အခန်း ၃၅၃
Vol. 20 Ch. 353
အပိုင်း (၃၅၃) ပတ်သက်ရာ ပတ်သက်ကြောင်း။
“ဒီလူကတော့ ဘာတွေ ကြောင်တောင်တောင် လာပြောနေတာလဲ”
ကျန်းတုန်ရှန်းမှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
သူ့အနေဖြင့် အချိန်အတော်ကြာအောင် ပါးစပ်ညောင်းခံကာ ရှင်းပြနေခဲ့ရသော်လည်း ဖန်ကျန်းရီက ဤမျှ ရိုင်းစိုင်းသည့် စကားမျိုးဖြင့် ခပ်တည်တည် တုံ့ပြန်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
‘စအိုကို တင်းတင်းကျပ်ကျပ် ကျုံ့ထားနိုင်လေ အောင်မြင်မှု ကြီးမားလေပဲ’ တဲ့လား … ဒါက လူတွေ ပြောထွက်နိုင်တဲ့ စကားမျိုးလား။ မင်းရဲ့ စာအုပ်တွေက ခွေးဗိုက်ထဲ ရောက်သွားပြီလား။
တွေးလေ ဒေါသထွက်လေပင်။ ကျန်းတုန်ရှန်းက ဖန်ကျန်းရီကို လက်ညိုးထိုးကာ ဒေါသတကြီးဖြင့် ဟစ်အော်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်း။ မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
ဖန်ကျန်းရီသည် ဂရုမစိုက်ဟန်ဖြင့် ပခုံးကို တွန့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
လူတွေက ခေါင်းမာလာပြီဆိုလျှင် မည်သည့်အကြောင်းပြချက်နှင့်မှ ရှင်းပြ၍ မရတတ်ပေ။ သူ့အလကား အချိန်ဖြုန်းကာ ရှင်းပြနေမည့်အစား တံတွေး နည်းနည်း ချွေတာလိုက်တာကမှ ပိုကောင်းသေး၏။
“ထပ်ပြီး ပြဿနာ ရှိသေးလား။ ပြဿနာ မရှိရင် အမြန်ပြန်ပြီး စာမေးပွဲ ကြီးကြပ်တော့”
ကျန်းတုန်ရှန်းက ဆက်လက် အော်ငေါက်လိုက်သည်။
ဖန်ကျန်းရီသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ယူ၍ တဂွတ်ဂွတ်နှင့် အကုန်သောက်ချလိုက်သည်။ ပြီးနောက် လက်ဖက်ရည်အိုးကို စားပွဲပေါ်သို့ အားကုန် ဆောင့်ချကာ လှည့်၍ မိုက်တိမိုက်ကန်း ထွက်ခွာသွားတော့၏။
ကျန်းတုန်ရှန်း တစ်ယောက်တည်း ထိုနေရာတွင် ဒေါသတကြီးဖြင့် မုတ်ဆိတ်မွေးများကို တဖူးဖူး မှုတ်ထုတ်ကာ မျက်လုံးပြူးလျက် ကျန်ရစ်ခဲ့သည်။
မူလက သူသည် ထမင်းတစ်နပ် စားပြီးမှ စာမေးပွဲ ပြန်ကြီးကြပ်ရန် စဉ်းစားထားသော်လည်း စာမေးပွဲခန်းထဲမှ ထိုညစ်ပတ်သော ကိစ္စများကို တွေးမိတော့ ခံတွင်းပျက်သွား၏။
နောက်ပြီး စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံ၏ သန့်စင်ခန်းကလည်း အလွန် အသုံးမကျသောကြောင့် မသွားလေ ပိုကောင်းလေပင် ဖြစ်သည်။ ဘာမှ လုပ်စရာ မရှိသောကြောင့် စာမေးပွဲခန်းထဲတွင်သာ ဆက်လက်၍ လှည့်ပတ်နေရတော့သည်။
ထိုအချိန်တွင် စာမေးပွဲဖြေဆိုနေသော ကျောင်းသား အများအပြားလည်း ဗိုက်ဆာလာကြပြီ ဖြစ်ရာ ခြင်းတောင်း ထဲမှ မုန့်ပြားကဲ့သို့ ရိက္ခာခြောက်များကို ထုတ်ယူကာ အပိုင်းသေးသေးလေး တစ်ပိုင်းကို ဖဲ့၍ တစ်လုတ်ချင်းစီ အားပါးတရ စားသောက်နေကြ၏။
စားရင်း ပါးစပ်ခြောက်လာပါက ခံတွင်းစိုစွတ်စေရန် ရေတစ်ငုံခန့် ငုံလိုက်ကြပြီး အများကြီး သောက်ရန်တော့ လုံးဝ မဝံ့ရဲကြပေ။
ရေများများသောက်မိပါက အလေးအပေါ့ သွားချင်လာမည်ကို စိုးရိမ်သောကြောင့် မိမိတို့၏ သဘာဝ ဇီဝကမ္မဗေဒ ဗီဇကို အတတ်နိုင်ဆုံး ကြိတ်မှိတ် ထိန်းချုပ်ထားကြရသည်။
ဖန်ကျန်းရီသည် ထိုမြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ခေါင်းယမ်းလိုက်မိ၏။
ခက်ခဲလိုက်တာ … အရမ်းကို ခက်ခဲလွန်းတယ်။ စာမေးပွဲ ပတ်ဝန်းကျင်က လုံလောက်အောင် ဆိုးရွားနေပြီကို ဒီလိုဒုက္ခမျိုးကို အလကား ထပ်ခံနေရသေးတယ်။ ဒီလို ဇွဲလုံ့လမျိုး ရှိတယ်ဆိုရင် ငါ့ဆီမှာ အလုပ်လာလုပ်သင့်တာပဲ။
လှည့်ပတ်သွားလာရင်း ဖန်ကျန်းရီသည် ရှန်ရီ ရှိရာသို့ ပြန်ရောက်လာခဲ့သည်။ ရှန်ရီကတော့ အခုလေးတင် စားပြီးသွားပုံရပြီး စားပွဲပေါ် မှောက်ကာ ခေါင်းငုံ့၍ စာရေးနေသည်။
စားပွဲပေါ်တွင် သိမ်းဆည်းမည့်သူကို စောင့်နေသော ပန်းကန်ခွက်ယောက် အလွတ်များ ရှိနေပြီး ကြည့်ရသည်မှာ ပစ္စည်းများကို ထမင်းချက်ကို ပေးကာ နောက်ဖေးမီးဖိုချောင်တွင် ချက်ပြုတ်ခိုင်းပြီးမှ စားသောက်ခဲ့ပုံ ရ၏။
လူတစ်ယောက် ရောက်လာသည်ကို ခံစားမိလိုက်သဖြင့် ရှန်ရီသည် ခေါင်းမော့ကြည့်လိုက်ရာ ဖန်ကျန်းရီ လျှောက်လာသည်ကို မြင်လိုက်သည်။ မျက်လုံးထဲတွင် အံ့သြဝမ်းသာမှု အချို့ ဖြတ်ပြေးသွားပြီး ချက်ချင်းပဲ လက်ကို မြှောက်လိုက်သည်။
ဖန်ကျန်းရီက ထိုအခြေအနေကို မြင်သောအခါ အနီးသို့ ခပ်သုတ်သုတ် သွားလိုက်ရာ ရှန်ရီက တိုးတိုးလေး ပြောလိုက်၏။
“မြို့ဝန်ဖန် … ကျုပ် သန့်စင်ခန်း သွားချင်တယ်”
“အင်း … ဆိုင်းဘုတ် ချိတ်လိုက်။ သွားစို့”
ရှန်ရီသည် ချက်ချင်း ထရပ်ကာ သန့်စင်ခန်းသွားမည့် ဆိုင်းဘုတ်ကို နံရံတွင် ချိတ်ဆွဲလိုက်ပြီးနောက် စာမေးပွဲခန်း ထဲမှ ထွက်လာခဲ့သည်။
ဖန်ကျန်းရီသည် စားပွဲပေါ်ရှိ အဖြေလွှာကို သိမ်းယူကာ လက်ထဲတွင် ကိုင်ထားလိုက်ပြီး သတိပေးလိုက်၏။
“သွား … ဘေးဘီဝဲယာကို မကြည့်နဲ့”
သူတို့နှစ်ယောက်သည် ဘေးချင်ယှဉ်ကာဖြင့် အောက်ဆုံးခန်း၏ ဦးတည်ရာဘက်သို့ လျှောက်သွားခဲ့ကြသည်။
သန့်စင်ခန်းအတွင်းသို့ ရောက်သောအခါ အထဲတွင် သစ်သားပြားများဖြင့် ပိုင်းခြားထားပြီး အခန်းငယ်လေးများအဖြစ် ခွဲခြားထား၏။
ရှန်ရီက အထဲသို့ ဝင်ကာ အလေးအပေါ့ သွားနေပြီး ဖန်ကျန်းရီကတော့ သစ်သားပြား တစ်ချပ်ခြား အပြင်ဘက်မှ နေ၍ အဆက်မပြတ် သက်ပြင်းချနေသည်။
ကိုယ်တိုင် စာမေးပွဲ ကြီးကြပ်ရတဲ့အပြင် လူတွေ အိမ်သာတက်တာကိုပါ လိုက်စောင့်ကြည့်ပေးနေရတယ်။ သတင်းထောက် ဆယ်ယောက်ကျော်လောက်ကို ငါက ဘယ်အချိန်အထိ ကူညီပေးနေရမှာလဲ။ ဒီအလုပ် လက်ခံလိုက်တာက သောက်ကျိုးနည်း ဒုက္ခပဲ။
“မွန်းတည့်ချိန်က အများကြီး စားလိုက်တယ် မဟုတ်လား။ ကျုပ် ပြောမယ် … ခင်ဗျား တံဆိပ်တုံး လာထုတာကို မကြောက်ဘူးလား”
ဖန်ကျန်းရီက အပြင်မှနေ၍ မေးလိုက်သည်။
“သဘာဝကျစွာပဲ ကြောက်တာပေါ့ … ဒါပေမဲ့ မြို့ဝန်က သေချာပေါက် ရောက်လာမယ်ဆိုတာ ကျုပ် သိနေလို့ ပိုစားရဲတာပါ”
ရှန်ရီ၏ အသံသည် သစ်သားပြားကို ကျော်လွန်၍ ထွက်ပေါ်လာ၏။
“မြို့ဝန် … ခင်ဗျားရဲ့ စောင့်ရှောက်မှုကြောင့် တော်သေးတာပေါ့။ မဟုတ်ရင် ကျုပ် တကယ် ဘယ်လိုလုပ်ရမှန်း သိမှာ မဟုတ်ဘူး။ အရင်က စာမေးပွဲတွေတိုင်းမှာ ဖိနပ်ရှည်ထဲမှာ အလေးအပေါ့ သွားတဲ့သူတွေ ရှိတယ်လို့ ကြားဖူးတယ်။ ခြေအိတ်ထဲမှာ ဖြေရှင်းတဲ့ သူတွေတောင် ရှိသေးတယ်တဲ့။
ဟူး … အနောက်မှာ ရှစ်ရက်တောင် ကျန်သေးတယ်။ တကယ်ပဲ ဘယ်လို ဖြတ်သန်းရမလဲ မသိတော့ဘူး။ အကြိမ်တိုင်း ခင်ဗျားကို အလုပ်ရှုပ်ခံခိုင်းဖို့ကလည်း မကောင်းဘူး။
မနက်ဖြန်တော့ ကျုပ် ထမင်းမစားတော့ဖို့ စဉ်းစားထားတယ်။ တစ်ရက် နှစ်ရက်လောက် ထမင်းမစားတာက ဘာမှ မဖြစ်လောက်ပါဘူး”
“အင်း … ကိစ္စမရှိပါဘူး။ စားစရာရှိတာ စားပါ။ စာမေးပွဲကို အနှောင့်အယှက် မဖြစ်စေနဲ့”
ဖန်ကျန်းရီသည် ပါးစပ်မှ သဘောတူလိုက်သော်လည်း ရင်ထဲတွင် အကြိမ်ကြိမ် ဝေခွဲမရ ဖြစ်နေသည်။
ဟုတ်သားပဲ … သောက်ကျိုးနည်း ရှစ်ရက်တောင် ကျန်သေးတာပဲ။
တကယ်လို့ ဖိနပ်ရှည်ထဲ အိမ်သာတက်တဲ့သူ ရှိရင် စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံက နေလို့ရပါအုံးမလား။ ကောင်းမွန်တဲ့ စာမေးပွဲခန်းကြီးက ဒီလို လျှို့ဝှက်စည်းမျဉ်းတွေကြောင့် ညစ်ပတ်တဲ့ နေရာကြီးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး … လှပတဲ့ ဆောင်းပါးတွေ အားလုံးက အနံ့ဆိုးတွေ ထွက်နေတဲ့ နေရာကနေ မွေးဖွားလာကြတာပဲ။
“ကျေးဇူးတင်ပါတယ် မြို့ဝန် … မနက်ပိုင်းက ဘေးခန်းက ကျောင်းသား ခင်ဗျားကို ဆဲနေတာ ကျုပ် ကြားလိုက်တယ်။ သူက ခင်ဗျားရဲ့ မိသားစု တစ်ခုလုံး သေပါစေလို့ ကျိန်ဆဲနေတာ။ သူ ခင်ဗျားနဲ့ ရန်ငြိုးတစ်ခုခု ရှိနေတာလား။ စာမေးပွဲပြီးရင် သူ့အိမ်ကို သွားပြီး စုံစမ်းကြည့်ရမလား”
ဟမ်။ ကျန်းချန်လား။
ဒီကောင်လေးက နောက်ကွယ်မှာ ငါ့ကို ဆဲရဲသေးတာပဲ။ ပညာပေးခံရဖို့ လိုနေပြီ။
“သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ဒီလူက ဘဏ္ဍာရေးအမတ်ရဲ့ သား ကျန်းချန်လေ” ဖန်ကျန်းရီက အေးဆေးစွာ ပြောလိုက်သည်။
“အိုးအိုး … ဒါကြောင့်ကိုး … ဒါကြောင့် စာမေးပွဲကြီးကြပ်ရေးမှူးတွေ သူနဲ့ စကားပြောတဲ့ လေသံက သာမန် မဟုတ်တာ။ နောက်ပြီး သူ သန့်စင်ခန်းသွားတာ နှစ်ကြိမ်တောင် ရှိနေပြီ။ ကြည့်ရတာ သူများတွေက သူ့ကို တံဆိပ်တုံး ထုမှာကိုလည်း ကြောက်တဲ့ပုံ မပေါ်ဘူး … ဒါက တခြားကျောင်းသားတွေအပေါ် တရားမျှတမှု မရှိဘူး”
ရှန်ရီ၏ လေသံမှာ အနည်းငယ် စိတ်ပျက်နေပုံရ၏
ဘာပဲဖြစ်ဖြစ် အဆက်အသွယ်ရှိသူနှင့် ဆုံတွေ့ရခြင်းက ရင်ထဲတွင် နေရခက်သော ခံစားမှုမျိုး ရတတ်သည်။ သို့ပေမည့် သေချာ စဉ်းစားကြည့်လိုက်လျှင် သူကိုယ်တိုင်ကလည်း အတိုင်းအတာ တစ်ခုအထိတော့ အဆက်အသွယ်ရှိသူ ဖြစ်နေသည် မဟုတ်ပါလား။
သာမန် ကျောင်းသားသာ ဆိုလျှင် … ရှစ်ဆယ်ရာခိုင်နှုန်းလောက်က သန့်စင်ခန်းကို သွားရဲမည် မဟုတ်ပေ။
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဒီလောကကြီးမှာ မတရားတဲ့ ကိစ္စတွေက အများကြီးပဲ။ အရာရှိလုပ်တာဖြစ်ဖြစ်၊ သတင်းထောက်လုပ်တာဖြစ်ဖြစ် မတရားမှုတွေကို ဖြေရှင်းဖို့အတွက်ပဲ မဟုတ်ဘူးလား။ တစ်ခုကြုံရင် တစ်ခု ဖြေရှင်းရုံပေါ့။”
ထိုအချိန်တွင် ရှန်ရီက တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့ပြီး ဖန်ကျန်းရီအား တက်ကြွသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။ “ဒီကိစ္စကို ဖြေရှင်းလို့ ရနိုင်ပါ့မလား။”
ရှန်ရီ၏ အကြည့်နှင့် ဆုံမိချိန်မှာတော့ ဖန်ကျန်းရီမှာ ရုတ်တရက် အပြစ်လုပ်ထားသလို ခံစားလိုက်ရ၏။
ကျုပ်က ဟန်လုပ်ပြီး ပြောတာကို ခင်ဗျားက ဘယ်လိုလုပ် အတည်ယူသွားရတာလဲ။
သို့သော်လည်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် မျက်နှာအပျက်ခံ၍ မဖြစ်ပေ။ မျက်နှာပန်းလှစေရန် ဖန်ကျန်းရီက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဒါပေါ့ … ရှိတာပေါ့။”
“ဘယ်လို ဖြေရှင်းမှာလဲ။”
“အေး… အဲဒီကိစ္စကို ခင်ဗျား ဂရုစိုက်နေစရာ မလိုဘူး။ စာမေးပွဲခန်းကို မြန်မြန်ပြန်ပြီး အချိန်ဖြုန်းမနေနဲ့တော့”
စကားပြောပြီးသည်နှင့် ဖန်ကျန်းရီသည် ရှန်ရီအား စာမေးပွဲခန်းဆီသို့ ပြန်လည် ဆွဲခေါ်သွားခဲ့သည်။
ပြီးနောက် သူတစ်ယောက်တည်း ဆက်လက် လမ်းလျှောက်နေရင်း စိတ်ထဲတွင် သေချာစွာ တွေးတောနေမိ၏။
ဤအိမ်သာတံဆိပ်တုံးဆိုသည့်အရာက တကယ်ကို ရွံစရာကောင်းလှသည်။ ကျောင်းသားများကို ရွံစရာကောင်း စေရုံသာမက သူကိုယ်တိုင်လည်း ရွံရှာမိသည်။
သတင်းထောက်များကို တစ်ယောက်ချင်းစီ အိမ်သာသွားနိုင်ရန် လိုက်လံကူညီပေးနေ၍လည်း မရနိုင်ပေ။ မကူညီဘဲ နေမည်ဆိုလျှင်လည်း အဆင်မပြေနိုင်ချေ။
ထို့အပြင် ကျန်းချန်ကဲ့သို့သော အဆက်အသွယ်ရှိသည့် အမှိုက်ကောင်များက သူတို့ လုပ်ချင်ရာကို လုပ်နေနိုင်ပြီး တခြားသော စာမေးပွဲစောင့် အရာရှိများကပါ ဂရုစိုက်ပေးနေကြသည်မှာ တကယ်ကို ဒေါသထွက်စရာပင်။
ဤကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမည်။
လမ်းလျှောက်လာရင်း သူ့ရှေ့မှ ဖြတ်သွားမည့် စာမေးပွဲစောင့် အရာရှိတစ်ဦးကို တွေ့လိုက်ရသဖြင့် ဖန်ကျန်းရီသည် ချက်ချင်း ထိုသူကို ဆွဲထားလိုက်၏။
ထိုအရာရှိမှာ အံ့အားသင့်သွားပြီး မေးလိုက်သည်။ “မြို့ဝန်ဖန် … ဘာကိစ္စများ ရှိလို့လဲ။”
“အိမ်သာတံဆိပ်တုံးလေး ခဏလောက် ငှားပါအုံးဗျာ။ ကျုပ် မယူလာခဲ့မိလို့။”
အရာရှိမှာ သက်ပြင်းချလိုက်မိ၏။ အလောတကြီး လုပ်နေသဖြင့် ကိစ္စကြီးတစ်ခုခုများ ဖြစ်နေပြီလားဟု ထင်မှတ်ခဲ့သော်လည်း ပစ္စည်းငှားရုံသာ ဖြစ်နေ၏။
ထို့နောက် သူ၏လက်ပွေ့အိတ်ထဲမှ အမည်းရောင် တံဆိပ်တုံးလေးတစ်ခုကို ထုတ်ပြီး သတိပေးလိုက်သည်။ “မြို့ဝန်ဖန် … သုံးပြီးရင် ပြန်ပေးဖို့ မမေ့နဲ့အုံးနော်။ တံဆိပ်တုံးလို့ပဲ ပြောပါ … အိမ်သာဆိုတဲ့ စကားလုံးကြီး ပါနေတော့ သိပ်ပြီး နားထောင်လို့ မကောင်းဘူးလေ။”
ဟွန်း … အပိုတွေ လုပ်နေတယ်။
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ခင်ဗျားဆီမှာ အပိုတစ်ခုခုများ ရှိသေးလား။”
အရာရှိမှာ ရယ်မောလိုက်သည်။ “ခင်ဗျားက ပထမဆုံးအကြိမ် စာမေးပွဲ လာစောင့်တာ မဟုတ်လား။ ဒီလိုပစ္စည်းမျိုးကို ဘယ်သူက အပို ယူလာမှာလဲ။ လူတိုင်းက တစ်ယောက်ကို တစ်ခုစီပဲ ကိုယ်တိုင် ယူလာရတာ။ ကျုပ်ကို ပြန်ပေးဖို့ မမေ့ရင် ရပါပြီ။”
“ကျေးဇူးပဲဗျာ။ ဒါဆိုရင် ကိစ္စမရှိတော့ဘူး။ ခင်ဗျား သွားလို့ရပါပြီ။”
အရာရှိ ထွက်သွားသည်ကို ကြည့်ရင်း ဖန်ကျန်းရီသည် တဟားဟား ရယ်မောလိုက်ကာ ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားလိုက်၏။
ထို့နောက် နာရီဝက်ခန့် အချိန်အတွင်းမှာပဲ သူသည် လုံ့လဝီရိယရှိသော ပျားတစ်ကောင်ကဲ့သို့ စာမေးပွဲခန်းမကြီး တစ်ခုလုံးကို ပတ်၍ သွားလာနေတော့သည်။
စာမေးပွဲစောင့် အရာရှိတစ်ဦးနှင့် တွေ့တိုင်း တံဆိပ်တုံးကို တစ်ကြိမ်စီ ငှားရမ်းခဲ့ပြီး အခြားသော သတင်းထောက် ကျောင်းသားများကိုလည်း စိတ်ချလက်ချ အိမ်သာသွားကြရန် လမ်းကြုံ သတိပေးခဲ့၏။
မကြာမီမှာပဲ စာမေးပွဲစောင့် အရာရှိများအားလုံး၏ တံဆိပ်တုံးများသည် ဖန်ကျန်းရီ၏ လက်ထဲသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ အလုပ်ရှုပ်သက်သာစေရန် သူသည် အဝတ်စတစ်ခုကို ရှာဖွေကာ အထုပ်လေးတစ်ခုအဖြစ်ပင် ထုပ်ပိုးထားလိုက်သေးသည်။
သေချာ စဉ်းစားကြည့်ပြီး အရာရှိအားလုံးနီးပါးနှင့် တွေ့ဆုံပြီးဖြစ်ကြောင်း သေချာသွားချိန်မှာတော့ ဖန်ကျန်းရီသည် အထုပ်လေးကို ဆွဲကာ အိမ်သာတစ်လုံးထဲသို့ ဝင်သွားလိုက်၏။
ထို့နောက် အထုပ်လေးကို ခါချလိုက်သည်။
ဒေါက် … ဒေါက် … ဒေါက် ဆိုသည့် အသံများနှင့်အတူ တံဆိပ်တုံး ဆယ်ခုကျော်ခန့်သည် အိမ်သာခွက်ထဲသို့ ပြုတ်ကျသွားတော့၏။
အားလုံးပြီးစီးသွားချိန်မှာတော့ သူက အိမ်သာခွက်ထဲသို့ ရေ အနည်းငယ်ကိုပါ လောင်းချပေးခဲ့သေးသည်။
ထို့နောက် ကျေနပ်အားရစွာဖြင့် လက်ခုပ်တီးကာ အိမ်သာထဲမှ ထွက်ခွာသွားခဲ့တော့၏။