← Chapters

အခန်း ၃၅၁

Vol. 20 Ch. 351

အခန်း ၃၅၁

Vol. 20 Ch. 351

အပိုင်း (၃၅၁) သန့်စင်သောစာမေးပွဲခန်းကိုအစွန်းအထင်း မခံနိုင်ပါ။

ဖန်ကျန်းရီသည် တောက်ပသော အပြုံးကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

သူ ထိတ်လန့်နေပုံကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။ “အိုး … သခင်လေးကျန်း … မတွေ့ရတာ ကြာပြီနော်”

ကျန်းချန်သည် လိပ်ပြာမလုံစွာဖြင့် ခေါင်းငုံ့လိုက်ပြီး တိုက်ရိုက် မကြည့်ရဲဘဲ ပါးစပ်မှ တိုးတိုးလေး ပြောလိုက်၏။

“ဟုတ် … ဟုတ်ပါတယ်”

သဘောထားမှာ ရိုသေလေးစားပုံရသော်လည်း သူ၏ အံသွားများမှာ ကြိတ်ထားလွန်း၍ ကြေမွမတတ် ဖြစ်နေသည်။

သည်းခံ … ခဏလောက် သည်းခံလိုက်တာက လေငြိမ်လှိုင်းငြိမ်ဖြစ်စေပြီး တစ်လှမ်းဆုတ်လိုက်တာက ကောင်းကင်နဲ့ပင်လယ်လို ကျယ်ဝန်းစေတယ်။

လူကောင်းတစ်ယောက်ကလဲ့စားချေဖို့ဆိုတာ ဆယ်နှစ်ဆိုလည်း နောက်မကျပါဘူး။ ငါ အရှင်မင်းကြီးရဲ့ အနီးကပ် အရာရှိ ဖြစ်လာပြီး ရာထူးတိုးသွားရင် ပထမဆုံး သတ်ပစ်မှာက မင်းပဲ။

ဖန်ကျန်းရီက တိုးတိုးလေး သတိပေးလိုက်၏။ “အာ … စာမေးပွဲ ဖြေတာ အရမ်း စိုးရိမ်နေစရာ မလိုဘူး။ စိတ်ကို ဖြေလျှော့ထားလိုက်။ ဒါနဲ့ … မင်း အရင်တုန်းက ကိစ္စတွေကို မှတ်မိနေသေးတာလား။ စိတ်ချ …. အပျော်စီးသင်္ဘောပေါ်မှာ အရက်မူးပြီး မင်း ညစ်ညမ်းတာတွေ လုပ်ခဲ့တဲ့ ကိစ္စကို ငါမေ့နေတာ ကြာလှပါပြီ”

သောက်ကျိုးနည်း … သူက ငါ့ကို ခြိမ်းခြောက်နေတာလား။

ကျန်းချန်၏ မျက်လုံးများထဲတွင် သွေးကြောများ တဖြည်းဖြည်း ပျံ့နှံ့လာသော်လည်း ခေါင်းငုံ့ထားကာ တစ်ချက်လေးမှ မလှုပ်ရှားရဲပေ။

ဒေါသကို မထိန်းနိုင်ဘဲ ခုန်အုပ်ကာ ဤလိပ်မသားလေးကို အရှင်လတ်လတ် ဆွဲဖြဲပစ်မိမည်အား စိုးရိမ်နေမိသည်။

ဖန်ကျန်းရီက ဆက်လက်၍ ပွစိပွစိ ပြောနေဆဲပင်။ “မင်းဆိုတဲ့လူက စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသလို မင်းအဖေကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေမဲ့ ဒါက နိုင်ငံတော်ရဲ့ အရည်အချင်းရှိသူ ရွေးချယ်တဲ့ စာမေးပွဲကြီးဆိုတော့ ကလေးကစားစရာ မဟုတ်ဘူး။ ငါက သေချာပေါက် တရားမျှတစွာနဲ့ တာဝန်ထမ်းဆောင်မှာပါ။ ဘာပဲဖြစ်ဖြစ် … ငါက မိစ္ဆာကြီးမှ မဟုတ်တာ”

သောက်ကျိုးနည်း … မိစ္ဆာကြီးဟုတ်လား။ အဲထက်တောင် ဆိုးသေးတယ်။

ငါ့ရဲ့ နာမည်ကောင်းတွေက မင်းကြောင့် လုံးဝ ပျက်စီးသွားရတာ။

လူယုတ်မာဖန်ကျန်းရီ … လူလိမ် … လူဆိုး .. ခွေးလိုကောင်။

ငါ မင်းကို မသတ်ရရင် လူမလုပ်တော့ဘူး။

ကျန်းချန်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး စားပွဲအောက်ရှိ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားရာ လက်သည်းများမှာ အသားထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်နေပြီ ဖြစ်သည်။

ကိုယ်တိုင် အသိဉာဏ်ကင်းမဲ့သွားပြီး ဖန်ကျန်းရီ၏ အပြစ်ရှာခြင်းကို ခံရကာ စာမေးပွဲခန်းထဲမှ နှင်ထုတ်ခံရမည်ကို စိုးရိမ်နေမိ၏။

သူ ပြောလို့ပြီးမှသာ ကျန်းချန်က ခေါင်းကို ဖြည်းညင်းစွာ မော့ပြီး တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။

“မြို့ဝန်ဖန်ရဲ့ တရားမျှတမှုအပေါ် ဒီကျောင်းသားက လေးစားပါတယ်”

ထိုသို့ပြောပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ စုတ်တံကိုယူ၍ ဟန်ဆောင်ပန်ဆောင် စာရေးနေ လိုက်၏။

ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်သောအခါ အေးစက်စက် ပြုံးလိုက်ပြီး လှည့်ထွက်သွားသော်လည်း ရင်ထဲတွင်မူ အဆက်မပြတ် တွေးတောနေသည်။

ဤကျန်းချန်က မိသားစု အထောက်အပံ့ ကောင်းမွန်သောကြောင့် စာမေးပွဲအောင်နိုင်ခြေ အလွန် များပြားသည်။ ထို့အပြင် သူ့အဖေ၏ နောက်ခံကလည်း နက်ရှိုင်းသောကြောင့် နောင်တစ်ချိန်တွင် သေချာပေါက် ပြဿနာတစ်ခု ဖြစ်လာနိုင်၏။

ကိုယ်တိုင်ကလည်း သူ့ကို လုံးဝ အပြစ်လုပ်ထားပြီးသားဖြစ်သလို သူ့အဖေကိုပါ အသေအလဲ အပြစ်လုပ်ထားပြီး ဖြစ်ရာ ပြန်လည် ပြင်ဆင်ရန် နေရာ လုံးဝ မရှိတော့ချေ။

ထိုသူ့ကို စာမေးပွဲ အောင်ခွင့်ပေးလိုက်သည်က ကိုယ့်အနား၌ ဗုံးမြှုပ်ထားသလို ဖြစ်မနေဘူးလား။ ထိုသားအဖနှစ်ယောက်က သေချာပေါက် ပူးပေါင်းပြီး သူ့ကို လက်စားချေကြပေမည်။ ဘဏ္ဍာရေးအမတ်တစ်ယောက်တည်းနှင့်တင် လုံလောက်ပြီဖြစ်သည်။ နောက်အန္တရာယ်ကို မဖျက်ဆီးလျှင် ဖန်ကျန်းရီ မပီသတော့ပေ။

သို့ပေမည့် ဤနေရာတွင် ခြေဆော့လက်ဆော့ ပြုလုပ်၍မဖြစ်နိုင်ချေ။

ဒီလိုလူမျိုးကို ရွှံ့ထဲ ရောက်သွားအောင် မနင်းခြေပစ်ဘူးဆိုတာက သူ့ရဲ့ လုပ်ရပ်စတိုင်နဲ့ မကိုက်ညီဘူး။

သို့သော် ဒီနေ့လို နေရာမျိုးတွင်တော့ တကယ်ပဲ လက်ဆော့ခြေဆော့ လုပ်လို့မရနိုင်ပေ။

မရှိသည့် အပြစ်တစ်ခုကို တပ်၍ ထိုသူ့ကို စာမေးပွဲခန်းထဲမှ နှင်ထုတ်၍ မရချေ။ သန့်စင်သော စာမေးပွဲခန်းကို သူကိုယ်တိုင် အစွန်းအထင်း အဖြစ်မခံနိုင်ချေ။

မည်သို့ပင်ဖြစ်ဖြစ် သူ့မှာလည်း စည်းမျဉ်းတစ်ခု ရှိသေးသည်။ ဤသို့သောကိစ္စမျိုးကို လုံးဝ ခွင့်မပြုနိုင်ပေ။

သေချာစဉ်းစားကြည့်ပြီးနောက် ဖန်ကျန်းရီသည် အနည်းငယ် နှမြောသွားသလို ခံစားလိုက်ရပြီး သက်ပြင်းချကာ စာမေးပွဲခန်းများကြားတွင် ဆက်လက် လှည့်လည် သွားလာနေတော့သည်။

…

လက်ဖက်ရည်တစ်ခွက်စာ အချိန်ကြာပြီးနောက် …

ကျန်းချန်သည် တုန်ယင်နေသော ညာဘက်လက်ဖြင့် စုတ်တံကို မှင်အိုးပေါ်တွင် တင်လိုက်သည်။

ရင်းနှီးနေသော၊ အရှက်မရှိသော၊ ယုတ်မာသော လူတစ်ယောက်က သူ့မျက်စိရှေ့တွင် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်း သွားလာနေသည်ကို ကြည့်ရင်း နောက်ဆုံးတွင် ရင်ထဲမှ ဒေါသကို မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်တော့၏။ “ဖန်ကျန်းရီ … သောက်ကျိုးနည်း ခင်ဗျား ပြီးပြီလား ၊ မပြီးသေးဘူးလား”

အသံက အလွန် ကျယ်လောင်လှသောကြောင့် တောင်နှင့် မြောက်ဘက်ရှိ စာမေးပွဲခန်း အတန်းများစွာမှ ကျောင်းသားများသည် လက်ထဲမှ စုတ်တံကို ရပ်တန့်လိုက်ကြပြီး အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

စာမေးပွဲခန်းများမှာ မြောက်ဘက်ကို ကျောပေးပြီး တောင်ဘက်ကို မျက်နှာမူထားသော တစ်ဖက်သတ် စာမေးပွဲခန်းများ ဖြစ်သောကြောင့် ဘယ်ညာ တစ်ယောက်ကိုတစ်ယောက် မမြင်ရသလို အရှေ့ အနောက်တွင်လည်း နံရံများ ခြားထားသောကြောင့် အလွန် နှမြောစရာ ကောင်းစွာဖြင့် ဤဇာတ်လမ်းကောင်းကို မည်သူမှ မမြင်လိုက်ရပေ။

သို့ပေမည့် ရှန်ရီကတော့ မြင်ရသည်။ ကြားလည်း ကြားရသည်။

ဖန်ကျန်းရီက သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် အခေါက်ပေါင်း ဒါဇင်နှင့်ချီပြီး လမ်းလျှောက်နေသောကြောင့် သူတောင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

အချိန်အကြာကြီး စဉ်းစားကြည့်ပြီးမှ ဖန်ကျန်းရီက အခွင့်အရေးရှာပြီး သူ၏အဖြေလွှာကို ကြည့်ချင်နေသည်ဟုသာ ထင်မှတ်ခဲ့သည်။

ပစ်မှတ်ထားခံရသူက တခြားတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘယ်သူပဲဖြစ်ဖြစ် ထိုသူတော့ ပြီးသွားပြီ။ အဘယ့်ကြောင့်ဆိုသော် မြို့ဝန်ဖန်က အလွန် သဘောထားသေးသိမ်လို့ဖြစ်သည်။ ဤအချက်ကို သတင်းစာတိုက်မှ သတင်းထောက်အားလုံးက အသတိထားမိထားကြပြီး ဖြစ်၏။

မြို့ဝန်ဖန်က လက်ဖွာသော်လည်း အပြစ်သေးသေးလေး ရှိသည်နှင့် အပိုဆုများကို ဖြတ်တောက်ချင်သော စိတ်အခံရှိသည်။ မည်သို့သော ကံဆိုးသူက မြို့ဝန်ဖန်ကို အပြစ်သွားလုပ်ထားမိသနည်း မသိပေ။ မည်သို့ပင် ဖြစ်‌စေ ထိုသူက လူကောင်းတော့ မဟုတ်နိုင်ပေ။

ရှန်ရီသည် ပြုံး၍ ခေါင်းခါလိုက်ပြီး ခေါင်းငုံ့၍ မေးခွန်းများကို ဆက်လက် ဖြေဆိုနေလိုက်သည်။

ဖန်ကျန်းရီက အော်ဟစ်သံကို ကြားသောအခါ ရင်ထဲတွင် ဝမ်းသာသွားသော်လည်း မျက်နှာပေါ်ရှိ အမူအရာမှာ တဖြည်းဖြည်း လေးနက်လာပြီး တည်ကြည်စွာ ပြောလိုက်၏။ “ကျောင်းသား … ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ စာမေးပွဲခန်းထဲမှာ အသံကျယ်ကျယ် အော်ဟစ်လို့ တခြားကျောင်းသားတွေကို အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် ငါ မင်းကို စာမေးပွဲခန်းထဲကနေ နှင်ထုတ်ပစ်မယ်ဆိုတာ သတိထား။ ပထမအကြိမ် သတိပေးချက်”

ဒေါသတွေထွက်လာပြီးမှတော့ ကျန်းချန်က မအောင့်ထားနိုင်တော့ပေ။ ထပ်ပြီး ခြိမ်းခြောက်နေသည်ကို ကြားသောအခါ ချက်ချင်းပဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “စာမေးပွဲကြီးကြပ်ရေးမှူး … စာမေးပွဲကြီးကြပ်ရေးမှူး ဘယ်မှာလဲ။ ကျုပ် ကန့်ကွက်တယ်”

ထိုအချိန်တွင် စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်သည် အစောကြီးတည်းက ဤနေရာသို့ ခပ်သုတ်သုတ် ပြေးလာခဲ့ကြပြီး ဖန်ကျန်းရီကို မြင်သည်နှင့် တစ်ပြိုင်နက် ခေါင်းကိုက်သွားကြ၏။

ဒီသခင်လေးက တကယ့်ကို ပြဿနာရှာတဲ့သူပဲ။ ဘယ်ရောက်ရောက် မငြိမ်မသက် ဖြစ်စေတာပဲ။ အခုရော ဘယ်လိုလုပ်ပြီး ကျောင်းသားကို သွားရှုပ်နေရတာလဲ။

အနီးသို့ အနည်းငယ် ရောက်လာချိန်မှသာ စာမေးပွဲကြီးကြပ်ရေးမှူးများအားလုံး သဘောပေါက်သွားကြသည်။

သြော် … အမတ်ကြီးကျန်းရဲ့သားပဲ။ ကျန်းရှီနှင့် ဖန်ကျန်းရီ မတည့်သည်ကို အားလုံးက အစောကြီးကတည်းက သိထားကြပြီး ဖြစ်၏။

ဒါပေမဲ့ မင်းက စာမေးပွဲခန်းထဲမှာ သူများသားကို ဗြောင်ကျကျ သွားအနိုင်ကျင့်လို့တော့ မရဘူးလေ။ ဥပဒေဆိုတာ မရှိတော့ဘူးလား။

စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အရိပ်အယောင်များ ပေါ်လာကြသည်။

ကျန်းချန်က ထိုအခြေအနေကို မြင်သောအခါ မျက်လုံးထဲတွင် အံ့သြဝမ်းသာမှုများ ပေါ်လာ၏။ ဒီလူတွေက သူနဲ့ တစ်ဖွဲ့တည်းပဲ။ အားလုံးက ဖန်ကျန်းရီကို ကြည့်မရဖြစ်နေကြတာ။

သူတို့ထဲမှ တစ်ယောက်က ဖန်ကျန်းရီ၏ အနီးသို့ ကပ်လာကာ တိုးတိုးလေး ပြောလိုက်သည်။ “မြို့ဝန်ဖန် … ခင်ဗျားတို့နှစ်ယောက်ကြားမှာ ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုရင်တောင် စာမေးပွဲ ပြီးမှ ဖြေရှင်းပါလား။ ပြည်နယ် စာမေးပွဲဆိုတာ သုံးနှစ်မှ တစ်ကြိမ်ပဲ ရှိတာ။ သူများ အနာဂတ်ကို မဖျက်ဆီးပါနဲ့ … သူက အမတ်ကြီး ကျန်းရှီရဲ့သားပါ”

ဖန်ကျန်းရီသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “မဟုတ်ပါဘူး။ ကျုပ်က စာမေးပွဲကြီးကြပ်ရေးမှူးလေ။ ကျောင်းသားအပေါ် မကောင်းတဲ့ကိစ္စ ဘယ်လိုလုပ် လုပ်မှာလဲ။ သူ စာမေးပွဲခန်းထဲမှာ အော်ဟစ်နေတာကို ခင်ဗျားတို့က ကျုပ်ကို လာပြောနေရအောင် ဘာတွေ ဖြစ်နေတာလဲ။ ခုနက ဘာလို့ အဲဒီလောက် အသံကျယ်ကြီးနဲ့ အော်ရတာလဲ ဆိုတာကို သူ့ကို သွားမေးလိုက်လေ”

စာမေးပွဲကြီးကြပ်ရေးမှူးက ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။ “ကျောင်းသား … ခုနက ဘာလို့ အော်ရတာလဲ”

ကျန်းချန်၏ ရင်ထဲတွင် ဝမ်းသာသွားပြီး ညည်းညူရန် ပါးစပ်ဟလိုက်ရုံရှိသေး ရုတ်တရက် ကြောင်အမ်းသွား၏။

ဟုတ်သားပဲ … ဒီကိစ္စကို ဘယ်လိုပြောရမလဲ။ သူက စာမေးပွဲ ကြီးကြပ်နေတာပဲလေ။

အချိန်အတော်ကြာအောင် စဉ်းစားပြီးသော်လည်း ကျန်းချန်မှာ ဘယ်လို စကားစရမည်ကို မသိတော့ပေ။

စာမေးပွဲကြီးကြပ်ရေးမှူးက စိတ်မရှည်တော့ပေ။

“မြန်မြန်ပြော။ စာမေးပွဲခန်းဆိုတာ မင်း ကစားဖို့ နေရာမဟုတ်ဘူး။ မင်းက ဘာကို ကန့်ကွက်နေတာလဲ”

ကျန်းချန် ဗလုံးဗထွေးဖြင့်သာ ပြောလိုက်ရသည်။ “သူ … သူ ကျွန်တော့်ရှေ့မှာ … ခေါက်တုံ့ခေါက်ပြန်လျှောက်နေလို့ … ကျုပ် ကန့်ကွက်တာပါ”

စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်သည် ဤသည်ကိုကြားချိန်မှာတော့ ချက်ချင်းပဲ ကျောက်ရုပ်များလို ဖြစ်သွားကြပြီး မျက်နှာများမှာလည်း တဖြည်းဖြည်း အကြည့်ရဆိုးလာ၏။

မင်းက အရူးလား။ ငါတို့ စာမေးပွဲကြီးကြပ်ရေးမှူးတွေက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရမှာပဲလေ။ မင်းက ငါတို့ကို လမ်းတောင် မလျှောက်ခိုင်းတော့ဘူးလား။

မင်းအဖေက ဘဏ္ဍာရေးအမတ်ဖြစ်နေတာကို ထားလိုက်အုံး။ မင်းအဖေက ကောင်းကင် ဘုရင်ကြီးဖြစ်နေရင်တောင် ငါတို့ကို လမ်းလျှောက်ခွင့် ပေးရမှာပဲ။

သို့သော်ငြား ကျန်းချန်၏ အဆင့်အတန်းကို စဉ်းစားပြီး စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်က သည်းခံလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ တခြားသူသာဆိုလျှင် တိုက်ရိုက် စာမေးပွဲခန်းထဲမှ နှင်ထုတ်လိုက်မည် ဖြစ်သော်လည်း ဤသခင်လေးကို နှင်ထုတ်လိုက်လျှင် ကျန်းရှီကို အပြစ်လုပ်လိုက်သလို ဖြစ်သွားမည်။

သူတို့ထဲမှ စာမေးပွဲကြီးကြပ်ရေးမှူးတစ်ယောက်က ရှေ့သို့တိုးကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်း စည်းကမ်းကို နားမလည်ဘူးလား။ ငါတို့က စာမေးပွဲကြီးကြပ်ရေးမှူးတွေလေ။ အပြန်ပြန်အလှန်လှန် မလျှောက်ဘဲနဲ့ ဘယ်လိုလုပ် စာမေးပွဲ ကြီးကြပ်မှာလဲ။

ဒါက ဘာများ ကန့်ကွက်စရာ ရှိလို့လဲ။ ကန့်ကွက်တာ အကျုံးမဝင်ဘူး။ သတိပေးလိုက်မယ်။ ထပ်ပြီး အသံကျယ်ကျယ် အော်ဟစ်ရဲရင် မင်းကို စာမေးပွဲခန်းထဲက နှင်ထုတ်မယ်”

ကျန်းချန်သည် ချက်ချင်း ခေါင်းပုသွားပြီး စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်ကို ဘာပြောရမှန်းမသိ ကြည့်နေသည်။

ယခင်က ဖန်ကျန်းရီ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသော အကြောက်တရားများသည် ရင်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ ထိုအချိန်တွင် ဦးနှောက်ထဲ၌ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွား၏။

ဖန်ကျန်းရီက ကြည့်ရင်း သဘောတကျဖြင့် ထေ့ငေါ့ကာ ပြောလိုက်သည်။ “ဟုတ်ပါ့။ မင်းက ဘာတွေ ကန့်ကွက်စရာ ရှိလို့လဲ။ ကျောင်းသားတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက စိတ်ကို စူးစိုက်ထားဖို့ပဲ။ ငါက လှုပ်ရှားမှုလေး နည်းနည်း လုပ်လိုက်တာကို မင်းက ငါ့ကိုချည်းပဲ ကြည့်နေတာ။ ဘယ်လိုပုံစံကြီးလဲ။

တခြားကျောင်းသားတွေအားလုံးက အာရုံစူးစိုက်ထားကြပြီး တည်တည်ငြိမ်ငြိမ်နဲ့ အစကနေ အဆုံးအထိ ငါ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ကြဘူး။ ငါ့အမြင်တော့ … သူတို့မှသာ စာမေးပွဲ ဖြေဆိုခွင့်နဲ့ ထိုက်တန်တာ”

“ကျုပ် … ကျုပ် … ကျုပ် …” ကျန်းချန်မှာ အသက်ပြင်းပြင်းရှူနေရပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေ၏။

အရင်က ဖန်ကျန်းရီရဲ့အသားကို အရှင်လတ်လတ် စားချင်နေခဲ့ပေမဲ့ ဒီတစ်ခါလည်း ဖန်ကျန်းရီ အကွက်ရွှေ့တာကို ထပ်ခံခဲ့ရတယ်။

လုံးဝကို စာမေးပွဲခန်းထဲကနေ နှင်ထုတ်ခံရလို့ မဖြစ်ဘူး … လုံးဝကို စာမေးပွဲခန်းထဲကနေ နှင်ထုတ်ခံရလို့ မဖြစ်ဘူး … ။

ယခု သူ၏ ခေါင်းထဲတွင် ဤအတွေးတစ်ခုတည်းသာ ရှိတော့သည်။

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ “ကဲပါ … ကဲပါ။ အားလုံးပဲ လူစုခွဲလိုက်ကြရအောင်။ စာမေးပွဲ တစ်ကြိမ် ဖြေဖို့ဆိုတာ မလွယ်ပါဘူး။ သူ့ကို ဖိအား အရမ်း မပေးကြပါနဲ့။ ကျုပ်တို့ သွားကြရအောင်”

ကျန်သော စာမေးပွဲကြီးကြပ်ရေးမှူးအချို့မှာ ဖန်ကျန်းရီကို ကြည့်ကာ အနည်းငယ် အံ့သြသွားကြသည်။ မြို့ဝန်ဖန်၏ စိတ်ထားက တော်တော်လေး ကောင်းမြတ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

စာမေးပွဲကြီးကြပ်ရေးမှူးတစ်ယောက်က ကျန်းချန်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ “မင်း … မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်လို့ မပြောသေးဘူးလား”

“ကျေး … ကျေးဇူးတင်ပါတယ် … မြို့ဝန်ဖန်” ကျန်းချန်သည် ခေါင်းငုံ့ထားပြီး တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေကာ မျက်လုံးထဲတွင် မျက်ရည်များ လည်နေ၏။

“အင်း … မှတ်ထား။ ကိုယ် မမှားရင် ဘာမှ ကြောက်စရာ မလိုဘူး”

ဖန်ကျန်းရီက ပြောလိုက်သည်။ “သွားကြစို့ မိတ်ဆွေတို့။ ကျောင်းသားတွေကို အနှောင့်အယှက် မဖြစ်စေနဲ့တော့”

စာမေးပွဲကြီးကြပ်ရေးမှူးသုံးယောက်သည် တစ်ပြိုင်နက် ခေါင်းညိတ်လိုက်ကြပြီး ဖန်ကျန်းရီနှင့်အတူ စာမေးပွဲခန်း ဆီမှ ထွက်ခွာသွားကြသည်။

သူတို့လူစု စကားပြောနေသည့် အသံများကို ကျန်းချန်၏ နားထဲသို့ သဲ့သဲ့လေး ကြားနေရဆဲ ဖြစ်၏ …

“အမတ်ကြီးကျန်းရဲ့ သားက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နေရတာလဲ”

“အင်း … မထင်ထားဘူး … တကယ်ကို မထင်ထားဘူး”

“မိတ်ဆွေတို့ … ကျုပ်မှာ သားမရှိပေမဲ့ ပညာရေးလမ်းကြောင်း အကြောင်းတော့ နည်းနည်း သိပါတယ်။ ဒါက အမတ်ကြီးကျန်း အရမ်း အလိုလိုက်ထားလို့ပဲ။ သားကို အလိုလိုက်တာက သားကို သတ်တာနဲ့ အတူတူပဲ ဆိုသလိုပေါ့။ အိမ်ရဲ့ ပန်းအိုးထဲက အပင်က ကြီးထွားလာမှာ မဟုတ်ဘူး။ ခင်ဗျားတို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကို ကြည့်လိုက်အုံး။”

“ဟုတ်တယ်။ မြို့ဝန်ဖန် ပြောတာ ယုတ္တိရှိတယ်။ သားသမီးဆိုတာ အလိုလိုက်ထားလို့ မရဘူး။ သုံးရက်မရိုက်ရင် အိမ်ခေါင်မိုးပေါ် တက်ပြီး အုပ်ကြွပ်ပြားတွေ ခွာချလိမ့်မယ်။ ကျုပ်သားဆို ကျုပ်က ရိုက်ပြီး …”

“အာ … ဒါကြောင့် ခင်ဗျားရဲ့ သားက အောင်မြင်မှု ကြီးကြီးမားမား ရနေတာကိုး။ အဖိုးတန် ဓားဆိုတာ သွေးမှ ထက်မြက်လာတာမျိုး၊ ဆီးနှင်းပန်းရဲ့ အနံ့က အအေးဒဏ်ကို ခံနိုင်မှ မွှေးပျံ့လာတာမျိုး မဟုတ်လား”

“အိုး … ကဗျာကောင်းလေးပဲ။ တကယ့်ကို ပြိုင်ဘက်ကင်း ကဗျာကောင်းလေးပဲ။ ညီနောင်ဖန် … လာ … လာ .. လာ ကျုပ်တို့ အခန်းထဲပြန်ပြီး စကားနည်းနည်း ပြောကြတာပေါ့”

အသံများ တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ ကျန်းချန်၏ မျက်နှာမှာလည်း ပို၍ ဖြူရော်လာတော့သည်။

အသံများ ပျောက်ကွယ်သွားချိန်တွင်တော့ သူ၏ မျက်လုံးထဲတွင် ပြည့်နှက်နေသော မျက်ရည်များသည် နောက်ဆုံး၌ တာကျိုးပေါက်သွားသကဲ့သို့ … မျက်ရည်ချောင်းနှစ်စင်းသည် ပါးပြင်တစ်လျှောက် စီးကျ လာတော့၏။

All Chapters