အခန်း ၄၈၆
Vol. 41 Ch. 486
အပိုင်း (၄၈၆)
နန်းတော် အတွင်းသို့ ပြန်ရောက်လာပြီး သူ၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ မိန်းမစိုးများ အားလုံးကို မောင်းထုတ်လိုက်ပြီး ဧကရာဇ်နှင့် မိဖုရားကြီး နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ဧကရာဇ် ဝမ်ယွင်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားပြီး မျက်နှာကြွက်သားများ အဆက်မပြတ် တုန်ယင်နေသည်။ အံကို တင်းတင်းကြိတ်ထားလွန်းသောကြောင့် သွားဖုံးများ သွေးထွက်လာသည်ကိုပင် သတိမထားမိဘဲ ပါးစပ်တစ်ခုလုံး ငန်ကျိလာမှသာ သတိထားမိသွားပြီး တိုက်ရိုက် ထွေးထုတ်လိုက်တော့၏။
“အရှင်မင်းမြတ်... သွေးအန်တာလား။” မိဖုရားကြီးက အလန့်တကြား အော်ဟစ်လိုက်ပြီး အလျင်အမြန် ရှေ့သို့ တက်လာတော့သည်။
ဧကရာဇ်သည် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ပလုပ်ကျင်းရင်း ပြောလိုက်၏။ “မဟုတ်ဘူး။”
အကြိမ်ကြိမ် ပလုပ်ကျင်းပြီးမှသာ သွားဖုံးမှ သွေးထွက်နေသည်ကို ဆေးကြောနိုင်ခဲ့သည်။ သို့ပေမည့် သူသည် ဉာဏ်များသူ တစ်ဦး ဖြစ်သောကြောင့် ယခုအချိန်တွင် စိတ်ထဲ၌ အလွန်အမင်း ဒေါသထွက်ပြီး မကျေမနပ် ဖြစ်နေသော်လည်း မိဖုရားကြီး၏ အရှေ့တွင် ဘာမှ မပြောလိုချေ။
သို့ပေမည့် မိဖုရားကြီးက ဆက်လက် မသည်းခံနိုင်တော့ဘဲ အေးစက်စက်ဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်... လူတစ်ယောက် သေဖို့ဆိုတာ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။”
ဤစကားကြောင့် ဧကရာဇ်၏ မျက်နှာ တုန်ယင်သွားပြီး မျက်လုံးများ အေးစက်သွားတော့၏။ မိဖုရားကြီး၏ ဤစကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလှပြီး ပုံမှန်အားဖြင့် ဧကရာဇ်က ဒေါသတကြီး ပြစ်တင် ဝေဖန်သင့်သော်လည်း သူ မလုပ်ခဲ့ချေ။ မိဖုရားကြီးက ဧကရာဇ်ဟောင်းကို ကျိန်ဆဲနေခြင်းပင် ဖြစ်သည်။
မိဖုရားကြီးက ဆက်ပြောလိုက်၏။ “ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကလည်း အောက်ယွီ ဟန်ဆောင်ပြီး လှည့်စားနေတာတွေချည်းပါပဲ။ ဧကရာဇ်ဟောင်း မသေရုံသာမက နတ်ဘုရားလောင်း ရွှေရောင် အလွှာကြီးလည်း မပျက်စီးသွားဘူးဆိုတော့ ဒီနေ့ကစပြီး အောက်ယွီက ပိုပြီးတော့တောင် ပြဿနာတွေ ရှာလာတော့မှာ မဟုတ်ဘူးလား။”
ဧကရာဇ်က ပြန်ပြောလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ ဒီတစ်ကြိမ်မှာ လုံးဝ အကျိုးအမြတ် မရှိခဲ့ဘူးလို့တော့ မဆိုနိုင်ပါဘူး။”
သူက စကားကို ရှင်းရှင်းလင်းလင်း မပြောသော်လည်း မိဖုရားကြီးကမူ နားလည်သွား၏။
“ဟုတ်ပါတယ်။ လူတိုင်းက အဲဒီအချိန်တုန်းကတော့ တည်ထောင်သူ ဧကရာဇ် ကိုယ်ထင်ပြတယ်ဆိုတဲ့ လှည့်ကွက်တွေကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ကြပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အချိန်ကျရင်တော့ တည်ငြိမ်သွားပြီး စတင် သံသယ ဝင်လာကြမှာပါ။”
မိဖုရားကြီးက ပြောလိုက်သည်။ “ပြီးတော့ ရှန်ချင်းနန်းဆောင်ဟာ အရင်က ဘယ်လောက်တောင် လျှို့ဝှက် ဆန်းကြယ်တဲ့ တားမြစ်နယ်မြေ ဖြစ်ခဲ့လဲဆိုတာ အရှင်မင်းမြတ်တောင်မှ ဝင်ခွင့်မရခဲ့သလို လောက က ဘယ်သူမှလည်း အနားမကပ်ရဲခဲ့ပါဘူး။
ရလဒ်ကတော့ ဒီတစ်ကြိမ်မှာ လူရာချီလောက်က ဒီအတိုင်း အတင်း ဝင်ရောက်သွားပြီး ဝူဝေ့နန်းဆောင် ထဲကိုတောင် ဝင်ရောက် နင်းခြေခဲ့ကြတာဆိုတော့ ဧကရာဇ်ဟောင်း ဖန်တီးထားတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ကျူးလွန်လို့ မရတဲ့ တားမြစ်နယ်မြေ အငွေ့အသက်တွေက အစောကြီးတည်းက ပျက်စီးသွားခဲ့ပါပြီ။ လူတိုင်းရဲ့ သူ့အပေါ် ကြောက်ရွံ့လေးစားမှု တွေလည်း အများကြီး လျော့ကျသွားပါပြီ။”
ဧကရာဇ်ကလည်း ဤအချက်ကို သဘောတူသော်လည်း သူသည် ဉာဏ်များသူ ဖြစ်သောကြောင့် မိဖုရားကြီး၏ စကားကို ပြန်လည် မတုံ့ပြန်ခဲ့ချေ။
“အရှင်မင်းမြတ်... ကျွန်မတို့က အောက်ယွီကို ဒီအတိုင်း ပြဿနာတွေ ရှာခွင့် ပြုထားတော့မှာလား။” မိဖုရားကြီးက အေးစက်စက်ဖြင့် မေးလိုက်၏။
ဧကရာဇ်က သူမကို တစ်ချက်ကြည့်လိုက်၏။ ယခုအခါ ဧကရာဇ်ဟောင်းက အောက်ယွီကို အသေအလဲ ကာကွယ်ပေးမည်ဖြစ်ရာ သူ့ကို သတ်ဖြတ်ရန်ဆိုသည်မှာ အလွန် ခက်ခဲလေသည်။
‘ဒီလူက တကယ်ကို အသက်ပြင်းတာပဲ။ မူလက ကျင်းကျုံးယွဲ့ရဲ့ လက်ကို ငှားပြီး သူ့ကို သတ်ဖို့ကြံစည်ခဲ့ပေမယ့် သူက မသေခဲ့ဘူးလေ။ တာ့ရှီး အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား လီကျိုးတောင်မှ သူ့ကို မသတ်နိုင်ခဲ့ဘူး။’
မိဖုရားကြီးက ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျွန်မတို့ အောက်ယွီကို မသတ်နိုင်ရင်တောင် သူ့ကို ဒုက္ခပေးလို့ မရဘူးလား။ သူ့အတွက် အရေးကြီးတဲ့သူတွေကို သတ်ပစ်တာ၊ သူ့အတွက် အရေးကြီးတဲ့ သူတွေကို ဒုက္ခပေးတာမျိုးတွေ လုပ်လို့ ရပါတယ်။ အောက်ယွီကို ရမ်းကားအောင် ဖိအားပေးပြီး သူ ရမ်းကားလာတဲ့အခါ အမှားအယွင်း တစ်ခုခု ဖြစ်လာရင် သူ့ကို ဖယ်ရှားပစ်လို့ ရပါပြီ။”
ဧကရာဇ်က ပြောလိုက်သည်။ “ဒီတစ်ကြိမ် အနောက်ဘက် သဲကန္တာရမှာ တာ့ရှီး အင်ပါယာရဲ့ စစ်သည် သုံးသိန်းက ကျင်းကျုံးယွဲ့ကို သွားတိုက်ခဲ့တယ်။ ရလဒ်အနေနဲ့ မြေအောက်ကနေ မီးနဂါး ဆယ်ကောင် ထွက်လာပြီး လီကျိုးရဲ့ စစ်သည် သုံးသိန်းလုံးကို အကုန်အစင် မီးရှို့သတ်ပစ်ခဲ့တယ်။ မီးတောက်ကြီးဟာ တစ်ရက်နဲ့ တစ်ည တိတိ လောင်ကျွမ်းခဲ့ပြီး မြေပြင် မိုင်ရာချီလောက်ကို လောင်ကျွမ်းသွားစေခဲ့တယ်။”
မိဖုရားကြီးက မေးလိုက်၏။ “ဒါကလည်း အောက်ယွီရဲ့ လှည့်ကွက်တွေပဲလား။”
ဧကရာဇ်က ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ သူက မြေအောက်က ရေနံမည်းတွေကို တူးဖော်ပြီး ရေနံမည်း ပေါင်သန်းရာချီကို ပန်းထွက်အောင် လုပ်ခဲ့တာ။”
မိဖုရားကြီးက ပြောလိုက်၏။ “ဒီလူက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ပိုပြီးတော့တောင် အသက်ရှင်ခွင့် မပေးသင့်တော့ဘူး။ သေချာပေါက် သတ်ပစ်ရမယ်... သေချာပေါက် သတ်ပစ်ရမယ်။”
.............
ယွင်ကျုံးဟဲ့ အိမ်သို့ ပြန်ရောက်လာချိန်မှာတော့ နောက်ဆုံးတွင် သူ၏အဖေ အောက်ရှင်းအတွက် ပင်နီဆီလင်ကို စိတ်အေးချမ်းသာစွာဖြင့် အသုံးပြုနိုင်ပြီ ဖြစ်၏။ သူ၏ အဆုတ်နာရောဂါကို ရဲရဲဝင့်ဝင့် ကုသပေးနိုင်ပြီ ဖြစ်သည်။
အမှန်တကယ်၌ ယခင်က ယွင်ကျုံးဟဲ့သည် ပင်နီဆီလင်ကို လျှို့ဝှက်စွာ အသုံးပြုနေခဲ့ပြီး ဖြစ်သော်လည်း ဆေးပမာဏကို အပြည့်အဝ အသုံးမပြုရဲသောကြောင့် အောက်ရှင်းကို ချက်ချင်း ပျောက်ကင်းအောင် မလုပ်နိုင်ခဲ့ချေ။
ယခုအခါ ရိုလန်မြို့မှ ပြန်လည် ရောက်ရှိလာပြီဖြစ်ရာ ပင်နီဆီလင်ကို ပွင့်ပွင့်လင်းလင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။
မိသားစုဝင်များ တိတ်ဆိတ်စွာ ထမင်းစားနေကြပြီး ပြောစရာစကားများ ထောင်သောင်းချီ ရှိနေသော်လည်း မည်သည့်နေရာမှ စတင် ပြောရမည်ကို မသိအောင် ဖြစ်နေကြ၏။
ထို့အပြင် ဤကာလအတွင်း အောက်ရှင်း တစ်မိသားစုလုံးသည် တစိတ်တပိုင်း အကျယ်ချုပ် ကျခံနေရသောကြောင့် အပြင်ဘက်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်းကိုလည်း မသိရှိကြချေ။
“သခင်လေး... ခင်ဗျားကို လာရှာတဲ့သူ ရှိတယ်။” အပြင်ဘက်မှ အောက်ဟေးက အစီရင်ခံလိုက်၏။
ယွင်ကျုံးဟဲ့ အနည်းငယ် အံ့ဩသွားရသည်။ ‘ဒီအချိန်ကြီး ဘယ်သူက ကျုပ်ကို လာရှာတာလဲ။’
ခဏအကြာတွင် ယွင်ကျုံးဟဲ့ သည် ထိုလူကို မြင်တွေ့လိုက်ရပြီး အမှန်တကယ်ပင် ရင်းနှီးသော မိတ်ဆွေဟောင်း တစ်ဦး ဖြစ်နေ၏။
ချန်လန် ပြည်နယ်၏ ပညာရေးဝန်ကြီး၊ ယခင်က ယွင်ကျုံးဟဲ့၏ စာမေးပွဲ စစ်ဆေးသူနှင့် သူ၏ကျေးဇူးရှင် ဖြစ်သူပင် ဖြစ်သည်။
“ကျောင်းသား... ဆရာ့ကို အရိုအသေပေးပါတယ်။”
ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်၏။ “ဆရာ မြို့တော်ကို ဘယ်တုန်းက ရောက်လာတာလဲ။ ဆရာ မြို့တော်ကို ပြောင်းရွှေ့ခံရတာလား။”
ယွင်ကျုံးဟဲ့၏ ဆရာသည် ကျူးလန်ထျန်း ဖြစ်သော်လည်း ယွီကျန်း သည် သူ၏ ပြည်နယ် စာမေးပွဲ၏ အဓိက စစ်ဆေးသူ ဖြစ်သောကြောင့် ဆရာ ဟုလည်း ခေါ်ဆိုနိုင်သည်။
အမတ်ကြီး ယွီကျန်းက ပြန်ပြောလိုက်၏။ “ကျုပ် ရာထူးကနေ ထုတ်ပယ်ခံရတာ။ ဒီရာထူးကို ဆက်လုပ်လို့ မရတော့ဘူး။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
ယွီကျန်းက ပြန်ဖြေလိုက်၏။ “တစ်ယောက်ယောက်က ချောက်ချလို့ပါ။”
ယွင်ကျုံးဟဲ့က မေးလိုက်ပြန်သည်။ “ဘယ်သူလဲ။”
ယွီကျန်းက ပြန်ဖြေလိုက်၏။ “ခင်ဗျားတို့ အောက်မိသားစုရဲ့ ဘိုးဘိုးကြီး အောက်ထင်နဲ့ ယွဲ့တန်းဖျင် အဖွဲ့အစည်းပဲ။ ကျုပ်က ချန်လန် ပြည်နယ်မှာ ပညာရေးဝန်ကြီး လုပ်နေပြီး ပြည်နယ် တစ်ခုလုံးရဲ့ စာမေးပွဲ အာဏာကို ချုပ်ကိုင်ထားတော့ သူတို့ရဲ့ လမ်းကို ပိတ်ဆို့နေလို့လေ။”
‘ဒီ သေခါနီး အဘိုးကြီးပဲလား။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “သူက ဆရာ့ကို ဘယ်လို ချောက်ချခဲ့တာလဲ။”
ယွီကျန်းက ပြန်ဖြေလိုက်၏။ “ကျုပ်က ပြည်နယ် စာမေးပွဲကို စစ်ဆေးတဲ့အခါမှာ လူရည်ချွန် အချို့ကို တွေ့ရှိခဲ့လို့ အရမ်းသဘောကျပြီး ထိပ်ဆုံးအဆင့်တွေ ပေးခဲ့တယ်။ ရလဒ်ကတော့ အဲဒီလူတွေက ကွန်ဖြူးရှပ် ဘုရားကျောင်းကို သွားငိုကြပြီး ဘုရင်ခံရုံးကို သွားကာ သူတို့ရဲ့ အောင်မြင်မှုတွေကို ငြင်းပယ်ချင်တယ်လို့ ပြောကြတယ်။
အကြောင်းရင်းက သူတို့ရဲ့ အောင်မြင်မှုတွေက မမှန်ကန်ဘူးတဲ့။ သူတို့ရဲ့ မိသားစုတွေက ကျုပ်ကို လာဘ်ထိုး ခဲ့တယ်တဲ့။ ပြီးတော့ သူတို့ ရှာတွေ့ခဲ့တဲ့ စာမူကြမ်းတွေထဲမှာ ကျုပ်ကို လာဘ်ထိုးခဲ့တဲ့ ငွေစက္ကူတွေကို တွေ့ရှိခဲ့တယ်တဲ့။”
‘ချီးတဲ့မှ... ဒါက တကယ်ကို ရက်စက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ တိုက်ခိုက်မှုမျိုးပဲ။ ပြီးတော့ အရမ်းကို ရည်ရွယ်ချက် ဆိုးရွားလွန်းတယ်။ ယွီကျန်းက အဲဒီကျောင်းသားတွေကို သဘောကျလို့ ပြည်နယ် စာမေးပွဲရဲ့ ထိပ်ဆုံး အဆင့်တွေ ပေးခဲ့တာကို အဲဒီကျောင်းသားတွေက ယွီကျန်းကို ပြန်ပြီး အပြင်းအထန် ကိုက်ခဲလိုက်ကြတာပဲ။’
ယွီကျန်းက ဆက်ပြောလိုက်သည်။ “အဲဒီကျောင်းသားတွေက ကျုပ်ကို တိုင်ကြားတာ အောင်မြင်သွားလို့ အဲဒီနှစ် ပြည်နယ်စာမေးပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်တယ်။ ဒါပေမဲ့ နောက်နှစ် ပြန်ဖြေခွင့် ရှိတယ်။ ကျုပ်ကတော့ ရာထူးကနေ ထုတ်ပယ်ခံရပြီး မိုင်ငါးထောင် အဝေးကို နယ်နှင်ဒဏ် ပေးခံရတယ်။
မကြာသေးခင်က ဧကရာဇ်ဟောင်း ပြဿနာ ဖြစ်သွားလို့ ဧကရာဇ်က ဧကရာဇ်ဟောင်းအတွက် ဆုတောင်းပေးတဲ့ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လို့ ကျုပ် လွတ်မြောက်လာပြီး သာမန် ပြည်သူအဖြစ် အသက်ရှင်ခွင့် ရခဲ့တာပါ။”
ယွင်ကျုံးဟဲ့ သည် အလွန်အမင်း အံ့ဩဒေါသထွက်သွားတော့သည်။ ဤသည်မှာ အဖြူအမည်း ပြောင်းပြန် ပြောဆိုပြီး သမင်ကို မြင်းဟု ပြောဆိုရုံမျှမက လုံးဝ အမှောင်အတိကျနေပြီ ဖြစ်၏။
ယွီကျန်း သည် မည်ကဲ့သို့သော သူဖြစ်ကြောင်း၊ လာဘ်ယူလား၊ မယူဘူးလား ဆိုသည်ကို ဧကရာဇ် မသိလျှင်တောင် မှူးမတ်များ အားလုံး သိရှိကြသည်။ သူ့ကို အကြိမ်တစ်ရာ သတ်ပစ်လျှင်တောင် ယွီကျန်း သည် လာဘ်ယူမည် မဟုတ်ချေ။
အကယ်၍ သူသာ လာဘ်ယူတတ်ပြီး အခြားသူများနှင့် လိုက်လျောညီထွေ နေတတ်မည်ဆိုပါက ယခုအခါ နိုင်ကော်အတွင်းသို့ မဝင်ရောက်နိုင်လျှင်တောင် အနည်းဆုံး ဝန်ကြီးဌာန ခြောက်ခုအနက် တစ်ခုခုကို အုပ်ချုပ်နေလောက်ပြီ ဖြစ်သည်။ အဘယ်ကြောင့် ပညာရေးဝန်ကြီးသာ ဖြစ်နေရမည်နည်း။
စုံစမ်းစစ်ဆေးရေးရုံးမှနေ၍ နက္ခတ်ဗေဒင်ရုံးသို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် ချန်လန် ပြည်နယ်၏ ပညာရေးဝန်ကြီး အဖြစ် ရောက်ရှိသွားခြင်း ဖြစ်သည်။
အခြားသူများ၏ ရာထူးများ တက်လာသလောက် သူ၏ရာထူး ကျဆင်းလာခဲ့ခြင်းမှာ သူက အလွန် ဖြောင့်မတ် လွန်းပြီး အလွန် ရိုးသားလွန်းကာ အခြားသူများနှင့် လိုက်လျောညီထွေ မနေတတ်သောကြောင့် မဟုတ်ပါလား။
ယွီကျန်းက ပြောလိုက်၏။ “ကျုပ်က အသက်ကြီးပြီဆိုတော့ ဒီရာထူးကို မလုပ်ရလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ စုမန်ကတော့ ငယ်ပါသေးတယ်။ သူ သေလို့ မဖြစ်ဘူးလေ။”
ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်သည်။ “အစ်ကို စုမန် ဘာဖြစ်လို့လဲ။”
စုမန် ဆိုသည်မှာ ချန်လန် ပြည်နယ်၏ စာမေးပွဲ အမင်္ဂလာကြယ်ဆိုးပင် ဖြစ်သည်။ သူသည် ပထမဆု ရရှိရန် သေချာနေသော်လည်း ယွင်ကျုံးဟဲ့က ကျွမ့်ယွမ်ဆုကို လုယူသွားသောကြောင့် စုမန်သည် ဒုတိယဆုသာ ရရှိခဲ့၏။
ထိုစဉ်က ယွဲ့တန်းဖျင် သည် ယွင်ကျုံးဟဲ့ကို ဒုက္ခပေးရန်အတွက် စာမေးပွဲ မသမာမှုဖြင့် စွပ်စွဲခဲ့ပြီး စုမန်ကို ရွေးချယ်ကာ ကျောင်းသားများကို ဦးဆောင် ဆန္ဒပြစေပြီး ယွင်ကျုံးဟဲ့ကို သေလုမျောပါး ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။
သို့ပေမည့် စုမန် သည် မွေးရာပါ တရားမျှတသူ ဖြစ်သောကြောင့် နောက်ပြန်လှည့် တိုက်ခိုက်ကာ ကျန်းကျိုးမြို့ ယွဲ့တန်းဖျင်မှ လူဆယ်ကျော်ကို သေဆုံးစေခဲ့ပြီး ယွင်ကျုံးဟဲ့၏ အပြစ်များကို ရှင်းလင်းပေးခဲ့၏။
ယွင်ကျုံးဟဲ့က ဤလူသည် အမှန်တကယ်ပင် တိုင်းပြည်၏ ပြိုင်ဘက်ကင်း သူရဲကောင်း ဖြစ်ကြောင်း မှတ်ချက် ပေးခဲ့ဖူးသည်။ ယခုအခါ သူ အမှန်တကယ်ပင် ပြဿနာ ဖြစ်နေပြီလား။
“ဒီတစ်ကြိမ် နွေဦး စာမေးပွဲ နဲ့ နန်းတွင်း စာမေးပွဲကို အစ်ကို စုမန် ဝင်ဖြေခဲ့လား။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “သူ့ရဲ့ ပါရမီတွေနဲ့ဆိုရင် သေချာပေါက် ပထမဆု ရမှာပဲလေ။”
အမတ်ကြီး ယွီကျန်းက ပြန်ဖြေလိုက်သည်။ “အကယ်၍ ခင်ဗျားသာ ဒီတစ်ကြိမ် နွေဦး စာမေးပွဲနဲ့ နန်းတွင်း စာမေးပွဲကို ဝင်ဖြေခဲ့ရင် ပထမဆုက သေချာပေါက် ခင်ဗျားအတွက်ပဲ။ ဒါပေမဲ့ ခင်ဗျား မဝင်ဖြေခဲ့တော့ စုမန် ပထမဆုရဖို့ အလားအလာ အရမ်း များသွားတယ်။
နွေဦး စာမေးပွဲမှာ သူ တကယ်ပဲ ပထမ ရခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း သူ့ရဲ့ အဖြေလွှာတွေကို ထုတ်ပြန် လိုက်တဲ့အခါ တစ်ယောက်ယောက်က သူ့ရဲ့ စာစီစာကုံး တွေထဲမှာ နယ်စားတွေကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ထောက်ပြခဲ့လို့ကျိန့်ဟိုင် မြို့စားအိမ်တော်ကို စော်ကားမိသလို ဖြစ်သွားတယ်။
ရလဒ်အနေနဲ့ နန်းတွင်း စာမေးပွဲ မတိုင်ခင် နှစ်ရက်အလို ညဘက်မှာ သူဟာ မြို့တော်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။ ပြစ်မှုက နာမည်ကြီး ပြည့်တန်ဆာမ စုရှောင်ယွင်ကို မုဒိမ်းကျင့် သတ်ဖြတ်မှုတဲ့။ အခု တရားလွှတ်တော်ချုပ်က ဒီအမှုကို စစ်ဆေးနေပြီး သေဒဏ် ချမှတ်ခံရဖို့ များတယ်။”
..........................