အခန်း ၃၅၈
Vol. 20 Ch. 358
အပိုင်း (၃၅၈) ယင်နာရီရဲ့ နေမင်းကို ခင်ဗျားတို့ မြင်ဖူးကြသလား။
ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် အထင်သေးဟန် တစ်ချက် ပေါ်လာ၏။
မသမာမှု ပြုလုပ်သည်ဟု စွပ်စွဲခြင်းဆိုသည်မှာ မစင်စွန့်ရန် သွားသည်နှင့် သေချာပေါက် စွပ်စွဲခံရခြင်း ဖြစ်သည်။
ထို့ကြောင့် မသမာမှုဟု သတ်မှတ်ခံရသော စာမေးပွဲအဖြေလွှာများသည်လည်း သဘာဝကျကျ စွန့်ပစ်ခံရပြီး စစ်ဆေးခံရမည် မဟုတ်ချေ။
လူသတ်လျှင်တောင် သက်သေအထောက်အထား လိုအပ်သေး၏။ သို့သော် ငြားလောကတွင် တရားအမျှတဆုံးဟု ဆိုသော ဤနေရာ၌ လူတစ်ယောက်၏ ဘဝကို ဖျက်ဆီးရန် သက်သေပင် မလိုပေ။
ဤအချက်လေး တစ်ချက်တည်းဖြင့် လူမြောက်မြားစွာ၏ ဆယ်နှစ်ဆယ်မိုး၊ သို့မဟုတ် ဆယ်စုနှစ်ချီ၍ ပင်ပန်းဆင်းရဲစွာ ကြိုးစားအားထုတ်ခဲ့ရမှုများသည် တစ်မနက်ခင်းအတွင်း ပျက်စီးသွားရသည်။ ဤလူများက ရဲရဲဝံ့ဝံ့ စကားပြောရဲကြသေးသည်လား။
"ခင်ဗျားတို့ မလောကြပါနဲ့။ ကျုပ် စကားပြောလို့ ပြီးတဲ့အထိ နားထောင်ပြီးမှ ဆုံးဖြတ်တာ ပိုကောင်းမယ်။" ဖန်ကျန်းရီက စာမေးပွဲစစ်ဆေးသူများကို မျက်လုံးဖြင့် ဝေ့ဝဲကြည့်လိုက်၏။ သူ၏ အကြည့်ရောက်သွားသော နေရာတိုင်းတွင် ဆွေးနွေးသံများ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
စာမေးပွဲစစ်ဆေးသူ အများအပြားသည် သူ၏ အကြည့်ကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားကြပြီး ထပ်မမေးရဲကြတော့ချေ။
ဒီကောင်က လူမိုက်ပဲ။ ပုံမှန်အတိုင်း လုပ်တတ်တာ မဟုတ်ဘူး။ ကျန်းတုန်ရှန်းလို အရိုးပေါ် အရေတင် အဘိုးအိုကိုတောင် သုံးချက် အကျောပေးပြီး ရိုက်မယ် လုပ်နေတာ။ ခဏနေများ ငါ့ကို ရွေးပြီး ရိုက်ရင် ဘယ်လိုလုပ်မလဲ။
အရိုက်ခံရလျှင် အရှက်ကွဲမည်ဖြစ်ပြီး မရိုက်လျှင်လည်း အရှက်ကွဲမည်။ ထို့အပြင် ဖန်ကျန်းရီက ငယ်ရွယ်ပြီး ခွန်အားကြီးမားသောကြောင့် ပြန်လည် ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"စာမေးပွဲရုံမှာ အရေးအကြီးဆုံးက ဘာလဲဆိုတာ ခင်ဗျားတို့ ကျုပ်ကို ပြောပြကြစမ်းပါ။" ဖန်ကျန်းရီက အသံကို မြှင့်၍ ပြောလိုက်သည်။
အောက်ဘက်မှ မည်သူမှ တုံ့ပြန်ခြင်း မရှိချေ။ လူအားလုံးသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
ဖန်ကျန်းရီက လူအုပ်ကြီးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ "ခင်ဗျား ပြော။"
လူအုပ်ထဲတွင် စန်ဝမ်စဲ့ က ဖန်ကျန်းရီကို ကြည့်ကာ သံသယဖြင့် မိမိကိုယ်ကိုယ် ပြန်လည် လက်ညှိုးထိုးပြလိုက်၏။
"ဟုတ်တယ်။ ခင်ဗျားပဲ။ စာမေးပွဲရုံမှာ အရေးအကြီးဆုံးက ဘာလဲဆိုတာ ကျုပ်ကို အသံကျယ်ကျယ်နဲ့ ပြောစမ်းပါ။"
ဖန်ကျန်းရီ၏ လုပ်ပုံကိုင်ပုံကို မြင်ဖူးထားသောကြောင့် စန်ဝမ်စဲ့ ၏ စိတ်ထဲတွင် သူနှင့် စကားပြောမိသည်ကို အလွန်အမင်း နောင်တရသွားခဲ့၏။ သို့သော်ငြား အဖြေပေးရန် ရွေးချယ်ခံရပြီဖြစ်သောကြောင့် ငြင်းဆန်၍ မရတော့ဘဲ အသံကျယ်ကျယ်ဖြင့် ဖြေလိုက်ရသည်။ "သဘာဝကျကျပဲ တရားမျှတမှုပေါ့။"
"မှန်တယ်။ စာမေးပွဲတစ်ခုအတွက် တရားမျှတမှုထက် ပိုအရေးကြီးတဲ့ ကိစ္စ မရှိဘူး။ နန်းတော်အနေနဲ့ လုံးဝ တရားမျှတအောင် မလုပ်ပေးနိုင်ရင်တောင်မှ စာမေးပွဲဖြေဆိုသူတွေကြားက ပြင်ပကွာဟချက်တွေကို တတ်နိုင်သမျှ လျှော့ချပေးရမယ်။
ချမ်းသာကြွယ်ဝတဲ့ မိသားစုက လာသူတွေဟာ အမဲသားခြောက်နဲ့ ကြက်ဥတွေလို စားစရာတွေကို စာမေးပွဲရုံထဲ ယူလာနိုင်ကြတယ်။ အဲဒါတွေက ဗိုက်ပြည့်စေပြီး နေရာလည်း သိပ်မယူဘူး။
ဆင်းရဲတဲ့ မိသားစုက လာသူတွေကတော့ ဆန်နဲ့ ဂျုံကိုပဲ စားနိုင်ကြတယ်။ အချိန် ခြောက်နာရီတောင် မကြာခင်မှာ ဗိုက်ဆာလာပြီး စာမေးပွဲကို ထိခိုက်မှာ သေချာတယ်။ ပြီးတော့ အသားစားတာထက် အစာပမာဏ ပိုများများ စားရတယ်။ များများစားရင် များများ စွန့်ထုတ်ရမှာ သဘာဝပဲ။ ဒီလိုဆိုရင် ကျုပ်တို့ရဲ့ နိုင်ငံတော်စာမေးပွဲက တရားမျှတတယ်လို့ ခေါ်လို့ရအုံးမလား။" ဖန်ကျန်းရီက ယုံကြည်ချက်ရှိရှိ မေးလိုက်၏။
စာမေးပွဲစစ်ဆေးသူတစ်ဦးက သရော်လိုက်သည်။ "ဖန်သခင်လေး... တံခါးမပိတ်ခင်လေးမှာ အပြင်ကနေ ကြားလိုက်ရတယ်။ ခင်ဗျားတို့ ပန်းရှန်းသတင်းစာတိုက်က သတင်းထောက်တွေလည်း စာမေးပွဲ လာဖြေကြတယ်ဆို။ ပြီးတော့ ခင်ဗျားက သူတို့အတွက် ကမာကောင်တွေတောင် ပြင်ဆင်ပေးထားသေးတယ်တဲ့။
စာမေးပွဲဖြေရင်း ကမာကောင်စားတယ်ဆိုတာ ကျုပ်တော့ အခုမှပဲ ကြားဖူးတော့တယ်။ ခင်ဗျားပါးစပ်ကနေ တရားမျှတမှုဆိုတဲ့ စကားလုံး ထွက်လာတာ နည်းနည်းတော့ ရယ်စရာကောင်းမနေဘူးလား။"
စာမေးပွဲစစ်ဆေးသူများသည် ဖန်ကျန်းရီအား လှောင်ပြောင်သည့်အနေဖြင့် အဓိကထား၍ ပြန်လည် ဆွေးနွေးလာကြ၏။
"စာမေးပွဲဖြေရာမှာ ကမာကောင် ယူလာတာမျိုး ရှိသေးလား။ စားဖိုမှူးပါ တစ်ခါတည်း ခေါ်မလာခဲ့ဘူးလား။"
"ကျုပ် မြင်လိုက်တယ်။ စာမေးပွဲရုံမှာ ကမာကောင်ခေါက်ဆွဲပြုတ် စားနေတဲ့ စာမေးပွဲဖြေဆိုသူတွေ တကယ်ရှိတယ်။ ဟမ့် .. ကျုပ်က နန်းတော်ထဲက အမတ်ကြီးတစ်ယောက်ယောက်ရဲ့ သားများလားလို့ ထင်နေတာ။ ဖန်သခင်လေးရဲ့ လူတွေ ဖြစ်နေတာကိုး။"
"ဖန်သခင်လေး... ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်ကျတော့ စည်းကမ်းလျှော့ပေါ့ပြီး သူများတွေကိုကျတော့ တင်းကျပ်လွန်းနေတယ်။ အောက်လက်ငယ်သား ကျုပ်ကတော့ လေးစားသွားပြီ။"
ဖန်ကျန်းရီက အလောတကြီး မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဘာလို့ ရယ်စရာကောင်းရမှာလဲ။ ကျုပ်က စည်းကမ်းဘောင်ထဲကနေ သူတို့အတွက် အပြည့်စုံဆုံး ဖြစ်အောင် ကူညီပြင်ဆင်ပေးတာ ဘာအမှားရှိလို့လဲ။
တရားမျှတမှုဆိုတာ ယုတ္တိရှိတဲ့ အားသာချက်တွေကို လျှော့ချပစ်တာ မဟုတ်ဘူး။ မွေးရာပါ အားနည်းချက်တွေကို ကူညီထောက်ပံ့ပေးတာကို ခေါ်တာ။
စာမေးပွဲရုံထဲမှာ ခြေမသန်တဲ့ စာမေးပွဲဖြေဆိုသူ တစ်ယောက် ပါလာတာနဲ့ ကျန်တဲ့ စာမေးပွဲဖြေဆိုသူတွေ အားလုံးရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်ရမှာလား။"
စာမေးပွဲစစ်ဆေးသူများသည် မည်သို့မှ မတုံ့ပြန်ဘဲ တိတ်ဆိတ်သွားကြပြန်၏။
မင်းပြောတာ ယုတ္တိရှိပေမဲ့ ဒါက ဘာဖြစ်လို့လဲ။ အဆက်ဆက်က ဒီလိုပဲ ဖြတ်သန်းလာခဲ့ကြတာပဲ။ ဘာဖြစ်လို့ မင်း ကြီးကြပ်တဲ့အချိန်ကျမှ ပြဿနာတွေ ဒီလောက် များနေရတာလဲ။
ဖန်ကျန်းရီသည်လည်း လက်မြှောက်အရှုံးပေးချင်လာခဲ့သည်။ ယုတ္တိဗေဒဖြင့် ရှင်းပြ၍ အသုံးမဝင်ကြောင်း သူ သိလိုက်၏။ လူအတော်များများ၏ တွေးခေါ်မှုများက တောင့်တင်းနေပြီး အကြောင်းပြချက်များကို လုံးဝ နားမဝင်ကြချေ။ ထို့ကြောင့် ချဉ်းကပ်ပုံ ပြောင်းလဲရန်သာ ရှိတော့သည်။
ဖန်ကျန်းရီသည် သူ၏ဦးနှောက်ထဲတွင် အကြံဉာဏ်များကို အသည်းအသန် ရှာဖွေလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူက စာတွေ အများကြီး ဖတ်ဖူးထားသောကြောင့် မကြာမီမှာပင် ပြောရမည့် စကားများကို စဉ်းစားမိသွားခဲ့၏။
စိတ်ခံစားချက်ကို အမြန်ဆုံး ချိန်ညှိလိုက်ပြီးနောက် ဖန်ကျန်းရီ၏ အသံသည် လေးနက်သွားခဲ့သည်။
"ကျုပ် ခင်ဗျားတို့ကို ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြမယ်။ ကျုပ်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့နာမည်က ခိုဘီတဲ့။ ငယ်ငယ်တည်းက မြို့တော်နဲ့ မိုင်ထောင်ချီ ကွာဝေးတဲ့ လော့ရှန်းကျီ လို့ ခေါ်တဲ့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာလေးမှာ မွေးဖွားခဲ့တယ်။
သူ့မိသားစုက အရမ်း ဆင်းရဲတာကြောင့် ခိုဘီက စာသင်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး။ မိသားစုဝင် ငါးယောက်က မြေဆယ်ဧကကိုပဲ မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့ရတယ်။
ဒါပေမဲ့ မထင်မှတ်တဲ့ အခွင့်အရေးတစ်ခုကြောင့် သူက ဆရာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနေ့ကစပြီး သူ့ကို ပညာရှိတွေရဲ့ စာအုပ်တွေအကြောင်း ရှင်းပြပေးမယ့်သူ ပထမဆုံးအကြိမ် ပေါ်လာခဲ့တာပဲ။ ခိုဘီလည်း အဲဒီကနေစပြီး စာဖတ်တာကို မြတ်နိုးသွားခဲ့တယ်။ အဲဒီကစပြီး ပညာရေးနဲ့ သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်မယ်ဆိုတဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ချမှတ်ခဲ့တယ်။
ယင်နာရီအချိန်ရဲ့ နေမင်းကို ခင်ဗျားတို့ မြင်ဖူးကြသလား။ ခိုဘီကတော့ မြင်ဖူးတယ်။ သူက နေ့တိုင်း ယင်နာရီ ရောက်တာနဲ့ အနီးဆုံးခရိုင်ကို စာသင်ဖို့ မိုင်ပေါင်းများစွာ လမ်းလျှောက်သွားခဲ့ရတယ်။ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားတယ်။ ကျောင်းလခ မပေးနိုင်လို့ အိမ်အပြင်ဘက်ကနေ ပုန်းပြီး ခိုးသင်ခဲ့ရတယ်။ စုတ်တံ၊ မင်၊ စက္ကူနဲ့ မှန်ကူကွက်တွေ မဝယ်နိုင်လို့ သစ်ကိုင်းတွေ၊ သဲတွေနဲ့ စာရေးကျင့်ခဲ့ရတယ်။
စာသင်ရတာကို အရမ်း စွဲလန်းသွားတဲ့အခါ ညဘက် အိမ်ပြန်မအိပ်ဘဲ နံရံကိုဖောက် အလင်းရောင်ခိုးယူပြီး စာဖတ်ခဲ့တယ်။
ဒီလိုနဲ့ ဆောင်းရာသီနဲ့ နွေရာသီတွေကို ဆယ်နှစ်တိုင်တိုင် ဖြတ်သန်းခဲ့တယ်။ နောက်ဆုံးတော့ သူက ကျောင်းသားအဆင့်ကို အောင်မြင်သွားခဲ့တယ်။"
ဖန်ကျန်းရီ၏ ပုံပြင်ပြောပြနိုင်စွမ်းမှာ အလွန် ပြောင်မြောက်လှပေသည်။ စာကြောင်းတစ်ကြောင်းချင်းစီကို သေသေချာချာ စီစဉ်ကာ ပြောပြနေ၏။
လူအတော်များများမှာ နားထောင်ရင်း စွဲလန်းသွားကြသည်။ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းစွာ ပညာရှာမှီးရသည့် ဇာတ်လမ်းမျိုးသည် ဤခေတ်ကာလတွင် လူကြိုက်အများဆုံး ဖြစ်နေသည်မှာ သိသာလှသည်။
လူအများအပြားသည် ခိုဘီနှင့် မိတ်ဆွေဖွဲ့ချင်စိတ်များပင် ပေါ်လာကြ၏။
ဖန်ကျန်းရီသည် ဤနေရာသို့ ရောက်သောအခါ ဝမ်းနည်းပူဆွေးသည့် အမူအရာကို ပြသလိုက်သည်။
"သူက ကျောင်းသားအဆင့်ကို အောင်မြင်သွားပေမဲ့ သူ့မိသားစုရဲ့ အခြေအနေကတော့ မတိုးတက်လာခဲ့ဘူး။ ကံကောင်းချင်တော့ ဒေသခံ ကျူးရင်တစ်ယောက်က သူ့ကို မျက်စိကျပြီး တပည့်အဖြစ် လက်ခံလိုက်တယ်။
ကျောင်းက တခြားကျောင်းသားတွေ အားလုံးက ပိုးထည်အဝတ်အစားတွေ ဝတ်ဆင်ထားကြပေမဲ့ ခိုဘီကတော့ ဖာထေးရာတွေ အပြည့်နဲ့ အဝတ်ဟောင်းတွေကိုပဲ ဝတ်ဆင်ခဲ့ရတယ်။
တခြားကျောင်းသားတွေက အသားငါးတွေကို စားနေချိန်မှာ ခိုဘီကကော … ။ သူက ဆန်ပြုတ်ပြစ်ပြစ် တစ်အိုးကိုပဲ ပြုတ်ပြီး အေးသွားတဲ့အခါ လေးပုံတစ်ပုံလှီးတယ်။ နေ့တိုင်း ဟင်းရွက်ရည်လေးနဲ့ တွဲဖက်ပြီး ဗိုက်ပြည့်အောင် စားခဲ့ရတယ်။
ဒီလိုအခြေအနေမျိုးအောက်မှာ ခိုဘီက နယ်မြေစာမေးပွဲ ဖြေဆိုခွင့်ကို ရလာခဲ့တယ်။ ရွာတစ်ရွာလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ရွာသူရွာသားတွေ ကူညီထောက်ပံ့ပေးလိုက်တဲ့ ကြက်ဥ ခုနစ်ဆယ့်ခြောက်လုံးနဲ့ ငွေငါးတုံးကို ယူပြီး တောင်တန်းတွေ၊ ရေပြင်တွေကို ဖြတ်ကျော်တယ်။ မြို့တော်ဆီ မိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့တယ်။ မြို့တော်ကို ရောက်တဲ့အခါ ခရီးစရိတ်တွေ အကုန်နီးပါး ကုန်သွားခဲ့ပြီး သူ့လက်ထဲမှာ ရိက္ခာခြောက်တွေပဲ ကျန်တော့တယ်။"
စာမေးပွဲစစ်ဆေးသူများ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာကြ၏။
"နောက်ဆုံးတော့ ခိုဘီက စာမေးပွဲရုံရဲ့ အခန်းထဲမှာ စိတ်လှုပ်ရှားစွာနဲ့ ထိုင်လိုက်နိုင်ခဲ့တယ်။ စာမေးပွဲမေးခွန်းတွေ အားလုံးက သူနဲ့ ရင်းနှီးပြီးသားတွေချည်းပဲ။
သူ့ရဲ့မွေးရာပါ ပါရမီနဲ့ နှစ်ပေါင်းများစွာ ကြိုးစားလေ့လာခဲ့မှုတွေကြောင့် စာတွေက ဦးနှောက်ထဲကနေ ရေစီးသလို ထွက်ပေါ်လာခဲ့တယ်။ အဖြေရေးတဲ့အခါ စိတ်အနှောင့်အယှက် တစ်ခုမှ မရှိဘဲ သာမန်လူတစ်ယောက် တစ်နေ့လုံး အချိန်ယူ ဖြေရမယ့် မေးခွန်းတွေကို နှစ်နာရီအတွင်း ဖြေဆိုနိုင်ခဲ့တယ်။
သူက အဖြေတွေကို မြန်မြန် ဖြေဆိုနိုင်ခဲ့ပေမဲ့ ပေါ့ပေါ့ဆဆတော့ မလုပ်ခဲ့ဘူး။ အဖြေတွေကို စစ်ဆေးဖို့ နှစ်နာရီ အချိန်ယူခဲ့သေးတယ်။ စစ်ဆေးနေရင်းနဲ့ ဗိုက်ဆာလာတာကြောင့် ရိက္ခာခြောက်ကို ထုတ်ပြီး စားရင်း စစ်ဆေးခဲ့တယ်။ သူက အရမ်းကို အာရုံစိုက်နေတာကြောင့် ရိက္ခာခြောက်ကို မင်ရည်နဲ့ တို့ပြီး စားမိသွားခဲ့တယ်။
စားပြီးသိပ်မကြာခင်မှာပဲ ခိုဘီက ဗိုက်ထဲမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။
စည်းကမ်းတွေကို နားမလည်တာကြောင့် စာမေးပွဲစစ်ဆေးသူကို မစင်စွန့်ချင်ကြောင်း တိုက်ရိုက် ပြောလိုက်မိတယ်။ စာမေးပွဲစစ်ဆေးသူက သူ့ပါးစပ်တစ်ဝိုက်မှာ မင်ရည်တွေ ပေကျံနေတာကို မြင်တော့ သူ့အပြုအမူက မူမမှန်ဘူးလို့ တွေးပြီး ခိုးချတယ်လို့ စွပ်စွဲတော့တာပဲ။"
စာမေးပွဲစစ်ဆေးသူများသည် ခေါင်းငုံ့သွားကြပြီး စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။
ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။ ဒီလောက် ကြိုးစားတဲ့ စာမေးပွဲဖြေဆိုသူ တစ်ယောက်က မတရားတဲ့ ဆက်ဆံမှုကို ခံရတာ အရမ်းကို ယုတ်မာလွန်းတယ်။
"ခင်ဗျားတို့ ထင်ထားတဲ့အတိုင်းပဲ ခင်ဗျားတို့ရဲ့ အဲဒီတံဆိပ်တုံးကြီးက ခိုဘီရဲ့ စာမေးပွဲအဖြေလွှာပေါ်မှာ ရိုက်နှိပ်ခံလိုက်ရတယ်။
ဟက်ဟက်... ဆယ်နှစ်ဆယ်မိုး ပင်ပန်းဆင်းရဲစွာ ကြိုးစားအားထုတ်ခဲ့ရသမျှတွေက စာမေးပွဲရုံထဲကို တစ်ရက်လေး ဝင်လိုက်ရုံနဲ့ ပြာအဖြစ် ပြောင်းလဲသွားခဲ့တယ်။
ကျုပ် သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ရချိန်မှာ ရလဒ်ထွက်တဲ့နေ့ ရောက်နေပြီ။ အဲဒီနှစ်က ကျုပ် အသက် ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။ ခိုဘီက ဆံပင်တွေ ဖရိုဖရဲနဲ့ အရိုးပေါ် အရေတင် ဖြစ်နေပြီး မျက်လုံးတွေထဲမှာလည်း အရောင်အဝါ မရှိတော့ဘူး။
သူက ကျုပ်ကို ဒီဇာတ်လမ်း ပြောပြခဲ့တယ်။ ကျုပ်က သူ့ကို အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သဘောထားခဲ့တယ်။ ခိုဘီ နောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ... ကျုပ် မသိဘူး။ ဒါပေမဲ့ သူက ဒီစာမေးပွဲအတွက် အရာရာတိုင်း ကို ပေးဆပ်ခဲ့တယ်။ သူက မီးတောက်တစ်ခုလိုမျိုး ခဏလေးပဲ လင်းလက်ခဲ့ပေမဲ့ နောက်လူတွေကို သတိပေးဖို့ ဒီဇာတ်လမ်းကို ချန်ထားရစ်ခဲ့တယ်။" ဖန်ကျန်းရီ၏ မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့သည်။
မျက်ရည်များသည် ဖန်ကျန်းရီ၏ မျက်လုံးထောင့်များမှ အောင်မြင်စွာ စီးကျလာခဲ့သည်။ ထို့နောက် သူက စတင် လမ်းလျှောက်ကာ သူ၏ နီရဲနေသော မျက်လုံးများကို စာမေးပွဲစစ်ဆေးသူများအား ၃၆၀ ဒီဂရီ ပတ်လည် လှည့်ပြနေ၏။
သူနှင့် မျက်လုံးချင်းဆုံမိသော စာမေးပွဲစစ်ဆေးသူများမှာ ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြသည်။ တစ်ချို့က သက်ပြင်းချကြပြီး တစ်ချို့က နှမြောတသ ဖြစ်ကြကာ အများစုမှာ နက်နက်ရှိုင်းရှိုင်း တွေးတောနေကြသည်။
"အားလုံးပဲ ... စာမေးပွဲရုံ အပြင်အဆင်နဲ့ စောင့်ကြပ်မှုက တင်းကျပ်လွန်းလို့ ထပ်တိုးစရာတောင် မလိုတော့ဘူး။ စာမေးပွဲဖြေဆိုသူတွေ မစင်စွန့်ရင်တောင် စောင့်ကြည့်မယ့်လူ ပါသေးတယ်။ ခိုးချဖို့ သံသယရှိရင် တိုက်ရိုက် စစ်ဆေးနိုင်တယ်၊ ဒါမှမဟုတ် ထပ်ပြီး ဆွေးနွေးနိုင်တယ်။
ဒါပေမဲ့ ဒီတံဆိပ်တုံးသေးသေးလေး တစ်ခုတည်းနဲ့ စာမေးပွဲဖြေဆိုသူရဲ့ အနာဂတ်ကို လုံးဝ ပိတ်ပင်ပစ်လိုက်တာက တရားမျှတတယ်လို့ ခင်ဗျားတို့ ထင်နေကြသလား။" ဖန်ကျန်းရီ၏ အသံမှာ ကျယ်လောင်သော်လည်း ဝမ်းနည်းကြေကွဲမှုများ အပြည့် ပါဝင်နေ၏။
ထိုသို့ပြောပြီးနောက် သူက အင်္ကျီအိတ်ကပ်ထဲမှ ယခင်က သိမ်းထားသော တံဆိပ်တုံးကို ထုတ်ကာ မြေကြီးပေါ်သို့ အားကုန် ပစ်ပေါက်လိုက်သည်။
'ဖောင်း' ဟူသော အသံနှင့်အတူ နှစ်ပိုင်း ကွဲထွက်သွားခဲ့သည်။
စာမေးပွဲစစ်ဆေးသူ အားလုံးမှာ တစ်ကိုယ်လုံး တုန်ခါသွားကြပြီး မြေကြီးပေါ်တွင် ကွဲကြေသွားသော တံဆိပ်တုံးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြ၏။
"ကျုပ် ခင်ဗျားတို့ရဲ့ ပစ္စည်းကို ငှားခဲ့တာမို့ သေချာပေါက် ပြန်ပေးမယ်။ လိုချင်ရင် ကျုပ်ဆီ လာတောင်းကြ။ ဒါပေမဲ့... ခိုဘီလို အဖြစ်ဆိုးတွေ ထပ်မဖြစ်ဖို့ပဲ ကျုပ် မျှော်လင့်တယ်။ ကျုပ်... ပြောစရာစကား ကုန်ပြီ။"
ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် မျက်နှာကို လက်ဖြင့်အုပ်ကာ ထွက်သွားခဲ့သည်။