← Chapters

အခန်း ၃၅၂

Vol. 20 Ch. 352

အခန်း ၃၅၂

Vol. 20 Ch. 352

အပိုင်း (၃၅၂- က) စာမေးပွဲခန်းရဲ့ သန့်ရှင်းရေးအခြေအနေက စိုးရိမ်စရာပါပဲ။

ကျန်းချန်ထံမှ ထွက်ခွာလာပြီးနောက် ဖန်ကျန်းရီနှင့် စာမေးပွဲကြီးကြပ်ရေးမှူး သုံးယောက်တို့သည် အလွန် ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။

စကားပြောဆိုသည့် အကြောင်းအရာမှာ အဓိကအားဖြင့် ကလေးပြုစုပျိုးထောင်ရေး အပိုင်းကို အာရုံစိုက်ထားခြင်း ဖြစ်ပြီး ထိုစာမေးပွဲကြီးကြပ်ရေးမှူးများ၏ သားများ အသက်က သူ့ထက် ပိုကြီးနေပြီ ဖြစ်သော်လည်း …

ဖန်ကျန်းရီ၏ ၂၁ရာစု ကလေးထိန်းကျောင်းခြင်း အဆင့်မြင့် အယူအဆများသည် စာမေးပွဲကြီးကြပ်ရေးမှူး သုံးယောက်၏ ချီးကျူးမှုကို ရရှိခဲ့ကြောင်း သိသာထင်ရှားလှသည်။

အချိန်ပို ကျူရှင်သင်တာတို့ ဘာတို့ဆိုတာတွေအပြင်

တစ်နေ့ကို ကဗျာ အပုဒ်တစ်ရာ ရေးတာ၊ ဆောင်းပါး အပုဒ်နှစ်ဆယ် ရေးတာ၊ အခြေခံရအောင် စာအုပ်နှစ်အုပ် အလွတ်ကျက်တာ၊ ဆန္ဒခွန်အားကို လေ့ကျင့်ဖို့ နှင်းတောထဲမှာ အင်္ကျီချွတ်ပြီး ဆယ်လီလောက် ရူးသလို ပြေးတာ၊ စိတ်ဓာတ်မြင့်မားဖို့ နေ့တိုင်း စောင်းတီး၊ ပန်းချီဆွဲတာ သုံးနာရီလောက် လုပ်တာ၊

အသက် ဆယ့်ငါးနှစ်မတိုင်ခင် နန်းတွင်းမှာ စကားပြောနိုင်စွမ်းကို မြှင့်တင်ဖို့ လူပုံအလယ်မှာ မိန့်ခွန်း သုံးရာလောက် ပြောတာမျိုးတွေပင် ပါဝင်သေး၏။

ပုံစံအမျိုးမျိုး သော ဖြစ်ရပ်များကို နားထောင်ရင်း စာမေးပွဲကြီးကြပ်ရေးမှူး သုံးယောက်မှာ အရက်မူးနေသကဲ့သို့ မိန်းမောသွားကြသည်။

ဖန်ကျန်းရီက ဆယ်ကျော်သက် အရွယ်နှင့် ကျင်းရှီအဆင့် အောင်မြင်ခဲ့သည်မှဦ မထူးဆန်းဘူးဟု ရင်ထဲမှာ တွေးလိုက်ကြသည်။ ညီလာခံမှာလည်း ထိုသို့အပြောကောင်းပေလိမ့်မည်။

ဤမျှတင်းကျပ်သော မိသားစု ဓလေ့စရိုက်နှင့် ကြီးပြင်းလာသူမို့ အောင်မြင်သည်မှာ မဆန်းချေ။ သူ ဆိုလျှင်လည်း ထိုသို့ ဖြစ်လာပေမည်။

စာမေးပွဲကြီးကြပ်ရေးမှူး နှစ်ယောက်က ချက်ချင်းပဲ စိတ်လှုပ်ရှားစွာဖြင့် ကလေး နောက်တစ်ယောက် ထပ်ယူပြီး အသစ်ပြန် ပြုစုပျိုးထောင်တော့မည်ဟု ပြောလိုက်ကြသည်။

ကျန်တစ်ယောက်ကတော့ အိမ်ပြန်ရောက်လျှင် မြေးကို စမ်းသပ်ရန် ပြင်ဆင်နေ၏၊

မည်သို့ပင်ဆိုစေကာမူ ဤမျှ လျှို့ဝှက်နက်နဲလှသော နည်းပညာရပ်အား ယနေ့မှသာ ကြားသိခဲ့ရခြင်းဖြစ်ရာ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့လျှင် အလွန်ပင် နှမြောတသဖွယ် ကောင်းလှပေလိမ့်မည်။ မိမိ၏ သားဖြစ်သူမှာလည်း အရွယ်ရောက် ကြီးပြင်းလာပြီဖြစ်ရာ ရိုက်နှက်ဆုံးမရန် မသင့်တော်တော့ချေ။

အချိန်အတော်ကြာသွားပြီ ဖြစ်ကြောင်း သတိပြုမိသွားကြပြီးနောက် သူတို့လူစုသည် ရိုးရှင်းစွာ နှုတ်ဆက် လိုက်ကြပြီး စာမေးပွဲခန်းသို့ ပြန်ကာ ဆက်လက် ကြီးကြပ်နေကြတော့သည်။

ဖန်ကျန်းရီသည် နှုတ်ခမ်းသပ်လိုက်ပြီး အားမရသေးသည့် ပုံစံပေါက်နေသေး၏။

ငါ့ရဲ့ ကွမ်တမ်လှိုင်း အမြန်ဖတ်နည်းနဲ့ ဦးနှောက် ညာဘက်ခြမ်း ဖွံ့ဖြိုးရေး လျှို့ဝှက်ကျမ်းအကြောင်း မပြောရသေးဘူး။ အပေါ်ယံလေး ပြောပြလိုက်တာနဲ့ ခင်ဗျားတို့က ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလား။ တကယ့် အမှိုက်တွေပဲ။

နှမြောတသစွာဖြင့် ခေါင်းခါလိုက်ပြီးနောက် သူလည်း စာမေးပွဲခန်းသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ကျန်းချန်ဘက်ကိုတော့ ဖန်ကျန်းရီက ထပ်ပြီး ဂရုမစိုက်ချင်တော့ပေ။ အခြေအနေကို ကြည့်ရသည်မှာ စိတ်ဓာတ်တွေ ပြိုလဲနေပြီဖြစ်၏။

ကိုယ်တိုင် ထပ်မံ၍ လှည့်လည်သွားလာနေရန်လည်း မသင့်လျော်တော့ချေ။ ယခုအချိန်တွင် အခြားသော စာမေးပွဲကြီးကြပ်ရေးမှူးများက မိမိဘက်၌ ရှိနေသေးသော်ငြားလည်း နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်မိပါက တိုင်တန်းခြင်းကို ခံရမည်မှာ မလွဲဧကန်ပင်။

သတင်းထောက် ရွေးချယ်ရန်အတွက်လည်း အလျင်စလို ပြုလုပ်ရန် မလိုအပ်သေးပေ။ အချိန်အားဖြင့် ကိုးရက်တိုင်တိုင် ရရှိသေးသည် မဟုတ်ပါလား။

ယခုလက်ရှိ အဓိက ပြဿနာမှာ အချိန်များကို မည်သို့ ဖြတ်သန်းရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။ စာမေးပွဲ ကြီးကြပ်ရခြင်းသည် အမှန်တကယ် ငြီးငွေ့ဖွယ်ရာ ကောင်းလှသည်။

ဖန်ကျန်းရီသည်လည်း မည်သို့ ပြုလုပ်ရမည်ကို မသိနိုင်တော့ချေ။ ရှုခင်းများကို ကြည့်ရှုခံစားမည် ဆိုလျှင်လည်း ကြည့်ရှုစရာ ရှုခင်းဟူ၍ မရှိပေ။ စာမေးပွဲ စစ်ဆေးမည့် အဆောက်အအုံအတွင်း၌ ခုံနှင့် ကျောင်းသားများသာရှိသည် မဟုတ်ပါလား။

ကျောင်းသားများ၏ စာမေးပွဲအဖြေလွှာ ဆောင်းပါးများကို ကြည့်ရှုမည်ဆိုလျှင်လည်း သူသည် စိတ်ဝင်စားမှု အလျင်းမရှိချေ။

စာခိုးချသူများကို ဖမ်းဆီးရမည်လား။ စာခိုးချရန် အခက်အခဲမှာ အလွန်ကြီးမားလှသောကြောင့် ခိုးချမည့်သူ မရှိပေ။ ထို့ကြောင့် ဖမ်းဆီးရန် မဖြစ်နိုင်ပေ။

သို့ဖြစ်လေရာ အားလပ်နေသော အချိန်များတွင် ကျောင်းသားများနှင့် စာမေးပွဲခန်းအား လေ့လာစောင့်ကြည့်နေရန်သာ ရှိတော့သည်။

ဤအချိန်၌ စာမေးပွဲခန်းအတွင်းရှိ ကျောင်းသား အများစုမှာ အသေအချာ စဉ်းစားတွေးခေါ်နေကြသည့် အခြေအနေတွင် ရှိနေကြသော်ငြားလည်း အနည်းငယ်သော ကျောင်းသားများမှာမူ သိသာထင်ရှားစွာပင် လက်လျှော့ထားကြ၏။

နားကလော်နေသူ၊ မှင်အိုးကို ပွတ်သပ်နေသူ၊ စုတ်တံဖြင့် ဆော့ကစားနေသူ သို့မဟုတ် နံရံကို မှီ၍ တစ်ရေးအိပ်နေသူများလည်း ရှိကြသည်။ ရာခိုင်နှုန်း ရှစ်ဆယ်ခန့်မှာ ကျိရင်စာမေးပွဲ အောင်မြင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိထားကြသဖြင့် အတွေ့အကြုံယူသည်ဟုသာသဘောထားကြတော့သည်။

ဖန်ကျန်းရီသည် ထိုသို့ လက်လျှော့ထားကြသော ကျောင်းသားများကို ကြည့်ရှုရင်း အလွန်ပင် သဘောကျ နှစ်ခြိုက်နေမိသည်။ အထူးသဖြင့် ၎င်းတို့ နားရွက်ကို ကုတ်လိုက်၊ ပါးကို ကုတ်လိုက်ဖြင့် စာတစ်လုံးမျှ ညှစ်မထွက်နိုင်သည့် ပုံစံမျိုးကို ပို၍ သဘောကျမိ၏။

သူ၏ ငယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင်။ အချို့သော ကိစ္စရပ်များနှင့် အချို့သော လူပုဂ္ဂိုလ်တို့သည် နှစ်ထောင်ပေါင်းများစွာ ကွာခြားနေခဲ့လျှင်ပင် တူညီသော ခံစားချက်မျိုး ဖြစ်ပေါ်လာနိုင်သေးသည်။

လက်လျှော့အရှုံးပေးလိုက်ခြင်း... ဤအရာသည် အချိန်နှင့် နေရာဒေသကို ကျော်လွန်နိုင်သော ကြီးမြတ်သည့် အပြုအမူ အနုပညာတစ်ရပ်ပင်။

သို့ပေမည့် ခဏလောက် ကြည့်ပြီးနောက် ဖန်ကျန်းရီသည် အမြန်ပင် ငြီးငွေ့သွားခဲ့သည်။

ထို့နောက် စာမေးပွဲခန်း အတန်းများကြားတွင် ရည်ရွယ်ချက်မရှိ လှည့်လည် စောင့်ကြည့်နေပြန်ရာ ဤသို့ စောင့်ကြည့်လိုက်ခြင်းက တကယ်ကို အကြောင်းအရာ အချို့ကို မြင်တွေ့သွားစေခဲ့သည်။

စာမေးပွဲခန်းများကို ပုံမှန်အားဖြင့် အောက်ဆုံးခန်း၊ အခန်းငယ်၊ အခန်းဟောင်းနှင့် ဖျာခန်း ဟူ၍ ခွဲခြားထား၏။

စာမေးပွဲခန်းများကို တစ်တန်းတည်း စီထားပြီး အခန်းဟောင်းဆိုသည်မှာ အလယ်တွင်ရှိသော စာမေးပွဲခန်းဖြစ်ပြီး အခန်းငယ်ဆိုသည်မှာ အရွယ်အစား မပြည့်မီသော စာမေးပွဲခန်းဖြစ်ရာ ထိုအထဲတွင် နေရပါက ပို၍ အဆင်မပြေ ဖြစ်ရသည်။ အဆောက်အအုံ ဆောက်လုပ်စဉ်က တိုင်းတာမှု အမှားအယွင်းများကြောင့် ထိပ်နှစ်ဖက်ရှိ စာမေးပွဲခန်းများမှာ သဘာဝကျစွာပဲ အခန်းငယ်များ ဖြစ်လာလေ့ရှိသည်။

အောက်ဆုံးခန်းဆိုသည်မှာ အနံ့ဆိုးခန်း ဟုလည်း ခေါ်ကြပြီး သန့်စင်ခန်းနှင့် ကပ်လျက်တွင် ရှိနေကြောင်း သိသာထင်ရှားသည်။ လူဒါဇင်နှင့်ချီပြီး သန့်စင်ခန်း တစ်ခုတည်းကို အသုံးပြုရမည်ဖြစ်ပြီး ရေဆွဲအိမ်သာလည်း မရှိသောကြောင့် ဤနေရာက စာမေးပွဲအပေါ် သက်ရောက်မှုမှာ တွေးကြည့်ရုံဖြင့် သိနိုင်၏။

ဖျာခန်း ဆိုသည်မှာ စာမေးပွဲဖြေဆိုရန် နေရာမလုံလောက်သောကြောင့် ဖျာများဖြင့် ယာယီ ဆောက်လုပ် ထားသော စာမေးပွဲခန်းဖြစ်ပြီး ဤပြည်နယ်စာမေးပွဲတွင်တော့ ထိုကဲ့သို့ အခြေအနေမျိုး မရှိခဲ့ပေ။

မရေမတွက်နိုင်သော ကျောင်းသားများအားလုံး အခန်းဟောင်းကို မဲပေါက်ပြီး အောက်ဆုံးခန်းနှင့် အခန်းငယ်ကို ရှောင်ရှားနိုင်ရန် မျှော်လင့်ကြသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ အောက်ဆုံးခန်းတွင် ထိုင်နေသော ကျောင်းသားများထဲ၌ ဖာရာပါသော အင်္ကျီများကို ဝတ်ဆင်ထားသူများမှာ အံ့သြစရာ ကောင်းလောက်အောင် များပြားနေခြင်းပင်။

ဖန်ကျန်းရီသည် စာမေးပွဲခန်း အတန်းပေါင်း သုံးဆယ်ကျော်ခန့်ကို လှည့်လည်ကြည့်ရှုခဲ့ရာ ထိုအထဲမှ အတန်းနှစ်ဆယ်ကျော်၏ အစွန်ဆုံး အခန်းများတွင် နေရာကျသူအများစုမှာ ဖာရာတပြုံတခေါင်းဖြင့် ပါးလွှာသော အလွှာတစ်ထပ်တည်း အင်္ကျီများကိုသာ ဝတ်ဆင်ထားကြသည့် ဆင်းရဲသား ကျောင်းသားများ ဖြစ်ကြောင်း သတိထားမိလိုက်သည်။

သို့ပေမည့် သူ၏ ယခင်လေ့လာစောင့်ကြည့်မှုများအရ... ဤစာမေးပွဲရုံကြီး တစ်ခုလုံးတွင် ဆင်းရဲသားမိသားစုမှ ဆင်းသက်လာသော ကျောင်းသားအရေအတွက်မှာ အချိုးအစားအားဖြင့် သိပ်မများပြားလှပေ။ အကြမ်းဖျင်း တွက်ကြည့်လျှင်ပင် စုစုပေါင်း၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသင့်၏။

ယခုကဲ့သို့ အဆိုးရွားဆုံးဖြစ်သည့် အစွန်ဆုံးအခန်းများတွင် ဆင်းရဲသားကျောင်းသားများသာ အများအပြား စုပြုံကျရောက်နေခြင်းမှာ အကြောင်းပြချက် တစ်ခုတည်းသာ ရှိနိုင်တော့သည်။ နေရာချထားရန် မဲနှိုက်သည့် လုပ်ငန်းစဉ်တွင် မရိုးမသား လှည့်ကွက်များ ရှိနေခဲ့ခြင်းပင်။

ကျောထောက်နောက်ခံ အဆက်အသွယ်ရှိသူများက ပို၍ကောင်းမွန်သော နေရာများကို လွယ်ကူစွာ ရယူနိုင်ကြပြီး အဆိုးဆုံးအနေဖြင့်တောင် အစွန်ဆုံးအခန်းများသို့ မဲမကျစေရန် ကြိုတင်စီစဉ်ထားနိုင်ကြပေလိမ့်မည်။

ဤသည်ကို သိသော်လည်း ဖန်ကျန်းရီမှာ မည်သို့မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ဘဲ အကူအညီမဲ့စွာဖြင့် ခပ်ဟဟသာ ပြုံးလိုက်မိသည်။

လောကဓမ္မတာ ... လက်တွေ့ဘဝဆိုသည်မှာ ဤသို့ပင် မဟုတ်ပါလား။ ဤစာမေးပွဲခန်းမဆောင် အတွင်း၌ လုံးဝ ပြီးပြည့်စုံသော တရားမျှတမှုဆိုသည်မှာ ဘယ်သောအခါမှ ရှိမနေနိုင်ပေ။ စာမေးပွဲခန်း အပြင်ဘက်ရှိ အင်အားပြိုင်ဆိုင်မှုများက အတွင်းဘက်အထိ အမြဲတမ်း လွှမ်းမိုးရိုက်ခတ်နေစမြဲပင်။

ဆင်းရဲသား မိသားစုမှ မွေးဖွားလာကြသူများမှာ ချမ်းသာကြွယ်ဝသူများထက် အတားအဆီး အခက်အခဲများကို ပို၍ ရင်ဆိုင်ရရန် ကံကြမ္မာက ဖန်တီးထားပြီး ဖြစ်သည်။ အားလုံးက စတင်ရမည့် မျဉ်းပြိုင်ပေါ်တွင် အတူတူ ရပ်နေကြသည် ဆိုသော်ငြားလည်း တစ်ချို့က စက်ဘီးလေးများကိုသာ နင်း၍ သွားရချိန်တွင် တစ်ချို့က ဇိမ်ခံပြိုင်ကားကြီးများကို မောင်းနှင်ကြသလို တစ်ချို့ကလည်း လေယာဉ်ပျံများကိုပင် စီးနင်းသွားကြသည်။

ပို၍ဆိုးသည်မှာ... အချို့သော သူများကျတော့ အစကတည်းက ပန်းတိုင်မှာပင် အသင့်ရောက်ရှိနှင့်နေကြခြင်း ဖြစ်၏။

ခြေထောက်ကိုသာ အားကိုးကြရသော ဆင်းရဲသားများအဖို့မူ، တခြားသူများနှင့် တန်းတူညီမျှမှု ဆိုသည့်အရာလေးကို အနည်းငယ်မျှ ရရှိနိုင်ရန်ပင် တခြားသူများထက် အဆပေါင်းများစွာ ပို၍ သွေးနှင့်ချွေးကို ရင်းနှီး ပေးဆပ်ကြရသည်။ ရှေးခေတ်၌ဖြစ်စေ၊ ယခုခေတ်၌ဖြစ်စေ ဤဥပဒေသမှာ ချွင်းချက် မရှိပေ။

နောက်ထပ် အတန်းအချို့ကို ဆက်လက် ကြည့်ရှုပြီးနောက် ဖန်ကျန်းရီသည် ပင်ပန်းနွမ်းနယ်လာသဖြင့် နောက်သို့ပြန်လှည့်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး နေမင်းကြီးမှာ အထက်ကောင်းကင်ယံ၌ မြင့်မားစွာ သာယာနေကာ အပူချိန်ကလည်း မနည်းလှပေ။

သူဝတ်ဆင်ထားသော အရာရှိဝတ်စုံကလည်း အတော်လေး ထူထဲပြီး ပူအိုက်လှသဖြင့် ဖန်ကျန်းရီမှာ နံရံကို ကပ်ကာ အရိပ်နှင့် နီးကပ်နိုင်သမျှ နီးကပ်အောင် ကြိုးစားလျှောက်လှမ်းနေသော်လည်း တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲရွှဲစိုလာခဲ့၏။

သို့ပေမည့် ထိုအချက်က အဆိုးရွားဆုံး မဟုတ်သေးပေ … အဆိုးဆုံးမှာ လေထုထဲတွင် ရှိသလိုလို ၊ မရှိသလိုလိုနှင့် ဆီးနံ့လေးတစ်ခု စတင် ပျံ့နှံ့လာခြင်း ဖြစ်သည်။

သိသာထင်ရှားလှစွာပင် တစ်ယောက်ယောက်က မအောင့်ထားနိုင်တော့ဘဲ စတင်၍ အလေးအပေါ့ သွားနေပြီ ဖြစ်၏။

အလေးအပေါ့ သွားရာတွင်လည်း သဘာဝကျစွာပင် သန့်စင်ခန်းသို့ သွားရန် ရွေးချယ်ကြမည် မဟုတ်ပေ။ စာမေးပွဲခန်း၏ အထိုင်သစ်သားပြားအောက်ရှိ နေရာတိုင်းတွင် ဆီးအိုးအဖြစ် အသုံးပြုရန် ရေပုံးငယ်တစ်ခုစီကို အသင့် ထားရှိပေးထားသည်။

အားလုံးက ထိုရေပုံးငယ်ထဲတွင်သာ တိုက်ရိုက် ဖြေရှင်းကြပြီး အဓိကအားဖြင့် အချိန်ကုန်သက်သာစေရန်နှင့် ပြဿနာအချို့ကို လျှော့ချရန်အတွက် ဖြစ်သည်။ သို့ပေမည့် ထိုသို့ပြုလုပ်ခြင်းဖြင့် ညှီစော်နံသော အနံ့ဆိုးများ ထွက်ပေါ်လာခြင်းကိုတော့ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤအချက်ကိုဖန်ကျန်းရီက ကြိုတင် စုံစမ်းသိရှိထားပြီ; ဖြစ်ရာ ကံကောင်းထောက်မစွာဖြင့် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပြီး ဖြစ်၏။

သို့သော်ငြား တကယ်တမ်း စာမေးပွဲခန်းထဲသို့ ကိုယ်တိုင် ရောက်လာချိန်မှာတော့ သူ၏ ရင်ထဲတွင် မနေနိုင်ဘဲ အကြိမ်ကြိမ် နောင်တရမိနေသည်။ 'ဒီလိုမှန်းသိရင် ဒီသောက်သုံးမကျတဲ့ အလုပ်ကို လုံးဝ လက်မခံခဲ့သင့်ဘူး'

စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံကြီး၏ သန့်စင်ခန်းက အိမ်က လောက် အဘယ်သို့ကောင်းနိုင်ပါမည်နည်း။

ယခင် ကျန်းနန်ကို သွားတုန်းကဆိုလျှင် အချိန်အကြာကြီး အိမ်သာခွက်ကို အသုံးမပြုခဲ့ရသဖြင့် အိမ်ပြန်ရောက်သည်နှင့် ချစ်စရာကောင်းလှသော အိမ်သာခွက်ကြီးကို ဖက်ပြီး နမ်းပစ်ချင်စိတ်ပင် ပေါက်ခဲ့သေး၏။

ရှေးခေတ်၏ သောက်ကျိုးနည်း သန့်ရှင်းသော ပတ်ဝန်းကျင်ပါလား။

ရှောင်လွှဲလို့ မရနိုင်ဘူး။ အခုလည်း ဒီဒုက္ခကို ထပ်ခံရပြန်ပြီ … နေရခက်လိုက်တာ။

ရုံးခန်းသို့ ပြန်သည့် လမ်းတစ်လျှောက်တွင် ဖန်ကျန်းရီသည် လမ်းကြုံ၍ နောက်ထပ် အတန်းအချို့ကို လေ့လာကြည့်လိုက်သည်။

အစွန်ဆုံးခန်းတွင် ထိုင်နေသော သတင်းထောက် တစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရ၏။ ဤလူ၏ နာမည်က ချင်ရှန်း ဖြစ်ပြီး သတင်းစာတိုက်ထဲမှ သာမန်ကျလွန်းသော သတင်းထောက်တစ်ယောက် ဖြစ်ကာ စရိုက်ကလည်း အနည်းငယ် တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြောင်း သူ မှတ်မိနေ၏။

ထိုအချိန်တွင် သူသည် မျက်နှာများ နီရဲကာ တစ်ခုခုကို ဝေခွဲမရ ဖြစ်နေပြီး မနီးမဝေးတွင် ရပ်ကြည့်နေသော ဖန်ကျန်းရီကို လုံးဝ သတိမထားမိပေ။

ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးနောက် ခေါင်းငုံ့ကာ အထိုင်သစ်သားပြားအောက်မှ ရေပုံးငယ်ကို ထုတ်ယူပြီး သစ်သားပြားပေါ်တွင် တင်လိုက်သည်။ တစ်ကိုယ်လုံး နံရံကို မျက်နှာမူ၍ သစ်သားပြားပေါ်တွင် ဒူးထောက်လျက် ဘောင်းဘီခါးပတ်ကြိုးကို တရှပ်ရှပ် ဖြေနေတော့သည်။

ဖန်ကျန်းရီသည် ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်တက်သွားသလို ရင်ထဲတွင် အနည်းငယ် ဒေါသ ထွက်လာ၏။

သောက်ကျိုးနည်း သန့်စင်ခန်းနဲ့ ကပ်နေတာတောင် စာမေးပွဲခန်းထဲမှာ ဆီးသွားနေသေးတယ်။ နောက်ပြီး ခင်ဗျား အတွက် ပြင်ဆင်ပေးထားတဲ့ စားစရာတွေနဲ့ ဆီးအိုးကို အတူတူ ထားထားတာက ဘယ်လိုပုံစံကြီးလဲ။ ပန်းရှန်းသတင်းစာတိုက်က သတင်းထောက်တွေက ဒီလိုမျိုး သန့်ရှင်းရေး အသိအမြင် မရှိလို့ လုံးဝ မဖြစ်ဘူး။

ချင်ရှန်းသည် ဆီးသွားပြီး၍ လန်းဆန်းသွားသော မျက်နှာဖြင့် ရေပုံးငယ်ကို သစ်သားပြားအောက်သို့ ပြန်ထားလိုက်ချိန်တွင်တော့ ဖန်ကျန်းရီက ဒေါသတကြီး လျှောက်သွားခဲ့ပြီး တိုးတိတ်သော်လည်း ဒေါသသံ ပါသော လေသံဖြင့် ပြောလိုက်သည်။ “ချင်ရှန်း … ခင်ဗျား သောက်ကျိုးနည်း ဘာရောဂါ ရှိလို့လဲ။ ဘာလို့ သန့်စင်ခန်းကို မသွားတာလဲ”

အပိုင်း (၃၅၂-ခ) စအိုကျုံ့စွမ်းအား။

ချင်ရှန်းသည် ကြောင်အမ်းအမ်းဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ဖန်ကျန်းရီ ဖြစ်နေသည်ကို မြင်တော့ ချက်ချင်း မျက်နှာတစ်ခုလုံး နီရဲသွား၏။

သူ၏ ကိုယ်ရေးကိုယ်တာ လုပ်ရပ်ကို မြို့ဝန်ဖန်က အတိအကျ မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ … ထို့ကြောင့် ခေါင်းငုံ့ကာ တိုးတိုးလေး ဖြေလိုက်သည်။ “မြို့ဝန်ဖန် … အားလုံးက ဒီလိုပဲ မဟုတ်ဘူးလား”

“သန့်စင်ခန်းက ခင်ဗျားနဲ့ နံရံတစ်ချပ်ပဲ ခြားတာလေ။ ဒီအတိုင်း ဆိုင်းဘုတ်ချိတ်ပြီး သွားလိုက်ရင် ရနေတာပဲ မဟုတ်ဘူးလား” ဖန်ကျန်းရီက ပြန်မေးလိုက်၏။

ချင်ရှန်းသည် ခေါင်းမော့လာပြီး မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေသည်။ စမ်းသပ်သည့် လေသံဖြင့် မေးလိုက်သည်။ “မြို့ဝန် … ခင်ဗျား မသိလို့လား”

“မသိဘူး။ ကျုပ်က ဘာကို မသိတာလဲ” ဤတစ်ကြိမ်တွင်တော့ ဖန်ကျန်းရီ ကြောင်သွားမည့် အလှည့် ဖြစ်သွား၏။

ချင်ရှန်းသည် ထိုအခြေအနေကို မြင်သောအခါ တခြားအရာများကို မတွေးနိုင်တော့ဘဲ အလျင်အမြန် ရှင်းပြလိုက်သည်။

“မြို့ဝန် … လုံးဝ သန့်စင်ခန်းကို သွားလို့ မရဘူး။ သွားရင် အဖြေလွှာကို အသိမ်းခံရမှာ။ စာမေးပွဲ ကြီးကြပ်ရေးမှူးက ကျောင်းသားတွေက ဇွဲလုံ့လ မရှိဘူးလို့ ထင်လိမ့်မယ်။ ဒါမှမဟုတ် သန့်စင်ခန်းသွားတာက အရမ်း ကံဆိုးစေတယ်ဆိုပြီး စာရွက်ပေါ်မှာ အညစ်အကြေးတံဆိပ်တုံး လာထုသွားလိမ့်မယ်။ အဲဒီလို စာရွက်မျိုးဆိုရင် ဘယ်လောက်ပဲ ကောင်းအောင် ဖြေထား၊ ဖြေထား စာမေးပွဲကြီးကြပ်ရေးမှူးက ကြည့်မှာ မဟုတ်ဘူး … အဲဒါဆိုရင် အလကား စာမေးပွဲ ဖြေလိုက်ရသလို ဖြစ်သွားမှာပေါ့။ ဟူး … ဒီလို မတော်တဆမှုတွေ ဖြစ်လာမှာကို ကြောက်လို့ … ဒါကြောင့် လုံးဝ သွားလို့ မရဘူး”

ဟမ်။

ဖန်ကျန်းရီ အံ့အားသင့်သွားသည်။ ကိုယ်တိုင်က နိုင်ငံတော်စာမေးပွဲနှင့် ပတ်သက်သည့် ပုံမှန်ကိစ္စ အတော်များများကို စုံစမ်းထားခဲ့သော်လည်း ဤကဲ့သို့ လျှို့ဝှက်စည်းမျဉ်းမျိုးကိုတော့ သူ့ကို ဘယ်သူမှ မပြောပြခဲ့ဖူးပေ။

အိမ်သာတက်သည်က စာရွက်ကို အကျုံးမဝင် ဖြစ်သွားစေသည် ဆိုခြင်းမှာ အရမ်းကို လူမဆန်လွန်းရာကျသည်။

“အညစ်အကြေးတံဆိပ်တုံးဆိုတာ ဘာကြီးလဲ။ ကျုပ်မှာ ဘာလို့ မရှိတာလဲ” ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မေးခွန်း ထုတ်စရာများ အပြည့်ဖြစ်နေ၏။

“အဲဒါက စာမထွင်းထားတဲ့ တံဆိပ်တုံး အသေးလေး တစ်ခုပဲ။ စာရွက်ပေါ်မှာ အမည်းရောင် အမှတ်အသားတစ်ခု ထုပေးလိုက်တာ။ အဲဒါကို အညစ်အကြေးတံဆိပ်တုံးလို့ ခေါ်တယ်။ အားလုံးက မရေးထားတဲ့ စည်းမျဉ်းတွေပဲ … တံဆိပ်တုံးကိုတော့ စာမေးပွဲကြီးကြပ်ရေးမှူးတွေ ကိုယ့်ဘာသာ ပြင်ဆင်လာကြတာ ဖြစ်မယ်”

ချင်ရှန်းသည် မြို့ဝန်ဖန် ဤကိစ္စမသိခြင်းအား နားမလည်နိုင် ဖြစ်နေ၏။ သူ ပြည်နယ်စာမေးပွဲ ဖြေတုန်းက ဤစည်းမျဉ်း မရှိသေးတာများလား။

“အင်း … ခင်ဗျား ဆက်ရေးတော့”

ဖန်ကျန်းရီသည် လှည့်ထွက်သွားပြီး ရင်ထဲတွင်တော့ ထိုအညစ်အကြေးတံဆိပ်တုံး ဆိုသည်ကို စဉ်းစားနေမိသည်။

စာမေးပွဲခန်းထဲတွင် ဤသို့ ယုတ္တိမတန်တဲ့ အရာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ … သို့ပေမည့် သေချာ စဉ်းစားကြည့်လျှင် ဤမျှလောက် မတင်းကျပ်သင့်ပေ။

စာမေးပွဲကြီးကြပ်ရေးမှူး ဆိုသည်မှာလည်း လူတွေပင်ဖြစ်သည်။ အဘယ့်ကြောင့် ကျောင်းသားတွေကို နားလည်မပေးရသနည်း။

သန့်စင်ခန်းသို့ သွားရောက်သူ တစ်ဦးရှိတိုင်း သူတစ်ပါး၏ အဖြေလွှာပေါ်၌ တံဆိပ်တုံး လိုက်လံနှိပ်ပေးနေ၍ မဖြစ်နိုင်ပေ။

ညဉ့်ယံအချိန်တွင် သန့်စင်ခန်းသွားရောက်နိုင်သော်လည်း မည်သူက ညဘက်အထိ အောင့်ထားမည်နည်း။

တစ်ရက်တာကို ဖြတ်သန်းရန်ဆိုသည်မှာ လုံးဝ မလွယ်ကူလှချေ။ ကိုးရက်တိုင်တိုင် ဆက်တိုက် ဖြေဆိုပြီးသွားချိန်၌ ကျောင်းသား မည်မျှကျန်ရှိနေမည်နည်း။

ကျောင်းသားများအနေဖြင့် ထမင်းမစားဘဲ နေမည်ဆိုပါက ကြိတ်မှိတ်ကာ ဖြတ်သန်းသွားနိုင်မည် ဆိုသော်ငြားလည်း သုံးရက်တိုင်တိုင် အစားအသောက်များကို ကောင်းမွန်စွာ မစားသုံးရသည့်အပြင် နံရံထောင့်ကိုသာ မှီ၍ အိပ်စက်ရမည်ဆိုလျှင် ထိုသူ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နိုင်ပါဦးမည်လား။

ဖန်ကျန်းရီသည် မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ကြည့်မိရာ သူကိုယ်တိုင်လည်း ထိုမျှအထိ တောင့်ခံနိုင်မည် မဟုတ်ကြောင်း သိလိုက်ရသည်။

စာမေးပွဲဟူသည်မှာ အရည်အချင်းကို စစ်ဆေးခြင်းသာ ဖြစ်သည်။ အူမကြီး၏ သိုလှောင်ဆံ့နိုင်စွမ်းနှင့် စအို၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ယှဉ်ပြိုင်နေကြခြင်း မဟုတ်ပေ။ ဤသည်မှာ အဘယ်သို့သော အရာမျိုးနည်း။

ကိုးရက်သာ ကြာမြင့်သွားပါလျှင် မိမိလက်အောက်ရှိ ထိုသတင်းထောက်များအားလုံး ရူးသွပ်သွားမတတ် ခံစားရပေလိမ့်မည်။

၎င်းတို့အား စာမေးပွဲ မအောင်မြင်စေချင်သည်မှာ မှန်သော်ငြားလည်း သူတို့အားလုံး စာမေးပွဲခန်းအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သောကြောင့် ကူညီမည့် ကူညီ ထိရောက်စွာ ကူညီပေးရမည်သာ ဖြစ်သည်။

သန့်စင်ခန်းသို့ မသွားရဲကြပါလျှင် အစားအသောက်လည်း စားရဲကြတော့မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ၏ ကမာကောင်၊ အမဲသားခြောက်နှင့် ခေါက်ဆွဲခြောက် ဟူသော နွေးထွေးသည့် တိုက်စစ်ဆင်မှုကြီးမှာ အချည်းနှီး ပြင်ဆင်လိုက်ရသကဲ့သို့ ဖြစ်သွားပေတော့မည်။

ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် အနောက်သို့ ပြန်သွားပြီး ကျန်းတုန်ရှန်းကို ဤအခြေအနေနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်းရန် ပြင်ဆင်လိုက်သည်။

ရုံးခန်းသို့ ပြန်သည့် လမ်းတွင်လည်း နံစော်နေသော ချွေးများ ထွက်နေပြီး အခန်းထဲသို့ ဝင်ရောက် လာချိန်တွင်တော့ ခန္ဓာကိုယ်ပေါ်၌ စေးကပ်ကပ် ဖြစ်နေကာ အလွန် နေရခက်နေပြီ ဖြစ်၏။

ကျန်းတုန်ရှန်းကတော့ အားလပ်နေ၏။ စာမေးပွဲ စပြီးနောက် ရိုးရှင်းစွာ တစ်ပတ်ခန့် လှည့်လည်စစ်ဆေးပြီး ရုံးခန်းထဲသို့ ပြန်ရောက်လာခဲ့ရာ ထိုအချိန်တွင် သူ၏စားပွဲရှေ့၌ လက်ဖက်ရည် တစ်ခွက် တင်ထားပြီး အေးဆေးစွာ စာအုပ်ဖတ်နေသည်။

ဖန်ကျန်းရီ ပြေးပြန်လာသည်ကို မြင်သောအခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “မင်းက စာမေးပွဲ မကြီးကြပ်ဘဲ ဘာလို့ ပြေးပြန်လာတာလဲ”

ဖန်ကျန်းရီက မဖြေဘဲ အရင် မေးလိုက်သည်။ “အာ … ဦးလေးသုံး … စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံထဲမှာ ဘယ်နေရာ ရေချိုးလို့ ရလဲ”

“ရေချိုးမလို့” ကျန်းတုန်ရှန်းသည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်၏။

“အာ … ဟုတ်တယ် … ရေချိုးမလို့” ဖန်ကျန်းရီက ဖြေလိုက်သည်။

“မြို့ဝန်ဖန်ရယ် … ဘာရေချိုးမှာလဲ။ သုံးရက်နေရင် အိမ်ပြန်လို့ ရပြီလေ။ ရိုးရိုးရှင်းရှင်းလေး မျက်နှာသစ်လိုက်ရင် ရနေပြီပဲ။ ဒီမှာ အဲဒီလိုမျိုး မရှိဘူး”

ကျန်းတုန်ရှန်းက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး အေးဆေးစွာ ပြောလိုက်၏။ “သုံးရက်လေးပဲ နေရမှာကို မင်းက နေ့တိုင်း ရေချိုးအုံးမလို့လား”

“ဒါမှမဟုတ်ရင် … ခင်ဗျားတို့ရော ရေမချိုးဘူးလား” ဖန်ကျန်းရီက မျက်တောင်ခတ်လိုက်သည်။

“အာ … ငါးရက်မှ တစ်ခါ အားလပ်ရက် ရတာဆိုတော့ သေချာပေါက် ငါးရက်မှ တစ်ခါ ရေချိုးတာပေါ့။ ဟင် … မင်းက သန့်ရှင်းရေး အရမ်း ဂရုစိုက်လွန်းတဲ့ ရောဂါ ရှိနေတာလား” ကျန်းတုန်ရှန်းက သံသယဖြင့် မေးလိုက်သည်။

ပုံမှန်အားဖြင့် လုပ်ဖော်ကိုင်ဖက်များသည် ငါးရက်တစ်ကြိမ် ရေချိုးခြင်းက ပုံမှန်ဟု သတ်မှတ်ထားကြပြီး ရာသီဥတု ပူသောအခါမှ သုံးရက်တစ်ကြိမ် ရေချိုးကြသည်။ ပုံမှန်အားဖြင့် မျက်နှာသစ်၊ ခြေထောက်ဆေးခြင်း မှလွဲ၍ ခန္ဓာကိုယ်ကို ရိုးရိုးရှင်းရှင်း ရေပတ်တိုက်ရုံသာ ပြုလုပ်ကြ၏။

နှစ်ရက်တစ်ကြိမ် ရေချိုးသူများပင် အလွန် ရှားပါးလှသည်။ တော်ဝင်မျိုးနွယ်လည်း မဟုတ်ဘဲ အဘယ့်ကြောင့် ဇီဇာကြောင်နေရသနည်း။

တစ်နေ့တစ်ကြိမ် ဆိုသည်မှာ လုံးဝကို သန့်ရှင်းရေး အရမ်း ဂရုစိုက်လွန်းသည့် ရောဂါ မဟုတ်ပါလား။

“……”

ဖန်ကျန်းရီ စကားမဆိုနိုင်တော့ပေ။ ပြည်သူတွေ ရေမချိုးတာကို နားလည်ပေးနိုင်ပေမဲ့ နန်းတွင်းအမတ်တွေလည်း ရေမချိုးတာကိုတော့ သူလုံးဝ လက်သင့်မခံနိုင်ပေ။

“ရာသီဥတုက ဒီလောက် ပူနေတာ။ ချွေးထွက်တာကို ခင်ဗျားတို့ ရေမချိုးဘူးလား”

“ရေစိုဝတ်လေးနဲ့ တစ်ချက် သုတ်လိုက်ရင် ရပြီလေ။ ကျုပ် ပြောမယ် မြို့ဝန်ဖန် … ဒါက စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံပဲ။ မင်းအိမ် မဟုတ်ဘူး။ ဘယ်သူကများ ဒီလို ဖြတ်သန်းလာခဲ့ရတာ မဟုတ်လို့လဲ” ကျန်းတုန်ရှန်း သည် မကျေမနပ် မျက်နှာထားဖြင့် လက်ထဲမှ စာအုပ်ကို ချထားလိုက်သည်။

ဖန်ကျန်းရီ သူ့ကိုကြည့်သည့် အကြည့်က ကူးစက်ရောဂါတစ်ခုကို ကြည့်နေသလိုပင်။

ဖန်ကျန်းရီက ရင်ထဲတွင် တွေးလိုက်သည်။ ဒါကြောင့်မို့ ညီလာခံတက်တဲ့ အချိန်တိုင်း သောက်ကျိုးနည်း အနံ့ဆိုးတွေ အမြဲရနေတာကိုး။ တကယ်တော့ ခင်ဗျားတို့ အဘိုးကြီးတွေက ရေမှ မချိုးကြတာကိုး။

“မင်း ပြန်လာတာ ဘာကိစ္စ ရှိလို့လဲ။ ဘာကိစ္စမှ မရှိရင် ပြန်ပြီး စာမေးပွဲ ကြီးကြပ်တော့” ကျန်းတုန်ရှန်းက စာအုပ်ကို လှမ်းယူလိုက်ပြီး မျက်နှာပေါ်တွင် အနည်းငယ် စိတ်ရှုပ်နေသည့် အမူအရာ ပေါ်လာ၏။

“ရှိတယ်။ ကျုပ် အဲဒီ အညစ်အကြေးတံဆိပ်တုံးဆိုတာ ဘာအခြေအနေလဲ မေးချင်လို့။ ဘာလို့ ကျောင်းသားတွေ သန့်စင်ခန်းသွားတာကို တံဆိပ်တုံး အထုခံရတာလဲ”

ကျန်းတုန်ရှန်းက စာအုပ်ကို ထပ်ချလိုက်ပြန်ပြီး ဖန်ကျန်းရီကို သံသယဖြင့် အထက်အောက် နှစ်ချက်ခန့် ကြည့်လိုက်သည်။

“ဒါက ဘာများ မေးစရာ ရှိလို့လဲ။ အမြဲတမ်း ဒီလိုပဲ။ ပြည်နယ်စာမေးပွဲရဲ့ စည်းမျဉ်းကို မင်း နားမလည်ဘူးလား။ နောက်ပြီး အညစ်အကြေးတံဆိပ်တုံးလို့ မပြောနဲ့။ တံဆိပ်တုံးလို့ ခေါ်ရင် ရပြီ။ ရိုင်းစိုင်းတယ်”

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အမူအရာ ပေါ်လာသည်။ စာမေးပွဲခန်းထဲမှာ ဆီးသွားတာ ကျတော့ ယဉ်ကျေးလား။ ဟမ့် ..။

“ပြည်နယ်စာမေးပွဲမှာ ဘာစည်းမျဉ်းတွေ ရှိလဲဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ဒီတံဆိပ်တုံးကတော့ တရားဝင် သတ်မှတ်ထားတာ မဟုတ်ဘူးလေ။ ဒီလိုလုပ်တာက အရှင်မင်းကြီးကို လှည့်စားရာ မရောက်ဘူးလား” ဖန်ကျန်းရီက အေးဆေးစွာ ပြောလိုက်သည်။

“စကားကို ဆင်ခြင်ပြောပါ”

ကျန်းတုန်ရှန်း၏ မျက်နှာထားသည် တဖြည်းဖြည်း လေးနက်လာ၏။ “ဒါက ဘယ်လိုလုပ် အရှင်မင်းကြီးကို လှည့်စားရာ ရောက်မှာလဲ။ အရင်က စာမေးပွဲတွေ အားလုံးက ဒီစည်းမျဉ်းတွေအတိုင်းပဲ။ ငါ ပြည်နယ်စာမေးပွဲ ဖြေတုန်းကလည်း ဒီလိုပဲ။ အခုလည်း ဒီလိုပဲ။

နိုင်ငံတော်စာမေးပွဲက အရည်အချင်းရှိသူကို ရွေးချယ်တာဆိုတော့ ကျောင်းသားရဲ့ အရည်အချင်းတင် မကဘူး။ ကျောင်းသားရဲ့ အရည်အသွေးကိုပါ ကြည့်ရတာ။

နန်းတွင်းက အမတ်ကြီးတွေ အားလုံးကလည်း ဒီလိုပဲ သည်းခံပြီး ဖြတ်သန်းလာခဲ့ကြတာပဲ။ မင်းရော ဒီလိုမဟုတ်ဘူးလား။ ဒီဒုက္ခကို ဘယ်သူမဆို ခံရမှာပဲ။

ဒါ့အပြင် … စာမေးပွဲကြီးကြပ်ရေးမှူးတွေက ကျောင်းသားတွေရဲ့ အခက်အခဲကို လုံးဝ နားမလည်ပေးတာ မဟုတ်ဘူး … အရေးပေါ် ဖျားနာတာ၊ ဗိုက်နာတာမျိုးဆိုရင် စာမေးပွဲကြီးကြပ်ရေးမှူးက တံဆိပ်တုံး ထုမှာ မဟုတ်ပါဘူး”

ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ရယ်စရာပဲ။ ဒီလို ဆင်းရဲဒုက္ခခံတာနဲ့ သည်းခံတာက ဘာအဓိပ္ပာယ်များ ရှိလို့လဲ”

ယခင်ဘဝက ဆင်းရဲဒုက္ခခံရသည့် ပညာရေးကို သင်ကြားခဲ့ရပြီး ဤဘဝမှာလည်း လာပြန်ပြီလား။

ဆင်းရဲဒုက္ခခံသည် ဆိုသော ကိစ္စက သူ့ဟာသူ ဘာအဓိပ္ပာယ်မှ မရှိပေမဲ့ အမြဲတမ်းဆိုသလိုပဲ တစ်ယောက်ယောက်က ဆင်းရဲဒုက္ခခံနိုင်သည်ကို ဂုဏ်ကျက်သရေတစ်ခု အဖြစ် အလှဆင်ချင်နေကြ၏။

“နန်းတွင်းက အမတ်ကြီးတွေ အားလုံးက ဒီလို ဆင်းရဲဒုက္ခခံပြီး ဖြတ်သန်းလာခဲ့ကြတာဆိုရင် ဒီစည်းမျဉ်းကို ဖျက်သိမ်းပစ်သင့်တယ်။ ဆင်းရဲဒုက္ခရဲ့ အရသာကို ခင်ဗျားတို့က ဘယ်သူ့ထက်မဆို ပိုသိတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလို ဖောက်လွဲဖောက်ပြန် အကျင့်စရိုက်တွေကို အားပေးအားမြှောက်လုပ်ပြီး မျိုးဆက်အဆက်ဆက် ကျောင်းသားတွေ ကို နှိပ်စက်နေမှာလဲ”

သူ ဤသို့ပြောသည်ကို ကြားသောအခါ ကျန်းတုန်ရှန်း၏ မျက်နှာထားသည် မထင်မှတ်ဘဲ ပြေလျော့သွားပြီး လေသံမှာလည်း အတော်လေး တည်ငြိမ်သွားကာ စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလိုက်သည်။

“စာပေပညာရှင်ဆိုတာ ကိုယ့်ရဲ့ စိတ်ဆန္ဒကို ခက်ခဲအောင် လုပ်ပြီး ခန္ဓာကိုယ်ကို ပင်ပန်းအောင် လုပ်ရမယ်။ အရည်အချင်းနဲ့ သည်းခံနိုင်စွမ်းက တစ်ခုမှ လျော့နေလို့ မရဘူး … ဒါက သေးငယ်တဲ့ စမ်းသပ်မှုလေး တစ်ခုပဲ။ ဘာမှ မဟုတ်ပါဘူး။ ဒီလောက် ဒုက္ခလေးကိုတောင် သည်းမခံနိုင်ရင် နောင်ကျ ဘယ်လိုလုပ် ကြီးမားတဲ့ ကိစ္စတွေကို လုပ်နိုင်မှာလဲ။ မင်း နားလည်ပြီလား”

ဖန်ကျန်းရီသည် ခဏမျှ တိတ်ဆိတ်သွား၏။

“နားလည်ပြီ။ စအိုကျုံ့ထားနိုင်ရင် ကြီးမားတဲ့ ကိစ္စတွေကို လုပ်နိုင်တာပဲ”

“……”

All Chapters