အခန်း ၄၈၅
Vol. 41 Ch. 485
အပိုင်း (၄၈၅)
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ရှန်ချင်းနန်းဆောင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ ဩဇာတိက္ကမနဲ့ နက်နဲမှုတွေကို ပြန်လည် တည်ဆောက်ချင်ရင် အမှန်တရား တစ်ခုကို အသုံးပြုရပါလိမ့်မယ်။”
ဟောက်ချန်က မေးလိုက်သည်။ “ဘာအမှန်တရားလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “လူတွေက ဩဇာအာဏာကို ကြောက်ရွံ့ကြပြီး ကျေးဇူးတရားကိုတော့ သိပ်မကြောက်ကြဘူး ဆိုတာပါပဲ။ သူတို့ကို ကြောက်လန့်သွားအောင်၊ ထိတ်လန့်သွားအောင် လုပ်နိုင်သရွေ့ အားလုံး အဆင်ပြေသွားပါလိမ့်မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဆက်ပြောပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “လူတစ်စုဟာ သရဲခြောက်တဲ့ အိမ်တစ်လုံး အကြောင်းကြားဖူးကြတယ်။ အဲဒီအိမ်က အရမ်းကြောက်စရာကောင်းပြီး လုံးဝ တားမြစ်နယ်မြေဖြစ်လို့ ခြေတစ်လှမ်းတောင် မဝင်ရဲကြဘူးတဲ့။ အဲဒါနဲ့ တစ်နေ့မှာ သူတို့က သတ္တိမွေးပြီး အဲဒီ သရဲခြောက်တဲ့ အိမ်ထဲကို ဝင်သွားကြတယ်။
ရလဒ်အနေနဲ့ အဲဒီ သရဲခြောက်တဲ့ အိမ်ထဲမှာ ဘာမှ မတွေ့ခဲ့ရဘူး။ ပြန်ရောက်လာတဲ့အခါ အဲဒီအကြောင်းကို အကြီးအကျယ် ပြောဆိုကြတော့ သရဲခြောက်တဲ့ အိမ်ဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ကြောက်ရွံ့မှုတွေ လုံးဝ ပျောက်ကွယ်သွားတော့တာပေါ့။
ဒါပေမဲ့ နောက်ပိုင်းမှာ သရဲခြောက်တဲ့ အိမ်ထဲကို ဝင်သွားခဲ့တဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားမယ် ဆိုရင်ရော။ လူတိုင်းက အရမ်းကို ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ သေဆုံးသွားပြီး နောက်ဆုံးမှာ အားလုံး သေဆုံးသွားမယ်ဆိုရင် ဒီသရဲခြောက်တဲ့အိမ်ရဲ့ နာမည်ဂုဏ်သတင်းဟာ ပြန်လည် ရှင်သန်လာရုံသာမက ပိုပြီးတော့တောင် ကြောက်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လာကာ လုံးဝ တားမြစ်နယ်မြေ ဖြစ်သွားမှာပဲ။”
ဧကရာဇ်ဟောင်း သည် ယွင်ကျုံးဟဲ့၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားတော့သည်။
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒီတစ်ကြိမ် ရှန်ချင်းနန်းဆောင်ကို အတင်း ဝင်ရောက်တဲ့ အထဲမှာ ဘယ်သူက အရိုင်းစိုင်းဆုံးလဲ။”
မိန်းမစိုးအိုကြီး ဟောက်ချန်က ပြန်ဖြေလိုက်သည်။ “တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က အဆက်မပြတ် အော်ဟစ်ဆူညံနေတယ်။ တော်ဝင်သမားတော် လင်ကျုံးရင်ကလည်း ဧကရာဇ်ဟောင်း နတ်ရွာစံသွားပြီလို့ အကြိမ်ကြိမ် ပြောဆိုခဲ့တယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီလူ နှစ်ယောက်ကိုပဲ ရွေးလိုက်ပါ။ အခုကစပြီး အပြင်မှာ ကောလာဟလတွေ ဖြန့်လိုက်ပါ။ တော်ဝင်သမားတော် လင်ကျုံးရင်က ရှန်ချင်းနန်းဆောင်ထဲက လင်ပေါင်ထျန်းကျွင်းရဲ့ ရုပ်တုအပေါ် တံတွေး ထွေးချခဲ့လို့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကို ခံရတော့မယ်လို့ ပြောလိုက်ပါ။
ပြီးတော့ တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်ရဲ့ကိုယ်ပေါ်မှာ မသန့်ရှင်းမှုတွေ ရှိနေပြီး မိစ္ဆာတွေ ဝင်ပူးနေလို့ ရှန်ချင်းနန်းဆောင်ထဲမှာ တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်းကို စော်ကားမိသွားတယ်လို့ ကောလာဟလ ဖြန့်လိုက်ပါ။”
မိန်းမစိုးအိုကြီးဟောက်ချန် အနည်းငယ် အံ့ဩသွားရသည်။ ‘တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က တည်ထောင်သူ ဧကရာဇ်ရဲ့ နတ်ဝိညာဉ်ကို ဘာလို့ စော်ကားမိသွားတာလဲ။’
ခဏအကြာတွင် သူ နားလည်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဇနီး တွမ်ယွင်နှင့် တွမ်ယွီ တို့သည် တာ့ဖာရှန့်ကျွင်း၏ ရုပ်တု အတွင်း၌ လျှို့ဝှက် ပတ်သက်မှု ရှိခဲ့ဖူးသောကြောင့်ပင်။
ဧကရာဇ်ဟောင်းက မေးလိုက်၏။ “မင်းပြောတာက ဒီလူနှစ်ယောက်ကို သေစေချင်တာလား။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ်။ အရင်ဆုံး အပြင်မှာ အဆက်မပြတ် ဝါဒဖြန့်ပြီး ဒီလူနှစ်ယောက်ဟာ ရှန်ချင်းနန်းဆောင်ထဲမှာ လင်ပေါင်ထျန်းကျွင်းနဲ့ တည်ထောင်သူ ဧကရာဇ်၊ တာ့ဖာရှန့်ကျွင်း တို့ကို စော်ကားခဲ့တယ်လို့ လူတိုင်း သိအောင် လုပ်ရပါမယ်။
ဒါပေမဲ့ ဧကရာဇ်ဟောင်း ဝူဝေ့ နတ်ဘုရားလောင်းကို စော်ကားခဲ့တယ်လို့တော့ လုံးဝ မပြောရပါဘူး။ ဘာလို့လဲဆိုတော့ အရှင်က အမြဲတမ်း သနားညှာတာတတ်တဲ့ သူတစ်ယောက် ဖြစ်နေလို့ပါ။ ဒီသတင်းတွေ အမြင့်ဆုံး အတိုင်းအတာအထိ ရောက်သွားတဲ့ အချိန်ကျရင် သူတို့ကို သတ်ပစ်လိုက်ပါမယ်။ တော်ဝင် သမားတော် တစ်ယောက်တည်းဆိုရင် မလုံလောက်ပေမယ့် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်ပါ ပါလာရင်တော့ လုံလောက်သွားပါပြီ။”
ဧကရာဇ်ဟောင်း မျက်လုံးများကို မှိတ်လိုက်သည်။ ယွင်ကျုံးဟဲ့၏ အကြံအစည်မှာ ရက်စက်လွန်းသော်လည်း အလွန် ထိရောက်မှု ရှိ၏။
ပထမဦးဆုံးအနေဖြင့် ပြင်ပလောက၌ ဝါဒဖြန့်မှုများကို အဆက်မပြတ် လုပ်ဆောင်ရမှာဖြစ်သည်။ တော်ဝင်သမားတော်နှင့် စုချင်ဝမ်တို့သည် ရှန်ချင်းနန်းဆောင်အတွင်း၌ နတ်ဘုရားတို့အား စော်ကားမော်ဒဲမဲ့ ပြုခဲ့ကြကြောင်း လူအများ သိရှိနားလည်သွားသည်အထိ ကျယ်ကျယ်ပြန့်ပြန့် သတင်းလွှင့်ရပေမည်။
သို့သော်လည်း အဆိုပါပုဂ္ဂိုလ်နှစ်ဦးမှာ ဘေးအန္တရာယ် တစ်စုံတစ်ရာ မကျရောက်ဘဲ ကျန်းမာစွာ ရှိနေပါက လူအပေါင်းတို့သည် ရှန်ချင်းနန်းဆောင်၌ နတ်ဘုရားများ ကိန်းဝပ်စံပယ်ခြင်း မရှိဟု ယူဆသွားကြမှာ ဖြစ်သည်။ ထိုအခါ နန်းဆောင်၏ လျှို့ဝှက်နက်နဲမှုနှင့် ဩဇာအာဏာတို့ကို ယုံကြည်မှု ကင်းမဲ့သွားပေလိမ့်မည်။
အကယ်၍ ထိုသူနှစ်ဦးသည် လူအများ၏ ရှေ့မှောက်၌ပင် မည်သူတစ်ဦးတစ်ယောက်၏ လက်ချက်မှ မပါဘဲ ရုတ်တရက် ထူးဆန်းစွာ သေဆုံးသွားခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ ထိုသေဆုံးမှုသည် လုပ်ကြံမှု အရိပ်အယောင် အလျဉ်းမရှိဘဲ လွန်စွာနက်နဲသော အခြင်းအရာဖြင့် ဖြစ်ပေါ်ရမှာဖြစ်၏။
အချုပ်ဆိုရသော် ၎င်းသေဆုံးမှုသည် နတ်ဘုရားတို့ကို စော်ကားမိသောကြောင့် ကောင်းကင်ဘုံက ဒဏ်ခတ်လိုက်ခြင်းမျိုး ဖြစ်နေရပေမည်။ ကောင်းကင်ဘုံ၏ အပြစ်ပေးမှုကို ခံရသည်ဟု လူတို့ ထင်မြင်ယူဆသွားပါက ထိုအခြင်းအရာသည် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ထိုအခါ လူအပေါင်းက ၎င်းတို့သည် ရှန်ချင်းနန်းဆောင်ရှိ နတ်ဘုရားတို့ကို စော်ကားမိသောကြောင့် ဘေးသင့်ရခြင်းဖြစ်သည်ဟု တညီတညွတ်တည်း ပြောဆိုကြမှာဖြစ်သည်။
ထိုသို့သာ ဖြစ်လာခဲ့ပါလျှင် ရှန်ချင်းနန်းဆောင်နှင့် ဧကရာဇ်ဟောင်း၏ လျှို့ဝှက်နက်နဲသော ဂုဏ်ပုဒ်နှင့် ဩဇာတိက္ကမတို့မှာ ချက်ချင်း ပြန်လည် နိုးထလာမည့်အပြင် ယခင်ကထက်ပင် ပိုမိုခန့်ညားထည်ဝါ လာပေလိမ့်မည်။
တစ်ဆက်တည်းမှာပဲ လူအများ၏ ရင်ထဲ၌ ရှန်ချင်းနန်းဆောင်အပေါ် ထားရှိသည့် ကြောက်ရွံ့ရိုသေမှု တို့မှာလည်း ပြန်လည် ကိန်းအောင်းသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒီလူနှစ်ယောက်ကို သတ်တဲ့ နေရာမှာ လူတွေ လုပ်ကြံထားတဲ့ အရိပ်အယောင် လုံးဝ မရှိစေရဘူး။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလိုမျိုး ဖြစ်နေရမယ်။ အကျိုးသက်ရောက်မှု ကလည်း ဒီနေ့ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတာထက် မလျော့နည်းစေရဘူး။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်သည်။ “စိတ်ချပါ အရှင်... ဒီနေ့ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတာထက် ဆယ်ဆလောက် ပိုပြီး အံ့ဩတုန်လှုပ်စရာ ကောင်းစေရပါမယ်။ လုံးဝ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု အစစ်အမှန် ပါပဲ။”
ဘေးနားရှိ မိန်းမစိုးအိုကြီးဟောက်ချန်က မေးလိုက်၏။ “မိုးကြိုးပစ်တာလား။”
“မဟုတ်ဘူး... မိုးကြိုးပစ်တာ မဟုတ်ဘူး။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “မိုးကြိုးပစ်တာက အရမ်း ရိုးရှင်းလွန်းတယ်။ ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုနဲ့ မတူဘူး။”
“မိုးကြိုးပစ်တာတောင် ရိုးရှင်းသေးတယ် ဟုတ်လား။”
ဧကရာဇ်ဟောင်းနှင့် ဟောက်ချန် တို့၏ သိချင်စိတ်များ ချက်ချင်း နိုးကြွလာတော့၏။
‘ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှု ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို အသုံးပြုပြီး လူတစ်ယောက်ကို သတ်ပစ်တာလေ။မိုးကြိုးပစ်တာက သူတို့ စိတ်ကူးယဉ်နိုင်တဲ့ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုရဲ့ အမြင့်ဆုံး အဆင့်ပဲ။
ဒါပေမဲ့ ယွင်ကျုံးဟဲ့က မိုးကြိုးပစ်တာကို အသုံးမပြုဘူးလို့ ပြောနေတယ်။ ဒါဆို ဘယ်လို နည်းလမ်းမျိုးကို အသုံးပြုမှာလဲ။ ဘယ်လောက်တောင် အံ့ဩတုန်လှုပ်စရာကောင်းမလဲ။ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းမလဲ။’
ယနေ့ မြင်တွေ့ခဲ့ရသည့် တည်ထောင်သူဧကရာဇ် ကိုယ်ထင်ပြသော မြင်ကွင်းမှာ လူအများအား လုံလောက်စွာ အံ့ဩတုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။
အောက်ယွီသည် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟူသော ခေါင်းစဉ်ဖြင့် စုချင်ဝမ်နှင့် တော်ဝင်သမားတော်တို့အား အဆုံးစီရင်မည့် ပြဇာတ်ကြီးကို မည်မျှအထိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်အောင် တင်ဆက်ပြသဦးမည်နည်း။ ဟောက်ချန်အဖို့မူ ထိုအခြင်းအရာကို စိတ်ကူးဖြင့်ပင် မှန်းဆကြည့်ရန် ခဲယဉ်းလို့နေလေ၏။
“သခင်လေး အောက်ယွီ...” ဟောက်ချန်က ဆက်လက် မေးမြန်းရန် ပြင်လိုက်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်းက သူ့ကို တားဆီးလိုက်ပြီး ပြောလိုက်၏။ “ဟောက်ချန်... ဆက်မမေးပါနဲ့တော့။ အောက်ယွီ... မင်း သွားလုပ်လိုက်ပါ။ ဘာအကျိုးဆက်တွေ ဖြစ်လာလာ ငါ တာဝန်ယူပေးပါ့မယ်။ လူအင်အား လိုအပ်ရင် ဟောက်ချန်ဆီက တောင်းပါ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အမိန့်တော်အတိုင်းပါ။ ဒီကိစ္စကို အလှပဆုံး ဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်လို့ ကျုပ် အာမခံပါတယ်။”
ဧကရာဇ်ဟောင်းက ရုတ်တရက် ပြောလိုက်၏။ “အောက်ယွီ... ဒီလူနှစ်ယောက်တည်းနဲ့ မလုံလောက်သေးဘူး။ အခြေအနေအရ နောက်ထပ် တစ်ယောက် နှစ်ယောက်လောက် ထပ်တိုးလို့ ရသေးတယ်။ တတိယအဆင့်အောက် အမတ်တွေထဲက မင်း ကြိုက်တဲ့သူကို ရွေးလို့ ရတယ်။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ “ကျုပ် နားလည်ပါပြီ။”
ဧကရာဇ်ဟောင်း၏ အမြင်၌ သေဆုံးသူအရေအတွက်မှာ နည်းပါးလွန်းသေးသောကြောင့် လောကသားတို့အား တုန်လှုပ်ချောက်ချားစေရန် မလုံလောက်သေးဟု ယူဆနေပုံရသည်။ ထို့ကြောင့်ပင် ယွင်ကျုံးဟဲ့အား အရေအတွက် ထပ်မံတိုးမြှင့်ရန် ပြောကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ကြည့်ရသည်မှာ ဧကရာဇ်ဟောင်းသည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အမျက်ဒေါသ ပေါက်ကွဲနေပုံရသည်။ ရှန်ချင်းနန်းဆောင်ဟူသည် သူကိုယ်တိုင် ရှစ်နှစ်တိုင်တိုင် အားထုတ် တည်ဆောက်ခဲ့ရသော လျှို့ဝှက်နက်နဲသည့် တားမြစ်နယ်မြေတစ်ခု မဟုတ်ပါလား။
သို့သော်လည်း ယခုအခါတွင်မူ ဧကရာဇ်သည် မှူးမတ်အပေါင်းကို ခြံရံလျက် အတင်းအဓမ္မ ကျူးကျော် ဝင်ရောက်ကာ နန်းဆောင်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သည့် တားမြစ်ချက်များကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့၏။
ထိုအခြင်းအရာကြောင့်ပင် လူအပေါင်း၏ စိတ်အစဉ်၌ ဧကရာဇ်ဟောင်းနှင့် ရှန်ချင်းနန်းဆောင်အပေါ် ထားရှိသည့် ကြောက်ရွံ့ရိုသေမှုတို့မှာ ကွယ်ပျောက်ခဲ့ရသည်။
ယခုအခါ ချင်ဝမ်တစ်ဦးနှင့် မှူးမတ်အချို့ သေဆုံးသွားမှသာလျှင် ရှန်ချင်းနန်းဆောင်ရှိ နတ်ဘုရားတို့အား စော်ကားမိပါက မည်မျှပြင်းထန်သော အကျိုးဆက်များ ကြုံတွေ့ရမည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သဘောပေါက်ကြပေလိမ့်မည်။
ထိုအကျိုးဆက်မှာ အခြားမဟုတ်၊ ကောင်းကင်ဘုံ၏ ဒဏ်ခတ်မှုဖြင့် အသက်ပျောက်ရခြင်းပင် ဖြစ်သည်။ ထိုသို့သော ဘေးဒုက္ခများ ဆိုက်ရောက်လာမှသာလျှင် ရှန်ချင်းနန်းဆောင်နှင့် ဧကရာဇ်ဟောင်း၏ လျှို့ဝှက် နက်နဲမှုနှင့် ဩဇာတိက္ကမတို့မှာ ချက်ချင်း ပြန်လည်နိုးထလာမည်ဖြစ်ပြီး လူအပေါင်းတို့ ခန့်ညား ကြောက်ရွံ့ရသော တားမြစ်နယ်မြေအဖြစ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားမှာဖြစ်သည်။
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... အဲဒါဆိုရင် ကျုပ် သွားပြီး ကိစ္စတွေကို လုပ်ဆောင်လိုက်ပါအုံးမယ်။”
ဧကရာဇ်ဟောင်းက ခေါင်းညိတ်လိုက်သည်။ “သွားတော့။”
ယွင်ကျုံးဟဲ့ ရှန်ချင်းနန်းဆောင်မှ ထွက်ခွာသွားပြီးနောက် ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်၏။ “ဧကရာဇ်က အရမ်းကို ရက်စက်လွန်းတယ်။ အကယ်၍ အရင်တစ်ခေါက် အောက်ယွီက တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပေးခဲ့ပြီးနောက်မှာ ဧကရာဇ်က ရှန်ရှန်းကို သူ့အတွက် တိုက်ရိုက် လက်ထပ်ပေးခဲ့ပြီး စာမေးပွဲ ဖြေခိုင်းကာ ပထမဆု ပေးခဲ့မယ်ဆိုရင် အောက်ယွီဟာ နန်းတွင်းရဲ့ အားကိုးရတဲ့ အမတ် တစ်ယောက် ဖြစ်နေလောက်ပြီ။ အခုတော့ သူနဲ့ ဧကရာဇ်ဟာ ဒီလိုမျိုး ရန်သူတွေ ဖြစ်နေရတာ ဧကရာဇ်ရဲ့ စိတ်ထား သေးသိမ်လွန်းလို့ပဲ။”
မိန်းမစိုးအိုကြီးဟောက်ချန်က ပြောလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် တိုင်းတာပြီး တွေးကြည့်တာ ဖြစ်လောက် ပါတယ်။ ဧကရာဇ်က အောက်ယွီ အနေနဲ့ သူ့အပေါ် သေချာပေါက် ရန်ငြိုးထားလိမ့်မယ်လို့ ထင်နေလို့ သူ့ကို အသုံးမပြုတာပါ။”
ဧကရာဇ်ဟောင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒီအကြောင်းပြချက်က မှန်ပါတယ်။”
ထိုစဉ်က ဧကရာဇ်သည် အောက်ရှင်းအပေါ် အပြစ်ပုံချရန် ရည်ရွယ်ချက်ဖြင့် နုလန်ဟောက်အိမ်တော်ကို အင်အားသုံး သိမ်းပိုက်ခဲ့သည်။
တောင်ပိုင်းပုန်ကန်မှု၌ အောက်ရှင်း၏ မွေးစားသား ပါဝင်ပတ်သက်ခဲ့သည်ကို အကြောင်းပြလျက် ဧကရာဇ်သည် အောက်ရှင်းတစ်မိသားစုလုံးကို ဖမ်းဆီးကာ ဆွေမျိုးကိုးဆက်တိုင်အောင် ကွပ်မျက်ရန် စီမံခဲ့၏။
နောင်တွင် အောက်ယွီက တောင်ပိုင်းပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နင်းပေးခဲ့သော်လည်း ဧကရာဇ်၏ အတွင်းစိတ်၌မူ သံသယအရိပ်အယောင်တို့ ကိန်းအောင်းမြဲ ရှိနေခဲ့သည်။
အောက်ယွီသည် မိမိအပေါ် အရိုးထိအောင် မုန်းတီးကာ ရန်ငြိုးဖွဲ့နေလိမ့်မည်ဟု ယူဆပြီး ထိုကဲ့သို့သောသူကို မည်သို့မှ ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဟု ဆုံးဖြတ်ခဲ့၏။
လောကတွင် ထိုသို့သော စိတ်နေသဘောထားရှိသည့် ဧကရာဇ်မျိုးနှင့် လူစားမျိုးတို့ကို အများအပြား တွေ့ရှိနိုင်၏။ တစ်ဦးတစ်ယောက်အပေါ် အမှားကျူးလွန်မိပြီးနောက် အဆိုပါလူကိုပင် ပြန်လည်၍ ဘေးဒုက္ခ ပေးတတ်ကြသည်မှာ လူ့သဘာဝ၏ အရုပ်ဆိုးသော အချက်ပင် ဖြစ်သည်။
တစ်ခါတစ်ရံတွင် မိမိကိုယ်မိမိ အပြစ်ရှိသည်ဟု ခံစားရသော စိတ်အစဉ်သည်ပင်လျှင် ကြောက်မက်ဖွယ် ကောင်းသော လူသတ်သမားတစ်ဦးအဖြစ် ပြောင်းလဲသွားစေတတ်၏။
တိုက်ဆိုင်စွာပင် ယွင်ကျုံးဟဲ့သည်လည်း စိတ်ထားသေးသိမ်ပြီး လက်စားချေလိုစိတ် ပြင်းထန်သူတစ်ဦး ဖြစ်နေပြန်ရာ သူနှင့် ဧကရာဇ်တို့၏ ဆက်ဆံရေးမှာ သေသည်အထိ ပြေလည်နိုင်ခြင်း မရှိသော ရန်ဘက်များ အဖြစ်သို့ ကူးပြောင်းသွားခဲ့ရတော့သည်။
ရှန်ချင်းနန်းဆောင်မှ ထွက်ခွာလာပြီးနောက် ဧကရာဇ်သည် လမ်းတစ်လျှောက်လုံးတွင် အမတ်များနှင့် ရယ်ရယ်မောမော စကားပြောဆိုလာခဲ့ပြီး ကောင်းကင်ဘုံက သနားညှာတာသောကြောင့် ဧကရာဇ်ဟောင်းကို ပြန်လည် ထားရှိပေးခဲ့ခြင်းမှာ တောင်ပိုင်းကျိုး၏ ကံကောင်းမှု၊ သူ၏ ကံကောင်းမှုဟု ပြောဆိုနေခဲ့၏၊
အမတ် အများအပြားကလည်း တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြသည့်ကိစ္စကို အဆက်မပြတ် ဆွေးနွေး နေကြသည်။
“ဟုတ်တယ်။ အဲဒါ တည်ထောင်သူ ဧကရာဇ်ပဲ။ အဲဒီ နှာခေါင်း၊ အဲဒီ မျက်နှာပုံစံက တည်ထောင်သူ ဧကရာဇ်ပဲ။”
“အဲဒီ အသံတွေကို ခင်ဗျားတို့ ကြားလိုက်ရလား။ အရပ်လေးမျက်နှာကနေ၊ ကောင်းကင်နဲ့ မြေကြီးကနေ တပြိုင်နက်တည်း တုန်ခါနေတာ။ စာအုပ်တွေထဲမှာ ရေးထားသလိုပဲ တည်ထောင်သူ ဧကရာဇ်ရဲ့ အသံက ခေါင်းလောင်းကြီးတစ်ခုလို နက်ရှိုင်းပြီး တုန်လှုပ်စရာကောင်းတယ်၊ ကြားပြီးရင် စိတ်ထဲမှာ ပဲ့တင်ထပ် နေတယ်တဲ့။ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတာ တကယ် အံ့ဩစရာ ကောင်းတာပဲ။”
ထိုအချိန်တွင်ပင် တော်ဝင်တရားရုံး အကြီးအကဲ စုချင်ဝမ်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “ဘာ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတာလဲ။ ဒါက အောက်ယွီ ဟန်ဆောင်ပြီး လှည့်စားနေတာ အသိသာကြီးပဲ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်းကြောက်လန့်တကြား တိတ်ဆိတ်သွားကြပြီး ဧကရာဇ် ထံသို့ ကြည့်လိုက်ကြသည်။
‘စုချင်ဝမ် ဒီလို စကားမျိုး ပြောတာဟာ တည်ထောင်သူ ဧကရာဇ်ကို မရိုမသေ လုပ်တာပဲလေ။ အရှင်မင်းမြတ် ဘယ်လို ထင်ပါသလဲ။’
ရလဒ်အနေဖြင့် ဧကရာဇ် ဝမ်ယွင်သည် မကြားလိုက်သကဲ့သို့ ဟန်ဆောင်ကာ ဆက်လက်၍ ရယ်ရယ်မောမော စကားပြောနေခဲ့၏။
…………..