကယ်ပဲ လွယ်ကူမယ်လို့ စီနီယာ ထင်နေတာလား...”
“အသုံးမကျတဲ့ လူတစ်ယောက်ကို သူတို့က ဒီလောက် ထူးခြားတဲ့ သားရဲမျိုး လက်ဆောင် ပေးပါ့မလား...”
“အကယ်လို့ ကျွန်မတို့သာ တကယ် လှုပ်ရှားလိုက်လို့ မြေကမ္ဘာအင်မော်တယ် နန်းတော် ရဲ့ အာရုံစိုက်မှုကို ခံလိုက်ရရင်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရဲ့ နယ်မြေထဲမှာ စီနီယာ ဘယ်လို ပြန်ဖြေရှင်းမှာလဲ...”
“အခု အချိန်မှာ ပြဿနာ မရှာတာက အကောင်းဆုံး ရွေးချယ်မှုပဲ...”
အမျိုးသမီးကြီး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ခေတ္တမျှ အကြာတွင် သက်ပြင်းတစ်ချက် ချကာ ခေါင်းငုံ့၍ ဆို၏။
“တာအိုသမီးတော် က ပညာရှိပါတယ်... ဒါပေမဲ့ ကျွန်မ အထင် ကျွန်မတို့ အနေနဲ့ ထျန်းဖုန်း နန်းတော် ရဲ့ ခြေရာကို အဆုံးအထိ ရှာမတွေ့ခဲ့ဘူး ဆိုရင်တော့... ကောင်းကင် ဖီးနစ် သွေးမျိုးဆက် ပါတဲ့ သားရဲက မဆိုးပါဘူး...”
“အဲဒီ သားရဲကိုသာ သေချာ ပြုစု ပျိုးထောင်နိုင်မယ် ဆိုရင်... တာအိုသမီးတော် အနေနဲ့ ကျင့်ကြံခြင်း လမ်းစဉ်မှာ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ကောင်းတွေ ရလာမှာ သေချာတယ်...”
နတ်မိမယ် ဖုန်းလင် က ဘာမျှ ပြန်မပြောဘဲ ခဏအကြာတွင် နေရာမှ ထရပ်ကာ အပြင်သို့ ထွက်ခွာလာခဲ့သည်။
ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မှာ ကျန်းပိုင်ယွီ ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့၏။ မြို့တော် တစ်ခုလုံးတွင် ယုတ်မာသော ဝိညာဉ်ပေါင်းများစွာဖြင့် ပြည့်နှက်နေကာ... အားလုံးမှာလည်း တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး နှစ်ကိုယ်တူ ကျင့်စဉ်ကိုသာ အဓိကထားသော ညစ်ညမ်းသည့် မြို့တော်ကြီး တစ်ခုအလား ဖြစ်နေခဲ့ချေပြီ။
နတ်မိမယ် ဖုန်းလင် သည် ထိုလူများ အားလုံးကို ပိုင်ယွဲ့ အင်မော်တယ် မြို့တော် အတွင်းမှ မောင်းထုတ်လိုက်ပြီး... မြို့တော် အတွင်းသို့ ပြန်လည် ဝင်ရောက်ခြင်းကိုလည်း ထာဝရ ပိတ်ပင်လိုက်တော့၏။
ကျန်မိသားစု နှင့် ပတ်သက်၍မူ... နတ်မိမယ် ဖုန်းလင် သည် ၎င်းတို့ အားလုံးကို အဆုံးစီရင်လိုက်တော့သည်။
အတိတ်က ကျန်းပိုင်ယွီ သည် ပိုင်ယွဲ့ မျိုးနွယ်စုမှ မည်သူ့ကိုမျှ အသက်ရှင်ခွင့် မပေးခဲ့ချေ။ ယခုမူ နတ်မိမယ် ဖုန်းလင် သည် ကျန်မိသားစု အား တိုက်ရိုက် အမြစ်ဖြတ် သတ်ဖြတ်ခြင်းဖြင့် အတိတ်က ကံကြမ္မာကို ပြန်လည် ပေးဆပ်လိုက်ခြင်း ဖြစ်သည်။
အပြောင်းအလဲများစွာ ပြုလုပ်ပြီးနောက် မူလ ပိုင်ယွဲ့ အင်မော်တယ် မြို့တော် မှာ နောက်ဆုံးတွင် ပြန်လည် နိုးထလာခဲ့ချေပြီ။
နတ်မိမယ် ဖုန်းလင် သည် ယခင် ပိုင်ယွဲ့ အင်မော်တယ် နန်းတော် အတွင်း၌ ရပ်နေပြီး သူမ၏ ဆရာ နှင့် စီနီယာ အစ်ကိုများ၏ ဂူသင်္ချိုင်း မှတ်တိုင်များကို ကြည့်ကာ စိတ်နှလုံး မတည်မငြိမ် ဖြစ်နေမိ၏။ လေအေးတစ်ချက် ဝေ့တိုက်သွားရာ သူမ၏ အဝတ်အစားများမှာ ဖီးနစ်ငှက် ၏ အတောင်ပံများအလား လွင့်မျောနေတော့သည်။
နတ်မိမယ် ဖုန်းလင် သည် ဝိညာဉ် အရက် အိုးအချို့ကို ချလိုက်ပြီး တည်ငြိမ်စွာ ဆို၏။
"ကျွန်မ ဒီမှာ ရှိနေသရွေ့... ပိုင်ယွဲ့ အင်မော်တယ် မြို့တော် က ထာဝရ တည်ရှိနေပါ့မယ်..."
အခြား တစ်နေရာတွင်မူ...
ထိုက်ရွှီ သည် ဆေးလုံးတောင်တန်း ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့လေပြီ။
ယွီခယ်အာ သည် စုယွီ ၏ ဘေးတွင် ရပ်ကာ တိုးညှင်းစွာ ဆိုလာ၏။
"နတ်မိမယ် ဖုန်းလင် အသက်ရှင်နေသေးတယ် ဆိုတာကို ငါ မယုံနိုင်သေးဘူး... သူက တခြား ကျင့်ကြံခြင်း ကမ္ဘာတွေကိုတောင် ရောက်သွားပြီး မူလဝိညာဉ် အဆင့် ကိုတောင် ရောက်နေပြီပဲ..."
ယွီခယ်အာ၏ မျက်ဝန်းများတွင် အနည်းငယ် မနာလိုမှုများ ရိပ်ယောင်နေသော်လည်း သူမကိုယ်တိုင်လည်း မူလဝိညာဉ် အဆင့် သို့ ရောက်ရှိရန် ပြင်းပြစွာ ဆန္ဒရှိနေသည်။ သို့သော် အခြားသူများကဲ့သို့ အာဏာ၊ အဆင့်အတန်းနှင့် ဩဇာအာဏာ အတွက် မူလဝိညာဉ် အဆင့် ကို လိုလားခြင်း မဟုတ်ပါချေ။
သူမသည် မူလဝိညာဉ် အဆင့် ၏ ရှည်လျားသော သက်တမ်းကိုသာ သန့်သန့်စင်စင် လိုလားခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် သူမ ချစ်ရသော သူနှင့်အတူ အချိန်အကြာကြီး အတူတူ ရှိနေနိုင်မည် မဟုတ်ပါလော။
စုယွီ ကိုယ်တိုင်လည်း အံ့အားသင့်နေမိသည်။ နတ်မိမယ် ဖုန်းလင် သည် ထိုစဉ်က အပျက်အစီးများအတွင်းသို့ အသက်စွန့် ဝင်ရောက်ခဲ့စဉ်က များစွာသော အကျိုးအမြတ်များကို ရရှိခဲ့ပုံ ရသည်။ မူလဝိညာဉ် အဆင့် အထွတ်အထိပ် ရှိသော အရှင်သခင် တစ်ပါး၏ အစောင့်အရှောက်ကို ရရှိထားခြင်းက သူမ၏ အဆင့်အတန်းမှာ မြေကမ္ဘာအင်မော်တယ် နန်းတော် ၏ တာအိုသားတော် များနှင့် တန်းတူ ဖြစ်နေကြောင်း ပြသနေလေ၏။
တောင်ပိုင်း အင်မော်တယ်နယ်မြေ ရှိ မီးဖီးနစ် ကောင်းကင် နန်းတော် သို့ ဝင်ရောက်ကာ ၎င်း၏ တာအိုသမီးတော် တစ်ဦး ဖြစ်လာခဲ့ခြင်းက... သူမ၏ တိုးတက်မှုမှာ လော့ချန်ယွီ နှင့် တာအိုဆရာ ချင်းချွမ်း တို့ထက်ပင် ပိုမို ကောင်းမွန်နေပုံ ရလေသည်။