အခန်း ၃၅၇
Vol. 20 Ch. 357
အပိုင်း (၃၅၇) စာမေးပွဲခန်းထဲက ရန်ပွဲ။
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အရက်အိုးကို ယူကာ ကိုယ့်ဘာသာ အရက်တစ်ခွက် ငှဲ့လိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ အားလုံးကို ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။
ထိုအချိန်တွင် စာမေးပွဲကြီးကြပ်ရေးမှူးများ၏ မျက်နှာထားများမှာ အမျိုးမျိုး ကွဲပြားနေပြီး အသီးသီး၏ ၏စိတ်ထဲတွင် တမျိုးစီ တွေးတောနေကြ။
တစ်ချို့က နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ဒီအသုံးမကျတဲ့ ပစ္စည်းကို ခင်ဗျားက ယူပြီး ဘာလုပ်မလို့လဲ။ တန်ဖိုးမရှိတဲ့ တံဆိပ်တုံး ကြမ်းကြီးတစ်ခုပဲလေ။ ဒါကို အားကိုးပြီး ချမ်းသာအောင် လုပ်ချင်နေတာလား။
တစ်ချို့ကတော့ ရင်ထဲတွင် အနည်းငယ် ဒေါသထွက်နေကြ၏။ ခင်ဗျားက စာမေးပွဲခန်းရဲ့ စည်းကမ်းကို ဖျက်ဆီးနေတာပဲ။ နှစ်ရာနဲ့ချီပြီး ဒီလိုပဲ လက်ဆင့်ကမ်းလာတာကို ဒီမှာ ဘာလို့ ပြဿနာ လာရှာနေတာလဲ။ နိုင်ငံတော်စာမေးပွဲကို ကလေးကစားစရာလို့ သဘောထားလို့ ရမလား။
နောက်ထပ် လူတစ်စုကတော့ လုံးဝ ဂရုမစိုက်သော အခြေအနေမှာ ရှိနေပြီး ဤကိစ္စကို စိတ်ဝင်စားရုံလောက်သာ ရှိသည်။ တံဆိပ်တုံး ဆိုသော ပစ္စည်းက … ရှိရှိ မရှိရှိ သူတို့အတွက်တော့ ကိစ္စမရှိပေ။ လက်ထဲတွင် ရှိနေလျှင်တောင် တံဆိပ်တုံး လိုက်ထုဖို့ ပျင်းရိလွန်းလှသည်။ ထို့အပြင် တစ်ပါးသူ သုံးနှစ်တာ ကြိုးစားအားထုတ် ထားသည်ကို အိမ်သာ တစ်ခါတက်ရုံမျှဖြင့် အချဉ်းနှီးဖြစ်အောင် သူတို့ မလုပ်ချင်ပေ။ တံဆိပ်တုံးကို ယူလာရသည်ကလည်း မတော်တဆမှုများကို ကာကွယ်ဖို့နှင့် လုပ်ထုံးလုပ်နည်း တစ်ခု အနေဖြင့်သာ။
လူတွေ၏ စိတ်က အမျိုးမျိုး ကွဲပြားနေသော်လည်း အားလုံးက ဖန်ကျန်းရီ၏ ထမင်းကို စားထားပြီး ဖြစ်သလို အဓိက စာမေးပွဲကြီးကြပ်ရေးမှူးလည်း ရှိနေသောကြောင့် အများကြီး မေးခွန်းထုတ်၍မကောင်းပေ။
ကျန်းတုန်ရှန်းက သူ လုံးဝ ဂရုမစိုက်တဲ့ ပုံစံကို မြင်လိုက်ရချိန်မှာတော့ ရင်ထဲမှာ ချက်ချင်း အကုန် သဘောပေါက်သွားတော့သည်။ မွန်းတည့်ချိန်က အညစ်အကြေးတံဆိပ်တုံး ကိစ္စကို လာပြောပြသေးသည်။
ဖန်ကျန်းရီ၏ သဘောထားကို အကဲခတ်ကြည့်ရလျှင် ဤပစ္စည်းအပေါ် လွန်စွာမှ ရွံရှာမုန်းတီးနေသည့် အသွင်ရှိသည်။ ပထမနေ့ စာမေးပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်တည်း အားလုံး၏ တံဆိပ်တုံးများ အကုန်အစင်ကို သိမ်းကျုံးယူငင်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ပေ။
သြော်... သို့ဖြစ်၍ကိုး... ဤအကြောင်းကြောင့်သာလျှင် သူသည် ရုတ်တရက် မျက်နှာချိုသွေးနေခဲ့ခြင်း ဖြစ်ပေတော့သည်။ ပြဿနာ၏ ဇာစ်မြစ်မှာ ဤနေရာ၌ပင် ရှိနေခဲ့ချေသည်။ မျက်စိနောက်သည့် ပစ္စည်းဖြစ်နေရုံမျှဖြင့် ပျောက်ကွယ်သွားစေရန် ပြုလုပ်ရသည်လား။ သဘောမကျနှစ်ခြိုက်သည့် စည်းမျဉ်းစည်းကမ်း ဖြစ်နေလျှင်ကော ဖျက်သိမ်းပစ်ရမည်လား။
အလွန်တရာ ရိုင်းစိုင်းလွန်းလှသည်။ အလွန့်ကို မိုက်မဲရိုင်းစိုင်းလှသည်။ အမှန်တကယ်ပင် မိမိထင်ရာ မိမိစိုင်း၍ ဥပဒေသများကို အနည်းငယ်မျှပင် ရိုသေလေးစားမှု မရှိသူဖြစ်၏။
ကျန်းတုန်ရှန်းသည် ဒေါသကြီးသူ တစ်ယောက် ဖြစ်သော်လည်း ဖန်ကျန်းရီက ပြဿနာရှာတတ်သူ တစ်ယောက် ဖြစ်ကြောင်းကို တွေးလိုက်မိသည်။ ခဏနေလျှင် မည်သည့်အရူးစကားများ ပြောလာအုံးမည် မသိသောကြောင့် ရင်ထဲမှ ဒေါသကို အတင်းဖိနှိပ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ငါ့ကို လာပြီး အရူးမလုပ်နဲ့။ စာမေးပွဲကြီးကြပ်ရေးမှူးတွေရဲ့ တံဆိပ်တုံးတွေကို မင်း တစ်ယောက်တည်း သိမ်းသွားတာ။ အားလုံး ဒီမှာ ရှိနေတာကို မင်းက ဆင်ခြေပေးချင်သေးတာလား။ မင်း အရမ်း ရဲတင်းလွန်းတယ်။ မင်း ဘာလုပ်ချင်လဲ ဆိုတာကို ငါ မသိဘူး မထင်နဲ့။ ချက်ချင်း ပြန်ပေးစမ်း။ ဒီနေ့တော့ ငါက ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးမယ်။ မဟုတ်ရင် အရှင်မင်းကြီးဆီမှာ သေချာပေါက် တိုင်တန်းမယ်။"
"အာ … တံဆိပ်တုံးပဲ။ ကျုပ် မှတ်မိပြီ။" ဖန်ကျန်းရီသည် မတ်တပ်ရပ်ကာ သဘောပေါက်သွားသည့် အမူအရာကို ပြသလိုက်ပြီးနောက် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "အမတ်ကြီးကျန်း … ကျုပ် ဘာလုပ်မလဲ ဆိုတာကို သိနေမှတော့ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။
လုပ်ဖော်ကိုင်ဖက် တော်တော်များများက အသစ်ရောက်လာတာ ဆိုတော့ ကျုပ်က သူတို့ကို ကူညီပြီး တာဝန်ခွဲဝေယူပေးတာ ဘာများ မဖြစ်နိုင်စရာ ရှိလို့လဲ။ စာမေးပွဲဖြေတဲ့ ဒီရက်ပိုင်းအတွင်းမှာ သန့်စင်ခန်းသွားမယ့် သူ ဘယ်နှစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။ စာမေးပွဲကြီးကြပ်ရေးမှူးတွေ အများကြီးက ဘာကိစ္စ တံဆိပ်တုံး လိုက်ထုနေအုံးမှာလဲ။ ဒီအလုပ်ကို ကျုပ် တစ်ယောက်တည်း လုပ်လိုက်ရင် ရပြီလေ။ ကျုပ် ပြောတာ မှန်တယ် မဟုတ်လား။"
ထိုသို့ပြောရင်း ဖန်ကျန်းရီက ဘေးတွင်ရှိသော စန်ဝမ်စဲ့ကို လက်လှမ်းဆွဲလိုက်သည်။
စန်ဝမ်စဲ့ ချက်ချင်း ကြောင်သွားပြီး ဗလုံးဗထွေးဖြင့် ပြောလိုက်၏။ "အင်း ဟုတ်တယ် … မ … မဟုတ်ဘူး။ …"
ကျန်းတုန်ရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။ မင်း ဒီလိုစကားတွေပြောပြီး လှည့်စားချင်တာလား။ ဒီလောက်ကြီးတဲ့ အဆောက်အအုံ တစ်ခုလုံးကို တစ်ယောက်တည်း ကြည့်မလို့လား။ ညီလာခံမှာ ပျင်းတိပျင်းရွဲ အမြဲလုပ်နေတတ်တဲ့ မင်းက အခုလို အလုပ်ကြိုးစားမယ်ပေါ့။
"ဟွန်း … ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီနော်။ အတိုင်ခံရဖို့သာ စောင့်နေတော့။ လူလာစမ်း … သွားရှာချေ …"
"ခဏနေအုံး။"
တံဆိပ်တုံး သွားရှာမည်ကို မြင်သောအခါ ဖန်ကျန်းရီက ချက်ချင်း အသံကျယ်ကျယ်ဖြင့် တားဆီးလိုက်၏ "အမတ်ကြီးကျန်း … ဘာမဟုတ်တာလေးနဲ့ တိုင်တန်းမနေပါနဲ့။ အားလုံးက နန်းတွင်းမှာ အတူတူ အလုပ်လုပ်နေကြတာပဲ။ နောက်ကွယ်ကနေ တိုင်တန်းတာက ရှက်စရာ ကောင်းပါတယ်။"
ကျန်းတုန်ရှန်းသည် ဖန်ကျန်းရီကို အံ့သြမှင်တက်စွာဖြင့် ကြည့်နေမိသည်။ ဤသို့သော စကားမျိုး ပြောထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ နောက်ကွယ်ကနေ တိုင်တန်းသည်ဆိုခြင်းမှာ ဘာအဓိပ္ပာယ် ဖြစ်သနည်း။ သူက ဖန်ကျန်းရီ ကို တိုင်တန်း၍မရပေဘူးလား။
ဖန်ကျန်းရီက လက်မောင်းကို ပင့်တင်လိုက်သည်။ "ခင်ဗျား ကျုပ်ကို အမြင်မကြည်ဘူးဆိုရင် ကျုပ်တို့ နှစ်ယောက် အပြင်ထွက်ပြီး တိုက်ခိုက်ကြမလား။ အားလုံးက ယောက်ျားတွေပဲ။ တရားမျှတစွာ တိုက်ခိုက်ကြမယ်။ ခင်ဗျားက အသက်ကြီးပြီဆိုတော့ ကျုပ်က ခင်ဗျားကို သုံးချက် အကျောပေးမယ်။"
အနီးဆုံးတွင် ရှိနေသော စန်ဝမ်စဲ့သည် လုံးဝကို ကြောင်အမ်းသွားသည်။ စာမေးပွဲ စစ်ဆေးသည့် အခန်းထဲတွင် ရန်ဖြစ်ရန် စိန်ခေါ်လို့နေသည်။ ထို့အပြင် သုံးချက်အကျောပေးမည်ဟု ပြောနေသေး၏။ အမတ်ဖန်က လူမိုက်ပေလား။
စာမေးပွဲကြီးကြပ်ရေးမှူးများအားလုံး ဆူညံသွားကြသည်။ ခင်ဗျားက ရမ်းကားနေတာပဲ။ ကောလာဟလတွေက အမှားမရှိဘူး။ ခုနကတော့ ဟန်ဆောင်နေတာပဲ။ အခုကျတော့ မောက်မာထောင်လွှားတဲ့ ပင်ကိုယ်စရိုက်ကို လုံးဝ ထုတ်ပြလိုက်ပြီပဲ။
"မင်း … မင်း …"
ကျန်းတုန်ရှန်းသည် ရင်ဘတ်ကို ဖိကာ နာကျင်သည့် မျက်နှာထားဖြင့် ရှိလို့နေ၏။
ယနေ့တွင်မူ ဖန်ကျန်းရီအပေါ် ထားရှိသော သူ၏ အမြင်များမှာ တစ်ဖန် ပြောင်းလဲသွားခဲ့ရပြန်ချေပြီ။
ဤမျှတိုင် အရှက်အကြောက် ကင်းမဲ့လှသော လူမျိုးကို သူ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးခဲ့ချေ။ သူ၏ခန္ဓာကိုယ် တစ်ဝက်မျှသည် မြေကြီးအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့ပေမည့် သုံးချက် အကျောပေးမည်ဟု စိန်ခေါ်လို့နေ၏။ သောက်ကျိုးနည်း .... မင်းက လူကြီးသူမအား ရိုသေလေးစားရမှန်း မသိ၊ ကလေးသူငယ်များအပေါ် သနားညှာတာရမှန်း မသိတတ်သော တိရစ္ဆာန်ကောင်ပင် ဖြစ်သည်။
"ကောင်းပြီ။ ဒီနေ့ ငါ မင်းရဲ့ ခြေထောက်ကို ကျိုးအောင် ရိုက်ပစ်မယ်။" ကျန်းတုန်ရှန်းသည် နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ရှေ့သို့တိုးကာ ဖန်ကျန်းရီ၏ အင်္ကျီစကို ဖမ်းဆွဲရန် ပြင်လိုက်၏။
ထိုအခြေအနေကို မြင်သောအခါ အခြားစာမေးပွဲကြီးကြပ်ရေးမှူးများက ရှေ့သို့တိုး၍ ကျန်းတုန်ရှန်းကို ဝိုင်း ဆွဲထားလိုက်ကြပြီး အဆက်မပြတ် ဖြန်ဖြေနေကြတော့သည်။
"အမတ်ကြီးကျန်း … စကားကို ကောင်းကောင်းပြောပါ။ သူနဲ့ တန်းမညှိနဲ့ …"
"ရန်မဖြစ်ကြပါနဲ့ဗျာ … အမတ်ကြီးကျန်း။ ဒီကိစ္စ အပြင်ကို ရောက်သွားရင် တခြားသူတွေက ဘယ်လို ပြောကြမလဲ … ခင်ဗျားက စာမေးပွဲစစ်ဆေးမယ့် အဆောက်အအုံမှာ တာဝန်ယူရအုံးမယ်လေ …"
"မြို့ဝန်ဖန် … ခင်ဗျားရဲ့ ဦးလေးသုံးကို အမြန် တောင်းပန်လိုက်ပါ။ မိသားစုတွေပဲကို ဘာလို့ ဒီအခြေအနေထိ ရောက်ရတာလဲ။"
ထိုစကားကို ကြားလိုက်ရချိန်မှာတော့ ကျန်းတုန်ရှန်း၏ နှလုံးသားပေါ်သို့ နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက် တစ်ခု ထပ်မံ ကျရောက်သွားပြီး မျက်လုံးပြူးကာ ငိုယိုအော်ဟစ်လိုက်သည်။ "ငါက သူ့ရဲ့ ဦးလေးသုံး မဟုတ်ပါဘူးကွ။"
ထို့နောက် မျက်လုံးနှစ်လုံး မှိတ်ကာ မေ့လဲသွားတော့သည်။ သောက်ကျိုးနည်း … ငါ့မှာ ဒီလို မိုက်ရိုင်းတဲ့ တူမျိုး ရှိနေရင်တောင် ငါ အသိအမှတ် မပြုဘူး။
အားလုံးက ကျန်းတုန်ရှန်းကို သနားနေကြ၏။
ချက်ချင်းပင် စာမေးပွဲကြီးကြပ်ရေးမှူး တစ်ယောက်က ပြေးထွက်သွားပြီး သမားတော်ကို သွားရှာလိုက်သည်။ စာမေးပွဲအတွင်း ကျောင်းသားများ ရုတ်တရက် ဖျားနာတတ်သောကြောင့် သမားတော်ကလည်း အမြဲတမ်း အသင့်ရှိနေတတ်သည်။
ဖန်ကျန်းရီသည် မြေပြင်ပေါ်တွင် မေ့လဲနေသော ကျန်းတုန်ရှန်းကို ရှက်ရွံ့စွာဖြင့် ကြည့်နေမိသည်။
ဤအခြေအနေအား အလွယ်တကူ လှည့်စားကျော်လွှားနိုင်မည် မဟုတ်တော့ပေ။
သူ၏ မူလရည်ရွယ်ချက်မှာ ကျန်းတုန်ရှန်းအား ပစ်မှတ်ထား၍ ရှေးဦးစွာ လူမိုက်တစ်ဦးပမာ ရိုင်းပျစော်ကားစွာ သောင်းကျန်းပြရန် ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာလျှင် ကျန်ရှိနေသော စာမေးပွဲကြီးကြပ်ရေးမှူးများ ထိတ်လန့်တကြား ဖြစ်သွားကြမည်။ ထိုအခါမှ အေးအေးဆေးဆေး ထိုင်ခိုင်းကာ စကားပြောဆိုမည်ဟု ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အတွေ့အကြုံများအရ ဤသို့သော စာပေပညာရှင်များနှင့် ဆက်ဆံရာတွင် အစတည်းက ယဉ်ကျေးပျော့ပျောင်းစွာ ရှင်းလင်းပြောဆိုနေ၍ မရနိုင်ကြောင်း သိထားသောကြောင့် ဖြစ်သည်။ စကားတစ်ခွန်း ဆုံးအောင်ပင် ပြောခွင့်ရမည် မဟုတ်ဘဲ ဝိုင်းဝန်းကန့်ကွက် အော်ဟစ်ကြမည် ဖြစ်ရာ အခြေအနေမှာ လုံးဝ ပြင်ဆင်၍မရနိုင်လောက်အောင် ဆိုးရွားသွားပေလိမ့်မည်။ ထို့ကြောင့် ဤသူများနှင့် ဆက်ဆံရာ၌ ရှေးဦးစွာ လူမိုက်သဖွယ် ပြုမူပြပြီးမှသာလျှင် အကျိုးအကြောင်းကို ရှင်းပြရမည်။
သို့ပါလျက် ယခုမှာတော့ အရာခပ်သိမ်းသည် ကပြောင်းကပြန် ဖြစ်ခဲ့ရ၏။
လူမိုက်ဇာတ်သွင်းခြင်းမှာ တစ်ဝက်တစ်ပျက်မျှပင် ခရီးမရောက်သေးပေ။ ကျန်းတုန်ရှန်းကြီးမှာ အမျက်ဒေါသ ထွက်လွန်းလှသဖြင့် ပုံလျက်သား မေ့မြောသွားခဲ့သည်။
ဤအဘိုးအို၏ စိတ်ဓာတ်ခွန်အားမှာ အမှန်တကယ်ပင် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ညံ့ဖျင်းလွန်းလှ၏။
ကျန်သော စာမေးပွဲကြီးကြပ်ရေးမှူးတွေက ကျန်းတုန်ရှန်းကို ကြည့်ပြီး သက်ပြင်းချနေကြသလို တစ်ချို့ကလည်း ဖန်ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
စာမေးပွဲခန်းကို နှောင့်ယှက်တာက သစ္စာမရှိတာပဲ။ လူကြီးသူမကို ပြန်ပြောတာက မရိုသေတာပဲ။ ဒီလို သစ္စာမရှိ၊ မရိုသေတဲ့သူက ဘယ်လိုလုပ် စာမေးပွဲကြီးကြပ်ရေးမှူး တာဝန်ကို ယူနိုင်မှာလဲ။
ကိုယ်တိုင်က လူတိုင်း၏ ပစ်မှတ် ဖြစ်သွားကြောင်း မြင်သောအခါ ဖန်ကျန်းရီက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "အားလုံး စိုးရိမ်မနေကြပါနဲ့။ ဒါက ကျုပ် ဦးလေးသုံးရဲ့ ရောဂါဟောင်းပါ။ စိတ်လှုပ်ရှားရင် လွယ်လွယ်ကူကူ မေ့လဲသွားတတ်တယ်။ ဒီကိစ္စကလည်း ခင်ဗျားတို့ အပြစ်ပဲ။
သူက ကျုပ်တို့ရဲ့ ဆွေမျိုး ဆက်ဆံရေးကို တခြားသူတွေ ပြောတာ မကြိုက်ဘူး။ လူတွေ အတင်းပြောတာ ခံရမှာကို စိုးရိမ်တာ။ အားလုံး စိတ်ထဲ သိထားရင် ရပါပြီ။ အပြင်ကို မပြောကြနဲ့နော်။"
စာမေးပွဲကြီးကြပ်ရေးမှူးများက ဖန်ကျန်းရီကို အေးစက်စွာ စိုက်ကြည့်နေကြပြီး သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။ "မြို့ဝန်ဖန် … ခင်ဗျားက အထက်အရာရှိကို ပြန်ပြောပြီး စာမေးပွဲခန်းကို နှောင့်ယှက်တယ်။ ဒီကိစ္စက ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ မဟုတ်တော့ဘူး။
ခင်ဗျားက အဲဒီလောက်များတဲ့ တံဆိပ်တုံးတွေကို ငှားသွားပြီး ဘာလုပ်မလို့လဲ။ သေသေချာချာ မရှင်းပြရင် ကျုပ်က ရာထူးငယ်ပြီး စကားပြောခွင့် မရှိရင်တောင် ခင်ဗျားကို သေချာပေါက် တိုင်တန်းမယ်။"
ခဏအကြာတွင် သမားတော်က အမြန်ပြေးလာပြီး ကျန်းတုန်ရှန်းကို ထမ်းကာ အိပ်ခန်းသို့ ပို့ဆောင်ပေး လိုက်၏။
ဖန်ကျန်းရီသည် လူတိုင်းကို ရင်ဆိုင်ရာတွင် လုံးဝ မကြောက်ရွံ့ပေ။ ခေါင်းဆောင် မရှိတော့သောကြောင့် ဆုံးဖြတ်ချက် ချပေးမည့်သူလည်း မရှိတော့ပေ။ ထို့ကြောင့် အကြောင်းပြချက် ကောင်းကောင်းပေးနိုင်သည်။
"အားလုံးပဲ ကျုပ် ရှင်းပြတာကို နားထောင်ကြပါ။"
ဖန်ကျန်းရီက လက်နှစ်ဖက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်သည်။ "ကျုပ် ငှားသွားတဲ့ ခင်ဗျားတို့ရဲ့ တံဆိပ်တုံးတွေ … လွှင့်ပစ်လိုက်ပြီ။ အဲဒီ အသုံးမကျတဲ့ ပစ္စည်းတွေက ကိုယ်ပေါ်မှာ ထားထားရင်လည်း ထိမိခိုက်မိပြီး နေရခက်တယ်။ အားလုံး ဘယ်လောက်ပေးဝယ်ခဲ့ရလဲ .. ကျုပ် အကုန် ပြန်လျော်ပေးပါ့မယ်။"
"ဘာ .. ခင်ဗျားက ဘာဖြစ်လို့ ကျုပ်တို့ရဲ့ တံဆိပ်တုံးတွေကို လွှင့်ပစ်ရတာလဲ။ ကျောင်းသားတွေက မရိုးမသားလုပ်ရင် ဘယ်လို တံဆိပ်တုံး ထုတော့မှာလဲ။”
ခဏအတွင်းမှာပဲ … လူအုပ်ကြီးမှာ ဒေါသထွက်သွားကြတော့သည်။