အခန်း ၄၇၇
Vol. 41 Ch. 477
အပိုင်း (၄၇၇)
“ခင်ဗျားတို့... ခင်ဗျားတို့ မီးထွန်းထားတာလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
“မထွန်းပါဘူး။ ဒီနေရာက မှောင်မည်းနေတုန်းပါပဲ။” မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက တုန်ယင်စွာဖြင့် ပြန်ဖြေလိုက်ပြီး အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ကျုပ် ဘာလို့ မြင်နေရတာလဲ။”
ထို့နောက် ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မမှန်ဘူး... မမှန်ဘူး... ခင်ဗျား ပြောတဲ့ စကားတွေက ဘာလို့ ဒီလောက် နှေးနေရတာလဲ။ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေက ဘာလို့ ဒီလောက် နှေးနေရတာလဲ။”
ယွင်ကျုံးဟဲ့ သည် အလွန် ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး မျက်စိရှေ့ရှိ အရာအားလုံးသည် အနှေးပြကွက်များကဲ့သို့ ဖြစ်နေကာ အချိန်၏ စီးဆင်းမှုပင် နှေးကွေးသွားသကဲ့သို့ ဖြစ်နေ၏။
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက မေးလိုက်သည်။ “သခင်လေး အောက်ယွီ... ခင်ဗျား မြင်ရတယ် ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်ရဲ့ ဘယ်ဘက်လက်က လက်ချောင်း ဘယ်နှစ်ချောင်း ထောင်ထားလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ခင်ဗျားရဲ့ ဘယ်ဘက်လက်က မလှုပ်ရှားပါဘူး။ ခင်ဗျား ထောင်ထားတာက ညာဘက်လက်ပါ။ လက်ချောင်း သုံးချောင်းပါ။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး အလွန်အမင်း ဝမ်းသာသွားပြီး ပြောလိုက်သည်။ “တကယ်ပဲ အကျိုးသက်ရောက်မှု ရှိတယ်။ တကယ်ပဲ အကျိုးသက်ရောက်မှု ရှိတယ်။”
ယွင်ကျုံးဟဲ့သည် အလွန် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည်။ မှောင်မည်း နေသော ပတ်ဝန်းကျင် ဖြစ်သော်လည်း သူ မြင်တွေ့နိုင်ရုံသာမက သူ၏ အာရုံခံစားမှုကမ္ဘာတွင် အချိန် စီးဆင်းမှု အရှိန်မှာ အများကြီး နှေးကွေးသွားသကဲ့သို့ ဖြစ်နေ၏။
ထိုမျှသာမက သူ၏ ဦးနှောက်မှာ အလွန် ဖွံ့ဖြိုးလာပြီး ယခင်က အလွန် ဝေဝါးနေသော မှတ်ဉာဏ်များ၊ အစောကြီးတည်းက မေ့ပျောက်သွားခဲ့ပြီ ဖြစ်သော မှတ်ဉာဏ်များကိုပင် ယခုအခါ အလွယ်တကူ ပြန်လည် မှတ်မိနိုင်နေသည်။
ဤမျှမကသေးချေ။ သူကိုယ်တိုင် လက်တွေ့မခံစားဖူးသေးသရွေ့ အမှန်တကယ် မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိနိုင်လိမ့်မည် မဟုတ်ပေ။
ညမှောင်ရိပ်တွင် ကြည်လင်စွာ မြင်နိုင်စွမ်းရှိလာခြင်းနှင့် အချိန်စီးဆင်းမှု နှေးကွေးသွားခြင်းတို့မှာ နားထောင် ရသည်မှာ အလွန်ပင် ဆန်းကြယ်လွန်းလှသည်။
သို့သော်ငြား အမှန်တကယ်၌မူ ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် သဘောတရားမျှသာ ဖြစ်ပေသည်။ အကြောင်းမှာ ဆေးအာနိသင်ကြောင့် ဦးနှောက်အာရုံကြောများမှာ အဆုံးစွန်ထိ လှုံ့ဆော်ခံလိုက်ရပြီး အလွန်အမင်း နိုးကြားတက်ကြွကာ ဖွံ့ဖြိုးမှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားသောကြောင့်ပင်။
လူသားတို့၏ မြင်နိုင်စွမ်းဟူသည်မှာလည်း အနှစ်ချုပ်လိုက်ပါက ဦးနှောက်အာရုံကြောများ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး မြင်တွေ့ရသော မြင်ကွင်းအားလုံးမှာ ဦးနှောက်၏ အချက်ပြစနစ်များပင် ဖြစ်သည်။
ထို့အပြင် အချိန်စီးဆင်းမှု နှေးကွေးသွားခြင်းကို လူအများစု ခံစားဖူးခြင်းမရှိကြသော်လည်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခြင်းကိုမူ လူတိုင်းလိုလို ကြုံတွေ့ဖူးကြပေလိမ့်မည်။
အရက်မူးယစ်နေချိန် သို့မဟုတ် ဦးနှောက်အာရုံကြောများ ထုံကျင်နေချိန်မျိုးတွင် အချိန်တို့သည် မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားတတ်၏။ နာရီပေါင်းများစွာ စကားများ ပြောဆိုနေခဲ့သော်ငြား ခဏသာ ကြာမြင့်လိုက်သည်ဟု ခံစားရခြင်းမျိုးပင် ဖြစ်သည်။
မီတျဲချိုင့်ဝှမ်းမှ ဤဆေးမှာ အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ ၎င်းသည် သွေးလည်ပတ်မှုအရှိန်ကို များစွာမြင့်တင်ပေးနိုင်ပြီး လူ၏ အာရုံကြောစနစ်နှင့် ဦးနှောက်ကို ရူးသွပ်မတတ် ပြင်းထန်စွာ လှုံ့ဆော် ပေးနိုင်စွမ်း ရှိ၏။
သို့သော်ငြား ဤဆေးကို စိတ်ကြွဆေးဟူ၍ သမားရိုးကျ ခေါ်ဆို၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် စိတ်ကြွဆေးများထက် အဆပေါင်းများစွာ ပိုမိုဆန်းကြယ်သကဲ့သို့ ပို၍လည်း အစွမ်းထက် သောကြောင့် ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့ သည် ပို၍ ထူးဆန်းသော မြင်ကွင်း တစ်ခုသို့ ဝင်ရောက်သွားတော့၏။ အဘယ်ကြောင့် ဆိုသော် မျက်စိရှေ့ရှိ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး၏ ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ပွင့်လင်းမြင်သာ လာသကဲ့သို့ ဖြစ်လာသောကြောင့်ပင်။
ပွင့်လင်းမြင်သာ လာသည်တော့ မဟုတ်ဘဲ အလင်းရောင် တစ်စု အဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးစုများကို မြင်တွေ့နိုင်ကာ သွေးလည်ပတ်မှုများကိုပါ မြင်တွေ့နိုင်ခြင်းပင် ဖြစ်သည်။
သို့ပေမည့် အလွန်အမင်း မမှန်ကန်သကဲ့သို့ ဖြစ်နေပြီး လုံးဝ ထင်ယောင်ထင်မှား ဖြစ်မှု တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
“အား... အား...”
သူ ဆက်လက် တောင့်မခံနိုင်တော့ဘဲ ခေါင်းကွဲထွက်မတတ် နာကျင်လာပြီးနောက် ရုတ်တရက် အသံနက်ကြီး တစ်ခု ထွက်ပေါ်လာကာ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး ဘာမှ မသိတော့ချေ။
နောက်တစ်ကြိမ် ပြန်လည် နိုးထလာချိန်တွင် ဆေးအာနိသင်များ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ဆေးကုသခန်း၏ ကုတင်ငယ်လေးပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပြီး လက်ငါးချောင်းကိုပင် မမြင်ရအောင် မှောင်မည်းနေဆဲ ဖြစ်ကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ခံစားမိနေပြီ ဖြစ်သော်လည်း အလွန်အမင်း ကိုက်ခဲနာကျင်နေ၏။
အထူးသဖြင့် ဦးနှောက် တစ်ခုလုံး အမှန်တကယ် ကွဲအက်သွားတော့မည့်အတိုင်းပင် ဖြစ်သည်။
“သခင်လေး အောက်ယွီ... ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ရဲ့ ဆေးဝါးဟာ နောက်ဆုံးတော့ ပထမဆုံးအကြိမ် လူသား စမ်းသပ်မှု အောင်မြင်သွားပါပြီ။ ပြီးတော့ အကျိုးသက်ရောက်မှုကလည်း အရမ်းကို သိသာထင်ရှားပါတယ်။”
ယွင်ကျုံးဟဲ့ သည် နာကျင်နေသည့် သူ၏ ခေါင်းကို ဆုပ်ကိုင်ရင်း ဤဆေးဝါးမှာ အမှန်တကယ်ပင် အလွန် ထူးဆန်းကြောင်း တွေးတောနေမိသည်။
ဤဆေးဝါးသည် ဦးနှောက်ကို တိုက်ရိုက် သက်ရောက်မှု ရှိပြီး ဦးနှောက် အာရုံကြောများကို ပြင်းထန်စွာ လှုံ့ဆော်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်စေပြီး တစ်ကိုယ်လုံးရှိ သွေးလည်ပတ်မှုများကို မြန်ဆန်စေကာ အာရုံကြောများကို ပြန်လည် နိုးကြားလာစေခြင်းပင်ဖြစ်၏။
ဤမျှသာမက ယွင်ကျုံးဟဲ့၏ မသိရှိသေးသော ဦးနှောက် အပိုင်းအချို့ကိုပင် လှုံ့ဆော်ပေးလုနီးပါး ဖြစ်ခဲ့သည်။
“ခင်ဗျားတို့ရဲ့ ဒီဆေးက အရမ်းကို ပြင်းထန်လွန်းတယ်။ အထူးသဖြင့် လူ့ဦးနှောက်အပေါ် လှုံ့ဆော်မှုက အရမ်း ပြင်းထန်လွန်းတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သာမန်လူတွေ လုံးဝ မခံနိုင်ဘူး။ သူက အရင်ဆုံး သွေးတွေကို သက်ရောက်မှု ရှိစေပြီးမှ ဦးနှောက်ထဲကို ဝင်ရောက်သွားတာဆိုတော့ အရမ်းကြောက်စရာကောင်းတယ်။ ထျန်းယန် ဧကရာဇ်ဟောင်း ဒီဆေးကို သောက်လိုက်ရင် ဦးနှောက်ထဲက သွေးကြောတွေ အကုန်လုံး ပေါက်ကွဲပြီး သေသွားမယ်လို့တောင် ကျုပ် သံသယ ဝင်မိတယ်။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်သည်။ “သခင်လေး အောက်ယွီ ပြောတာ ယုတ္တိရှိပါတယ်။ ဒီနာရီ အနည်းငယ် အတွင်းမှာ ကျုပ်တို့က ဆေးဖော်စပ်နည်းကို အနည်းငယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ခင်ဗျားရဲ့ အောင်မြင်တဲ့ လူသား စမ်းသပ်မှုက ကျုပ်တို့ကို အရင်က မရှိခဲ့ဖူးတဲ့ တိုးတက်မှုတွေ ရရှိစေခဲ့ပါတယ်။
ကျုပ်တို့က ခင်ဗျားရဲ့ သွေးထဲကနေ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒါက ဆေးအာနိသင်ကို ထိန်းသိမ်း ထားနိုင်ပေမယ့် သေစေလောက်တဲ့အထိ မဖြစ်စေဘူး။ ဒီဆေးဝါးရဲ့ သေဆုံးမှုနှုန်းက ဒီလောက် မြင့်မား နေရတာဟာ နှလုံးက ဒီလောက် မြန်ဆန်တဲ့ ခုန်နှုန်းကို လုံးဝ မခံနိုင်သလို၊ သွေးကြောတွေကလည်း ဒီလောက် ကြီးမားတဲ့ ဖိအားကို မခံနိုင်ဘဲ တိုက်ရိုက် ပေါက်ကွဲသွားလို့ပါပဲ။”
ယွင်ကျုံးဟဲ့ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်၏။ “အရင်တုန်းက ထျန်းယန် ဧကရာဇ်ဟောင်းဟာ တစ်ကိုယ်လုံး အကြောသေ သွားတာလား။ ဒါကြောင့် သူက ဘယ်သူ့ကိုမှ အထဲ ပေးမဝင်သလို ဘယ်သူ့ကိုမှလည်း အမြင်မခံတာလား။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီး ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။ “အဲဒီတုန်းက သူ ဘာလို့ စွန့်စားပြီး သက်တမ်းရှည်အောင် မိစ္ဆာ နည်းလမ်းတွေကို လုပ်ခဲ့တာလဲ။ ဒါက မိုက်မဲတဲ့ ဧကရာဇ်တွေရဲ့ လုပ်ရပ်မျိုး ဖြစ်နေတယ်လေ။ ဒါပေမဲ့ ထျန်းယန် ဧကရာဇ်က မိုက်မဲတဲ့ ဧကရာဇ် တစ်ပါးမှ မဟုတ်တာ။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက မဖြစ်မနေ လုပ်ရလို့ပါ။ အကယ်၍ မိစ္ဆာ နည်းလမ်းတွေကို မလုပ်ခဲ့ဘူးဆိုရင် သူ ပိုပြီး မြန်မြန် သေသွားလိမ့်မယ်။ ဒါကြောင့် တစ်နည်းအားဖြင့် ပြောရရင် သူ့ရဲ့ သက်တမ်းရှည်အောင် လုပ်တဲ့ကိစ္စက အောင်မြင်ခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ အသက်ရှင် နေရတဲ့ အခြေအနေကတော့ အရမ်းကို ဆိုးရွားလွန်းပါတယ်။”
ထို့နောက် သူသည် ယွင်ကျုံးဟဲ့ထံသို့ ပုလင်း တစ်လုံးကို ကမ်းပေးကာ ပြောလိုက်၏။ “ကျုပ်တို့ ကတိပေးထားတဲ့ အတိုင်း ခင်ဗျားကို ဆေးနှစ်လုံး ပေးပါတယ်။ ပြီးတော့ ဒါက ဒသမ မျိုးဆက် ဆေးဝါးတွေပါ။ နာရီအနည်းငယ် အတွင်းမှာ ကျုပ်တို့က ဖော်စပ်နည်း အသစ်ကို ဖန်တီးနိုင်ခဲ့ပြီး ခင်ဗျားရဲ့ အကျိုးဆောင်မှုက အရမ်း ကြီးမားပါတယ်။
အထဲမှာ ပါဝင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ခင်ဗျားရဲ့ သွေးထဲကနေ ရရှိခဲ့တာမို့ ခင်ဗျားကြောင့် မီတျဲ ချိုင့်ဝှမ်းက ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တာပါ။
အကယ်၍ ခင်ဗျားက ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်ချင်တယ်ဆိုရင် မြန်မြန် လုပ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက အချိန်မရွေး တကယ် သေဆုံးသွားနိုင်သလို အခုချိန်မှာ သေတောင် သေနေလောက်ပါပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ဒီဆေးဝါးက သူ့ကို ကယ်တင်နိုင်မလား။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်၏။ “ကျုပ် မသိဘူး။ ကျုပ်တို့လည်း အာမ မခံရဲဘူး။ ဒီဆေးဝါးဟာ ခင်ဗျားရဲ့ ပါဝင်မှုကြောင့် အများကြီး အကျိုးသက်ရောက်မှု ရှိသွားပြီ ဆိုပေမယ့် ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်နိုင်မလား ဆိုတာကိုတော့ ကျုပ်တို့ အတည်မပြုနိုင်သေးဘူး။ သူ သေတောင် သေနေလောက်ပြီလေ။ ပြီးတော့...”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပြီးတော့ ဘာဖြစ်လဲ။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက သက်ပြင်းချကာ ဖြေလိုက်၏။ “ပြီးတော့ ကျုပ် ခင်ဗျားကို ပြောချင်တာက ထျန်းယန် ဧကရာဇ်ဟာ အရမ်းကို အစွမ်းထက်ပြီး အရမ်းကို ကြောက်စရာကောင်းတဲ့ သူတစ်ယောက်ပါ။ ခင်ဗျား သူ့ကို တကယ် ကယ်တင်ချင်တာ သေချာလား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို သူ့ထက် ပိုကြောက်စရာကောင်းတဲ့သူ ရှိသေးလား။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်၏။ “ရှိပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘယ်သူလဲ။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ဖြေလိုက်၏။ “တာယင်အင်ပါယာ ဧကရာဇ်။”
ယွင်ကျုံးဟဲ့သည် ဆေးပုလင်းကို ရင်ဘတ်ထဲ ထည့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “သွားခွင့်ပြုပါအုံး။”
မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြန်ပြောလိုက်၏။ “ခင်ဗျားကို အပြင်ပို့ပေးဖို့ လူလွှတ်လိုက်ပါ့မယ်။”
ထို့နောက် လူနှစ်ယောက်က ဝေါယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ကာ ယွင်ကျုံးဟဲ့ကို အပြင်သို့ ပို့ဆောင်ပေးခဲ့၏။ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးကိုယ်တိုင်လည်း ယွင်ကျုံးဟဲ့ကို ဂူပေါက် အပြင်ဘက်အထိ လိုက်ပို့ပေးခဲ့သည်။
“သခင်လေး အောက်ယွီ... ဒီတစ်ကြိမ် ခင်ဗျား ထျန်းယန် ဧကရာဇ်ကို တွေ့ရတဲ့အခါ သူ ဘယ်လို ပုံစံမျိုး ဖြစ်နေမယ်ဆိုတာ မပြောတတ်ဘူး။ ခင်ဗျား အရမ်း အံ့ဩမသွားဖို့ မျှော်လင့်ပါတယ်။” မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးက ပြောလိုက်၏။
‘ဒီစကားက ဘာအဓိပ္ပာယ်လဲ။ ထျန်းယန် ဧကရာဇ်ဟောင်းက ဘယ်လို ပုံစံမျိုး ဖြစ်နေမှာမို့လို့လဲ။’
မီတျဲ ချိုင့်ဝှမ်းမှ ထွက်ခွာလာပြီးနောက် ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့၏ အစောင့်အရှောက်ဖြင့် ရိုလန်မြို့ဘက်သို့ ဦးတည်သွားတော့သည်။
“သခင်လေး... ကျုပ် ပြောစရာ စကားတစ်ခွန်း ရှိတယ်။” ယွမ်ထျန်းရှဲ့က ပြောလိုက်၏။
“ကျုပ် သိပါတယ်။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ကျုပ်တို့ ထျန်းယန် ဧကရာဇ်ဟောင်းကို ကယ်တင်နိုင်ခဲ့ရင်တောင် သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ အချက်တွေက အများကြီး လျော့ကျသွားမှာပါ။”
ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “ထျန်းယန် ဧကရာဇ်ဟောင်းက နတ်ဘုရား တစ်ပါးလို ဖြစ်နေတာက သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု တွေကြောင့်၊ ခင်ဗျားက သူ့ကို ဖန်တီးပေးထားတဲ့ ရွှေရောင် အလွှာတွေကြောင့်ပါ။ သူ့ကို နတ်ဘုရားလောင်း ဖြစ်သွားစေခဲ့တာပါ။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူ သေလုနီးပါး ဖြစ်ခဲ့တယ်၊ ဒါမှမဟုတ် သေတောင် သေသွားခဲ့ပြီဆိုရင် ဒီဒဏ္ဍာရီကြီး ပျက်စီးသွားပြီပေါ့။ သူက သေခါနီး အသက်ကြီးတဲ့ အဘိုးအို တစ်ယောက် ပြန်ဖြစ်သွားပြီး ချက်ချင်းကို အားနည်းသွားတော့မှာပါ။”
ယွမ်ထျန်းရှဲ့ ပြောသည်မှာ မှန်၏။ ယခုအခါ လောကရှိ လူများ၏ အမြင်တွင် ဧကရာဇ်ဟောင်းသည် တရား ကျင့်ကြံ အောင်မြင်ပြီး နတ်ဘုရားလောင်း ဖြစ်နေပြီ ဖြစ်သည်။
ဧကရာဇ်ဟောင်းသည် ဤမျှလောက် အံ့ဩစရာကောင်းသူဖြစ်သောကြောင့် နောက်ထပ် အချိန်အကြာကြီး အသက်ရှင်နိုင်ဦးမည်ဟု လူတိုင်း ထင်မှတ်နေကြ၏။
သို့ပေမည့် သူ သေလုနီးပါး ဖြစ်နေသည့် အခြေအနေကို ပြသလိုက်သည်နှင့် တပြိုင်နက် မည်သူက ကြောက်ရွံ့ တော့မည်နည်း။ ဧကရာဇ် ဝမ်ယွင်ကို မဆိုထားနှင့်၊ အမတ်များပင်လျှင် ကြောက်ရွံ့မှုများ ပျောက်ကွယ် သွားပေလိမ့်မည်။
‘သေလုနီးပါး ဖြစ်နေတဲ့၊ အချိန်မရွေး သေနိုင်တဲ့ ဧကရာဇ်ဟောင်း တစ်ပါးကို ဘာကြောက်စရာ ရှိတော့လို့လဲ။ ဘာ နတ်ဘုရားလောင်းလဲ။ ဘာ ဒဏ္ဍာရီလဲ။ အားလုံးက အလကားချည်းပဲ။ သူ့ရဲ့ ဒဏ္ဍာရီ ရွှေရောင် အလွှာကြီး လုံးဝ ပျက်စီးသွားပြီ။’
ယွမ်ထျန်းရှဲ့က ဆက်ပြောလိုက်၏။ “ဒါကြောင့် ဒီတစ်ကြိမ်မှာ ထျန်းယန် ဧကရာဇ်ဟောင်းကို ခင်ဗျား ကယ်တင်နိုင်ခဲ့ရင်တောင် သူ့ရဲ့ ဒဏ္ဍာရီက ပျက်စီးသွားပြီမို့ သိပ်ပြီး တန်ဖိုး မရှိတော့ပါဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျုပ်က ဧကရာဇ်ဟောင်းကို ကယ်တင်ရုံတင် မကဘူး၊ သူ့အတွက် ဒဏ္ဍာရီ တစ်ခုကိုပါ ဖန်တီးပေးပြီး သူ့ရဲ့ နတ်ဘုရားလောင်း ပုံရိပ်ကို နောက်ထပ် အဆင့်တစ်ခုအထိ မြင့်တက်သွားအောင် လုပ်ပေးရမယ်။”
ယွမ်ထျန်းရှဲ့က ပြောလိုက်၏။ “ဒါက အရမ်း ခက်ခဲပါတယ်။ ကောင်းကင်ဘုံကို တက်ရတာထက်တောင် ပိုခက်ပါသေးတယ်။”
........................