← Chapters

အခန်း ၃၅၆

Vol. 20 Ch. 356

အခန်း ၃၅၆

Vol. 20 Ch. 356

အပိုင်း (၃၅၆) မပြည့်စုံတဲ့ ကဗျာဆရာ ဖန်ကျန်းရီ။

စန်ဝမ်စဲ့ မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

အာစဲ့။ ကျုပ်ကို ခေါ်တာလား။ ဒီလိုခေါ်တာက တော်တော်လေး ဆန်းသစ်တာပဲ။ မြို့ဝန်ဖန်က တောင်ပိုင်းက လာတာများလား။ ဒါပေမဲ့ လေယူလေသိမ်း နားထောင်ရတာ မတူပါဘူး။ သူ့ရဲ့ ကိုယ်ပိုင် အလေ့အကျင့် ဖြစ်မှာပါ။ ဒါပေမဲ့ ဒီလိုခေါ်တာက တော်တော်လေး ရင်းနှီးတဲ့ပုံ ပေါက်တယ်။

စန်ဝမ်စဲ့က အများကြီး မတွေးတော့ဘဲ ဖြည်းညင်းစွာ ထိုင်လိုက်၏။

"အဟွတ် … အဟွတ် … ။"

ဖန်ကျန်းရီက လည်ချောင်းရှင်းပြီး ဆက်ပြောလိုက်သည်။ "အားလုံးပဲ အထင်ကြီးပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ဖန်ကျန်းရီက မပြည့်စုံတဲ့ ကဗျာရေးတဲ့ နေရာမှာ ဆရာတစ်ဆူ ဆိုတဲ့ နာမည်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ တကယ်ကို ရှက်စရာ ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် … ကျုပ်က ကဗျာတွေကို လုံးဝ စိတ်မဝင်စားပါဘူး။ ကဗျာ လုံးဝ မရေးတတ်ဘူး။"

လူတိုင်းက ဖန်ကျန်းရီကို ကြည့်လာသည့် အမူအရာများမှာ ထူးဆန်းလာကြ၏။ ဟန်ဆောင်နေတာ။ ဟန်ဆောင်နေတာ မဟုတ်လား။ နှိမ့်ချဟန်ဆောင်တာက ရပါတယ်။ ဒါပေမဲ့ ဒီလောက် နှိမ့်ချဟန်ဆောင်ဖို့ မလိုပါဘူး။ ခင်ဗျားသာ ကဗျာ မရေးတတ်ဘူးဆိုရင် ကျန်တဲ့သူအားလုံးက စာမရေးတတ်ဘူးလို့ ပြောရမလား။

လူအများစုက ရင်ထဲတွင် တိတ်တဆိတ် ကဲ့ရဲ့လိုက်ကြပြီးနောက် ပြောသည်။ "မြို့ဝန်ဖန်က တကယ်ကို နှိမ့်ချလွန်းနေပါပြီ။ ခင်ဗျားရဲ့ မိုးရေထဲက ခေါင်းလောင်းသံ ကဗျာက ကျုပ်တို့ ကျင်းတိုင်းပြည် မြောက်ပိုင်းမြစ် နဲ့ တောင်ပိုင်းမြစ် တစ်ခွင်လုံးမှာ ပျံ့နှံ့နေပြီလေ။”

“ဟုတ်တယ်။ မြို့တော်ထဲမှာ မြို့ဝန်ဖန်ရဲ့ ကဗျာစွမ်းရည်ကို ဘယ်သူက မသိဘဲ နေမှာလဲ။ ဒီနေ့တော့ သေချာပေါက် လမ်းညွှန်ပြသပေးရမှာပေါ့။ ချစ်ခြင်းမေတ္တာဆိုတာ ရှေးခေတ်ကတည်းက ခွဲခွာရမှာကို ဝမ်းနည်းကြတာပဲ …"

လူတစ်ယောက်က တူကို ကိုင်ကာ ပန်းကန်အစွန်းကို ခေါက်ပြီး သီချင်းဆိုတော့မည်ကို မြင်သောအခါ ဖန်ကျန်းရီက အလျင်အမြန် ပြောလိုက်၏။ "ကောင်းပြီ။ ကောင်းပြီ။ အားလုံးက ကျုပ်ကို ရှင်းပြစေချင်မှတော့ ကျုပ် အနည်းအကျဉ်း ရှင်းပြပေးပါ့မယ်။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် ထပ်မံ၍ တိတ်ဆိတ်သွားသည်။

အခြားသူများက ဖန်ကျန်းရီကို မျှော်လင့်ချက် မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး ထူးချွန်သော အယူအဆ တစ်ချို့ကို ကြားရမည်ဟု မျှော်လင့်နေကြ၏။

ခဏမျှ စဉ်းစားပြီးနောက် ဖန်ကျန်းရီက ပြောလိုက်သည်။ "ခုနက သနားစရာလယ်သမား ကဗျာက ကျုပ် ကျန်းလင်မှာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး သွားလုပ်တုန်းက ဒုက္ခသည်တွေကို တွေ့ပြီး ခံစားချက် ဖြစ်ပေါ်လာလို့ ရေးဖွဲ့ခဲ့တာပါ။

ဒီကဗျာရေးတာက … ဘာထူးခြားတဲ့ နည်းစနစ်မှ မရှိပါဘူး။ အဓိကကတော့ ဘဝမှာရှိတဲ့ အလှတရားတွေကို ရှာဖွေတွေ့ရှိဖို့ ကျွမ်းကျင်ရမယ်။ ဘဝမှာ နေရာတိုင်းက လှပတယ်။ ဒီလိုကုန်ကြမ်းတွေ အများကြီး စုဆောင်းမိပြီးတဲ့နောက် ပြန်လည် ပေါင်းစပ်လိုက်ရင် ကဗျာတွေက အလိုအလျောက် ထွက်ပေါ်လာမှာပဲ။ ဥပမာပြောရရင် … ဟို … အိုး …. ခင်ဗျားတို့ ဒီဟင်းပန်းကန်ကို ကြည့်လိုက်။"

ဖန်ကျန်းရီက ဘယ်ညာ လှည့်ပတ်ကြည့်ရှုပြီးနောက် စားပွဲပေါ်ရှိ ဝက်သားနုတ်နုတ်စင်းနှင့် ပဲတောင့်ရှည်ကြော်ကို လက်ညိုးထိုးပြလိုက်ရာ လူတိုင်း၏ အကြည့်များကလည်း ဟင်းပန်းကန်ဆီသို့ ချက်ချင်း ရောက်သွားကြ၏။

"ဒီဝက်သားနုတ်နုတ်စင်းနဲ့ ပဲတောင့်ရှည်ကြော်မှာ ပဲတောင့်ရှည်က သာမန် ပဲတောင့်ရှည်ပါပဲ။ ဝက်သား နုတ်နုတ်စင်း နည်းနည်းလေးကလည်း ဘာမှ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ပေါင်းစပ်သွားတဲ့အခါ ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ … သူတို့က အရသာ အရမ်းရှိတဲ့ အစားအစာ ဖြစ်သွားတယ်။"

စာမေးပွဲကြီးကြပ်ရေးမှူး တစ်စုက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ပြောတာ ယုတ္တိရှိတယ်။ ကဗျာရေးတယ်ဆိုတာက မူလကတည်းက ကုန်ကြမ်းတွေ စုဆောင်းတာ၊ စာသားတွေ ပြင်ဆင်တာနဲ့ ဉာဏ်အလင်းပွင့်တာတွေ ပေါင်းစပ်ထားတာပဲလေ။ ဒါပေမဲ့ ဒါက ဘာမှ နက်နဲတဲ့ အရာမှ မဟုတ်တာ …

ဖန်ကျန်းရီက အားလုံးက သူ့ကို ကြည့်နေဆဲ ဖြစ်သည်ကို မြင်သောအခါ အကူအညီမဲ့စွာဖြင့် ဆက်ပြောလိုက်၏။ "ခင်ဗျားတို့ ကြည့်လိုက်။ ဒီမှာ နှမ်းမုန့်လုံး တစ်ပန်းကန်လည်း ရှိသေးတယ်။ ဒီနှမ်းမုန့်လုံးကို ဘယ်လိုလုပ်လဲ ဆိုတာ ခင်ဗျားတို့ သိလား။"

လူတိုင်းက ခေါင်းခါလိုက်ကြသည်။ အားလုံးက စာပေပညာရှင်တွေချည်းပဲ။ မီးဖိုချောင်အလုပ်ကို ဘယ်သူက သွားလေ့လာနေမှာလဲ။ လူကြီးလူကောင်းဆိုတာ မီးဖိုချောင်နဲ့ ဝေးဝေးမှာ နေရမယ်လေ။

"ဒီနှမ်းမုန့်လုံးက ကြည့်ရတာ ကြီးပေမဲ့ တကယ်တော့ နဂိုက ဂျုံလုံး သေးသေးလေး တစ်လုံးပါပဲ။"

ဖန်ကျန်းရီက လက်ညိုးဖြင့် အရွယ်အစားကို ပြသလိုက်၏။ "အဲဒီလောက် သေးငယ်တဲ့ အရာလေးကနေ ဒီလောက် ကြီးမားတဲ့ အလုံးကြီး ဖြစ်လာအောင် ဘယ်လိုလုပ်လိုက်တာလဲ ဆိုတာကိုကော။"

လူတိုင်းက ထပ်မံ၍ ခေါင်းခါပြလိုက်ပြီး နားမလည်ကြောင်း ပြသလိုက်ကြသည်။

ဖန်ကျန်းရီက တဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ "ဆီပူပူနဲ့ ကြော်လိုက်တာလေ။ ဆီပူပူနဲ့ ကြော်လိုက်ပြီးတဲ့နောက် သူက ဖောင်းပွလာတယ်။ ဂျုံလုံးထဲမှာ ကြီးမားတဲ့ စွမ်းအင်တွေ ပါဝင်နေတယ်ဆိုတာ သိသာတယ်။

ဒီဆီပူက ကဗျာဖန်တီးမှုမှာဆိုရင် ဉာဏ်အလင်းပွင့်တာနဲ့ တူတယ်။ ဆီပူနဲ့ မကြော်ဘူးဆိုရင် သူက သာမန် ဂျုံလုံးလေး တစ်လုံးပဲ ဖြစ်နေမှာ။ နေ့စဉ် စုဆောင်းမှုက အရေးကြီးတာ မှန်ပေမဲ့ အခွင့်အရေး မရှိရင် ကဗျာ ဖြစ်လာဖို့ ခက်ခဲတယ်။ ကဗျာရေးတာက နှမ်းမုန့်လုံး ကြော်တာနဲ့ အတူတူပဲ။ ကဗျာကောင်း တစ်ပုဒ် ရေးချင်ရင် ၉၉ ရာခိုင်နှုန်းက စုဆောင်းမှုဖြစ်ပြီး ၁ ရာခိုင်နှုန်းက ဉာဏ်အလင်းပွင့်တာပဲ။ ပုံမှန်အားဖြင့် သေချာ လေ့လာစောင့်ကြည့်ပြီး စိတ်ထဲမှာ စုဆောင်းထားမယ်ဆိုရင် အခွင့်အရေး ရောက်လာပြီး ဉာဏ်အလင်းပွင့် သွားတဲ့အခါ ကဗျာကောင်း တစ်ပုဒ် အလိုအလျောက် ထွက်ပေါ်လာမှာပဲ။ ကျုပ် ပြောလို့ ပြီးပြီ။"

ဖန်ကျန်းရီက ချွေးစေးများကို သုတ်လိုက်ပြီး သူ၏ လှည့်စားမှု အောင်မြင်သလားကို အကဲခတ်လိုက်သည်။ သိသာထင်ရှားစွာပင် ဖန်ကျန်းရီ၏ ဤစကားများသည် အခြားသူများကို လှည့်စား၍ မရခဲ့ပေ။ ဥပမာပေးသည်က ဆန်းသစ်သော်လည်း ထိုအရာက လူတိုင်း သိပြီးသား စကားတွေ ဖြစ်သည်။

အားလုံး၏ ကဗျာလင်္ကာ စပ်ဆိုခြင်းစွမ်းရည်ကို အနည်းငယ်မျှပင် တိုးတက်လာစေမည် မဟုတ်ပေ။ အချည်းနှီးသော စကားရပ်များသာ ဖြစ်ချေသည်။ ကဗျာလင်္ကာ ရေးဖွဲ့စပ်ဆိုရာ၌ အတွေ့အကြုံ ဗဟုသုတများ စုဆောင်းဆည်းပူးရန်နှင့် ဉာဏ်အလင်းပွင့်လင်းရန် လိုအပ်ကြောင်းကို မည်သူက မသိရှိဘဲ နေမည်နည်း။

ဆည်းပူးစုဆောင်းခြင်း အပိုင်း၌ ပြဿနာတစ်စုံတစ်ရာ မရှိလှသော်ငြားလည်း မိမိ၏ ဉာဏ်အလင်းပွင့်လင်းလာစေရန်ကိုမည်သို့မည်ပုံ ရှာဖွေရမည်နည်း။ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ရမည့် အပိုင်းက အဘယ်မှာနည်း။

ဖန်ကျန်းရီ ထိုင်တော့မည်ကို မြင်သောအခါ စန်ဝမ်စဲ့က စိုးရိမ်သွားသည်။ သူက ကဗျာကို ဝါသနာပါသူ ဖြစ်ပြီး ထူးချွန်သော အယူအဆအချို့ကို ကြားရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဖန်ကျန်းရီက ပေါ့ပေါ့ပျက်ပျက် အကြောင်းအရာများကိုသာ ဆွဲထုတ်သွားခဲ့သည်။ အဘယ်သို့ စိတ်ကျေနပ်မည်နည်း။

ဖန်ကျန်းရီ မထိုင်ရသေးခင် စန်ဝမ်စဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ဒီလောက်ထိ ပြောလာပြီပဲ။ မြို့ဝန်ဖန် ကျုပ်တို့ လေ့လာဖို့ နောက်ထပ် ကဗျာတစ်ပုဒ်လောက် ရေးပြရင် မကောင်းဘူးလား။"

ခင်ဗျားအမေကို ရေးပြရမှာလား။

ဖန်ကျန်းရီသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကဗျာရေးဖို့က ဉာဏ်အလင်းပွင့်ဖို့ လိုတယ်လို့ ပြောထားပြီးပြီလေ။ စာပေဆိုတာ သဘာဝအတိုင်း ဖြစ်တည်လာတာ။ ထူးချွန်တဲ့သူတွေပဲ အမှတ်မထင် ရရှိနိုင်တာ။ ဉာဏ်အလင်း မပွင့်ရင် ရေးလို့ မရဘူး။"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ စာမေးပွဲ ကြီးကြပ်ရေးမှူးများက ဖန်ကျန်းရီကို အံ့သြဝမ်းသာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

စန်ဝမ်စဲ့က မတ်တပ်ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကဗျာကောင်းလေးပဲ။ မြို့ဝန်ဖန်ရဲ့ ဉာဏ်အလင်းပွင့်တာက တကယ်ပဲ ချက်ချင်း ရောက်လာတာပဲ။ တကယ်ကို လေးစားစရာပါပဲ။"

ဖန်ကျန်းရီ ကြောင်သွားပြီး အခြားသူများက သူ့ကို ကြည့်ကာ လက်ခုပ်တီးနေကြသည်ကို မြင်သောအခါ လုံးဝ စကားမဆိုနိုင်တော့ပေ။

သူ့ဘေးရှိ ကျန်းတုန်ရှန်းက မော့ကြည့်ရင်း မနေနိုင်ဘဲ ခေါင်းတဆက်ဆက် ညိတ်နေသည်။

အံ့သြစရာပဲ။ အံ့သြစရာပဲ။ ဉာဏ်ကြီးရှင် ကလေးဆိုတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ လူက မလေးစားချင်စရာ ကောင်းပေမဲ့ အရည်အချင်းကတော့ တကယ့်ကို နက်ရှိုင်းလွန်းတယ်။ သာမန်လူတွေ ယှဉ်နိုင်တာ မဟုတ်ဘူး။ တကယ်ကို သာမန် မဟုတ်ဘူး။

"..." ဖန်ကျန်းရီ၏ ခြေချောင်းများက ထပ်မံ၍ အလုပ်လုပ်နေပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပါးတစ်ချက်လောက် အပြင်းအထန် ရိုက်ပစ်ချင်နေမိသည်။ ယခု မတ်တပ်ရပ်နေရသည်မှာလည်း မသက်မသာ၊ ထိုင်နေရသည်မှာလည်း အဆင်မပြေ ဖြစ်နေရသည်။ ဤလူများက ဆက်လက်၍ မေးမြန်းနေကြဦးမည်လား။

လက်ခုပ်သံများ ရပ်တန့်သွားပြီးနောက် ချက်ချင်းဆိုသလို လူတစ်ယောက်က မေးလိုက်သည်။ "စာပေဆိုတာ သဘာဝအတိုင်း ဖြစ်တည်လာတာ။ ထူးချွန်တဲ့သူကပဲ အမှတ်မထင် ရရှိနိုင်တာ။ အောက်ကစာသားကကော။"

အောက်ကစာသား။

"အောက်ကစာသား မရှိတော့ဘူး။"

ဖန်ကျန်းရီက မျက်နှာသေဖြင့် ပြောလိုက်၏။ "ဉာဏ်အလင်းပွင့်တာက ရုတ်တရက် ဖြစ်တည်လာတာဆိုတော့ ဒီလောက်ပဲ ရေးနိုင်တယ်။ ဒီနေ့တော့ တကယ့်ကို အရှက်ကွဲရပါပြီ။ နောက်ပြီး ကျုပ်က မပြည့်စုံတဲ့ ကဗျာတွေပဲ ရေးနိုင်တာလေ။ မိတ်ဆွေတို့ရဲ့ ပျော်ရွှင်မှုကို အနှောင့်အယှက် ပေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် ချက်ချင်း ထိုင်ချလိုက်ပြီး အရက်နှစ်ခွက်ကို အမြန်သောက်လိုက်သည်။

ဒါက လူလုပ်တဲ့ အလုပ်မှ မဟုတ်တာ။ နောက်တစ်ခါ ကဗျာတစ်ကြောင်း ထပ်ရွတ်ရင် ငါက ခွေးပဲ။

ဖန်ကျန်းရီ ထိုင်သွားသည်ကို မြင်ပြီး သဘောထားကလည်း အလွန် ပြတ်သားနေသဖြင့် အားလုံးကလည်း ထပ်မံ၍ မပြောနိုင်တော့ဘဲ ကိုယ့်နေရာတွင်သာ ခေါင်းယမ်းကာ လေ့လာနေကြရသည်။

သို့ပေမည့် စန်ဝမ်စဲ့မှာမူ စိတ်ဝင်စားမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ မကျေမနပ်ဖြင့် မေးလိုက်၏။ "မြို့ဝန်ဖန် … ဒီကဗျာက …"

သူ စကားမဆုံးခင်မှာပဲ ဖန်ကျန်းရီက စန်ဝမ်စဲ့၏ လက်ထဲသို့ တူတစ်ချောင်းကို အမြန်ထည့်ပေးလိုက်ပြီး စားပွဲပေါ်ရှိ ကြက်ကင်ကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။ "အာစဲ့ … ကိုယ့်ဘာသာ တူနဲ့ အသားတစ်ဖဲ့ ညှပ်စားလိုက်။ ဒီဟင်းက စားကောင်းတယ်။ အေးသွားအုံးမယ်။"

စားတာတောင် ခင်ဗျားရဲ့ ပါးစပ်ကို မပိတ်နိုင်ဘူးလား။ ပါးစပ်ပိတ်ထားစမ်း။

စန်ဝမ်စဲ့က အနေရခက်စွာဖြင့် တူကို ကိုင်ကာ အသားတစ်ဖဲ့ ညှပ်၍ ပါးစပ်ထဲထည့်ပြီး သေချာ ဝါးစားနေလိုက်သည်။ သူ ဝါးနေတုန်းမှာပဲ ဖန်ကျန်းရီက အလျင်အမြန် နောက်ထပ် ဟင်းတစ်ပန်းကန် အပြည့် ခပ်ပေးလိုက်ပြန်သည်။ အထက်အရာရှိ ကိုယ်တိုင် ဟင်းခပ်ပေးတာဆိုတော့ စန်ဝမ်စဲ့က ယဉ်ကျေးမှု အရဆိုရင် ခေါင်းငုံ့ပြီး စားနေရုံသာ ရှိတော့၏။

ထမင်းစားပွဲပေါ်တွင် ယခင်က ရင်းနှီးမှုများ ပြန်လည် အသက်ဝင်လာပြန်သည်။

သုံးယောက်၊ ငါးယောက်စီ စကားပြောနေကြရင်း ရုတ်တရက် လူတစ်ယောက်က ပြောလာ၏။ "ဒီနေ့ စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်သွားတယ်။ မြို့ဝန်ဖန်က ကျုပ်ဆီက တံဆိပ်တုံး လာငှားတယ်။ နောက်တော့ သူက တခြား သုံးယောက်ဆီကနေလည်း ငှားသွားသေးတယ်။ ကျုပ်တို့ တံဆိပ်တုံး သွားတောင်းတဲ့ အချိန်ကျတော့ အားလုံးက ဆုံမိသွားကြတယ်။ စာမေးပွဲခန်းထဲမှာ စာမေးပွဲကြီးကြပ်ရေးမှူးတွေ အများကြီး ရှိတဲ့အထဲကနေ ကျုပ်တို့ လေးယောက်ကွက်တိ ဆုံသွားတယ်ဆိုတော့ ဒီကိစ္စက တိုက်ဆိုင်လွန်းတယ် မဟုတ်လား။"

"ဘာ။ မြို့ဝန်ဖန်က ခင်ဗျားဆီကလည်း တံဆိပ်တုံး လာငှားတာလား။" စာမေးပွဲ ကြီးကြပ်ရေးမှူး တစ်ယောက်က ချက်ချင်း အော်လိုက်သည်။

"မဟုတ်သေးဘူးလေ။ မြို့ဝန်ဖန်က ကျုပ်ဆီက အရင်ဆုံး လာငှားတာလေ။"

"ဟင် … ကျုပ်ဆီကလည်း ငှားသွားတယ်။"

"ကျုပ်ဆီကလည်း …"

လူတိုင်းက ဤကိစ္စကို တစ်ယောက်တစ်ပေါက် စတင် ပြောဆိုကြတော့သည်။ နောက်ဆုံးတွင် ဖန်ကျန်းရီက လူတိုင်း၏ တံဆိပ်တုံးကို ငှားသွားကြောင်း ရုတ်တရက် သတိပြုမိသွားကြ၏။

အခန်းထဲရှိ အကြည့်များအားလုံးက ဖန်ကျန်းရီထံသို့ ချက်ချင်း စုပြုံရောက်ရှိလာတော့သည်။ မူလက ဆူညံပြီး ပေါ့ပါးနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် တင်းမာသွားခဲ့သည်။

လေးနက်မှု … မအေးချမ်းမှု … လေထုထဲတွင် ပျံ့နှံ့နေသည်။

ကျန်းတုန်ရှန်း၏ မျက်နှာထားသည် ချက်ချင်း မည်းမှောင်သွားပြီး တစ်ခုခုကို သတိပြုမိသွားပုံရကာ ဘေးတွင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ထမင်းစားနေသော ဖန်ကျန်းရီကို အမြင်မကြည်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် လေးနက်သော လေသံဖြင့် မေးလိုက်၏။ "မြို့ဝန်ဖန် … မင်းက ဘာသဘောလဲ။ စာမေးပွဲကြီးကြပ်ရေးမှူးတွေ အားလုံးရဲ့ တံဆိပ်တုံးကို ငှားသွားပြီး ဘာလုပ်မလို့လဲ။ ငါ့ကို အဖြေတစ်ခု ပေးစမ်းပါ။"

ဖန်ကျန်းရီသည် လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး တူကို ချထားကာ ပါးစပ်ကို သုတ်လိုက်သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ "တံဆိပ်တုံး … ဘာတံဆိပ်တုံးလဲ။"

All Chapters