← Chapters

အခန်း ၃၅၄

Vol. 20 Ch. 354

အခန်း ၃၅၄

Vol. 20 Ch. 354

အပိုင်း (၃၅၄) စားကြပါ … မစားခင်ပြောရင် အားနာရမယ်။

သေချာပေါက် ဤသို့လုပ်ရုံဖြင့် များများစားစား အသုံးဝင်မည်တော့ မဟုတ်ပေ။ အလွန်ဆုံးခံလျှင် တစ်ရက်သာ ခံပေမည်။ တံဆိပ်တုံးများကို အကုန်သိမ်းလိုက်ရုံဖြင့် စာမေးပွဲကြီးကြပ်ရေးမှူးများ တံဆိပ်တုံး ထပ်မထုတော့ဟု ဖန်ကျန်းရီ မမျှော်လင့်ထားပေ။

တံဆိပ်တုံးများကို အကုန်ပစ်လိုက်ပြီး ရုံးခန်းသို့ ပြန်ရောက်သောအခါ သူသည် စားပွဲပေါ်တွင် ခေါင်းငုံ့ကာ စာရေးနေတော့သည်။

သူ ပြန်လာသည်ကို မြင်သော် ကျန်းတုန်ရှန်းကလည်း အများကြီး မပြောတော့ပေ။ ဘာပဲဖြစ်ဖြစ် စာမေးပွဲ ကြီးကြပ်ရေးမှူးများလည်း အနားယူရန် လိုအပ်သည် မဟုတ်ပါလား။

မကြာမီ စာတစ်စောင်ရေးသား ချိတ်ပိတ်လိုက်ပြီးနောက် ဖန်ကျန်းရီသည် စာကိုကိုင်လျက် အတွင်းဘက် တံခါးပေါက်သို့ သွားလိုက်သည်။ ထိုနေရာတွင် အတွင်းနှင့် အပြင် ဆက်သွယ်ရေးအတွက် တာဝန်ယူရသော အရာရှိများ ရှိနေသည်။ မကြာမီ အပြင်ဘက် ကြီးကြပ်ရေးမှူး ရောက်လာကာ တွေ့ဆုံ၏။

ဖန်ကျန်းရီက စာနှင့် ငွေစက္ကူနှစ်ရွက်ကို ကမ်းပေးလိုက်ပြီး အပြင်ဘက် ကြီးကြပ်ရေးမှူးအား မှာကြားလိုက်သည်။ "ဒီစာကို ပန်းရှန်းနေ့စဉ်သတင်းစာတိုက်က ရှဲ့ရှန်းဆီ ရောက်အောင် ပို့ပေးဖို့ လူတစ်ယောက် ရှာပေးပါ။ ပြီးတော့ အပြင်မှာ အရသာရှိတဲ့ ဟင်းတွေနဲ့ အရက်ကောင်းတွေ ဝယ်ပြီး အမြန်လာပို့ပေးဖို့ လူထပ်ရှာပေးအုံး။

ကမာကောင်၊ ပင်လယ်မျှော့၊ ငါးမန်းတောင်၊ ငါးဖောင်းပေါင်း … အဲဒီလို အကောင်းစားတွေချည်းပဲ သေချာ ပြင်ဆင်ခဲ့။ ဒီက ထမင်းဟင်းတွေက စားမကောင်းတော့ အားလုံးက ခံတွင်းမတွေ့ကြဘူး။ ကျန်တဲ့ငွေကို အပြင်က ညီအစ်ကိုတွေအတွက်လည်း အရသာရှိတဲ့ ဟင်းတွေနဲ့ အရက်ကောင်းတွေ ဝယ်ကျွေးလိုက်။ နားလည်လား။"

အပြင်ဘက် ကြီးကြပ်ရေးမှူးက ငွေစက္ကူနှင့် စာကို ယူလိုက်ပြီး တံတွေးမြိုချကာ ပြောလိုက်၏။ "မြို့ဝန်ဖန် … ဒါက စည်းကမ်းနဲ့ မညီဘူးနော်။ စာပို့ပေးလို့ ရပေမဲ့ ဒီအရက်နဲ့ ဟင်းတွေကတော့ နည်းနည်း …"

ဖန်ကျန်းရီသည် ထိုသူ တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဒေါသထွက်သွားပြီး နောက်ထပ် ငွေစက္ကူတစ်ရွက် ထုတ်ကာ လက်ထဲသို့ ရိုက်ထည့်ပေးလိုက်သည်။ "ဒါက ပင်ပန်းကြေး။ ယူထားလိုက်။ အိုး … ထမင်းစားရုံလေးပဲကို ဘာတွေ စိုးရိမ်နေတာလဲ။ အမတ်ကြီးကျန်းက သူ အသက်ကြီးပြီမို့ နေရမယ့်အချိန် သိပ်မကျန်တော့လို့ နေ့တိုင်း အရသာရှိတာလေးတွေ စားချင်တယ်တဲ့။ အဲဒီမှာ ထိုင်ပြီး သက်ပြင်းချနေရှာတယ်။ လူတိုင်းက စိတ်ရှုပ်နေကြတာ။ ခင်ဗျား စဉ်းစားကြည့်လေ … စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံက ဒီလို အခြေအနေကြီးမှာ ဘယ်က အရသာရှိတာ သွားရှာစားလို့ ရမှာလဲ။ လူကို နည်းနည်းပါးပါးလေးတောင် ခံစားခွင့် မပေးတော့ဘူးလား။"

သူ ပြောသည်ကို ကြားသောအခါ အပြင်ဘက် ကြီးကြပ်ရေးမှူးက လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "မြို့ဝန်ဖန်က တကယ်ကို ဂရုစိုက်တတ်တာပဲ။ ကျုပ် အခုပဲ သွားလုပ်လိုက်ပါ့မယ်။"

"အေး … ဟုတ်ပြီ။ ဟုတ်ပြီ။ ဘာပြဿနာမှ တက်မှာ မဟုတ်ဘူး။ ပြဿနာတက်ရင်လည်း အမတ်ကြီးကျန်း တာဝန်ယူလိမ့်မယ်။ အပြင်က ညီအစ်ကိုတွေလည်း မလွယ်ပါဘူး။ ကောင်းကောင်း စားကြသောက်ကြပါ။ ပိုက်ဆံကို ချွေတာနေစရာ မလိုဘူး။ ပိုက်ဆံ လိုရင် ကျုပ်ဆီ ထပ်တောင်းလို့ ရတယ်။"

အပြင်ဘက် ကြီးကြပ်ရေးမှူးသည် ရင်ထဲတွင် ကြည်နူးသွားသည်။ မြို့ဝန်ဖန်က တကယ်ပဲ လူတွေကို ဂရုစိုက်တတ်သည်။ အပြင်မှ ညီအစ်ကိုတွေကိုတောင် သတိရပေးသေးသည်ဟု တွေးမိလိုက်သည်။

"ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန် … ကျုပ် အခုပဲ သွားလိုက်ပါ့မယ်။"

"အင်း … သွားတော့။ မနက်ဖြန် မနက် တစ်ယောက်ယောက် ပစ္စည်းလာပို့ရင် ကျုပ်ဆီ ချက်ချင်း လာပေးဖို့ မမေ့နဲ့နော်။"

"စိတ်ချပါ။"

...

အရာရာ စီစဉ်ပြီးစီးသွားပြီးနောက် ဖန်ကျန်းရီသည် ရုံးခန်းသို့ ကျေနပ်အားရစွာ ပြန်လာခဲ့သည်။

ယနေ့က တကယ့်ကို အလုပ်ရှုပ်ခဲ့သော်လည်း အားလုံးက ထိုက်တန်သည်။ အနည်းဆုံးတော့ သူနှင့် ကျောင်းသားများ ပိုပြီး သက်သောင့်သက်သာ ဖြစ်သွားပေမည်။

ကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်မိုက်လာသော်လည်း စာမေးပွဲကတော့ ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။ ဖန်ကျန်းရီသည် ခဏမျှ အနားယူပြီးနောက် စာမေးပွဲခန်းသို့ ပြန်သွားခဲ့၏။

နေဝင်သွားသောအခါ ကျောင်းသားတစ်ဦးစီကို ဖယောင်းတိုင် သုံးတိုင်စီ ဝေငှပေးရသည်။ ထိုဖယောင်းတိုင် သုံးတိုင် ကုန်သွားမှသာ ယနေ့အတွက် စာမေးပွဲ တရားဝင် ပြီးဆုံးမည်။

ဖန်ကျန်းရီ ဖယောင်းတိုင်များ ဝေငှပြီးသွားချိန်တွင် အခြားစာမေးပွဲကြီးကြပ်ရေးမှူး အချို့က သူ့ထံသို့ တဖြည်းဖြည်း လာရောက်ရှာဖွေကြတော့သည်။

လာရှာရသည့် အကြောင်းရင်းမှာ သဘာဝကျစွာပင် သူတို့၏ တံဆိပ်တုံးကို လာတောင်းခြင်း ဖြစ်သည်။ သန့်စင်ခန်းသွားမည့်သူ မများလှဘဲ တစ်ခါတစ်ရံ တစ်ယောက်စ နှစ်ယောက်စ လွှတ်ပေးလိုက်လျှင် ကိစ္စမရှိသော်လည်း အသုံးပြုရန်တော့ လိုအပ်သေးသည် မဟုတ်ပါလား။

ဤသည်မှာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် စည်းမျဉ်းများ ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ နေ၍မရပေ။

ဖန်ကျန်းရီသည် လူအချို့ကို အကြောင်းပြချက် တစ်ချို့ပေးကာ ရှောင်လွှဲလိုက်ပြီးနောက် နောက်ထပ် တစ်စု ရောက်လာပြန်သည်။ ဤတစ်ကြိမ်တွင် လူလေးယောက် အတူတူ လာကြခြင်း ဖြစ်သည်။ စာမေးပွဲ ကြီးကြပ်ရေးမှူးများက ကြိုတင် ဆွေးနွေးထားကြပုံရပြီး ဖန်ကျန်းရီ ဘာကြောင့် ဤမျှများပြားသော တံဆိပ်တုံးများကို ငှားသွားမှန်း မသိသော်လည်း ကောင်းသော ရည်ရွယ်ချက်တော့ သေချာပေါက် ဖြစ်နိုင်မည် မဟုတ်ပေ။

စာမေးပွဲကြီးကြပ်ရေးမှူး တစ်ယောက်က တိုက်ရိုက်ပင် မေးလိုက်သည်။ "မြို့ဝန်ဖန် … ကျုပ်တို့ရဲ့ တံဆိပ်တုံးတွေကော … ဘယ်တော့ ပြန်ပေးမှာလဲ။ နောက်ပြီး ခင်ဗျားက ဘာလို့ ဒီလောက်များတဲ့ တံဆိပ်တုံးတွေ ငှားသွားရတာလဲ။"

ဖန်ကျန်းရီက ရယ်မောပြီး ပြောလိုက်၏။ "အို … မိတ်ဆွေတို့ … တောင်းပန်ပါတယ်။ တကယ်ကို တောင်းပန်ပါတယ်။ ကျုပ်ရဲ့ မှတ်ဉာဏ်ကလေ … ရုံးခန်းကို လက်ဖက်ရည် ပြန်သောက်ရင်း အဲဒီမှာ မေ့ထားခဲ့တာ … စာမေးပွဲ ကြီးကြပ်တာ နောက်ကျမှာစိုးလို့ ပြန်မသွားချင်တော့တာနဲ့ တခြားသူတွေဆီက ငှားရင်းငှားရင်း တော်တော်များများ ဖြစ်သွားတာ။ ဒါက တိုက်ဆိုင်လိုက်တာဗျာ။ ခင်ဗျားတို့ အားလုံးကလည်း တစ်ပြိုင်တည်း လာကြတယ်ဆိုတော့ တကယ့်ကို တိုက်ဆိုင်လွန်းနေပြီ။"

စာမေးပွဲကြီးကြပ်ရေးမှူး လေးယောက်၏ မျက်နှာများမှာ မှောင်မိုက်သွားတော့သည်။ ဤမျှမေ့နိုင်သည်မှာ ဦးနှောက်ကို ရုံးခန်းတွင်များ ထားခဲ့လေသလား။

"မြို့ဝန်ဖန် … ဒါဆိုရင်လည်း ပြန်သွားယူပေးပါလား။ အားလုံးက သုံးဖို့ လိုနေသေးလို့ပါ။ ငှားပြီးရင် ပြန်ပေးရမယ် မဟုတ်လား။"

"အဲဒါက …"

ဖန်ကျန်းရီသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ "မိတ်ဆွေတို့ … ထားလိုက်ပါတော့ဗျာ။ ဒီနေ့လည်း ကုန်တော့မှာပဲ။ ဒီပစ္စည်းက အရေးတကြီး သုံးစရာလည်း မလိုပါဘူး။ ပြန်ရောက်မှ ကျုပ် ပြန်ယူပေးပါ့မယ်။ ဪ … ဟုတ်သားပဲ။ ကျုပ် အပြင်ကနေ ဟင်းတွေ၊ အရက်တွေ မှာထားတယ်။ အားလုံးပဲ တစ်နေ့လုံး ပင်ပန်းလာကြပြီဆိုတော့ ညဘက်ကျရင် ကောင်းကောင်းလေး စားကြတာပေါ့။"

သူ့သဘောထား ကောင်းမွန်နေသည်ကို မြင်သောအခါ စာမေးပွဲကြီးကြပ်ရေးမှူးများ၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။ ယနေ့ စာမေးပွဲပြီးရန် သိပ်မလိုတော့သည်မှာ မှန်သည်။ ဤပစ္စည်းမှာ သုံးသုံး မသုံးသုံး အရေးတကြီး မဟုတ်သလို မရှိမဖြစ်လည်း မဟုတ်ပေ။

"ကောင်းပြီ … မြို့ဝန်ဖန် ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ ထမင်းတော့ စားလို့ရတယ်။ အရက်ကတော့ မလိုဘူး။ ကျုပ်တို့ ညဘက်ကျရင် စာရွက်တွေ စစ်ရအုံးမယ်လေ။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြပြီး လက်သီးဆုပ်လိုက်သည်။ စာမေးပွဲကြီးကြပ်ရေးမှူးများ ထွက်သွားမှသာ သူ သက်ပြင်းချနိုင်တော့သည်။ အချိန်ဆွဲ၍ ရသလောက် ဆွဲထားလိုက်ခြင်းသာ။ ယနေ့ကို အရင်ကျော်ဖြတ်နိုင်လျှင် မနက်ဖြန်ကျ ပြဿနာ သိပ်ရှိတော့မည်မဟုတ်ပေ။

ထို့နောက် ဖန်ကျန်းရီသည် နောက်ထပ် အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုခဲ့ပြီး ကျောင်းသားများ အားလုံးက သန့်စင်ခန်းသွားခဲ့ကြောင်း ပြောကြသော်လည်း အဖြေလွှာပေါ်တွင် အမှတ်အသား တစ်ခုမှ မကျန်ခဲ့သဖြင့် အတော်လေး စိတ်အေးသွားတော့သည်။

...

မကြာမီ စာမေးပွဲ ပြီးဆုံးသွားခဲ့၏။

ဖန်ကျန်းရီသည် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်လျက် ရုံးခန်းသို့ ပြန်လာခဲ့ရာ ရုံးခန်းအတွင်း၌ အရသာရှိသော အရက်နှင့် ဟင်းလျာများကို စားပွဲများပေါ်တွင် ခင်းကျင်းထားပြီး လူတစ်ချို့ကလည်း ဆက်တိုက် လာရောက် ချထားပေးနေဆဲ ဖြစ်သည်။

တစ်ချက် ကြည့်လိုက်သည်နှင့် အသားဟင်းများချည်း ဖြစ်နေသည်။ အပြင်ဘက် ကြီးကြပ်ရေးမှူးက တကယ်ပင် သေချာ ဂရုစိုက် ဝယ်လာခဲ့ပုံရ၏။

ကျန်းတုန်ရှန်းသည် ဖန်ကျန်းရီကို မြင်သည်နှင့် တစ်ပြိုင်နက် မေးလိုက်သည်။ "ဖန်ကျန်းရီ … ဒီအရက်နဲ့ ဟင်းတွေကို မင်း ဝယ်ခိုင်းလိုက်တာလား။"

"အင်း … ဟုတ်တယ်။ တစ်နေ့လုံး ပင်ပန်းနေကြပြီဆိုတော့ မီးဖိုချောင်က ဟင်းတွေကလည်း စားမကောင်းဘူးလေ။ အားလုံးကို အရသာရှိတာလေးတွေ ကျွေးမလို့ပါ။ ဘာပြဿနာများ ရှိလို့လဲ။"

ကျန်းတုန်ရှန်း၏ သဘောထားမှာမူ ယဉ်ကျေးနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထမင်းကျွေးသည်ကို ဒေါသထွက်စရာ အကြောင်း မရှိပေ။ ရိုးရှင်းစွာ သတိပေးရုံသာ ပြောလိုက်၏ "မင်းက ပထမဆုံးအကြိမ် စာမေးပွဲ ကြီးကြပ်တာဆိုတော့ မသိတာ နေမှာပါ။ ပုံမှန်အားဖြင့် ကျောင်းသားတွေ ဘာစားလဲ၊ ငါတို့ကလည်း အဲဒါပဲ စားရတာ။ မဟုတ်ရင် လူတွေကို ဘယ်လိုလုပ်ပြီး လက်ခံယုံကြည်အောင် လုပ်နိုင်မှာလဲ။

မနက်ဖြန်တော့ ဒီလိုအရက်နဲ့ ဟင်းတွေကို ထပ်မဝယ်ပါနဲ့တော့။ ငါကတော့ တခြားစာမေးပွဲကြီးကြပ်ရေးမှူးတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါတွေကို သိမ်းလိုက်ပါတော့။"

လူအတော်များများက တကယ် စားချင်နေကြသည်။ စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံမှ ဟင်းများက အရသာမရှိဘဲ စားရခက်လွန်းလှသည်။ စည်းကမ်းဆိုသည်ကတော့ ရှိသည်ပေါ့။ သို့ပေမည့် တံခါးပိတ်ပြီး ရိုးရိုးရှင်းရှင်း တစ်နပ်လောက် စားလိုက်ခြင်းကလည်း ဘာမျှမဖြစ်နိုင်ပေ။ သို့သော်ငြား ကျန်းတုန်ရှန်း၏ ရာထူး အဆင့်အတန်းကြောင့် မည်သူမှ မပြောရဲကြပေ။

ဖန်ကျန်းရီသည် အခြားသူများ၏ မျက်နှာထားကို တစ်ချက် ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "မလုပ်ပါနဲ့ … အဲဒါဆို အလဟဿ ဖြစ်သွားမှာပေါ့။

နေပူကျဲကျဲ၊ လယ်ထဲဆင်းကာ

ပေါင်းသင်ချွေးကျ၊ ဆန်ဖြစ်ရ၏။

ပန်းကန်ထဲက၊ ထမင်းတစ်လုတ်

တောင်သူလုပ်အား၊ ပင်ပန်းများသာ

ကိန်းဝပ်နေသည့်၊ ရလဒ်တည်း။

ကျုပ် ပြောတာ နားလည်တဲ့သူတွေ လက်ခုပ်တီးကြ။"

ကဗျာကိုနားထောင်နေရင်း နားလည်သည့်သူများ လက်ခုပ်တီးကြဟု ပြောလိုက်သည်ကို ကြားသော် စာမေးပွဲကြီးကြပ်ရေးမှူးများသည် မနေနိုင်ဘဲ လက်ခုပ်တီးလိုက်ကြ၏။

ကျန်းတုန်ရှန်းလည်း အံ့အားသင့်သွားသည်။

ရုံးခန်းအတွင်း လက်ခုပ်သံများ ထွက်ပေါ်လာရာ ကျန်းတုန်ရှန်းလည်း ဆက်ပြီး တင်းမခံနိုင်တော့ပေ။ စာမေးပွဲကြီးကြပ်ရေးမှူးများဘက် လှည့်ကာ ပြုံး၍ ပြောလိုက်၏။ "ထမင်းတစ်လုပ်တိုင်းက ပင်ပန်း ဆင်းရဲမှုတွေချည်းပဲ ဆိုမှတော့ စားနပ်ရိက္ခာကို အလဟဿ ဖြစ်လို့ ဘယ်ဖြစ်တော့မှာလဲ။ ဒီနေ့တော့ မြို့ဝန်ဖန်ရဲ့ စေတနာကို လက်ခံလိုက်ကြတာပေါ့။ မိတ်ဆွေတို့ ဘယ်လိုထင်လဲ။"

စာမေးပွဲကြီးကြပ်ရေးမှူးများက သဘာဝကျစွာပင် အားလုံး သဘောတူကြသည်။ မည်သူက အရသာရှိသော အစားအသောက်များကို မစားချင်ဘဲ နေမည်နည်း။

ဖန်ကျန်းရီသည် ရင်ထဲတွင် ပျော်ရွှင်သွားတော့သည်။ စားကြပါ၊ စားကြပါ။ မစားခင် ပြောရရင် အားနာစရာကြီး။ စားပြီးမှ ဆိုတော့ ဆဲရင်တော့ လျော့ဆဲပေးလို့ရတာပေါ့။

All Chapters