အခန်း ၃၆၂
Vol. 20 Ch. 362
အပိုင်း (၃၆၂) ဒီစည်းကမ်းတော့ ပျက်သွားပြီ။
ဖန်ကျန်းရီ၏ ဖြောင်းဖျမှုကြောင့် ကျန်းတုန်ရှန်းမှာ အတော်လေး တည်ငြိမ်သွားခဲ့သည်။
အထူးသဖြင့် ကျေးဇူးရှင်ကြီး ဆိုသည့် စကားလုံးသုံးလုံးကို ကြားလိုက်ရသောအခါ သူ၏ စိတ်ထဲတွင် မသိမသာ ဝမ်းသာပီတိ ဖြစ်သွားရ၏။
သို့ပေမည့် ပါးစပ်မှတော့ လေးနက်စွာဖြင့် ပြောလိုက်သေးသည်။ "မင်းပြောတာ လွယ်တယ်။ အလုပ်လုပ်ရတာ ဘယ်လွယ်ပါ့မလဲ။"
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကို ယုံလိုက်ပါ။ ကျုပ်က သတင်းစာတိုက် ဖွင့်ထားတာ ခင်ဗျားကို လိမ်ပါ့မလား။
ပြည်သူတွေဆိုတာ သာမန်အချိန်တွေမှာ ဘယ်သူမှ မအပါဘူး။ ဒါပေမဲ့ တစ်စုတစ်ဝေးတည်း ဖြစ်သွားရင်တော့ ဦးနှောက် မရှိတော့ဘူး။
နန်းတော်က ဘာပြောပြော သူတို့ ယုံရမှာပဲ။ တစ်ခါပြောလို့ မယုံရင် နှစ်ခါ ၊ သုံးခါ ပြောပေးလိုက်ပေါ့။ တခြားသူတွေ ယုံရင် သူတို့လည်း လိုက်ယုံလာမှာပဲ။ သတင်းစာထဲမှာ နွားသေးသောက်ရင် ရောဂါပျောက်တယ်လို့ ရေးထားရင် သွားသောက်မယ့်သူတွေ ရှိတယ်ဆိုတာ ခင်ဗျား ယုံလား။"
ကျန်းတုန်ရှန်းသည် လုံးဝ တည်ငြိမ်သွားပြီး စကားမဆိုနိုင်တော့ပေ။ တော်တော်ကြာမှ ပြောလိုက်သည်။ "စကားများမနေနဲ့။ အခု အခြေအနေအရ ဒီလိုပဲ လုပ်ရတော့မှာပေါ့။ ငါ နန်းတော်ကို အစီရင်ခံစာ အမြန်ရေးပြီး တင်ပြလိုက်မယ်။ တံဆိပ်တုံးကိုတော့ ထပ်မဝေတော့ဘူး။
နောက်နှစ်ရက်နေရင် စာမေးပွဲရုံကနေ ထွက်သွားမယ့် စာမေးပွဲဖြေဆိုသူတွေ ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် နောက်ဆုံးတန်းက စာမေးပွဲဖြေဆိုသူတွေရဲ့ နေရာတွေကို ပြောင်းပေးလိုက်မယ်။ ဒီကိစ္စကို... ငါ တာဝန်ယူ ဖြေရှင်းပေးမယ်။ မင်း သွားပြီး အမည်စာရင်း တစ်ခုလောက် ရေးပေးအုံး..."
အင်း... အစောကြီးတည်းက ဒီလိုဖြစ်ရမှာကို။ ပြဿနာတွေ အများကြီး ရှာနေသေးတယ်။ လူအိုတွေက အကြောင်းပြချက် ပေးတာကို နားမဝင်ကြဘူး။
ဖန်ကျန်းရီသည် အပြုံးပန်းဆင်ကာ ကျန်းတုန်ရှန်း၏ နားနားသို့ ကပ်သွားလိုက်၏။ "ဦးလေးသုံး... ဒါတွေက ကိစ္စသေးသေးလေးတွေပါ။ အားနာစရာ မလိုပါဘူး။"
"မင်း ငါ့အနားကို ဘာလို့ ဒီလောက်ကပ်နေတာလဲ။" ကျန်းတုန်ရှန်းသည် ဖန်ကျန်းရီကို သတိထား၍ စိုက်ကြည့်နေ၏။
သူ၏စိတ်ထဲတွင် အကြောင်းပြချက် မရှိဘဲ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရသော်လည်း တိတိကျကျတော့ မပြောတတ်ချေ။
ဖန်ကျန်းရီက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့နှစ်ယောက်... အခု လှေတစ်စင်းတည်း စီးနေကြပြီ မဟုတ်လား... ခင်ဗျား ကျုပ်ကို တိုင်လို့ မရတော့ဘူးနော်။"
"သွားစမ်း။ သွားစမ်း။ သွားစမ်း။"
...
ကျန်းတုန်ရှန်းမှာ ပြဿနာ ကြီးထွားလာမည်ကို စိုးရိမ်သဖြင့် အလွန်တရာ ပူပန်နေ၏။
အမြန်ဆုံး အစီရင်ခံစာကို ရေးဆွဲလိုက်သည်။ အထဲတွင် ဖန်ကျန်းရီ၏ အကြံပြုချက်များကို အပြည့်အဝ လက်ခံကြောင်း ရေးသားထားသည်။
ထို့နောက် အကြိမ်ကြိမ် ပြန်လည် စဉ်းစားကာ စာမေးပွဲဖြေဆိုသူများအတွက် အကျိုးရှိမည့် အကြံပြုချက် အနည်းငယ်ကို ထပ်မံ ဖြည့်စွက်၊ ပြင်ဆင်မွမ်းမံပြီးနောက် နန်းတော်ထဲသို့ အမြန်ဆုံး ပို့ဆောင်စေခဲ့၏။
အလွန်မြန်ဆန်သော်လည်း နန်းတော်ထဲသို့ ရောက်ရှိချိန်မှာ မွန်းလွဲပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။
ဝန်ကြီးအဖွဲ့ရုံးခန်း အပြင်ဘက်တွင် တာဝန်ကျနေသော စာရေး လျိုအာသည် အစီရင်ခံစာကို ရရှိသည်နှင့် တစ်ပြိုင်နက် လီယန်စုန်ထံသို့ ပြေးသွားခဲ့သည်။
ထိုအချိန်တွင် အစီရင်ခံစာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လီယန်စုန်အား ရိုသေစွာ ပြောလိုက်၏။ "အမတ်ကြီးလီ... ဒါက ကျန်းတုန်ရှန်း ဆီက ရောက်လာတဲ့ အရေးပေါ် အစီရင်ခံစာပါ။"
ရုံးခန်းထဲရှိ အခြားသူများလည်း ဝိုင်းကြည့်လာကြသည်။
လီယန်စုန်မှာ စိတ်ထဲတွင် ထိတ်လန့်သွားပြီး အစီရင်ခံစာကို အမြန်ယူကာ သေသေချာချာ ဖတ်ရှုလိုက်၏။
မလှမ်းမကမ်းရှိ ကျိန့်ချောင်သည် မတ်တပ်ထရပ်ပြီး လီယန်စုန်၏ မျက်နှာချင်းဆိုင်သို့ သွားကာ စိတ်ဝင်တစား ကြည့်နေသည်။
မကြာမီမှာပင် အစီရင်ခံစာကို ဖတ်၍ ပြီးသွားခဲ့သည်။
လီယန်စုန်က ခေါင်းမော့လာပြီး အစီရင်ခံစာကို လက်ထဲတွင် ကိုင်ထားကာ သူ၏ မျက်လုံးများထဲတွင်တော့ ကြောင်တောင်တောင် ဖြစ်မှုများနှင့် ပြည့်နှက်နေ၏။
ကျိန့်ချောင်က သူ၏ပုံစံကို မြင်သောအခါ စပ်စုစွာ မေးလိုက်သည်။ "အမတ်ကြီးလီ... ဘာကိစ္စတွေ ဖြစ်လို့လဲ။"
လီယန်စုန်က အစီရင်ခံစာကို တိတ်ဆိတ်စွာ ကမ်းပေးလိုက်ရာ ကျိန့်ချောင်က သေသေချာချာ ဖတ်ရှုလိုက်ပြန်၏။
ဖတ်ပြီးနောက် ကျိန့်ချောင်က ခေါင်းမော့လာသည်။
အစီရင်ခံစာကို လက်ထဲတွင် ကိုင်ထားကာ သူ၏မျက်လုံးများထဲတွင် ကြောင်တောင်တောင် ဖြစ်နေမှုများ ပြည့်နှက်နေ၏။
"အမတ်ကြီးလီ... ကျုပ် ဘာမှ နားမလည်တော့ဘူး။ ဒီအထဲမှာ ရေးထားတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ စာမေးပွဲက စနေပြီဆိုတော့ ဒီလောက် အရေးကြီးနေလို့လား။ ကြီးမားတဲ့ ပြဿနာတစ်ခုခု ဖြစ်နေပြီ ထင်တာ။"
လီယန်စုန်က မေးစေ့ကို ပွတ်သပ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ဟုတ်သားပဲ... အရေးကြီးတဲ့ ကိစ္စတော့ မရှိပါဘူး။ ဒါပေမဲ့ သူက ပန်းရှန်းသတင်းစာတိုက်ရဲ့ သတင်းတွေ ပျံ့နှံ့မှု ကြီးထွားလာတယ်ဆိုတာက ဘာသဘောလဲ။"
ကျိန့်ချောင်မှာ စကားမဆိုနိုင် ဖြစ်သွားခဲ့၏။ "ပန်းရှန်းသတင်းစာက... ဒီနှစ်ရက်အတွင်း စာမေးပွဲအကြောင်း သတင်း မရေးခဲ့ပါဘူးနော်။ လျိုအာ…. ဒီနေ့ ပန်းရှန်းသတင်းစာမှာ ဘာတွေ ရေးထားလဲ။"
ဝန်ကြီးအဖွဲ့ တစ်ခုလုံးတွင် လူတိုင်းနီးပါး သတင်းစာဖတ်သည့် အလေ့အထ ရှိကြသည်။
တစ်ခါတစ်ရံတွင် အမတ်ကြီးများသည် ကိုယ်တိုင် သတင်းစာ မဖတ်နိုင်သောအခါ သတင်းစာ ဖတ်ပြရန် လူတစ်ဦးကို ခိုင်းလေ့ရှိကြပြီး လျိုအာသည် သတင်းစာ ဖတ်ပြရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ နေ့စဉ် သတင်းစာ အသီးသီး၏ အကြောင်းအရာများကို သူ ကောင်းစွာ သိရှိထား၏။
လျိုအာက ချက်ချင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မြို့တောင်ဘက်က ဇနီးမောင်နှံနှစ်ယောက် ကျုးရင် အောင်လက်မှတ်ဝယ်မယ်ဆိုပြီး စိတ်ကူးယဉ်ကြတယ်။ ပိုက်ဆံခွဲဝေမှု မမျှတလို့ အချင်းချင်း ရန်ဖြစ်ကြတယ်။
ပန်းရှန်းရပ်ကွက်က သူတောင်းစားတစ်ယောက် မိသားစုလိုက် သုံးလတိတိ တောင်းစားခဲ့တယ်။ မနေ့က ချန်မင်ရပ်ကွက်မှာ အိမ်တစ်လုံး ဝယ်လိုက်တယ်။ အခု ဖမ်းဆီးခံရပြီ။
ချန်ရှိုရပ်ကွက်ထဲက ဆေးဆရာတစ်ယောက်က အိပ်ရာထဲ သေးပေါက်တတ်တဲ့ ရောဂါကို အမြစ်ပြတ်ကုသပေးနိုင်မယ့် သူ့ရဲ့ ဘိုးစဉ်ဘောင်ဆက် လျှို့ဝှက်ဆေးနည်းဆိုပြီး ကြွားလုံးထုတ်တယ်။
သူ့ရဲ့ ဆေးနည်းကတော့ တခြားမဟုတ်ဘူး။ ထမင်းပူပူတစ်ဆုပ်ကို သေးစိုနေတဲ့ အိပ်ရာခင်းပေါ် ပွတ်နယ်ပြီး အဲဒီထမင်းကို လူနာမသိအောင် လျှို့ဝှက် ကျွေးရမှာတဲ့လေ။
ဒီလိုလည်း ပြောလိုက်ရော သူ့ရှေ့မှာတင် ရပ်နေတဲ့ လူတစ်ယောက်က မနေနိုင်ဘဲ ဝင်လှောင်ပါလေရော...
"ဟေ့လူ... လူ့သေးနဲ့နယ်ထားတဲ့ ထမင်းကို လျှို့ဝှက်ကျွေးနေမယ့်အစား၊ လူနာကို ပွင့်ပွင့်လင်းလင်းသာ သွားပြောလိုက်စမ်းပါ။ အဲဒါကမှ ပိုထိရောက်ဦးမယ်၊" တဲ့။
ဒီစကားလည်းကြားရော ဆေးဆရာကြီးလည်း ဒေါသသူပုန်ထပြီး အဲဒီလူနဲ့ ဖက်လုံးကြပါလေရော။ နောက်ဆုံးတော့... အဲဒီနှစ်ယောက်စလုံး အခု ထောင်ထဲ ရောက်နေပြီ။
တစ်စောင်လုံး ဖတ်ပြပြီးသော်လည်း စာမေးပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာ တစ်ခုမှ မပါဝင်သောကြောင့် သူတို့နှစ်ဦးစလုံး ပို၍ သံသယ ဖြစ်သွားကြ၏။
စာမေးပွဲနဲ့ ဘာမှ မဆိုင်ပါဘူး... ကျန်းတုန်ရှန်းက ဘာလို့ စာမေးပွဲစည်းကမ်းတွေကို ဒီလောက် အလောတကြီး ပြင်ချင်နေရတာလဲ။ စာမေးပွဲပြီးမှ လုပ်လည်း ရတာပဲ မဟုတ်ဘူးလား။ ကြီးမားတဲ့ကိစ္စလည်း မဟုတ်ဘဲနဲ့ အရှင်မင်းကြီးဆီကို အထူးတလည် တင်ပြခိုင်းနေသေးတယ်...
"ထားလိုက်တော့။ သူက စာမေးပွဲရုံထဲကနေ အထူးတလည် မှာကြားလိုက်တယ်ဆိုတော့ အခြေအနေ ထူးခြားလို့ နေမှာပေါ့။ အရှင်မင်းကြီးဆီ အမြန် တင်ပြလိုက်ကြစို့။"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ယန်ရှင်းနန်းဆောင်ဆီသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
...
ယန်ရှင်းနန်းဆောင်အတွင်း အရှင်မင်းကြီးသည် အစီရင်ခံစာကို ဖတ်ပြီးနောက် သူတို့နှစ်ဦးကို ကြည့်ကာ မေးလိုက်၏။ "ဒါက... ဒီအစီရင်ခံစာမှာ ဘာထူးခြားချက် ရှိလို့လဲ။ ဘာလို့ ဒီလောက် အရေးကြီးနေရတာလဲ။"
ကျိန့်ချောင်နှင့် လီယန်စုန်တို့ နှစ်ဦးစလုံးမှာ မျက်နှာပူသွားကြသည်။
အရှင်မင်းမြတ် ဒီလိုမေးလည်း ကျွန်တော်မျိုးတို့ မသိဘူးလေ။
အဓိပ္ပာယ်မရှိတဲ့ ချီးတံဆိပ်တုံးကို ဖျက်သိမ်းချင်တယ်ဆိုရင်လည်း ဖျက်သိမ်းလိုက်ပေါ့။ ဘာကြီးမားတဲ့ ကိစ္စမှလည်း မဟုတ်ဘဲနဲ့ အားနည်းချက်တွေကို ဒီလောက် အများကြီး ရှင်းပြနေဖို့ လိုလို့လား။
သူက ဘာလို့ ဒီလိုကိစ္စမျိုးကို ဒီလောက်ကြီး အလေးထားနေရတာလဲ။ သူက စာမေးပွဲဖြေဆိုသူလည်း မဟုတ်ဘဲနဲ့... ဒါမှမဟုတ် ဟိုတုန်းက သူ စာမေးပွဲဖြေတုန်းက မအောင့်ထားနိုင်လို့ အခု နေရာဟောင်းကို ပြန်ရောက်တော့ ဝမ်းနည်းစရာ အတိတ်တွေကို သတိရသွားတာများလား။
သူတို့နှစ်ဦးသည် မည်သို့ ဖြေရမည်ကို တစ်ခဏမျှ မသိဖြစ်သွားကြပြီး နောက်ဆုံးတွင် လီယန်စုန်က အရင်စ၍ ပြောလိုက်သည်။ "အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့လည်း နားမလည်ပါဘူး။ အမတ်ကြီးကျန်း ပြောတာ ယုတ္တိရှိပါတယ်။ ဒါပေမဲ့... သိပ်ပြီး အရေးကြီးပုံ မပေါ်ပါဘူး..."
အရှင်မင်းကြီးက ခေါင်းငုံ့၍ နှစ်ခါ သုံးခါ လောက် ထပ်ဖတ်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "အပေါ်မှာ ပန်းရှန်းသတင်းစာက ဒီကိစ္စကို သတင်းရေးထားလို့ ပြည်သူတွေကြားထဲမှာ မကျေမနပ် ဖြစ်နေကြတယ်လို့ ရေးထားတာ ကိုယ်တော် မြင်တယ်။ ဒါပေမဲ့ ဒီနေ့ ပန်းရှန်းသတင်းစာမှာ စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်း ပါလို့လား။"
"မပါ,ပါဘူး။"
အရှင်မင်းကြီးသည် လမ်းလျှောက်ရင်း သေသေချာချာ စဉ်းစားလိုက်သည်။ "ကိုယ်တော် သိပြီ။ ကျန်းတုန်ရှန်း အပြင်ဘက်က တရားမဝင် သတင်းစာမျိုးကို ဝယ်ဖတ်မိတာ ဖြစ်ရမယ်။
ပြည်သူတွေထဲမှာ သတင်းစာကို တရားမဝင် ပုံနှိပ်ထုတ်ဝေတဲ့သူ အများအပြား ရှိတယ်လို့ ကိုယ်တော် ကြားတယ်။ အကြောင်းအရာတွေကလည်း ရှုပ်ယှက်ခတ်ပြီး အစုံပါဝင်နေတယ်။
တရားဝင် သတင်းစာတိုက်တွေကို အတုခိုးတဲ့ သူတွေတောင် ရှိသေးတယ်... သူက အဲဒီလို သတင်းစာမျိုးကို ဝယ်ဖတ်မိတာ ဖြစ်လိမ့်မယ်။
တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ ဒီကိစ္စကို မြို့စောင့် တပ်ရင်းငါးခုကနေ သေချာ စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးသင့်တယ်။"
"အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။" ကျိန့်ချောင်နှင့် လီယန်စုန်တို့ နှစ်ဦးစလုံးက တစ်ပြိုင်နက် အရိုအသေပေးလိုက်ကြပြီး ယခုတော့ နားလည်သွားကြပြီ ဖြစ်သည်။
အရှင်မင်းကြီး ပြောသလို ဖြစ်ရမည်။ ရှုပ်ယှက်ခတ်နေသော သတင်းစာလေးများကို ဖတ်မိသွားခြင်း ဖြစ်မည်။ ဤသို့ဆိုလျှင် ယုတ္တိရှိ၏
"ဒါဆို အရှင်မင်းကြီး။ ဒီအစီရင်ခံစာကို ဘယ်လို စီစဉ်ပေးရမလဲ။"
အရှင်မင်းကြီးက အစီရင်ခံစာကို လက်ဖြင့် နှစ်ချက်ခေါက်ကာ သက်ပြင်းချလိုက်၏။ "ကျန်းတုန်ရှန်းက ဒီအသက်အရွယ်ကြီးနဲ့ ဒီလိုကိစ္စမျိုးကို စိတ်ပူပေးနေသေးတယ်။ တကယ်ကို တရားမျှတမှုအတွက် စိတ်အားထက်သန်တဲ့သူပါပဲ။
အထဲက အကြံပြုချက်တွေက အရမ်း စေ့စပ်သေချာတယ်။ စာမေးပွဲရုံမှာ မတရားတဲ့ ကိစ္စတွေ တကယ် ရှိနေတာပဲ။ ဒီအစီရင်ခံစာကို အနည်းငယ် ပြင်ဆင်ပြီး နန်းတွင်းသတင်းလွှာမှာ ထည့်သွင်း ကြေညာလိုက်။
မြို့တော်က စာမေးပွဲရုံမှာ အခြေအနေအရ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နိုင်တယ်။ တခြား စာမေးပွဲရုံတွေမှာတော့ နောက်တစ်ကြိမ် စာမေးပွဲကစပြီး ခိုးချဖို့ သံသယရှိပေမဲ့ တိကျတဲ့ အထောက်အထား မရှိတဲ့ အဖြေလွှာတွေကို စာမေးပွဲစစ်ဆေးသူတွေအနေနဲ့ စစ်ဆေးပေးရမယ်။ ပစ်ပယ်လို့ မရဘူး။
စာမေးပွဲဖြေဆိုသူတွေ မထိခိုက်စေဖို့ နေရာအသီးသီးက ဘဏ္ဍာတိုက်တွေကနေ ငွေတစ်စိတ်တစ်ပိုင်း ထုတ်ပြီး စာမေးပွဲရုံက အိမ်သာတွေကို ပြန်လည် ပြုပြင်ပေးလိုက်။"
ဤနေရာသို့ ရောက်သောအခါ အရှင်မင်းကြီး၏ အသံမှာ ရပ်တန့်သွားသည်။ "ကော်ပန်ပန် … စာမေးပွဲဖြေဆိုသူတွေရဲ့ နေရာတွေကို ကြိုးကိုင်ချယ်လှယ်တဲ့ သူတွေကို သွားစုံစမ်းချေ။ စည်းကမ်းဖောက်ဖျက်တဲ့ သူတွေကို နယ်စပ်ဒေသဆီ ပြည်နှင်ဒဏ်ပေးလိုက်။
အမိန့်တော် ရေးလိုက်။ ကျန်းတုန်ရှန်းကို ပိုးထည် အလိပ်တစ်ရာ ချီးမြှင့်မယ်။ စာမေးပွဲရုံကို သွားပြီး အမိန့်တော် သွားဖတ်ပြလိုက်။"
ထိုသို့ပြောပြီးနောက် လီယန်စုန်တို့ နှစ်ဦးကို ကြည့်လိုက်၏။ "အမတ်ကြီး နှစ်ယောက်ကော တခြားကိစ္စ ရှိသေးလား။"
သူတို့နှစ်ဦးက ထပ်မံ အရိုအသေပေးလိုက်ကြသည်။ "မရှိတော့ပါဘူး။ အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။"