← Chapters

အခန်း ၃၆၀

Vol. 20 Ch. 360

အခန်း ၃၆၀

Vol. 20 Ch. 360

အပိုင်း (၃၆၀) တံဆိပ်တုံး၏ အဓိပ္ပာယ်။

အရှိန်ပြင်းပြင်း ရိုက်ချလိုက်သောကြောင့် ကျန်းတုန်ရှန်းမှာ လန့်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။

ဖန်ကျန်းရီက ဆက်လက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မတရားတဲ့ စည်းကမ်းတွေကို ပြင်ဖို့ လိုအပ်တယ်။

အိမ်သာမှာ ချီးပါခွင့်မပေးတာက တရားဥပဒေနဲ့ကိုက်ညီရဲ့လား။ ကျင်းတိုင်းပြည်ရဲ့ ဥပဒေမှာ စာမေးပွဲ ဖြေဆိုသူတွေကို ချီးပါခွင့် မပေးဘူးဆိုတဲ့ အချက် ဘယ်အပိုဒ်မှာ ပါလဲ။ ကျုပ်ကို ပြောစမ်းပါ။"

ဖန်ကျန်းရီ၏ စကားများမှာ အလွန် ရိုင်းစိုင်းလှပြီး ချီးဆိုသည့် စကားလုံးကို ထပ်ခါတလဲလဲ သုံးနှုန်းနေသောကြောင့် နားထောင်ရ ဆိုးလွန်းကာ အန်ချင်စိတ်ပင် ဖြစ်လာစေသည်။

ကျန်းတုန်ရှန်းမှာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ပြောလိုက်၏။ "မင်း ဒီမှာ လာပြီး ရမ်းကားမနေနဲ့။ ကျင်းတိုင်းပြည်ရဲ့ ဥပဒေဆိုတာ ဘာလဲ။ စာမေးပွဲရုံမှာ စာမေးပွဲရုံရဲ့ စည်းကမ်းဆိုတာ ရှိတယ်။ မင်း စကားပြောတာ ဘယ်လိုလုပ် ဒီလောက်တောင် ရိုင်းစိုင်းရတာလဲ။"

ရိုင်းစိုင်းတယ် ဟုတ်လား။

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်သည်။ "ကျုပ်ကတော့ ပြောမှာပဲ။ ချီးပါတာ။ ချီးပါတာ။ ချီးပါတာ။ စာမေးပွဲဖြေဆိုသူတွေကို ထားလိုက်အုံး … ။ ပညာရေးနတ်မင်းကြီး လူ့ပြည်ဆင်းလာရင်တောင် ချီးပါချင်ရင် ပါရမှာပဲ။"

"မင်း …. ပညာရေးနတ်မင်းကြီးကို စော်ကားရဲတယ်ပေါ့။" ကျန်းတုန်ရှန်းမှာ အလွန်တရာ အံ့အားသင့်သွားခဲ့၏။

ဖန်ကျန်းရီက ပညာရေးနတ်မင်းကြီးကို အသုံးချပြီး ညစ်ပတ်သော အရာများနှင့် ဆက်စပ်၍ ပြောဆိုရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကောင်းကင်ပေါ်ရှိ ကြယ်အစုအဝေးများသည် နန်းတော်ကို အမြဲကိုယ်စားပြုပြီး ပညာရေးနတ်မင်းကြီးသည် ကမ္ဘာပေါ်ရှိ ပညာတတ်များ၏ ဉာဏ်ရည်ဉာဏ်သွေးကို တာဝန်ယူရသောကြောင့် လူအများက ကြည်ညိုလေးစားလာခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

များသောအားဖြင့် သာမန်လူများသည် ကျူးရင်အောင်သူများကို ပညာရေးနတ်မင်းကြီး လူ့ပြည်ဆင်းလာသည်ဟု ခေါ်ဝေါ်လေ့ရှိကြ၏။

လူတိုင်းက ဤအရာကို မယုံကြည်ကြသော်လည်း ပညာရေးနတ်မင်းကြီးအပေါ်တွင်တော့ အနည်းနှင့်အများ ကြောက်ရွံ့ရိုသေမှု ရှိကြသည်။

ယခု ဖန်ကျန်းရီက စာမေးပွဲရုံထဲတွင် ဤကဲ့သို့သော ရူးသွပ်သည့် စကားမျိုးကို ပြောဆိုရဲသည်မှာ ကျန်းတုန်ရှန်း အတွက် လက်ခံရန် အနည်းငယ် ခက်ခဲနေ၏။

"မင်းက ပညာရေးနတ်မင်းကြီးကို ဒီလို ညစ်ပတ်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်ရဲတယ်ပေါ့။ တကယ့်ကို ရိုင်းစိုင်းလွန်းတယ်။"

"ဟမ့်... ညစ်ပတ်တယ် ဟုတ်လား။ ပညာရေးနတ်မင်းကြီးမှာ ဖင် မပါဘူးလား။ ဖင်တောင် မပါတာ ဘာနတ်မင်းကြီးလဲ။"

"မင်း သိပ် သတ္တိရှိတယ်ပေါ့..." ကျန်းတုန်ရှန်းသည် တုန်တုန်ယင်ယင်ဖြင့် ဖန်ကျန်းရီကို လက်ညှိုးထိုးရင်း နှလုံးမှာလည်း တဆစ်ဆစ် နာကျင်လာသည်။

မဖြစ်ဘူး။ သူ့ကို ဆက်ပြောခွင့် မပေးနိုင်တော့ဘူး။ ထပ်ပြောနေရင် ငါ သေသွားလိမ့်မယ်...

ဖန်ကျန်းရီသည် အဘိုးအို တုန်ယင်နေသည်ကို မြင်သောအခါ အချိန်မီ ပါးစပ်ကို ပိတ်လိုက်၏။

ဤအဘိုးကြီးသည် သူ့ကြောင့် အကြိမ်အတော်များများ သတိလစ်ခဲ့ပြီးဖြစ်သည်။ ဤခန္ဓာကိုယ်မှာ ဆက်၍ ဒေါသထွက်ခံနိုင်မည် မဟုတ်ချေ။ သက်ကြီးရွယ်အိုများကို လေးစားပြီး လူငယ်များကို ချစ်ခင်ခြင်းသည် ရိုးရာဓလေ့တစ်ခု ဖြစ်သည်။

"ကဲပါ ဦးလေးသုံးရယ်။ ချီးအကြောင်း ဆက်မပြောကြရအောင်။ ရွံစရာကောင်းတယ်။"

မင်းချည်းပဲ တောက်လျှောက် ပြောနေတာ မဟုတ်ဘူးလား။ မင်းရဲ့ ဖင်က မျက်နှာပေါ်မှာ ပေါက်နေတာလား။

ကျန်းတုန်ရှန်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြန်၏။

"ခိုးချတာကို ကာကွယ်ဖို့ ဆိုတာက အကြောင်းပြချက် သတ်သတ်ပဲ။ စာမေးပွဲရုံ အပြင်အဆင်ရဲ့ တင်းကျပ်မှုက ဒီတံဆိပ်တုံး မရှိလည်း ဘာမှ ထိခိုက်မှာ မဟုတ်ဘူးဆိုတာ ကျုပ် ယုံတယ်။ ဦးလေးသုံး ခင်ဗျား ရင်ဘတ်ကို လက်တင်ပြီး ကျုပ်ကို အမှန်အတိုင်း ဖြေကြည့်စမ်းပါ။ ဟုတ်လား။"

ကျန်းတုန်ရှန်းက မျက်လုံးမှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မှန်တယ်... စာမေးပွဲမှာ ခိုးချတာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ သက်ရောက်မှု မရှိနိုင်ဘူး။ ဒါပေမဲ့ ဒါက လိုအပ်တယ်။

အရာရှိတိုင်းက ဒီလို စမ်းသပ်မှုကို ဖြတ်သန်းရမှာပဲ။ အခု စာမေးပွဲရုံထဲက စာမေးပွဲဖြေဆိုသူတွေလည်း ချွင်းချက် မဟုတ်ဘူး။ ဒီလောက် သေးငယ်တဲ့ စမ်းသပ်မှုကိုတောင် မအောင်မြင်နိုင်ဘူးဆိုရင်... သူက အရာရှိဖြစ်ဖို့ မထိုက်တန်ဘူးလို့ ငါ ထင်တယ်။ တခြား နန်းတွင်းအမတ်တွေကလည်း ဒီလိုပဲ ထင်ကြလိမ့်မယ်။ အကြောင်းပြချက်က အဲလို ရိုးရှင်းတယ်။"

ဖန်ကျန်းရီက သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် အနည်းငယ် ခံစားသွားရသည်။

ဒါက အမှန်တကယ် အကြောင်းပြချက်ပဲ...။

အညစ်အကြေး တံဆိပ်တုံး ဆိုသည့် ဤအဓိပ္ပာယ်မရှိသော လျှို့ဝှက်စည်းကမ်းသည် စာမေးပွဲဖြေဆိုသူများ ခိုးချခြင်းမှ ကာကွယ်ရန် ပေါ်ပေါက်လာခြင်း လုံးဝ မဟုတ်ချေ။

စာမေးပွဲဖြေဆိုသူက အိမ်သာသွားလိုက်ရုံဖြင့် ခိုးချမည်ဟု တွေးကာ တံဆိပ်တုံးထုပစ်မည့် မိုက်မဲသော စာမေးပွဲစစ်ဆေးသူ ရှိမည်မဟုတ်ပေ။

အဓိက အကြောင်းရင်းမှာ စာမေးပွဲစနစ်က ဤအရာရှိလောင်းများကို ယဉ်ပါးအောင် သွန်သင်ရန် သဘာဝအလျောက် ပေါ်ထွက်လာခြင်းပင် ဖြစ်မည်။

စာမေးပွဲဖြေဆိုသူများသည် စာမေးပွဲရုံထဲသို့ ခြေလှမ်းစချလိုက်သည်နှင့် အာဏာစနစ်နှင့် တရားဝင် စတင် ထိတွေ့နေပြီဖြစ်ကြောင်း သက်သေပြနေသည်။

အထက်မှ အောက်သို့ ကျဆင်းလာသော အာဏာရှင်စနစ်က ၎င်းတို့အပေါ် စတင်၍ စမ်းသပ်မှုများ ပြုလုပ်တော့မည် ဖြစ်၏။

စကားနားထောင်ခြင်း... ၎င်းသည် ရာထူးရယူနိုင်ခွင့်အတွက် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။

ဤကဲ့သို့သော စည်းကမ်းသည်လည်း လူတစ်ဦးတစ်ယောက်၏ အမိန့်ပေးမှုကြောင့် ဖြစ်ပေါ်လာခြင်း လုံးဝ မဟုတ်ဘဲ ဗျူရိုကရေစီစနစ်၏ သဘာဝအလျောက် ပေါ်ထွက်လာသော ယဉ်ပါးစေသည့် နည်းလမ်းများထဲမှ တစ်ခုသာ ဖြစ်၏။

ဥပမာပေးရလျှင် သိပ်မသင့်တော်သော်လည်း ချစ်သူက ချစ်သူများနေ့ တွင် လက်ဆောင်တောင်းသကဲ့သို့ ဖြစ်သည်။ သူမက ငွေကို လိုချင်၍ မဟုတ်သော်လည်း မဝယ်ပေးလျှင် စမ်းသပ်မှုကို မအောင်မြင်ခြင်း ဖြစ်ပြီး သူမအပေါ် ဂရုမစိုက်ခြင်းလည်း ဖြစ်သည်။ လက်ဆောင် ဝယ်ပေးလိုက်သည်နှင့် သတိမထားမိဘဲ ယဉ်ပါးသွားပြီ ဖြစ်သည်။ နောက်နောင် ချစ်သူများနေ့ ရောက်တိုင်း လက်ဆောင် ဝယ်ပေးရတော့မည်...။

ဘယ်လို ယဉ်ပါးအောင် လုပ်မလဲ။

အလွယ်ကူဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား လျှော့ချပစ်ခြင်းပင်။

ချီးပါတာကိုတောင် မအောင့်ထားနိုင်ရင် ဘယ်လိုလုပ် စကားနားထောင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်မလဲ။ မင်း ဘောင်းဘီထဲ ပါချလိုက်ရင်တောင် ရတယ်၊ ဒါပေမဲ့ စည်းကမ်းဖောက်ပြီး အိမ်သာတော့ လုံးဝ သွားလို့မရဘူး။

သွားလိုက်ရင်တော့ …နန်းတော်က လက်ခံမယ့် အခွင့်အရေးကို မင်း ဆုံးရှုံးသွားပြီ။

ဘာလို့လဲဆိုတော့ မင်းရဲ့ အရိုးထဲမှာကိုက စကားနားမထောင်တဲ့ ဉာဉ်ရှိနေလို့ပဲ။

နန်းတော်ရဲ့ အားကိုးရတဲ့ လူတစ်ယောက် ဖြစ်ချင်ရင် မင်းရဲ့ မာနတွေကို အရင် ချိုးဖျက်ရမယ်၊ မင်းရဲ့ ကျောရိုးကို ရိုက်ချိုးရမယ်၊ ပြီးမှ နန်းတော်ထဲ ဝင်ပြီး အသစ်ပြန်လည် ပုံဖော်ရမယ်။

စမ်းသပ်မှုတွေက နေရာတိုင်းမှာ ရှိနေသည်။

ဤအရာများကို ဖန်ကျန်းရီ စောစောတည်းက ရှင်းလင်းစွာ နားလည်ထားပြီး ဖြစ်၏။

စာမေးပွဲရုံပေါ်ရှိ ဤကဲ့သို့ ယဉ်ပါးစေမှုမျိုးသည် ကြောက်စရာကောင်းလွန်းသည်။

ယခင်ဘဝက ဤစည်းကမ်းများကို စိတ်ပညာ၊ စီမံခန့်ခွဲမှုပညာများအဖြစ် အကျဉ်းချုပ်ထားပြီး ဆက်လက်၍လည်း လေ့လာနေကြဆဲ ဖြစ်သည်။ ကုမ္ပဏီအများအပြားသည်လည်း အလွန် ကျွမ်းကျင်စွာ ကစားနေကြပြီ ဖြစ်၏။

အထင်ရှားဆုံးကတော့ အလုပ်မဝင်မီ ကြိုဆိုပွဲ အခမ်းအနားတစ်ခု လုပ်ပြီး လူအချင်းချင်း ရင်းနှီးကျွမ်းဝင်စေရန် ဂိမ်းငယ်လေးများ၊ မေးခွန်းနှင့် အဖြေ ကဏ္ဍများ ပြုလုပ်ခြင်း ဖြစ်သည်။

ကစားသော ဂိမ်းများမှာ များသောအားဖြင့် ကိုယ်ခန္ဓာ ထိတွေ့မှု ပါဝင်သော နည်းလမ်းများ ဖြစ်ကြသည်။

မေးမြန်းသော အကြောင်းအရာများမှာ ပထမဆုံးအကြိမ်က ဘယ်တုန်းကလဲ၊ ဘယ်သူနဲ့လဲ။ အချိန်ဘယ်လောက် ကြာလဲ။ ခံစားချက်ကို ပြောပြပါ အစရှိသည်တို့ ဖြစ်၏။

အတိုချုပ်ပြောရလျှင် တကိုယ်ရေ သီးသန့် လျှို့ဝှက်ချက်များကို လှည့်ပတ်မေးမြန်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို နှိမ်ချခြင်း၊ အလုပ်ဝင်သူ၏ ရှက်ရွံ့မှုကို ဖယ်ရှားပစ်ခြင်းများ ပြုလုပ်မှသာလျှင် ယဉ်ပါးစေမည်။ အကျိုးသက်ရောက်မှုကို ရရှိနိုင်မည်။

စာမေးပွဲဖြေဆိုဖူးသည့် မှတ်ဉာဏ်များ မရှိသော်လည်း ဤကမ္ဘာသို့ မကူးပြောင်းလာမီက ဖန်ကျန်းရီတွင် အနှိမ်ခံရသည့် အတွေ့အကြုံများစွာ ရှိခဲ့သောကြောင့် ဤအရာများနှင့် အလွန် ရင်းနှီးနေသည်။

ထို့ကြောင့် ဤအရာကို စာမေးပွဲရုံမှ လုံးဝ ဖယ်ရှားပစ်ရန်မှာ သိပ်မလွယ်ကူလှချေ။ ကျန်းတုန်ရှန်းမှာ ခေါင်းမာသောကြောင့် ရှောင်ကွင်း၍သာ လုပ်ဆောင်ရမည်။

"ဦးလေးသုံး... ကျုပ်အတွက်တော့ စာမေးပွဲရုံမှာ ကိစ္စသုံးခုပဲ ရှိတယ်။" ဖန်ကျန်းရီက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။

"ဘယ်သုံးခုလဲ။" ကျန်းတုန်ရှန်းမှာ သူက ရုတ်တရက် တခြားကိစ္စကို ပြောလာသောကြောင့် အနည်းငယ် လိုက်မမီတော့ချေ။

"တရားမျှတမှု။ တရားမျှတမှု။ တရားမျှတမှုပဲ။ တံဆိပ်တုံးကိစ္စကို ခဏထားလိုက်ဦး၊ ကျုပ် နောက်ထပ် ပြောစရာ တစ်ခုရှိတယ်။ စာမေးပွဲဖြေဆိုသူတိုင်းက အင်္ကျီပါးလေးတွေကို ဝတ်ထားကြပေမဲ့ တစ်နေ့လုံး ကျုပ် လေ့လာကြည့်ရသလောက်တော့ ဖာထေးထားတဲ့ အင်္ကျီဝတ်ထားသူက နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။

ဒါပေမဲ့ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့ စာမေးပွဲဖြေဆိုသူတွေထဲမှာ ဖာထေးထားတဲ့ အင်္ကျီဝတ်ထားသူက ခြောက်ဆယ်ရာခိုင်နှုန်းအထက်မှာ ရှိနေတယ်။ နောက်ဆုံးတန်းမှာ ဆင်းရဲတဲ့ မိသားစုက ကလေးတွေ ဘာလို့ ဒီလောက်များနေရတာလဲ။ အဖြေကို ခင်ဗျား ပြောပြနိုင်မလား။"

ကျန်းတုန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီလိုကိစ္စ ရှိတယ်ပေါ့။ ငါ သွားကြည့်လို့ မင်းပြောတဲ့အတိုင်း တကယ်ဟုတ်နေရင် အရှင်မင်းကြီးကို အမှန်အတိုင်း တင်ပြပေးမယ်။ ဒါက တံဆိပ်တုံးကိစ္စနဲ့ ဘာဆိုင်လို့လဲ။"

"သေချာပေါက် ဆိုင်တာပေါ့။ ဒီလောက် သိသာတဲ့ ခိုးချမှုကိုတောင် ခင်ဗျားတို့ မမြင်ဘဲ စာမေးပွဲရုံရဲ့ တရားမျှတမှု ကို ကာကွယ်မယ်လို့ ပါးစပ်က ပြောရဲသေးတယ်။

ကျုပ် သိရသလောက်တော့ စာမေးပွဲရုံမှာ အမတ်ကြီး ကျန်းရှီရဲ့ သားလည်း ဖြေနေတယ်။ သူ အိမ်သာကို နှစ်ခါတောင် သွားပေမဲ့ တံဆိပ်တုံး အနှိပ်မခံရဘူး။ သူထိုင်တဲ့ နေရာကလည်း ရှေ့တန်းက နေရာဟောင်းပဲ။

ဆင်းရဲတဲ့ မိသားစုက ကလေးတွေကကျတော့ အစားအသောက်လည်း ညံ့တယ်၊ ထိုင်ရတဲ့ နေရာလည်း ဆိုးတယ်။ အိမ်သာသွားခွင့်တောင် ရုပ်သိမ်းခံထားရတယ်။ ဒါကို တရားမျှတတယ်လို့ ပြောလို့ရမလား။

ကျုပ် ကြည့်ရတာတော့... ကျင်းတိုင်းပြည်ရဲ့ အမတ်တွေက ဆင်းရဲသားတွေကို အထင်သေးပြီး အာဏာရှိတဲ့ သူတွေအတွက်ပဲ အလုပ်လုပ်ပေးနေကြတာ ဖြစ်ရမယ်။"

ကျန်းတုန်ရှန်းမှာ ဒေါသတကြီး မတ်တပ်ရပ်ကာ ဖန်ကျန်းရီကို တည့်တည့်ကြည့်ပြီး အော်လိုက်၏။ "ပါးစပ်ပိတ်ထား။ ဆက်ပြောစရာ မလိုတော့ဘူး။ မတရားတဲ့ ကိစ္စမှန်သမျှကို ငါ တစ်ခုချင်းစီ တင်ပြပေးမယ်။ ဒါပေမဲ့ တံဆိပ်တုံးကိုတော့ နေ့လယ်မတိုင်ခင် တခြား စာမေးပွဲစစ်ဆေးသူတွေဆီ ပြန်ပေးရမယ်။"

ထိုသို့ပြောပြီးနောက် သူ၏ အင်္ကျီလက်ကို ခါကာ စာမေးပွဲရုံထဲသို့ ဒေါသတကြီးဖြင့် လျှောက်သွားသည်။

ဖန်ကျန်းရီက ကျန်းတုန်ရှန်း၏ ကျောပြင်ကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေလိုက်၏။

ယုတ္တိဗေဒနဲ့ ရှင်းပြလို့ မရဘူးပေါ့လေ။ ဒါဆိုရင်လည်း အစွမ်းကုန် ကြိုးစားရတော့မှာပေါ့...။

All Chapters