← Chapters

အခန်း ၃၅၅

Vol. 20 Ch. 355

အခန်း ၃၅၅

Vol. 20 Ch. 355

အပိုင်း (၃၅၅) ကျုပ်ကို ကဗျာလုပ်ခိုင်းနေတာလား။

ကျန်းတုန်ရှန်းက စကားစလိုက်ချိန်မှသာ အားလုံးကလည်း စိတ်အေးလက်အေး ဖြစ်သွားကြသည်။

သုံးနှစ်မှ တစ်ကြိမ် ကျင်းပသော ပြည်နယ်စာမေးပွဲကို မြို့တော်ရှိ စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံတွင် ကျင်းပသော်လည်း စာမေးပွဲကြီးကြပ်ရေးမှူး အားလုံးက မြို့တော်အရာရှိများ မဟုတ်ကြဘဲ အများစုမှာ နယ်မှ ပြောင်းရွှေ့လာသော နယ်အရာရှိများ ဖြစ်ကြ၏။

ထိုကဲ့သို့သော အစီအမံများမှာ မရိုးသားမှုများကို တတ်နိုင်သမျှ ရှောင်ရှားရန်ဖြစ်ပြီး နယ်အရာရှိများ မြို့တော်သို့ လာရောက်ခြင်းကလည်း အခြားအရာရှိများနှင့် ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အကောင်းတစ်ခု ဖြစ်သည်။

သို့ပေမည့် နယ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသော အရာရှိအများစုမှာ တာဝန်ကျေပွန်သူများ ဖြစ်သော်လည်း နေ့စဉ်ဘဝတွင် ဆင်းရဲဒုက္ခ ခံစားရမှု အလွန် နည်းပါးလှသည်။ အထူးသဖြင့် ကာယလုပ်အားပိုင်းတွင် ဖြစ်သည်။ စာမေးပွဲစစ်ဆေးမည့် အဆောက်အအုံ၏ စာမေးပွဲကြီးကြပ်ရေးမှူး တာဝန်သည် လူတိုင်းကို အထူး ပင်ပန်း နွမ်းနယ်စေသည်ဟု ခံစားရစေ၏။

ထို့ကြောင့် အရသာရှိသော အစားအစာတစ်နပ် စားရခြင်းက ရင်ထဲတွင် အတော်လေး ပျော်ရွှင်စေသည်။

အားလုံး နေရာယူပြီးနောက် ကျန်းတုန်ရှန်းက အရင် စတင် စားသောက်လိုက်သည်နှင့် အားလုံးလည်း အနေရခက် မနေကြတော့ဘဲ စကားပြောရင်း တပျော်တပါး စားသောက်ကြတော့၏။

စကားပြောဆိုသည့် အကြောင်းအရာများမှာ အဓိကအားဖြင့် ယနေ့ စာမေးပွဲခန်းအတွင်း ကျောင်းသားများ၏ လုပ်ဆောင်ချက်များကိုသာ ပြောဆိုနေကြခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် မိမိတို့၏ ယခင်က အောင်မြင်ခဲ့သော အတိတ်ကာလများကိုပါ ပြန်လည် အမှတ်ရနေကြသည်။ ရာထူးကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အတိတ်ကို ပြန်တွေးပြီး ကြွားလုံးထုတ်ခြင်းက စကြဝဠာကြီး တစ်ခုလုံးရှိ သက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်း အမျိုးသားတိုင်း ၏ မရှိမဖြစ် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်သည်။

ဖန်ကျန်းရီက ဗိုက်ဆာနေသော်လည်း အလောတကြီး မစားသေးဘဲ မျက်နှာပေါ်တွင် ဖြည်းညင်းသော အပြုံးတစ်ခုကို ဆင်မြန်းကာ အရက်အိုးကို ကိုင်လျက် စားပွဲဝိုင်းများကြားတွင် လှည့်လည်၍ အရက်ငှဲ့ပေးနေ၏။

အခြေအနေက ကောင်းမွန်နေသော်လည်း စာမေးပွဲကြီးကြပ်ရေးမှူးများကမူ ယဉ်ကျေးစွာ ငြင်းပယ်လိုက်ကြသည်။ ဟင်းစား၍ ရသော်လည်း အရက်သောက်၍တော့ လုံးဝ မရပေ။

ဖန်ကျန်းရီကလည်း ဂရုမစိုက်ဘဲ အရက်အိုးကို တူဖြင့် အစားထိုးလိုက်ပြီး နေရာအနှံ့ ဟင်းခပ်ပေးနေတော့သည်။

စားတာနှေးသည်ကို မြင်သည်နှင့် ချက်ချင်းပဲ ဟင်းတစ်ဖတ်ကို တူနှင့် နှိုက်၍ ထည့်ပေးပြီးသားဖြစ်၏။

စာမေးပွဲကြီးကြပ်ရေးမှူးများ၏ ရင်ထဲတွင် ဖန်ကျန်းရီအပေါ် အမြင်ကောင်းများ တိုးပွားလာပြီး အထူးသဖြင့် သူ့ထက် ရာထူးငယ်သော နယ်အရာရှိများဆိုလျှင် မျက်နှာသာပေးခံရသလိုပင် ခံစားလိုက်ရသည်။

အကြိမ်အနည်းငယ် ဟင်းခပ်ပေးပြီးနောက် ဖန်ကျန်းရီလည်း ငြီးငွေ့လာသဖြင့် ကျန်းတုန်ရှန်းဘေးတွင် ပြန်ထိုင်ကာ အားပါးတရ စားသောက်နေပြီး တစ်ခါတစ်ရံ ကိုယ့်ဘာသာ ခွက်ငယ်လေးထဲ အရက်ငှဲ့ကာ တဂွတ်ဂွတ် မြည်အောင် သောက်နေပြီး သူများတွေ မကြားမှာကို စိုးရိမ်နေသလိုပင်။

ကျန်းတုန်ရှန်းက သတိပေးလိုက်သည်။ "မြို့ဝန်ဖန် … အရက် နှစ်ခွက်လောက် သောက်ရင် တော်ပါပြီ။ အလုပ်ကို မထိခိုက်စေနဲ့နော်။"

"ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ် အမတ်ကြီးကျန်း။ ကျုပ်က အရက်သောက်နိုင်ပါတယ်။ ခွက်တစ်ထောင် သောက်လည်း မမူးဘူး။ ဘာကိုမှ မထိခိုက်စေရဘူး။"

ထိုသို့ပြောရင်း ဖန်ကျန်းရီက ကိုယ့်ဘာသာ နောက်ထပ် တစ်ခွက် ထပ်ငှဲ့ကာ တဂွတ်ဂွတ် မြည်အောင် သောက်လိုက်ပြန်၏။

စာမေးပွဲကြီးကြပ်ရေးမှူး တာဝန်အား လုံးဝ အလေးမထားသည်ကို မြင်သောအခါ ကျန်းတုန်ရှန်းက နှာခေါင်းရှုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။ "မင်း ရင်ထဲမှာ ဘာအကြံအစည်တွေ ရှိနေလဲ ဆိုတာ ငါ မသိပေမဲ့ အကြောင်းပြချက်မရှိဘဲ မျက်နှာချိုသွေးနေတာက သေချာပေါက် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေလို့ပဲ။ ငါ မင်းကို သတိပေးလိုက်မယ် … နိုင်ငံတော်စာမေးပွဲဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ အမှားအယွင်း တစ်ခုခု ဖြစ်ရင် ငါ မျက်နှာမထောက်ဘူးလို့ မပြောနဲ့နော်။"

အိုးဟို … လာပြန်ပြီလား။

ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး ရယ်မောလိုက်၏။ "ဦးလေးသုံး … အထင်လွဲနေပြီ။ ကျုပ်တို့က ရိုးသားတဲ့သူတွေလေ။ စာမေးပွဲမှာ ဘယ်လိုလုပ် သွားရှုပ်မှာလဲ။ ခင်ဗျားက ပုံမှန်အားဖြင့် အရသာရှိတာလေးတွေ စားချင်ပြီး တစ်နပ်မစားရရင် တစ်ကိုယ်လုံး နေလို့မကောင်းဘူး ဖြစ်နေတတ်တယ်လို့ အပြင်ကလူတွေ ပြောတာ ကြားလို့ပါ။ အဲဒါကြောင့် ကျုပ် အထူးတလည် ပြင်ဆင်ပေးထားတာပါ။"

ငါက ဘယ်တုန်းက အရသာရှိတာလေးတွေ စားချင်တယ်လို့ ပြောဖူးလို့လဲ။ ဘယ်သူကများ ငါ့နောက်ကွယ်မှာ အတင်းပြောရဲတာလဲ။ ငါ မကြာသေးခင်က လူတစ်ယောက်ယောက်ကို အပြစ်လုပ်မိထားတာများ ရှိလား။

ကျန်းတုန်ရှန်း၏ မျက်နှာထားမှာ ထူးဆန်းသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘယ်သူ ပြောတာလဲ။ ငါ သွားရှာမယ်။"

"ဟုတ်တယ်လေ။ ဘယ်သူပြောတာလဲ။ ကြားတာပါ။ အို … ရပါပြီ ဦးလေးသုံးရယ်။ ဒီဟင်းတွေ ခင်ဗျားလည်း စားပြီးပြီပဲ မဟုတ်လား။ လူယုတ်မာတွေကမှ တိုင်တန်းတတ်တာ။ ခင်ဗျားက ကျုပ်ကို ဘာသွားလုပ်စေချင်လို့လဲ။”

"ငါနဲ့ လာမပတ်သက်နဲ့။ ဘယ်သူက မင်းရဲ့ ဦးလေးသုံးလဲ။"

ကျန်းတုန်ရှန်းသည် ဒေါသတကြီးဖြင့် ပန်းကန်နှင့် တူကို ချထားလိုက်ပြီး ထမင်းစားချင်စိတ်ပင် မရှိတော့ပေ။ ကျောကွယ်တွင် မည်သည့် ခွေးမသားက သူ့ကို အတင်းပြောနေသလဲ ဆိုသည်ကိုသာ အာရုံစိုက် တွေးတောနေမိ၏။

ဖန်ကျန်းရီ၏ ဘေးတွင် ထိုင်နေသော စာမေးပွဲကြီးကြပ်ရေးမှူးသည် သူနှင့် ကျန်းတုန်ရှန်း စကားပြောပြီးသည်ကို မြင်သောအခါ မနေနိုင်ဘဲ လက်ဖက်ရည်ခွက်ကို ကိုင်ကာ စကားလှမ်းပြောလိုက်သည်။ "မြို့ဝန်ဖန် … ကျွန်တော်က စန်ဝမ်စဲ့ ပါ။"

စန်ဝမ်စဲ့။ ဒီလူ့နာမည်ကို တစ်ခါမှ မကြားဖူးပါလား။

ဖန်ကျန်းရီက သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ရာ စန်ဝမ်စဲ့က ရှင်းပြလိုက်၏။ "ကျုပ်က မြို့တော်က မဟုတ်ပါဘူး။ နယ်ကနေ လာတဲ့ ခရိုင်ဝန်ပါ။"

"အိုးအိုးအိုး … ကြားဖူးပါတယ်၊ ကြားဖူးပါတယ်။" ဖန်ကျန်းရီက အရက်ခွက်ကို မြှောက်ကာ တိုက်ရိုက် မော့သောက်လိုက်သည်။

ဤမျှ မျက်နှာသာပေးသည်ကို မြင်သောအခါ စန်ဝမ်စဲ့သည် ချက်ချင်းပဲ မျက်နှာပွင့်သွားပြီး အသံမှာလည်း အလိုအလျောက် အနည်းငယ် ကျယ်လာသည်။ "မြို့တော်မှာ မြို့ဝန်ဖန်ကို မပြည့်စုံတဲ့ ကဗျာရေးတဲ့ နေရာမှာ ဆရာတစ်ဆူလို့ ခေါ်ကြတယ်ဆို။ ဒီနေ့ တွေ့ရတာ တကယ်ပဲ နာမည်နဲ့ လိုက်ဖက်တာပဲ။ မြို့ဝန်ဖန်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် … ဒီကဗျာလောကကို ကျုပ်က အရမ်း ရူးသွပ်ခဲ့တာ။ ခင်ဗျားရဲ့ အခု ကဗျာကို ကြည့်စမ်း …

နေပူကျဲကျဲ၊ လယ်ထဲဆင်းကာ

ပေါင်းသင်ချွေးကျ၊ ဆန်ဖြစ်ရ၏။

ပန်းကန်ထဲက၊ ထမင်းတစ်လုတ်

တောင်သူလုပ်အား၊ ပင်ပန်းများသာ

ကိန်းဝပ်နေသည့်၊ ရလဒ်တည်း။ "

ဖန်ကျန်းရီသည် စန်ဝမ်စဲ့ကို ထိတ်လန့်တကြား ကြည့်လိုက်၏။ ခင်ဗျားရူးနေတာလား။ သောက်ကျိုးနည်း … ငါ စိုးရိမ်နေတဲ့ ကိစ္စက တကယ် ဖြစ်လာပြီပဲ။

စန်ဝမ်စဲ့က လက်ဖက်ရည်ခွက်ကို မြှောက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဒီည အရက်မရှိပေမဲ့ ကဗျာမရှိလို့တော့ မဖြစ်ဘူး။ မြို့ဝန်ဖန်က တကယ်ပဲ ဆရာတစ်ဆူ ဖြစ်ထိုက်ပါတယ်။ လမ်းကြုံရင် ကဗျာလောကရဲ့ အကြောင်းလေးကိုပါ လမ်းညွှန်ပေးပါလား။ အရက်အစား ကဗျာနဲ့ အစားထိုးတာက မကောင်းဘူးလား။"

စန်ဝမ်စဲ့၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ချက်ချင်းပဲ ဝိုင်းဝန်း အားပေးကြတော့သည်။

သူသည် မပြည့်စုံသော ကဗျာလင်္ကာများ ရေးဖွဲ့သည့်နေရာ၌ ဆရာတစ်ဆူ ဖြစ်ကြောင်းကို အားလုံးက သိရှိထားကြပြီး ဖြစ်သည်။ ယနေ့တွင် သူ၏ စွမ်းရည်များကို ထုတ်ဖော်ပြသသွားခဲ့ပြီ ဖြစ်ရာ လူအများ ပျော်ရွှင်ကြည်နူးနေကြခိုက်၌ နောက်ထပ်တစ်ကြိမ် ထပ်မံ၍ စွမ်းရည်ပြသသင့်သည်။ ဤနေရာ၌ ရှိနေကြသူများ အားလုံးမှာ အဆင့်မြင့် ပညာတတ် ပုဂ္ဂိုလ်များချည်းသာ ဖြစ်ကြလေရာ ကဗျာလင်္ကာများအပေါ် စိတ်ဝင်စားမှု မရှိသူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိပေ။

ဖန်ကျန်းရီသည် ဆရာတစ်ဆူဟူသော ဂုဏ်ပုဒ်ကို ရယူပိုင်ဆိုင်ထားသူ ဖြစ်ရာ လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြခြင်းမှာလည်း သဘာဝကျလှသည်။ ကျန်းတုန်ရှန်း ကိုယ်တိုင်ပင်လျှင် များစွာ စိတ်ဝင်တစား ရှိလာခဲ့သည်။

စန်ဝမ်စဲ့က လက်ဖက်ရည်ခွက်ကို ကိုင်ပြီး မတ်တပ်ရပ်နေဆဲ ဖြစ်ကာ ခေါင်းငုံ့ပြုံးလျက် ဖန်ကျန်းရီ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။ ရင်ထဲတွင်လည်း အတော်လေး ဂုဏ်ယူနေသည်။

မြို့ဝန်ဖန်က ငါ့ကို မျက်နှာသာပေးတာဆိုတော့ ငါကလည်း သူ့ကို မျက်နှာသာ ပြန်ပေးရမှာပေါ့။ ဒီနေ့ ငါက ဒီဇာတ်ပို့နေရာကနေ ကောင်းကောင်း ပံ့ပိုးပေးလိုက်ရင် ခဏနေ သူ ကဗျာကောင်း တစ်ပုဒ် ထပ်ရေးလိုက်တဲ့အခါ နာမည် ပိုကြီးသွားမှာ မဟုတ်ဘူးလား။ ဒီအဆက်အသွယ်ကို ရသွားရင် နောက်ပိုင်းကျ သူနဲ့ ကဗျာအကြောင်းတွေ ပိုပြီး ဆွေးနွေးလို့ ရတာပေါ့။

"အာ … အင်း … ဟင်း … ဟူး …" ဖန်ကျန်းရီသည် ပါးစပ်မှ ညည်းညူနေပြီး ခေါင်းတွေတောင် ကြီးလာတော့၏။

သောက်ကျိုးနည်း … ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။ ငါ နောက်တစ်ပုဒ် ထပ်ခိုးချလိုက်ရမလား။ မရဘူး။ အဲဒါဆို မဆုံးနိုင် ဖြစ်သွားမှာပေါ့။ နောက်ပြီး ခင်ဗျားကို ကဗျာလောက အကြောင်း လမ်းညွှန်ပေးရအုံးမယ် ဟုတ်လား။ သောက်ကျိုးနည်း … စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံထဲက ခွေးကတောင် ကျုပ်ထက် ပိုတော်အုံးမယ် … ဒီခွေးမသား နာမည်က စန်ဝမ်စဲ့ ဟုတ်လား။ ကျုပ် ခင်ဗျားကို မှတ်ထားမယ်။ စောင့်နေလိုက်။

"မြို့ဝန်ဖန်။" ဖန်ကျန်းရီ ဘာမှ မတုံ့ပြန်သည်ကို မြင်သောအခါ စန်ဝမ်စဲ့က စိုးရိမ်တကြီးဖြင့် ထပ်မေးလိုက်သည်။

လူတိုင်း၏ အကြည့်များအောက်တွင် ဖန်ကျန်းရီသည် အလွန် ရှက်ရွံ့နေမိသည်။ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေပြီး ခြေချောင်းများကလည်း ရူးသွပ်စွာ လှုပ်ရှားနေသည်။ အခုချိန်မှာ သူ ခံစားနေရတာက အဝတ်အစား မပါဘဲ ခြေအိတ်လေးသာ ဝတ်ပြီး လမ်းလျှောက်နေသလိုပင်။ လမ်းမပေါ်ရှိ လူတိုင်းက သူ့ကို ဝိုင်းကြည့်နေရသလိုပင်။

သို့ပေမည့် လက်ရှိအချိန်၌ ရှက်ရွံ့နေ၍ မရပေ။ မဟုတ်လျှင် နောက်ပိုင်း ပိုဆိုးသွားပေလိမ့်မည်။

စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဖန်ကျန်းရီသည် အေးဆေးတည်ငြိမ်စွာဖြင့် အရက်ခွက်ကို စားပွဲပေါ်သို့ ဖြည်းညင်းစွာ ချထားလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ စန်ဝမ်စဲ့၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်သည်။

"အာစဲ့ … ထိုင်ပါ။"

All Chapters