အခန်း ၃၅၀
Vol. 20 Ch. 350
အပိုင်း (၃၅၀) စာမေးပွဲခန်းထဲမှ အလှရွေးပွဲ။
ဖန်ကျန်းရီသည် ပခုံးကိုတွန့်လိုက်ပြီး ထပ်မပြောတော့ပေ။
ဘယ်လိုပဲ ပြောပြော သူကိုယ်တိုင်ကတော့ လုံးဝ စာရွက်စစ်မည် မဟုတ်ပေ။ အဆိုးဆုံး အခြေအနေ ရောက်လာလျှင် အကြောင်းပြချက်တစ်ခုရှာပြီး ရှောင်ထွက်သွားရုံသာရှိသည်။
ကိုယ်တိုင်အလုပ်မလုပ်လျှင် သူတို့က နွားရေမသောက်သည်ကို အတင်းခေါင်းဖိချပြီး တိုက်သလိုမျိုး လုပ်၍မရနိုင်ပေ။
ဖန်ကျန်းရီ၏ ဘာမှ စိတ်မဝင်စားသော ပုံစံကို မြင်သောအခါ ကျန်းတုန်ရှန်းသည်လည်း စကားမဆိုနိုင်တော့ဘဲ ထပ်မပြောတော့ချေ။
မည်မျှကြာအောင် စောင့်ဆိုင်းလိုက်ရသည်မသိပေ။ ကျောင်းသားများ အားလုံး ဝင်ရောက်လာကြပြီ ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်မှာလည်း လင်းထိန်နေပြီဖြစ်ပြီး အတွင်းဘက် ကြီးကြပ်ရေးမှူးများက တံခါးကို ပိတ်လိုက်ရာ အပြင်နှင့် အတွင်း ဆက်သွယ်၍ မရတော့ပေ။ အကယ်၍ ဆွေးနွေးစရာ ကိစ္စရှိပါက အတွင်းဘက် တံခါးပေါက်တွင်သာ ဆက်သွယ်၍ ရ၏။
အချိန်အတန်ကြာပြီးနောက် စာမေးပွဲကို တရားဝင် စတင်သည်။
ကြီးကြပ်ရေးမှူးများသည်လည်း စာမေးပွဲခန်းအတန်းများကြားတွင် စတင် လှည့်လည် စစ်ဆေးနေကြပြီ ဖြစ်၏။
စာမေးပွဲကြီးကြပ်ရေးမှူးများသည် ကျောင်းသားများ၏ အထူးအခြေအနေများကို ကူညီဖြေရှင်းပေးခြင်းမှလွဲ၍ ပုံမှန်အားဖြင့် စာမေးပွဲကိုသာ ကြီးကြပ်ရသည်။ စည်းကမ်းမဖောက်ဖျက်သရွေ့ ကျောင်းသားများ စာမေးပွဲခန်းထဲတွင် ဘာလုပ်လုပ် ဝင်ရောက် စွက်ဖက်ခြင်း မပြုကြပေ။
ထို့ကြောင့် စာရွက်စစ်ဆေးသည့် လုပ်ငန်းစဉ် မတိုင်မီအထိ စာမေးပွဲကြီးကြပ်ရေးမှူးများ၏ အလုပ်မှာ ပျင်းစရာ ကောင်းသော်လည်း အားလပ်သည်ဟု ဆိုနိုင်သည်။
ဖန်ကျန်းရီသည်လည်း စာမေးပွဲခန်းအတန်းများကြားတွင် လျှောက်လှမ်းနေပြီး ကျောင်းသား တစ်ဦးချင်းစီနှင့် သူတို့၏ အဖြေလွှာများကို အဆက်မပြတ် လေ့လာစောင့်ကြည့်နေ၏။
ကျောင်းသားများ ဘာတွေ ရေးနေလဲဆိုသည်ကို သူ ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ နာမည်သာ ဖြစ်သည်။
စာမေးပွဲအဖြေလွှာ၏ မျက်နှာစာတွင် သတ်မှတ်ချက်များ ရှိပြီး နာမည်နှင့် ဇာတိမြို့ ကဲ့သို့သော အချက်အလက် များ သဘာဝကျစွာ ပါဝင်၏။
မျက်စိကျစရာကောင်းသော ကျောင်းသားကို တွေ့လျှင် နာမည်ကို အရင် မှတ်ထားပြီး လူသူကင်းမဲ့သော နေရာသို့ ရောက်မှ စက္ကူနှင့် စုတ်တံကို ထုတ်ကာ မှတ်တမ်းတင်ထားလိုက်သည်။
မျက်နှာချင်းဆိုင်တွင် မှတ်တမ်းမတင်ခြင်းမှာ ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
ဌာနခြောက်ခုအတွက် သတင်းထောက်များကို ရွေးချယ်ပေးရာတွင် သဘာဝကျစွာပဲ ပေါ့ပေါ့ဆဆ လုပ်၍ မရပေ။ ဖန်ကျန်းရီတွင်လည်း သူ၏ ကိုယ်ပိုင် စံနှုန်းတစ်ခု ရှိသည်။
ထိုအရာကတော့ ရုပ်ချောရမည်။
ဟုတ်ပေသည်။ ရုပ်ချောခြင်းသည် ဖန်ကျန်းရီ သတင်းထောက် ရွေးချယ်ရာတွင် တစ်ခုတည်းသော စံနှုန်း ဖြစ်သည်။
သူသည် ယခင်ဘဝက သတင်းထောက်လည်း မလုပ်ဖူးသလို သတင်းစာလည်း မထုတ်ဖူးပေ။
ပန်းရှန်းသတင်းစာတိုက်ကို ကိုယ်တိုင် တည်ထောင်ခဲ့ပြီး သတင်းစာထုတ်ဝေခြင်းမှာ အဆင်ပြေချောမွေ့သည်ဟု ဆိုနိုင်သော်လည်း ကြုံတွေ့ရသော ပြဿနာများမှာ အလွန် များပြားလှ၏။
သူက ပုံမှန်အားဖြင့် လက်လွှဲထားသော ဆိုင်ရှင်တစ်ယောက်လိုနေပြီး အရာအားလုံးကို အောက်ခြေက လူတွေကိုသာ ဖြေရှင်းဖို့ နည်းလမ်းရှာခိုင်းလိုက်သည်။ သူက ပိုက်ဆံပေးဖို့ တာဝန်ယူရုံနှင့် ရပြီလေ။
သေချာပေါက် ငွေကြေး အလုံအလောက် ရှိနေသရွေ့ ဘယ်လိုအလုပ်မျိုးမဆို ခက်ခဲသည်ဟု ပြောမည်မဟုတ်ပေ။ ထို့ကြောင့် အောက်ခြေလုပ်ငန်းစဉ်များမှာလည်း အတော်လေး ချောမွေ့ခဲ့သည်။
သို့ပေမည့် အရှင်မင်းကြီးက သူ့ကို အတွေ့အကြုံ အလွန် များပြားသည်ဟု အထင်လွဲကာ သတင်းထောက်များကို ရွေးချယ်ရန် စေလွှတ်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့ကြောင့် သူ၏ သနားစရာကောင်းသော ဘဝအတွေ့အကြုံလေးကို အခြေခံပြီး ပြောင်းပြန် တွေးတောရုံသာ ရှိတော့၏။
သတင်းစာတိုက်ရှိ လက်ရှိ သတင်းထောက်များသည်လည်း တစ်ဆင့်ချင်းစီ စမ်းသပ်လေ့လာရင်း ရောက်လာကြခြင်း ဖြစ်ရာ အတွေ့အကြုံအရဆိုလျှင်လည်း အလွန် ကြွယ်ဝသည်ဟု မဆိုနိုင်ပေ။
ပြည်နယ်စာမေးပွဲအထိ ရောက်ရှိလာပြီး စာမေးပွဲခန်းမထဲသို့ ဝင်ရောက်လာနိုင်သော ကျောင်းသားများသည် သဘာဝကျစွာပဲ ယဉ်ကျေးမှုနှင့် ပညာရေး အခြေခံ အလွန် ကောင်းမွန်သူများ ဖြစ်ကြပြီး တုံးအသူများ မပါဝင်ပေ။
ဉာဏ်ရည်ဉာဏ်သွေးမှာ လုံးဝကို အောင်မှတ်ထက် အများကြီး သာလွန်သူများ ဖြစ်ကြရာ သာမန် သတင်းထောက်အလုပ်ကို သင်ယူလိုက်လျှင် ပြဿနာ ရှိလာမည် မဟုတ်ချေ။
မောက်မာထောင်လွှားသော စာပေပညာရှင်တစ်ချို့ကို ရွေးချယ်မိလျှင်တောင် မကြောက်ရပေ။ ပုံမှန်အားဖြင့် လူမှုအသိုင်းအဝိုင်း၏ လက်သီးချက်ကို နှစ်နှစ်ခန့် ခံလိုက်ရလျှင် လူဖြစ်လာကြမည်သာဖြစ်သည်။
ထိုသို့ဆိုလျှင် တစ်ခုတည်းသော ပြဿနာမှာ အပြင်ထွက်၍ သတင်းယူရာတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ခြင်း ဖြစ်၏။
ပုံစံအမျိုးမျိုး၊ အလွှာအသီးသီးမှ လူများနှင့် စကားပြောဆိုရာတွင် ဘာသာစကား ဆက်သွယ်မှု စွမ်းရည်သည် အရေးအကြီးဆုံး ဖြစ်သော်လည်း သူက စစ်ဆေးရန် နည်းလမ်းမရှိပေ။ လူတိုင်းက စာမေးပွဲ ဖြေဆိုနေကြရာ အနီးသို့သွား၍ စကားပြောနေ၍ မရနိုင်သောကြောင့် အပြင်ပန်း အသွင်အပြင်ကိုသာ ကြည့်ရတော့မည်။
ယခင်ဘဝက အွန်လိုင်းမီဒီယာတွေ မထွန်းကားခင်တုန်းက ရုပ်ဆိုးသော ရုပ်သံသတင်းထောက်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ဤအချက်သည်ပင် ဖန်ကျန်းရီ လူရွေးချယ်ရာတွင် တစ်ခုတည်းသော စံနှုန်း ဖြစ်လာတော့၏။
ရုပ်ချောသောသူများသည် လူများနှင့် ဆက်သွယ်ပြောဆိုရာတွင် သာမန်လူများထက် အတားအဆီး ပိုနည်းတတ်ပြီး တစ်ပါးသူ၏ အထင်ကြီးမှုကိုပင် ခံရနိုင်သေးသည်။
ယခင်တုန်းက သူ ဟန်ကျန်းပြည်နယ်မှာ သနားစရာကောင်းအောင် ဟန်ဆောင်ပြီး တောင်းရမ်းတုန်းက တခြားသူတွေထက် ပိုက်ဆံ ပိုရခဲ့သည် မဟုတ်လား။ တခြားသူတောင်းစားတွေက သူ့ထက် သိသိသာသာ ပိုသနားစရာ ကောင်းနေလျှင်တောင်မှ သူက ပိုရခဲ့၏။
လူဆိုသည်မှာ နောက်ဆုံးတော့ ခံစားချက်ရှိသော သတ္တဝါများသာဖြစ်ပြီး ယုတ္တိဗေဒနှင့် ဆင်ခြင်တုံတရားဆိုသည့် ရှားပါးသော ဂုဏ်သတ္တိများမှာ အလွန် နည်းပါးလှသည်။
သတင်းထောက်ရွေးချယ်သည်ကို မပြောနှင့်ဦး။ နန်းတော်က အရာရှိ ရွေးချယ်လျှင်တောင် ရုပ်ရည်၏ သက်ရောက်မှုကို လုံးဝ လျစ်လျူရှု၍ မရပေ။
နန်းတွင်းမှာ လူချောတွေ အများကြီး ရှိပြီး အချို့သော အမတ်ဟောင်းတွေဆိုရင် တာအိုဝတ်စုံကို လဲဝတ်လိုက်လျှင် တိုက်ရိုက်ကို အင်မော်တယ် ပုံစံမျိုး ပေါက်သွား၏။
ကျုံးခွီးဆိုလျှင် ရုပ်ဆိုးသောကြောင့် တက်ကျုံးဧကရာဇ်က သူ့ကို ကျွနးယွမ်အဆင့်မှ ဖယ်ရှားခဲ့ရာ နောက်ဆုံး ဒေါသထွက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ရသည်။ ဤသည်မှာ ရုပ်ရည်ကိုသာ အဓိကထားခြင်းက လူကို သေစေနိုင်သည့် စံပြဥပမာတစ်ခုဟု ဆိုနိုင်သည်။
အကြောင်းပြချက်က ဤမျှလောက် ရိုးရှင်းပြီး လက်တွေ့ဘဝက ဤမျှလောက် ရက်စက်လှသည်။
နိုင်ငံတော်စာမေးပွဲသည် အခြားသူများအတွက် စာမေးပွဲဖြစ်သော်လည်း ဖန်ကျန်းရီအတွက်တော့ အလှရွေးပွဲ ဖြစ်နေ၏။
အကယ်၍ သူ ဤသို့ လူရွေးနေမှန်းကိုသာ အရှင်မင်းကြီးသိသွားလျှင် တုတ်နှင့် ဝိုင်းရိုက်သတ်ခိုင်းနိုင်ချေရှိသည်။
မျက်နှာကိုသာကြည့်၍ ရွေးချယ်ခြင်း ဖြစ်သောကြောင့် သဘာဝကျစွာပဲ အမြန်နှုန်းမှာ မနှေးကွေးပေ။ အချိန်တို အတွင်းမှာပဲ ဖန်ကျန်းရီသည် စာမေးပွဲခန်းအတန်း ခြောက်တန်းကို ဖြတ်သန်းသွားခဲ့ပြီဖြစ်၏။
စက္ကူပေါ်တွင် နာမည် ဆယ်ခုကျော် မှတ်သားထားပြီး အားလုံးမှာ ရုပ်ရည်သန့်ပြန့်သော ဆင်းရဲသား ကျောင်းသားများ ဖြစ်ကြသည်။
အားလုံးက အလွှာတစ်ထပ်တည်းသော အင်္ကျီများကို ဝတ်ဆင်ထားကြသော်လည်း ဖန်ကျန်းရီက ဖာရာပါသော အင်္ကျီဝတ်ထားသူများကိုသာ ရွေးချယ်ခဲ့၏။
အိမ်ထောင်ရေးအခြေအနေ ကောင်းမွန်သူများက ထောက်ပံ့နိုင်စွမ်းရှိသောကြောင့် ဌာနခြောက်ခုသို့ သွားရောက်ကာ သတင်းထောက်လုပ်ရန် ဆန္ဒရှိချင်မှ ရှိလိမ့်မည်။ အဆိုးဆုံး အနေဖြင့် နောက်ထပ် သုံးနှစ် ထောက်ပံ့ပေးပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြမည်သာဖြစ်သည်။
အသက်ငါးဆယ် ၊ခြောက်ဆယ်အထိ စာမေးပွဲ ဖြေဆိုခြင်းမှာလည်း ပုံမှန်ပင်။ စာမေးပွဲ အောင်သွားလျှင် မျိုးဆက် အဆက်ဆက် အကျိုးခံစားရမည် မဟုတ်ပါလား။
ဆင်းရဲသားမိသားစုများကတော့ သေချာပေါက် မဟုတ်ပေ။ မိသားစုထဲတွင် အလုပ်လုပ်နိုင်သူ တစ်ယောက် လျော့နည်းသွားသည့်အပြင် စုတ်တံ၊ မင်၊ စက္ကူ၊ မှင်အိုးနှင့် စာအုပ်များကလည်း ဈေးမပေါပေ။ ခြောက်နှစ်ဆိုလျှင် မိသားစုတစ်ခုလုံး ပြောင်သွားနိုင်၏။
ဤအတိုင်း ဆက်သွားလျှင် ဒုတိယအဆင့် ကျောင်းဆရာ ပြန်လုပ်ခြင်း သို့မဟုတ် သူများအတွက် စာရေးပေးခြင်း စသည့် အလုပ်များကိုသာ လုပ်နိုင်တော့မည်။
သတင်းထောက်လုပ်ခြင်းသည် သံသယဖြစ်စရာ မလိုဘဲ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။ အရာရှိ လမ်းကြောင်းပေါ်တွင် မရှိသော်လည်း အာဏာနှင့် အနီးစပ်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
မရေမတွက်နိုင်သော အရာရှိကြီးများနှင့် သူဌေးများကို သိကျွမ်းခွင့်ရနိုင်ပြီး အဆက်အသွယ်များမှာ သာမန် အရာရှိများပင် မမီနိုင်လောက်အောင် ဖြစ်လာကာ အောင်မြင်ကျော်ကြားလာနိုင်သည်။ ကံကောင်းပါက အထူးချွင်းချက်အနေဖြင့် အရာရှိတောင် ဖြစ်လာနိုင်သေးသည်။
အားလုံးက ရေပေါ်မှ ဗေဒါများလို ဆုံတွေ့ကြခြင်း ဖြစ်သော်လည်း ဖန်ကျန်းရီသည် ကူညီနိုင်သမျှ ကူညီပေးရန် ရည်ရွယ်ထားသည်။ ဘာပဲဖြစ်ဖြစ် အလွယ်တကူ လုပ်ပေးလိုက်ရုံပင်။
အဆက်မပြတ် လှည့်လည်ကြည့်ရှုနေစဉ်အတွင်း ကျောင်းသား အများအပြားမှာ သူ၏ အကြည့်များကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားကြ၏။
ဤစာမေးပွဲကြီးကြပ်ရေးမှူးက သာမန်မဟုတ်ဟု ခံစားလိုက်ကြရသည်။
ခါးကိုင်းပြီး လူကို ကြည့်နေတာပဲ။ အဲဒီအပြုံးက ပြည့်တန်ဆာရုံကို နှစ်ရှည်လများ လာနေကျ ဖောက်သည်ကြီးရဲ့ အပြုံးနဲ့ အရမ်းတူနေတယ်။
သို့ပေမည့် စာမေးပွဲက အရေးကြီးသောကြောင့် ခေါင်းငုံ့ကာ မေးခွန်းများကိုသာ ဖြေဆိုနေရပြီး အချိန်ဖြုန်းကာ များများ မတွေးရဲကြပေ။
ဖန်ကျန်းရီသည် ဟုန် အမည်ရှိ စာမေးပွဲခန်းများဆီသို့ ရောက်လာချိန်တွင်တော့ နောက်ဆုံး၌ ရင်းနှီးသူ တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက ရှန်ရီပဲ ဖြစ်၏။
ထိုအချိန်တွင် ရှန်ရီသည် ခေါင်းငုံ့ကာ မေးခွန်းများကို ဖြေဆိုနေပြီး အလွန် လေးနက်နေသော ပုံစံရှိရာ ဖန်ကျန်းရီက မနေနိုင်ဘဲ အနီးသို့ ကပ်သွားကာ ကြည့်လိုက်သည်။
အကြမ်းမှတ်စက္ကူပေါ်တွင် သေးငယ်ပြီး သပ်ရပ်လှပသော စာလုံးလေးများဖြင့် ပြည့်နှက်နေ၏။
ဖန်ကျန်းရီက မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။
လက်ရေးက မဆိုးဘူးပဲ။ ဒါပေမဲ့ ထပ်လေ့ကျင့်ဖို့ လိုသေးတယ်။
ရှန်ရီအလုပ်ရှုပ်နေစဉ် ရုတ်တရက် နေရောင် ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် အလျင်အမြန် ခေါင်းမော့ ကြည့်လိုက်ရာ ဖန်ကျန်းရီ ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ချက်ချင်း သက်ပြင်းချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ဖန်ကျန်းရီက ပြုံးပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “သေချာဖြေ။ မစိုးရိမ်နဲ့”
ထိုသို့ပြောပြီးနောက် အတွင်းသို့ ဆက်လျှောက်သွားခဲ့သည်။
သူ၏စကားကို ကြားပြီးနောက် ရှန်ရီသည် ရုတ်တရက် အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရပြီး အသက်ပြင်းပြင်း တစ်ချက်ချကာ ဆက်လက်၍ ခေါင်းငုံ့ စာရေးနေတော့၏။
ရှန်ရီ၏ ဘေးခန်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဖန်ကျန်းရီ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ဘေးဘက်သို့ လှမ်းကြည့်ကာ ပြုံးလိုက်မိသည်။
အဖြေလွှာပေါ်တွင် ကျန်းချန် ဟု ထင်ရှားစွာ ရေးသားထားပြီး ဘိုးဘေးသုံးဆက်၏ အမည်များနှင့် ဇာတိမြို့တို့ လည်း ပါဝင်နေ၏။
ဒါက ဘဏ္ဍာရေးအမတ်ကျန်းရှီရဲ့ သားပဲ။
အရင်တုန်းက အပျော်စီးသင်္ဘောပေါ်က ကဗျာရွတ်ဆိုပွဲမှာ ဒီကောင်လေးက ငါ့ကို အကြိမ်ကြိမ် ပြဿနာ ရှာခဲ့တယ်။
သူ့အဖေကလည်း သဘောကောင်းတဲ့သူမဟုတ်ဘူး။ ပုံမှန်အားဖြင့် ငါ့ကို တိုင်တန်းထားတာ မနည်းလောက်ဘူး။ အရှင်မင်းကြီးက အားလုံးကို ဖုံးကွယ်ပေးထားတာ ဖြစ်မယ်။
ဒီနေ့တော့ ငါ့လက်ထဲ မိပြီပေါ့။ ဟားဟား။
ကျန်းချန်သည် အလျင်အမြန် စာရေးနေပြီး ရင်ထဲတွင် အလွန် စိတ်လှုပ်ရှားနေသည်။
ဤစာမေးပွဲမေးခွန်းက သူ့အတွက်တော့ မခက်ခဲပေ။ အနည်းငယ် လွယ်ကူသည်ဟုတောင် ထင်ရပြီး သူက အစောကြီးတည်းက စားများကို ကျေညက်နေပြီးသားဖြစ်၏။
ဖခင်ဖြစ်သူ၏ အကျယ်ချုပ်ချထားခြင်းကို တစ်နှစ်နီးပါး ခံခဲ့ရပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ကာ နေ့စဉ် နေ့တိုင်း ကြိုးစား လေ့လာခဲ့ရသည်။ အကယ်၍ အနည်းငယ် လိုအပ်ချက်ရှိပြီး မအောင်မြင်ခဲ့လျှင်တောင် ဖခင်ဖြစ်သူက နောက်ကွယ်မှ ရိုးရှင်းစွာ စီစဉ်ပေးနိုင်သည်ဟု ပြောထားခဲ့သည်။
ထို့ကြောင့် ကျိရင် အောင်မြင်ရန်မှာ လုံးဝကို ရာခိုင်နှုန်းပြည့် သေချာနေပြီ ဖြစ်သည်။
ကျိရင် အောင်မြင်ပြီးနောက် နောက်ထပ် လဝက်လောက် စောင့်လိုက်လျှင် နိုင်ငံတော်အဆင့် စာမေးပွဲကို ဝင်ဖြေလို့ ရပြီ ဖြစ်သည်။ … ထိပ်ဆုံး သုံးယောက်စာရင်းထဲ ဝင်နိုင်လျှင် သာမန် ကျင်းရှီအဆင့် ဖြစ်နေလျှင်တောင် ဖခင်ဖြစ်သူ၏ လွှမ်းမိုးနိုင်မှု နှင့် ဟန်လင်အကယ်ဒမီမှ ဆက်ဆံရေးတွေကြောင့် ရှူကျင်းရှီ အဖြစ် ရွေးချယ်ခံရဖို့ မျှော်လင့်ချက် အများကြီး ရှိ၏။
ထိုအချိန်သို့ရောက်လျှင် အရှင်မင်းကြီး၏ အနီးကပ်အရာရှိ ဖြစ်လာနိုင်သည်။
အရှက်မရှိတဲ့လူယုတ်မာ ဖန်ကျန်းရီတောင် ပါးစပ်လေး တစ်ပေါက်တည်းနဲ့ အရှင်မင်းကြီးကို လှည့်စားပြီး အဆင့်သုံး အရာရှိရာထူးကို ရထားသေးတာပဲ။
ငါ အောင်မြင်လာတဲ့အခါကျရင် ဖန်ကျန်းရီကို သွေးကြွေး ပြန်ဆပ်ခိုင်းရမယ်။
ရေးရင်းရေးရင်းဖြင့် ကျန်းချန်၏ မျက်နှာထားသည် တဖြည်းဖြည်း ကြောက်မက်ဖွယ် ကောင်းလာပြီး ပါးစပ်မှလည်း အလိုအလျောက် ရယ်မောသံများ ထွက်ပေါ်လာကာ နားထောင်ရသည်မှာ အလွန် ကြက်သီးထစရာ ကောင်းလှ၏။
ရုတ်တရက် မျက်စိရှေ့ရှိ အလင်းရောင် မှောင်ကျသွားသည်ကို ခံစားလိုက်ရသဖြင့် ကျန်းချန်က မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်ရာ ထိုသို့ ကြည့်လိုက်မိသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ပြူးကျယ်သွားသည်။
မိုးကြိုးပစ်ခံလိုက်ရသလိုပင်။
ဖန်ကျန်းရီသည် နေရောင်ကို ကျောပေးကာ သူ့ကို မျက်နှာမူပြီး နွေးထွေးစွာ ပြုံးနေသည်ကို မြင်လိုက်ရ၏။
မိစ္ဆာကြီး … အဲဒီ မိစ္ဆာကြီးပဲ။ သောက်ကျိုးနည်း … စာမေးပွဲကြီးကြပ်ရေးမှူးက ဘာလို့ ဖန်ကျန်းရီ ဖြစ်နေရတာလဲ။ ဘာလို့လဲ။
ကျန်းချန်၏ တစ်ကိုယ်လုံးရှိ မွေးညင်းများ ချက်ချင်း ထောင်ထသွားပြီး လက်မောင်းပေါ်တွင် ကြက်သီးများ တဖြန်းဖြန်း ထလာသည်။
ဖန်ကျန်းရီကိုကြည့်ကာ ငိုသည်ထက် ဆိုးရွားသော အပြုံးတစ်ခုကို အတင်းညှစ်ထုတ်ပြလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် နှုတ်ဆက်လိုက်၏။ “မြို့ … မြို့ … မြို့ဝန်ဖန် … မင်္ဂလာပါ”