← Chapters

အခန်း ၃၄၉

Vol. 20 Ch. 349

အခန်း ၃၄၉

Vol. 20 Ch. 349

အပိုင်း (၃၄၉) ဦးလေးသုံး … ခင်ဗျားအလှည့် ရောက်ပြီ။

ဖန်ကျန်းရီ၏ အတူလိုက်ပါမှုနှင့်အတူ အပြင်ဘက် ကြီးကြပ်ရေးမှူးသည် သတင်းထောက်များအားလုံး၏ ခြင်းတောင်းများကို တစ်ခုချင်းစီ စစ်ဆေးခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် ခါးသက်စွာ ပြုံးလိုက်မိသည်။

ဒီနေ့မှပဲ တကယ့်ကို မျက်စိပွင့်သွားတော့တယ်။

ပြည်နယ်စာမေးပွဲမှာ ဒီလောက် စားစရာတွေ အများကြီး ယူလာလို့ရမှန်း မထင်ထားခဲ့ပေ။ ဒီလိုမှန်းသိရင် သူ စာမေးပွဲ ဖြေတုန်းကလည်း ဒီလို ပြင်ဆင်လာခဲ့သင့်တယ်။

အဲဒီသုံးရက်လုံး ကြိတ်မှိတ်ခံခဲ့ရတာ … ဝက်ကတောင် သူစားတာထက် ပိုကောင်းခဲ့သေးတယ်။ တကယ့်ကို ခေတ်ပြောင်းသွားပြီပဲ။

ဘေးကနေ ဝိုင်းကြည့်နေကြသော ကျောင်းသားများသည်လည်း သိပ်မကောင်းလှပေ။ သူတို့၏ စိတ်ပိုင်းဆိုင်ရာမှာ အလွန် ထိခိုက်သွားခဲ့ပြီး အမေကိုယ်တိုင် ဖုတ်ပေးလိုက်သော မုန့်ပြားမှာလည်း ရုတ်တရက် အနံ့မမွှေးတော့သလို ခံစားလိုက်ရသည်။

တခြားသူများ၏ ကမာကောင်၊ အသားခြောက်တွေကို တွေးကြည့်လိုက်ချိန်မှာတော့ စာမေးပွဲ မစရသေးခင် အဆောက်အအုံ အပြင်ဘက်မှာတင် ရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရသောကြောင့် ရင်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာခဲ့၏။

သတင်းထောက်များအားလုံး စစ်ဆေးပြီးသွားသည်ကို မြင်ချိန်မှာတော့ ဖန်ကျန်းရီသည် ကျေနပ်အားရစွာဖြင့် အပြင်ဘက် ကြီးကြပ်ရေးမှူး နောက်မှလိုက်ကာ စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံထဲသို့ ဝင်ရောက် သွားခဲ့သည်။

စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံသည် အလွန် ကျယ်ဝန်းပြီး ကျောင်းသားပေါင်း တစ်သောင်းနှစ်ထောင် တစ်ပြိုင်နက်တည်း ဝင်ဆံ့နိုင်၏။

ဖန်ကျန်းရီသည် စာမေးပွဲခန်းများအတိုင်း အတွင်းသို့ လျှောက်သွားခဲ့သည်။ စာမေးပွဲခန်းများကို ဘေးဘယ်ညာ လှည့်ပတ်ကြည့်ရှုကာ သေချာ စူးစမ်းလိုက်သည်။ စာမေးပွဲခန်း၏ နေရာလွတ်များမှာ အလွန် ကျဉ်းမြောင်းလှသည်။

စုစုပေါင်း နေရာအကျယ်အဝန်းမှာ တစ်စတုရန်းမီတာကျော်လောက်သာ ရှိ၏။

နံရံသုံးဖက် ကာရံထားသည့် ထိုအခန်းကျဉ်းလေးအတွင်း၌ သစ်သားပြား နှစ်ပြားသာ ရှိသည်။ နေ့ခင်းဘက်တွင် အပေါ်သစ်သားပြားကို စားပွဲအဖြစ် အသုံးပြုကာ စာမေးပွဲဖြေဆိုရပြီး ညဘက်ရောက်သောအခါ ၎င်းကို ဖြုတ်ချ၍ အောက်ဘက်ရှိ ထိုင်ခုံသစ်သားပြားနှင့် ဆက်စပ်ကာ ကုတင်တစ်လုံးအဖြစ် ဖန်တီးရသည်။

သို့ပေမည့် ကုတင်ဟုသာ အမည်ခံရသည်၊ လက်တွေ့တွင်မူ ခြေဆန့်လက်ဆန့် လှဲလျောင်းအိပ်စက်၍ မရနိုင်ပေ။ နံရံကိုမှီကာ ခန္ဓာကိုယ်ကို ကွေး၍သာ အိပ်ရသဖြင့် အလွန်တရာ ဆင်းရဲပင်ပန်းလှ၏။

ထိုသစ်သားပြားအောက်တွင် မိမိတို့၏ အသုံးအဆောင် ပစ္စည်းအသေးအမွှားလေးများကို ထားသိုနိုင်သည်။ ထို့ထက် ပို၍ဆိုးရွားသည်မှာ စာခိုးချခြင်းမှ ကာကွယ်ရန်အတွက် ကျောင်းသားများအား အလွှာတစ်ထပ်တည်းရှိသော ပါးလွှာသည့် အဝတ်အစားများကိုသာ ဝတ်ဆင်ခွင့်ပြုထားခြင်းပင်။ ညဘက်ချမ်းအေးချိန်တွင် အနွေးဓာတ်ပေးမည့် စောင်နှင့် ခေါင်းအုံးများလည်း လုံးဝမရှိရာ ကျောင်းသားအများစုမှာ မိမိတို့၏ မလျှော့သော ဇွဲစိတ်ဓာတ်ခွန်အား သတ်သတ်ဖြင့်သာ အံကြိတ်တောင့်ခံ ဖြေဆိုကြရသည်။

သို့ဖြစ်၍ စာမေးပွဲအပြီး အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အဖျားဝင်ကာ လဲကျသွားသူများက ဒုနှင့်ဒေးပင်။

ဤမျှ ဆိုးရွားကြမ်းတမ်းလှသော နေရာမျိုးတွင် တစ်ကြိမ်လျှင် သုံးရက်ဆက်တိုက်ဖြင့် စာမေးပွဲသုံးကြိမ် ဖြေဆိုရရာ၊ စုစုပေါင်း နေ့ရက်အားဖြင့် ကိုးရက် တိုင်တိုင် ကြာမြင့်သည်။ ဤသည်ကို ကြည့်လျှင် 'ဆင်းရဲဒုက္ခအပေါင်းကို အလူးအလဲ ခံစားနိုင်မှသာလျှင် လူတကာထက် သာလွန်မြင့်မြတ်သူ ဖြစ်လာနိုင်သည်' ဆိုသော စကားနှင့် ကွက်တိပင် ဖြစ်လေ၏။

စိတ်သက်သာရာ ရစေနိုင်သည့် တစ်ခုတည်းသော အရာမှာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ချမ်းသာသည့် မှူးမတ်မျိုးနွယ်ပဲဖြစ်ဖြစ် ဆင်းရဲသား ပြည်သူပဲဖြစ်ဖြစ် အားလုံးကို တန်းတူညီမျှ ဆက်ဆံခြင်းပင် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှလွဲ၍ နိုင်ငံတော်စာမေးပွဲသည်သာလျှင် နှိုင်းယှဉ်ချက်အရ တရားမျှတမှု ရှိသော တစ်ခုတည်းသော အရာ ဖြစ်ပေလိမ့်မည်။

ဖန်ကျန်းရီသည် ရိုးရှင်းစွာ တစ်ချက် နှစ်ချက်ခန့် လိုက်ကြည့်ပြီးနောက် ထပ်မကြည့်တော့ဘဲ လန်ရှန်း အဆောက်အအုံဆီသို့ အမြန်လျှောက်သွားခဲ့၏။

လန်ရှန်းအဆောက်အအုံဆိုသည်မှာ စာမေးပွဲကြီးကြပ်ရေးမှူးများ အလုပ်လုပ်သော နေရာဖြစ်ပြီး ကျောင်းသားများ မရောက်လာမီ စာမေးပွဲကြီးကြပ်ရေးမှူးများက ဤနေရာတွင် စောင့်ဆိုင်းနေကြရသည်။

ပင်မနေရာတွင် ထိုင်နေသူမှာ သဘာဝကျစွာပင် ကျန်းတုန်ရှန်း ဖြစ်၏။

ဖန်ကျန်းရီ အလောတကြီး ဝင်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာသည် အမူအရာ မကောင်းလှဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ “ဖန်ကျန်းရီ … ဘာလို့ အခုမှ လာရတာလဲ။ နိုင်ငံတော်ရဲ့ အရည်အချင်းရှိသူ ရွေးချယ်တဲ့ စာမေးပွဲကြီးကို မင်းက ကလေးကစားစရာလို့ ထင်နေတာလား။ ထပ်ပြီး နောက်ကျနေသေးရင် အရှင်မင်းကြီး ရှေ့မှောက်မှာ မင်းကို တိုင်တန်းရလိမ့်မယ်။ အဲဒီကျရင် ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့”

ဖန်ကျန်းရီသည် ဖားယားသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး အဘိုးအို၏ အနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဦးလေးသုံး … ကျုပ်ကို မျက်နှာလေးတော့ ထောက်ပါအုံး။ ကျုပ်က အပြင်ဘက်မှာ ကျောင်းသားတွေ ပစ္စည်းခိုးဝှက်ယူလာတာ ရှိမရှိ ကူညီပြီး စစ်ဆေးပေးနေလို့ပါ။ အရှင်မင်းကြီးက ခင်ဗျားကို မပြောဘူးလား။ ကျုပ် ဒီနေ့ စာမေးပွဲ ကြီးကြပ်ဖို့ပဲ လာတာပါ။ ကျန်တာ ဘာမှ ဂရုစိုက်စရာ မလိုဘူးလေ”

ဦးလေးသုံးဟု ခေါ်လိုက်သည်ကို ကြားချိန်မှာတော့ ကျန်းတုန်ရှန်း၏ လေးနက်နေသော မျက်နှာထားသည် ချက်ချင်း ပျက်ယွင်းသွားပြီး တိုးတိတ်စွာ ဒေါသတကြီး ပြောလိုက်သည်။ “ငါက မင်းရဲ့ ဦးလေးသုံး မဟုတ်ဘူး။ မင်း အမတ်ကြီးလီကို ဒုက္ခပေးပြီးပြီ။ အခု ငါ့ကိုပါ ဒုက္ခပေးချင်နေတာလား”

“ခင်ဗျား စကားပြောတာကလည်း နားထောင်ရဆိုးလိုက်တာ။ ဘာကို ဒုက္ခပေးတာလဲ။ အပြင်မှာ လူတော်တော်များများ ကျုပ်ကို အဖေလို့ ခေါ်ချင်နေကြတာတောင် ကျုပ်က လက်မခံဘူး။ ခင်ဗျားကို ဦးလေးသုံးလို့ ခေါ်တာကိုပဲ ခင်ဗျားက တိတ်တိတ်လေး ဝမ်းသာနေသင့်တယ်။ တိတ်တိတ်လေး ဝမ်းသာနေ” ဖန်ကျန်းရီက အရှက်မရှိစွာဖြင့် ပြောလိုက်၏။

အရှက်မရှိလိုက်တာ။ တကယ့်ကို အရှက်မရှိတာပဲ။

ကျန်းတုန်ရှန်း၏ အိုမင်းနေသော မျက်နှာသည် ဒေါသကြောင့် နီရဲသွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲပြောင်းလိုက်သည်။ “ဒီနေ့ မင်းက စာမေးပွဲ ကြီးကြပ်တဲ့အပြင် စာမေးပွဲ စာရွက်တွေကိုလည်း စစ်ဆေးရမယ်။ အရှင်မင်းကြီးက မင်းကို စာမေးပွဲ ကြီးကြပ်ဖို့ ကြိုပြောထားပေမဲ့ စာရွက်စစ်ဆေးဖို့ကလည်း အတွင်းဘက် ကြီးကြပ်ရေးမှူးရဲ့ တာဝန်ပဲ။ မင်းက နေရာတစ်ခုကို ယူထားတာလေ”

စာရွက်စစ်ဆေးရမည် ဆိုသည်ကို ကြားလိုက်ရချိန်မှာတော့ ဖန်ကျန်းရီသည် ချက်ချင်းပဲ မျက်လုံးပြူး သွားတော့၏။

တံမြက်လှည်းခိုင်းလျှင်တောင် ရသည်။ စာရွက်စစ်ဆေးရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူကိုယ်တိုင် တကယ် စာရွက်စစ်ဆေးရမည်ဆိုလျှင် လူတွေကို ဒုက္ခပေးသည်နှင့် အတူတူပင် ဖြစ်သွားလိမ့်မည်။ အကျိုးဆက်က တွေးကြည့်၍တောင် မရနိုင်ပေ။ လူတွေကို ဖျက်ဆီးလိုက်သည်နှင့် အတူတူပင် မဟုတ်ပါလား။

ထို့ပြင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စစ်ဆေးကြရမည်ဖြစ်ရာ သူ အရှက်ကွဲ၊ မကွဲ ဆိုသည်ကိုပင် ထည့်ပြောနေစရာ မလိုတော့ပေ။ ဤကိစ္စသာ ပေါက်ကြားသွားပါက ခေတ်ပြိုင်လူများက သူ့ကို မည်သို့ မြင်ကြမည်နည်း။ နောင်လာနောက်သားများကရော သူ့ကို မည်သို့ သမိုင်းတွင် မှတ်တမ်းတင်ကြမည်နည်း။

နိုင်ငံတော်အဆင့် စာမေးပွဲကို မလေးမစား လုပ်သည်ဟု စွပ်စွဲခံရပေလိမ့်မည်။ တိုင်းပြည်အတွက် အရည်အချင်းရှိသူများကို ရွေးချယ်သည့် ဤမဟာစာမေးပွဲကြီးကို ကလေးကစားစရာအလား သဘောထားကာ၊ ရိုးသားကြိုးစားကြသည့် ပညာသင်ကျောင်းသားများ၏ အနာဂတ်ကို လှောင်ပြောင်ကစားသည်ဟု အပြစ်တင်ကြမည်မှာ အသေအချာပင်

ထိုသို့သာ ဖြစ်လာခဲ့လျှင် တစ်လောကလုံးရှိ လူအများက သူ့ကို အသေသတ်ရန် နည်းလမ်းပေါင်းစုံ ရှာဖွေကြပေလိမ့်မည်။

သူ့ကို တိုင်ပေါ်တင်၍ ရိုက်သတ်ချင်လျှင် သတ်လိုက်ပါစေတော့။ ထိုသောက်ကျိုးနည်း စာမေးပွဲစာရွက်များကို သူ မည်သို့မှ သွားမစစ်နိုင်ပေ။

နိုင်ငံတော်အဆင့် စာမေးပွဲဆိုသည်မှာ အလွန်တရာ မွန်မြတ်ပြီး မည်သူမှ စော်ကားခွင့် မရှိပေ။ သူကိုယ်တိုင် စာမတတ်သူတစ်ယောက် ဖြစ်နေပါစေဦးတော့၊ ဤစာမေးပွဲစနစ်ကိုမူ အသက်ပေး၍ ကာကွယ်ရပေမည်။ ဤသည်မှာ သူ၏ ခိုင်မာသော ယုံကြည်ချက်ပင် ဖြစ်လေတော့သည်။

ဖန်ကျန်းရီက ချက်ချင်းပင် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“ဦးလေးသုံး … ဆက်မပြောပါနဲ့တော့။ ကျုပ် မီးဖိုချောင်ကို သွားပြီး ကျောင်းသားတွေအတွက် ထမင်းသွားချက်ပေးလိုက်ပါ့မယ်”

သူ၏ အသံမှာ အလွန် ကျယ်လောင်လှသောကြောင့် တစ်ခန်းလုံးရှိ လူတိုင်း အတိုင်းသား ကြားသွားကြ၏။

ဦးလေးသုံး … ဟုတ်လား။

ထိုနေရာတွင် ရှိနေကြသော စာမေးပွဲကြီးကြပ်ရေးမှူးများအားလုံး လေအေးတစ်ချက်ကို ပြိုင်တူ ရှူသွင်းလိုက်မိကြသည်။

သူတို့၏ အကြည့်များတွင် ရူးသွပ်မတတ် အံ့ဩမှုများ ရောယှက်နေပြီး ကျန်းတုန်ရှန်းနှင့် ဖန်ကျန်းရီတို့ကြားသို့ နားလည်ရခက်သော အမူအရာများဖြင့် ကူးချည်သန်းချည် ကြည့်နေကြ၏။

ကောင်းကင်ဘုံ … ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေမည့် လျှို့ဝှက်ချက်ကြီးပင်။ နန်းတွင်း၏ ထိပ်တန်း လျှို့ဝှက်သတင်းကြီးပင် ဖြစ်သည်။ ဖန်ကျန်းရီ၏ နောက်ခံအင်အားမှာ လူတွေကို လန့်သေစေနိုင်လောက်သည့်အထိ နက်ရှိုင်းလှသည်။

အမတ်ကြီးလီက သူ့အား တူတော်မောင်ဟု ခေါ်ခဲ့ဖူးသည်။ ယခု အမတ်ကြီးကျန်းက သူ၏ ဦးလေးသုံး လား။ ထိုသို့ဆိုလျှင် အမတ်ကြီးကျိန့်ကရော သူ၏ ဦးလေးလတ် ဖြစ်နေမလား။

နောက်ထပ် နည်းနည်းလောက် ထပ်ပြီး ချဲ့တွေးကြည့်ကြစို့။ ဧကရာဇ်မင်းမြတ်က သူ့အပေါ် ဆက်ဆံနေသည့် သဘောထားများကို ပြန်ကြည့်လျှင် … သူက ဧကရာဇ်မင်းမြတ် တိတ်တဆိတ် မွေးဖွားထားသည့် တရားမဝင် သားတော်တစ်ပါး ဖြစ်နေသည်ဟု ပြောလာလျှင်တောင်မှ မထူးဆန်းတော့ပေ။

လောကကြီးတွင် ဤမျှ ရှုပ်ထွေးပွေလီလှသော ဆွေမျိုးဆက်စပ်မှုမျိုး ရှိနေသည်လား။ အိမ်ပြန်ရောက်လျှင် သေချာ ပြန်စဉ်းစားကြည့်ဦးမှ … အရမ်းကို ရှုပ်ထွေးလွန်းနေပြီ။ ဘယ်လိုလုပ်ပြီး ဤမျှလောက်တောင် ရှုပ်ထွေးနေရသနည်း။

ခဏအတွင်းမှာပင် စာမေးပွဲကြီးကြပ်ရေးမှူးများသည် အတင်းအဖျင်းစကားများကို အရသာခံ ပြောဆိုရန် စိတ်အားထက်သန်နေကြတော့သည်။

ကျန်းတုန်ရှန်း၏ နှလုံးသားမှာမူ ထိုကြီးကြပ်ရေးမှူးများ၏ အကြည့်များအောက်တွင် ဆန်ခါပေါက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။

“ငါတကယ် သူ့ရဲ့ ဦးလေးသုံး မဟုတ်ပါဘူးကွ”

တကယ် မဟုတ်ဘူး … ဟုတ်လား။ ဘာလို့ တကယ် ဆိုတဲ့ စကားလုံးကို ထည့်သုံးနေရတာလဲ။ ဒါ မူမမှန်လို့ပဲ။

ထို့အပြင် အဘယ့်ကြောင့် ဤမျှအသံကျယ်ကြီးနှင့် အော်ဟစ် ငြင်းဆန်နေရသနည်း။ စိတ်ထဲမှာ တစ်ခုခု လိပ်ပြာမလုံ ဖြစ်နေ၍လား။ ဤမျှ သိသာအောင် ဖုံးကွယ်နေခြင်းက လိုအပ်သည့်အရာ မဟုတ်ပေ။

စာမေးပွဲကြီးကြပ်ရေးမှူးများအားလုံး သဘောပေါက်သွားကြဟန်ဖြင့် ခေါင်းညိတ်လိုက်ကြပြီး သူတို့နှစ်ယောက်ကို ဆက်မကြည့်တော့ဘဲ နေလိုက်ကြသည်။

မည်သူမျှ ထပ်မတွေးကြတော့ဟု ထင်မှတ်သွားသောအခါ ကျန်းတုန်ရှန်းသည် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြီး ဖန်ကျန်းရီဘက်သို့ လှည့်ကာ အကူအညီမဲ့လှသော လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

“နောက်ဆို လူရှိတဲ့အချိန်မှာ ဦးလေးသုံးလို့ မခေါ်ဘဲ နေလို့ ရမလားကွာ။ မင်း ငါ့ကို ဘယ်လိုပဲ ခေါ်ခေါ် ရပါတယ်။ ငါ မင်းကို ကျေးဇူးတင်ပါတယ် … မြို့ဝန်ဖန်ရယ်”

ကျန်းတုန်ရှန်း၏ ရင်ထဲတွင် အလွန် ခါးသက်နေသည်။ ဤလိပ်မသားလေး၏ စရိုက်အရဆိုလျှင် ပြင်မှာတော့ မဟုတ်ပေ။ အမြဲတမ်း အခွင့်အရေးရှာပြီး သူ့အပေါ် အတင်း ကပ်တွယ်နေဦးမည်သာ ဖြစ်သည်။ ခွာမရသည့် သလိပ်ခဲကြီး တစ်ခုလိုပင်။

ယခုချိန်မှာတော့ လူရှိတဲ့အချိန်တွင် ကြုံသလို လျှောက်မခေါ်ဖို့ တောင်းဆိုရုံသာ တတ်နိုင်တော့သည်။ အမတ်ကြီးလီကတော့ ဒုက္ခလှလှ တွေ့သွားခဲ့ပြီ။ သူကိုယ်တိုင်တော့ လုံးဝ အဖြစ်ခံ၍ မဖြစ်ပေ။

လူရှိတဲ့အချိန်မှာ မခေါ်နဲ့ ဟုတ်လား။

စာမေးပွဲကြီးကြပ်ရေးမှူး တစ်စုသည် အစွမ်းကုန် နားစွင့်ထားကြပြီး သူတို့နှစ်ယောက်ကို အကဲခတ် စောင့်ကြည့်နေကြဆဲ ဖြစ်ရာ ထိုတိုးတိုးလေး ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်မှာတော့ ချက်ချင်း ဝမ်းသာသွားကြတော့သည်။

တကယ်ပဲ ဦးလေးသုံး ဖြစ်နေတာပဲ။ ဒီလောက် မြန်မြန် အတည်ပြုလိုက်ပြီပေါ့။

စာမေးပွဲကြီးကြပ်ရေးမှူးများသည် ပုံမှန်အားဖြင့် ရုံးခန်းထဲတွင်သာ အလုပ်လုပ်ကြပြီး အိမ်ပြန်ရောက်လျှင်လည်း စာအုပ်ဖတ်ရုံမှလွဲ၍ ဘာမှမရှိသောကြောင့် သူတို့ဘဝမှာ အလွန် ရိုးရှင်းလှ၏။

ယနေ့လိုမျိုး အသက်ရှူရပ်မတတ် စိတ်လှုပ်ရှားစရာကောင်းပြီး ရေဆာပြေစေမည့် အတင်းအဖျင်း သတင်းကြီးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ထို့ပြင် ဤသတင်းကို သိသူကလည်း သိပ်မများသေးပေ။ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

ကံကောင်းထောက်မစွာဖြင့် အားလုံးက ဂုဏ်သိက္ခာရှိသော ပညာတတ်များ ဖြစ်ကြသောကြောင့် ရင်ထဲက ခံစားချက်များကို မျက်နှာပေါ်တွင် အလွယ်တကူ မဖော်ပြတတ်ကြဘဲ အေးဆေးတည်ငြိမ်စွာဖြင့် လက်ဖက်ရည်ကိုသာ ဆက်သောက်နေဟန် ပြကြသည်။

ဖန်ကျန်းရီက သက်ပြင်းချလိုက်၏။

“ကောင်းပြီလေ … ကျုပ် ခင်ဗျားကို ကတိပေးပါတယ်။ ဒါပေမဲ့ ကျုပ် စာရွက်တော့ မစစ်ချင်ဘူး။ စာမေးပွဲပဲ ကြီးကြပ်ချင်တယ်”

ကျန်းတုန်ရှန်းက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ပြတ်သားစွာ ပြောလိုက်သည်။

“မရဘူး။ နိုင်ငံတော်ရဲ့ အရည်အချင်းရှိသူ ရွေးချယ်တဲ့ စာမေးပွဲကြီးကို နည်းနည်းလေးတောင် နောက်ပြောင်လို့ မရဘူး။ အတွင်းဘက် ကြီးကြပ်ရေးမှူး နေရာကို မင်း ယူထားပြီးမှတော့ တာဝန်အပြည့်အဝ ယူရမယ်။ ဒီအချက်မှာတော့ ဆွေးနွေးစရာ အကြောင်းမရှိဘူး။

မင်းက အသက် တစ်ဆယ့်ငါးနှစ်နဲ့ ကျင်းရှီအဆင့် ရခဲ့တယ်ဆိုတော့ ငါက မင်းကို ပါရမီရှင် လူငယ်လေးလို့ မချီးကျူးဘဲ မနေနိုင်ဘူး။ မင်းကို ပြည်နယ်စာမေးပွဲ စာရွက်လေး စစ်ခိုင်းတာ ဘာများ မဖြစ်နိုင်စရာ ရှိလို့လဲ။ ဒီလောက်နှစ်တွေ အကြာကြီးအတွင်းမှာ မင်းက စာအုပ် တစ်အုပ်မှ မဖတ်ခဲ့ဘူးလို့ ပြောချင်တာလား”

ဖန်ကျန်းရီက လက်နှစ်ဖက်ကို ဖြန့်ကာ မျက်ခုံးများ ပင့်လျက် တက်ကြွစွာ ဖြေလိုက်သည်။

“ဖတ်ခဲ့တာပေါ့။ အထပ်မြင့် အိမ်တော်ထဲက နွေဦးအလှ၊ ပျံသန်းနေတဲ့ ပန်းပွင့်တွေရဲ့ ဆွဲဆောင်မှု၊ ပန်းရနံ့ကို ခံစားခြင်း၊ အနီရောင်အိမ်တော်ထဲက နွေဦးအိပ်မက် …”

လူတိုင်းက ခေါင်းကို တစ်ဖက်သို့ ချက်ချင်း လှည့်သွားကြပြီး ထိုညစ်ညမ်းသော စာအုပ်အမည်များကို ဆက်၍ နားမထောင်ရဲကြတော့ပေ။ တကယ့်ကို စာပေပညာရှင်များ၏ နားကို ညစ်ညမ်းစေ၏။

ကျန်းတုန်ရှန်းသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဟောက်လိုက်သည်။

“တော်စမ်း။ မင်း အတွင်းဘက် ကြီးကြပ်ရေးမှူးရဲ့ အလုပ်အားလုံးကို ပြီးအောင်လုပ်ရမယ်။ မဟုတ်ရင် ငါ မင်းကို သေချာပေါက် တိုင်တန်းရလိမ့်မယ်”

ကျန်သော စာမေးပွဲကြီးကြပ်ရေးမှူးများ အားလုံးကလည်း ထိုအဖြစ်ကို ကြည့်ကာ ခေါင်းခါလိုက်ကြ၏။

ဒီဖန်ကျန်းရီကတော့ … တကယ်ပဲ သူ့ရဲ့ ဦးလေးသုံးကို စိတ်မအေးရအောင် လုပ်နေတော့တာပဲ။

All Chapters