အခန်း ၄၈၃
Vol. 41 Ch. 483
အပိုင်း (၄၈၃)
ယွင်ကျုံးဟဲ့က ဧကရာဇ်ဟောင်း၏ အသံဖြင့် ဆက်ပြောလိုက်သည်။ “တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်း... ခင်ဗျားက နတ်ပြည်ကို တက်သွားတာ နှစ်ရာချီ ရှိပြီဆိုတော့ လောကီရေးရာတွေနဲ့ မသက်ဆိုင်တော့ဘူး ဆိုတာကို ကျုပ် သိပါတယ်။ ဒါပေမဲ့ သူတို့က ခင်ဗျားရဲ့ သားမြေးတွေလေ။ ကိုယ်ထင်ပြပြီး သူတို့နဲ့ တစ်ခေါက်လောက်တော့ တွေ့လိုက်ပါအုံး။ တည်ထောင်သူ ဧကရာဇ်... ကျုပ် ဝူဝေ့ နတ်ဘုရားလောင်းကိုလည်း မျက်နှာသာပေးတဲ့အနေနဲ့ ကိုယ်ထင်ပြပြီး သူတို့နဲ့ တွေ့လိုက်ပါအုံး။
ဟမ်... ကျုပ်ရဲ့ ဝူဝေ့ နန်းဆောင်က တာအို ဘာသာရေး ဆိုင်ရာ နေရာဖြစ်ပြီး ခင်ဗျားက ဗုဒ္ဓဘာသာရဲ့ နတ်ဘုရား ဖြစ်လို့ ဒီနေရာမှာ ကိုယ်ထင်မပြချင်ဘူး ဟုတ်လား။ ကောင်းပြီလေ...ကောင်းပြီ... အဲဒါဆိုလည်း အပြင်မှာပဲ တွေ့ကြတာပေါ့။ အခုချိန်မှာ ကျုပ်ရဲ့ ရှန်ချင်းနန်းဆောင် ခြံဝင်းထဲမှာ ခင်ဗျားရဲ့ ရုပ်တု တစ်ခု ရှိနေတယ်လေ။ အဲဒီနေရာမှာ ကိုယ်ထင်ပြလိုက်လို့ ရလား။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းသည် ရှန်ချင်းနန်းဆောင်၏ ခြံဝင်းအတွင်းရှိ တည်ထောင်သူ ဧကရာဇ်၏ ရုပ်တုကို အလိုအလျောက် လှမ်းကြည့်လိုက်မိကြသည်။ ထိုရုပ်တုသည် တည်ထောင်သူ ဧကရာဇ်နှင့် တစ်ပုံစံတည်း တူညီ၏။
ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ လေသံဖြင့် ပြောလိုက်သည်။ “ဧကရာဇ်နဲ့ အမတ်တွေ အားလုံး... တည်ထောင်သူ ဧကရာဇ်ရဲ့ ရုပ်တုကို ဦးညွှတ်ပြီး အရိုအသေ မပေးကြသေးဘူးလား။ တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းရဲ့ နတ်ဝိညာဉ်ဟာ ကိုယ်ထင်ပြပြီး ခင်ဗျားတို့နဲ့ တွေ့တော့မယ်။ ဒါဟာ အရမ်းကို ကြီးမားတဲ့ ဂုဏ်ကျေးဇူးပဲ။”
လူတိုင်း၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်ကြမိ၏။ ‘အောက်ယွီ… ခင်ဗျား ဟန်ဆောင်ပြီး လှည့်စားနေတာ အရမ်းကို လွန်လွန်းနေပြီ။ တည်ထောင်သူ ဧကရာဇ် သေသွားတာ နှစ်ရာချီနေပြီ။ လူတိုင်းက သူ့ကို နတ်ဘုရား တစ်ပါးလို့ ပြောနေကြပေမယ့် ဒါက ဒဏ္ဍာရီ သက်သက်ပဲလေ။
ခင်ဗျားက သူ့ကို ကိုယ်ထင်ပြအောင် လုပ်ချင်နေတာလား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။ ခင်ဗျားရဲ့ အသုံးမကျတဲ့ လှည့်ကွက်တွေက ဘာမှ အသုံးမဝင်ပါဘူး။ ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့။ ဘယ်လိုများ ကိုယ်ထင်ပြမလဲ ဆိုတာကို။ အကယ်၍ တကယ် ကိုယ်ထင်မပြနိုင်ဘူး ဆိုရင်တော့ ခင်ဗျားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မယ်။’
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ပြောလိုက်သည် “တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြပြီ။ ဧကရာဇ် ဒူးထောက် ဖူးမြော်ကြ။ အမတ်များ အားလုံး ဒူးထောက် ဖူးမြော်ကြ။”
လူတိုင်း၏ အကြည့်များမှာ ခြံဝင်းအတွင်းရှိ တည်ထောင်သူ ဧကရာဇ်၏ ရုပ်တုထံသို့ ရောက်ရှိသွားကြတော့၏။
“ဝုန်း...”
တိုးညင်းသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး တည်ထောင်သူ ဧကရာဇ်၏ ရုပ်တု မှ ထူထပ်သော မီးခိုးလုံးကြီး တစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်ကြမိ၏။ ‘ဒီလောက်ပဲလား... အသုံးမကျတဲ့ လှည့်ကွက်လေး... ဒါကို တည်ထောင်သူ ဧကရာဇ်ကိုယ်ထင်ပြတယ် လို့ ခေါ်တာလား။’
သို့ပေမည့် နောက်တစ်စက္ကန့်တွင် လူတိုင်း လုံးဝ အံ့ဩမှင်သက်သွားကြတော့၏။ အဘယ်ကြောင့်ဆိုသော် လူရိပ်တစ်ခုသည် အမှန်တကယ် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး လူတစ်ယောက်၏ အလင်းအရိပ်သည် တည်ထောင်သူ ဧကရာဇ်၏ ရုပ်တုမှနေ၍ လေထဲသို့ ဖြည်းညင်းစွာ လွင့်ပျံလာသောကြောင့် ဖြစ်သည်။
‘ဒါ... ဒါက တည်ထောင်သူ ဧကရာဇ် မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်မှာလဲ။’
ဤပုဂ္ဂိုလ်၏ ကိုယ်ရောင်ကိုယ်ဝါ သဏ္ဌာန်မှာ နိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဧကရာဇ်နှင့် ထပ်တူထပ်မျှ တူညီနေသည်။ လူအပေါင်းတို့သည် ဧကရာဇ်၏ ပုံတူပန်းချီများနှင့် ရုပ်တုများကို မြင်တွေ့ဖူးကြသည်ဖြစ်ရာ ယခုမြင်ကွင်းကို ကြည့်၍ အံ့အားသင့်နေကြရ၏။
အဆန်းကြယ်ဆုံးအချက်မှာ ရှေ့မှောက်၌ မြင်တွေ့နေရသည့် အရာသည် သွေးသားထင်ရှားရှိသော လူသားတစ်ဦး မဟုတ်ဘဲ အလင်းတန်းများဖြင့် စုစည်းထားသည့် အရိပ်သဏ္ဌာန်တစ်ခုသာ ဖြစ်နေခြင်းပင်။
“ကောင်းကင်ဘုံ…”
လူတိုင်း၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထသွားကြရ၏။ ဤလောကတွင် အမှန်တကယ်ပင် နတ်ဘုရားများ တည်ရှိနေကြသလားဟု တွေးတောရင်း ဝေခွဲမရ ဖြစ်နေကြတော့သည်။
တည်ထောင်သူ ဧကရာဇ် တာ့ဖာရှန့်ကျွင်းသည် တကယ်ပင် ကိုယ်ထင်ပြလာလေသည်လား။ ထိုနတ်ဘုရား သဏ္ဌာန် အလင်းရောင်အရိပ်သည် လှုပ်ရှားနိုင်ရုံသာမက စကားကိုပင် ပြောနိုင်သေး၏။
“ဧကရာဇ် ဝမ်ယွင်၊ အမတ်တွေအားလုံး... ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် နေကြပါ။ ဝူဝေ့နတ်ဘုရားလောင်းဟာ နတ်ပြည်ကို တက်ရတော့မှာ ဖြစ်ပေမယ့် ခင်ဗျားတို့ရဲ့ တိုင်းပြည် အရေးကိစ္စ တွေကြောင့် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို အကြိမ်ကြိမ် ဖွင့်ဟခဲ့ရလို့ တရားကျင့်တာ နှောင့်နှေးသွားပြီး နတ်ပြည် တက်ဖို့ အချိန်တွေ အများကြီး လိုသွားရပြန်ပြီ။ ခင်ဗျားတို့ သူ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့။”
တည်ထောင်သူ ဧကရာဇ် စကားပြောလိုက်ပြီဖြစ်ပြီး အသံမှာ ကောင်းကင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ အရပ်လေးမျက်နှာမှနေ၍ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
ဟိန်းထွက်လာသော ထိုအသံကို ကြားရုံမျှဖြင့်ပင် နတ်ဘုရားတစ်ပါး ကြွရောက်လာခြင်းဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိတော့ချေ။
အကြောင်းမူကား ထိုအသံသည် မြေပြင်နှင့် မိုးကောင်းကင်တစ်ခွင်လုံး၌ တပြိုင်နက်တည်း အသံပေးလျက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ သာမန်လူသားတစ်ဦး၏ အသံသည် ဤမျှလောက်အထိ ထိတ်လန့် တုန်လှုပ်ဖွယ် ကျယ်လောင်နိုင်စွမ်း ရှိပါမည်လား။
ဧကရာဇ်သည်ပင် ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထသွားရသလို၊ မှူးမတ်အပေါင်းတို့သည်လည်း ဦးနှောက်များ ထုံကျင်သွားကြကာ မိမိတို့မျက်စိရှေ့မှ မြင်ကွင်းကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်ရတော့သည်။
ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ်ရာနှင့် ထိတ်လန့်ဖွယ်ရာ အတိပြီးနေတော့၏။ ဧကရာဇ်ဟောင်း၏ ဝိညာဉ်တော် အလင်းရောင်မှာ တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး ပေပေါင်းများစွာအထိ မြင့်မားလာကာ ဝေဟင်ထက်၌ ခန့်ညားထည်ဝါစွာ ပေါ်နေလေသည်။ ထိုအရာမှာ တည်ထောင်သူ ဧကရာဇ် တာ့ဖာရှန့်ကျွင်း ကိုယ်တိုင် ကိုယ်ထင်ပြလာခြင်းပင် ဖြစ်၏။
သို့ပေမည့် ဤအရာအားလုံးသည် ယွင်ကျုံးဟဲ့ မည်သို့သော နည်းပရိယာယ်ဖြင့် ဖန်တီးခဲ့ခြင်းနည်း။ အမှန်စင်စစ်တွင်မူ အလွန်ရိုးရှင်းသော နည်းလမ်းသာ ဖြစ်သည်။
လွင့်ပြယ်နေသော မီးခိုးငွေ့များကို နောက်ခံကားချပ်အဖြစ် အသုံးချကာ ဖန်ပြားပေါ်တွင် ရေးဆွဲထားသော ဧကရာဇ်၏ ရောင်စုံပုံတူပန်းချီကို ပရိုဂျက်တာစက်ဖြင့် မီးခိုးငွေ့များပေါ်သို့ ထိုးပြလိုက်ခြင်းသာ ဖြစ်၏။
ထိုပရိုဂျက်တာ၏ မှန်ဘီလူးကိုမူ ဟေးလုံထိုင်ရှိ အဝေးကြည့် မှန်ပြောင်းအတွင်းမှ ဖြုတ်ယူကာ အလွယ်တကူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အခက်ခဲဆုံး အပိုင်းမှာ အားကောင်းသော အလင်းအရင်းအမြစ်ကို ရှာဖွေရန် ဖြစ်၏။ ခေတ်မီ ပရိုဂျက်တာများတွင် တောက်ပသော မီးသီးများ လိုအပ်သော်လည်း ဤကမ္ဘာလောက၌ ယွင်ကျုံးဟဲ့အတွက် ထိုကဲ့သို့သော မီးသီးမျိုး ရှာရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် သူသည် အတွေးသစ်ဖြင့် မီးစုန်းဖြူကို အသုံးပြုကာ တောက်ပသော အလင်းရောင်ကို ဖန်တီးခဲ့သည်။
မီးစုန်းအမြောက်အမြားကို ကျဉ်းမြောင်းသော နေရာလေးတစ်ခုအတွင်း၌ စက္ကန့်အနည်းငယ်ကြာ မီးရှို့ပြီး ထွက်ပေါ်လာသော အလင်းတန်းကို မှန်ဘီလူးဖြင့် စုစည်းကာ အပြင်သို့ အားကောင်းစွာ ထိုးထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုအလင်းသည် သာမန်မီးသီးများထက်ပင် ပိုမိုစူးရှတောက်ပနေတော့၏။
ရလဒ်မှာ အံ့မခန်းပင် ဖြစ်သည်။ မီးခိုးငွေ့များကို နောက်ခံအဖြစ် အသုံးပြုခြင်းက ပို၍ပင် ထိရောက်မှု ရှိစေ၏။ အကြောင်းမူ မီးခိုးငွေ့များမှာ လေနှင့်အတူ ရွေ့လျားပြောင်းလဲနေသောကြောင့် ဧကရာဇ်၏ ပုံရိပ်သည်လည်း လေထဲ၌ လွင့်မျောလှုပ်ရှားနေသကဲ့သို့ အသက်ဝင်ကာ နတ်ဘုရားတစ်ပါးနှင့် ပိုမိုတူညီနေသောကြောင့် ဖြစ်သည်။
ဤသို့သော ထူးဆန်းအံ့ဩဖွယ် နည်းလမ်းမျိုးကို ဤလောကရှိ လူသားတို့ တစ်ကြိမ်တစ်ခါမျှပင် မြင်ဖူး၊ ကြားဖူးခြင်း မရှိကြချေ။ အဓိကအချက်မှာ ဧကရာဇ်၏ ပုံရိပ်သည် ကောင်းကင်ထက်၌ အမှန်တကယ်ပင် ပေါလောပေါ်နေပြီး ပေါ့ပါးလွတ်လပ်ကာ လက်တွေ့ဘဝနှင့် တထပ်တည်း ကျနေခြင်းပင် ဖြစ်သည်။ ဤမျှ ထူးခြားနေသည်ကို ကိုယ်ထင်ပြခြင်း မဟုတ်ဟု မည်သူက ငြင်းဆိုနိုင်ပါမည်နည်း။
ချက်ချင်းပဲ လူတိုင်း လုံးဝ ဝိညာဉ် လွင့်စဉ်သွားသကဲ့သို့ ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ဒူးထောက်ကာ ပြောလိုက်ကြ၏။ “တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြပြီ... တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြပြီ။”
မီးစုန်း အများအပြား လောင်ကျွမ်းပြီးသွားပြီဖြစ်ရာ တည်ထောင်သူ ဧကရာဇ်၏ ကိုယ်ထင်ပြခြင်းလည်း အဆုံးသတ်ရတော့မှာဖြစ်သည်။
“ဝူဝေ့ နတ်ဘုရားလောင်း... ခင်ဗျား ထပ်ပြီး ပင်ပန်းခံလိုက်ပါအုံး။ ကျုပ်က နတ်ပြည်မှာ ခင်ဗျားကို စောင့်နေပါ့မယ်။ သွားပြီနော်...”
တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်း၏ အလင်းရောင် အရိပ်မှာ ပို၍ပို၍ ကြီးမားလာပြီး ပို၍ပို၍ ပါးလွှာလာတော့၏။
နောက်ဆုံးတွင် ပေဆယ်ချီခန့်အထိ ကြီးမားလာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါလောပေါ်နေကာ အမှန်တကယ်ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းလေသည်။
တည်ထောင်သူ ဧကရာဇ်၏ အရိပ်သည် တောင်ကြီး တစ်တောင်လို ကြီးမားလာပြီး အလွန် ပါးလွှာ နေသော်လည်း ဤသည်မှာ နတ်ဘုရား မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်း။
ဤသို့ဖြင့် တည်ထောင်သူ ဧကရာဇ်၏ နတ်ဝိညာဉ် အရိပ်သည် ပို၍ပို၍ မှေးမှိန်လာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့၏။
ထိုအချိန်တွင်ပင် ဝူဝေ့ နန်းဆောင် အတွင်း၌ အောက်ယွီသည် ဧကရာဇ်ဟောင်း၏ အသံဖြင့် ဆက်ပြောလိုက်သည်။ “တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းလည်း သွားပြီဆိုတော့ ကိုယ်တော်လည်း ဝိညာဉ် ပြန်ဝင်ပြီ။”
ထို့နောက် နောက်တစ်စက္ကန့်တွင် အံ့ဩစရာ ပြကွက် တစ်ခု ဖြစ်ပေါ်လာတော့၏။
ဝူဝေ့ နန်းဆောင် အတွင်း၌ လေထဲတွင် သုံးပေခန့် ပေါလောပေါ်နေသော ဧကရာဇ်ဟောင်းသည် အမှန်တကယ်ပင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာပြီး အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ပြောလိုက်သည်။ “ဧကရာဇ်၊ အမတ်တွေ အားလုံး... နေကောင်းကြရဲ့လား။”
“ဧကရာဇ်ဟောင်း ဝိညာဉ် ပြန်ဝင်လာပြီ... ဧကရာဇ်ဟောင်း နတ်ပြည်ကနေ ဝိညာဉ် ပြန်ဝင်လာပြီ။”
ဤသည်မှာ ယွင်ကျုံးဟဲ့ ဖန်တီးပြသလိုက်သော အံ့ဩစရာ ပြကွက်ကြီးပင် ဖြစ်တော့၏။
လူတိုင်းသည် ဤမြင်ကွင်းကြောင့် လုံးဝ အံ့ဩမှင်သက်သွားကြပြီး ချက်ချင်းပဲ စကားမပြောနိုင်အောင် ဖြစ်သွားကြတော့သည်။
လက်ရှိ အခြေအနေအရ မြင်တွေ့နေရသည့် မြင်ကွင်းများကြောင့် လူအပေါင်းမှာ အတွေးများ ရှုပ်ထွေးကာ ဝေခွဲမရ ဖြစ်နေကြ၏။
အမှန်စင်စစ် ဧကရာဇ်ဟောင်းသည် အသက်ရှူသံ ရပ်တန့်သွားခဲ့သည်မှာ ကြာပြီဖြစ်သလို၊ နှလုံးခုန်သံလည်း မရှိတော့ဘဲ တော်ဝင်သမားတော် ကိုယ်တိုင်ပင် နတ်ရွာစံကြောင်း အတည်ပြု ကြေညာခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း အောက်ယွီ ရောက်ရှိလာကာ ဧကရာဇ်ဟောင်းသည် နတ်ပြည်လောကသို့ ခေတ္တကြွမြန်း၍ တည်ထောင်သူ ဧကရာဇ် တာ့ဖာရှန့်ကျွင်းနှင့် စကားလက်ဆုံ ကျနေသောကြောင့် အချိန်မေ့လျော့နေခြင်း ဖြစ်ကြောင်း ပြောနေ၏။
နတ်ပြည်၏ တစ်ရက်သည် လူ့ပြည်၏ တစ်နှစ်နှင့် ညီမျှသည်ဖြစ်ရာ နတ်ဘုရား ဧကရာဇ်နှစ်ပါး စကား ပြောဆိုနေသည့် တစ်နာရီကျော်မျှသော အချိန်သည် လူ့ပြည်၌မူ အသက်ကင်းမဲ့နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
ဧကရာဇ်ဟောင်း၏ ဝိညာဉ်တော်သည် ခန္ဓာကိုယ်အတွင်း၌ ကိန်းဝပ်ခြင်း မရှိတော့သောကြောင့် အသက်ရှူသံနှင့် နှလုံးခုန်သံ ကင်းမဲ့နေခြင်းမှာ သဘာဝကျလှပေရာ နတ်ဘုရားတို့၏ လျှို့ဝှက်နက်နဲသော ကိစ္စရပ်များကို သာမန်လူသားတို့ မည်သို့ သိမြင်နိုင်ပါအံ့နည်း။
ထို့ထက် ပို၍ ထင်ရှားသည့်အချက်မှာ ဧကရာဇ်ဟောင်း၏ တောင်းဆိုမှုကြောင့် တည်ထောင်သူ ဧကရာဇ်ကိုယ်တိုင် ကိုယ်ထင်ပြခဲ့ခြင်းပင် ဖြစ်သည်။
နန်းတော်တစ်ခုစာမျှ ကြီးမားလှသော အလင်းရောင်ဝိညာဉ်တော် ပုံရိပ်ကြီးမှာ ကောင်းကင်ယံထက်တွင် ခန့်ညားစွာ ပေါ်ထွန်းနေသည်ဖြစ်ရာ ဤအရာကို တည်ထောင်သူ ဧကရာဇ်၏ ဝိညာဉ်တော် မဟုတ်ဟု မည်သူက ငြင်းဆိုဝံ့ပါသနည်း။
နန်းတော်အနှံ့တွင် ထိုတည်ထောင်သူဧကရာဇ်၏ ပုံတူပန်းချီများကို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ ဖူးမြော် နေကြရသောကြောင့် လူတိုင်းက မှားယွင်းစရာမရှိအောင်ပင် မှတ်မိနေကြသည်။
ထို့ကြောင့် ယခုအခါတွင်မူ ဧကရာဇ်ဟောင်းသည် အပြင်းအထန် ဖျားနာနေခြင်း သို့မဟုတ် သေလုမျိုးဆဲ အခြေအနေသို့ ရောက်ရှိနေခြင်း မဟုတ်ဘဲ နတ်ဘုရားလောင်းတစ်ဦးအဖြစ် ကူးပြောင်းနေပြီဆိုသည်မှာ လုံးဝဥဿုံ သေချာသွားခဲ့လေ၏။
ဧကရာဇ် ဝမ်ယွင်၏ ဦးနှောက်များ အဆက်မပြတ် ရှုပ်ထွေးနေတော့သည်။ ကွန်ဖြူးရှပ်၏ အဆိုအမိန့်များတွင် နတ်ဘုရားနှင့် သရဲတစ္ဆေတို့အား အယုံအကြည်မရှိသင့်ဟု ပါရှိလေရာ သူသည် ဤလောက၌ နတ်ဘုရားများ ရှိသည်ဟူသော အယူအဆကို လုံးဝ လက်မခံပေ။
ထို့ကြောင့် ယခုမြင်တွေ့နေရသည့် ထူးဆန်းသော ဖြစ်ရပ်များမှာ အောက်ယွီ၏ ပရိယာယ်နှင့် လှည့်ကွက်များသာ ဖြစ်ရမည်ဟု သူက အခိုင်အမာ ယူဆထား၏။ သို့သော်ငြား ထိုလှည့်ကွက်မှာ မည်သည့် အပြစ်အနာအဆာမှ မရှိအောင်ပင် စေ့စပ်သေချာလွန်းလှသည်။
အမတ်မင်းများ၏ မျက်နှာကို ကြည့်လိုက်လျှင်လည်း အံ့ဩမှင်သက်နေကြသည့်အပြင် စောစောက မြင်တွေ့ခဲ့ရသည့် အရာမှာ တည်ထောင်သူ ဧကရာဇ်ကိုယ်တိုင် ကိုယ်ထင်ပြခြင်းဖြစ်ကြောင်းကိုလည်း မြေကြီးလက်ခတ်မလွဲ ယုံကြည်နေကြတော့၏။
အမှန်စင်စစ် ဤအကျိုးဆက်မှာ ဧကရာဇ်အဆက်ဆက်၏ မှားယွင်းသော လုပ်ဆောင်ချက်များကြောင့်ပင် ဖြစ်၏။ တည်ထောင်သူ မဟာဧကရာဇ်သည် နတ်ပြည်သို့ တက်လှမ်း၍ တာ့ဖာရှန့်ကျွင်း နတ်ဘုရားအဖြစ် ဘဝ ပြောင်းလဲသွားပြီဖြစ်ကြောင်း နေ့စဉ်နှင့်အမျှ ဝါဒဖြန့်ခဲ့ကြသည့်အတွက်ကြောင့်လည်း ဖြစ်သည်။
ရလဒ်အနေဖြင့် နန်းတွင်းမှ မှူးမတ်အပေါင်းတို့မှာ ထိုဝါဒများဖြင့် ဦးနှောက်ဆေးခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ နတ်ဘုရား အယူအဆများမှာလည်း သူတို့၏ စိတ်အစဉ်၌ အမြစ်တွယ် စွဲမြဲသွားခဲ့ရလေတော့၏။
ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဧကရာဇ်ဟောင်းက နတ်ပြည်ကနေ ဝိညာဉ် ပြန်ဝင်လာပြီဆိုတော့ အရှင်မင်းမြတ် အနေနဲ့ ဝမ်းသာသင့်တာပေါ့။”
ဤစကားမှာ အမှန်တကယ်ပင် စိတ်ထိခိုက်ဖွယ်ရာ ကောင်းလှသည်။ ဧကရာဇ်ဟောင်း၏ ဝိညာဉ်တော် ခန္ဓာအတွင်း ပြန်လည်ကိန်းဝပ်လာချိန်တွင် လက်ရှိ အရှင်မင်းမြတ်အနေဖြင့် ထိုကဲ့သို့ အံ့ဩမှင်သက်နေသည့် မျက်နှာထားမျိုး ရှိနေခြင်းမှာ အပ်စပ်မှု မရှိလှပေ။ အရှင်မင်းမြတ်အနေဖြင့် သူ၏ ခမည်းတော် ပြန်လည်နိုးထလာမှုအပေါ် အတိုင်းအဆမရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမည် မဟုတ်ပါလား။
ချက်ချင်းပဲ ဧကရာဇ် ဝမ်ယွင်သည် အလျင်အမြန် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်၏။ “ခမည်းတော်... သားတော်ကို လန့်သွားအောင် လုပ်လိုက်တာပဲ။ သားတော်ကို လန့်သွားအောင် လုပ်လိုက်တာပဲ။”
‘ချီးတဲ့မှ... အရှင်မင်းမြတ်က ဧကရာဇ်ဟောင်း နတ်ပြည်ကနေ ဝိညာဉ် ပြန်ဝင်လာတာကို အသိအမှတ် မပြုသေးဘူးလား။’
……………..