← Chapters

အခန်း ၃၆၃

Vol. 20 Ch. 363

အခန်း ၃၆၃

Vol. 20 Ch. 363

အပိုင်း (၃၆၃) အဘိုးအိုကို ရိုက်နှက်ခြင်း။

အစီရင်ခံစာ ပို့ပြီးချိန်မှာတော့ ကျန်းတုန်ရှန်းသည် စိုးရိမ်ပူပန်နေသော မျက်နှာဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။

ဖန်ကျန်းရီကတော့ အလောတကြီး မရှိဘဲ တည်ငြိမ်စွာ လက်ဖက်ရည်သောက်ရင်း သတင်းစာကို ကိုင်ကာ တစ်ခါတစ်ရံ ဝေဖန်ပြောဆိုနေသည်။

ရှဲ့ရှန်းကို သတင်းစာအတု တစ်စောင် အထူးတလည် လုပ်ခိုင်းထားခြင်း ဖြစ်ပြီး အထဲက အကြောင်းအရာများကို သတင်းထောက်များက ချက်ချင်း ရေးသားထားခြင်း ဖြစ်၏။

သို့သော်ငြား ဤဆောင်းပါးက အရမ်းညံ့လွန်းလှသည်။

စစ်ပွဲကြေညာစာတမ်း တစ်စောင်နှင့် တူနေပြီး အရှိန်အဝါ ကောင်းမွန်သော်လည်း စာပေအကိုးအကားတွေ အရမ်းများလွန်းနေသည်။ ဤကဲ့သို့သော ဆောင်းပါးမျိုးသည် ပြည်သူများ ဖတ်ရှုရန် လုံးဝ မသင့်တော်ချေ။ ကြည့်ရသည်မှာ ထိုပညာတတ် သတင်းထောက်များ၏ ရောဂါဟောင်း ပြန်ထလာခြင်း ဖြစ်မည်။

ဘာမှမဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့သော စာသားများ ရေးချင်နေကြသည်။ ဤအကျင့်ကို မပြင်လျှင် လစာ ဖြတ်ပစ်ရမည်။

"ဦးလေးသုံး ... ခင်ဗျား နားလိုက်ပါအုံး။ မိုးတောင် ချုပ်နေပြီ။ ခင်ဗျား မပင်ပန်းပေမဲ့ ကြည့်ရတဲ့ ကျုပ်တောင် ပင်ပန်းလာပြီ။ အသက်လည်း ကြီးနေပြီကို တည်တည်ငြိမ်ငြိမ် နေစမ်းပါ။ ပြဿနာတက်ရင် တည်တည်ငြိမ်ငြိမ် နေရတယ်။ ဒီည ကျုပ်တို့ ဘာစားကြမလဲ။"

ကျန်းတုန်ရှန်းက ခေါင်းလှည့်ကာ ဒေါသတကြီး ပြောလိုက်၏။ "စားမယ် ဟုတ်လား။ မင်းက စားဖို့လောက်ပဲ သိတယ်။ ကိစ္စတွေက ဒီလောက် ရိုးရှင်းတယ်လို့ မင်း ထင်နေတာလား။

စည်းကမ်းတချို့ ပြင်လိုက်တာက ဘာမှမဟုတ်ပေမဲ့ ပြည်သူတွေကြားမှာ သတင်းတွေ ပြန့်သွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင်တော့ ဒုက္ခပဲ။ သတင်းစာကို ငါ့ဆီ ပေးစမ်း။ ငါ ထပ်ကြည့်ရအုံးမယ်။"

ထိုသို့ပြောပြီးနောက် ရှေ့တိုးကာ ဖန်ကျန်းရီ လက်ထဲမှ သတင်းစာကို ဆွဲလုလိုက်သည်။

ဖန်ကျန်းရီက စုတ်သပ်လိုက်ပြီး ကျန်းတုန်ရှန်းအား အထင်သေးသလို ကြည့်လိုက်၏။

ဟမ့် ... ကျင်းတိုင်းပြည်သားတွေရဲ့ စရိုက်က အမြဲတမ်း ညှိနှိုင်းဖြေရှင်းချင်ကြတာပဲ။ ဒီအခန်းက မှောင်လွန်းတယ်၊ ပြတင်းပေါက် ဖောက်ရမယ်လို့ ပြောရင် သူတို့က လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက အမိုးကို ဖျက်ပစ်မယ်လို့ ပြောလိုက်ရင်တော့ သူတို့က ပြေလည်အောင် ညှိနှိုင်းပြီး ပြတင်းပေါက် ဖောက်ဖို့ သဘောတူကြလိမ့်မယ်။

အခုတော့ စည်းကမ်းတချို့ ပြင်ရတာ ဘာမှမဟုတ်တော့ဘူးလို့ ထင်သွားပြီ။ စောစောက အကျိုးအကြောင်း ရှင်းပြနေတာ အလကားပဲ။

ကျန်းတုန်ရှန်းသည် လက်ညှိုးဖြင့် ထောက်ကာ သတင်းစာပေါ်မှ စာကြောင်းများကို တစ်ကြောင်းချင်းစီ သေသေချာချာ ကြည့်ရှုနေ၏။

ကြည့်ရသည်မှာ စာဖတ်ရာတွင် အလွန် အခက်အခဲ ဖြစ်နေပုံရသည်။

ဖန်ကျန်းရီက ဖယောင်းတိုင်ကို ကိုင်ကာ ပြုံးရွှင်စွာဖြင့် အနားသို့ ကပ်သွားလိုက်သည်။ "ဦးလေးသုံး ... ကောင်းကင်က အဲဒီလောက်ကြီး မမှောင်သေးပါဘူး။ အဲဒီလောက်တောင် အားစိုက်ပြီး ကြည့်နေရလို့လား။"

"ရောဂါဟောင်းလေ ... အသက်ကြီးလာတော့ သေချာ မမြင်ရတော့ဘူး ... " ကျန်းတုန်ရှန်းက ဗလုံးဗထွေး ပြန်ဖြေလိုက်၏။

သူသည် ဆောင်းပါးထဲမှ အားနည်းချက်များကို ရှာဖွေနေဆဲ ဖြစ်သည်။

ပြောသူက ရိုးရိုးပြောသော်လည်း ကြားသူအဖို့တော့ အဓိပ္ပာယ် ရှိသွားခဲ့သည်။

ဖန်ကျန်းရီက ရုတ်တရက် သတိထားမိသွား၏။

သက်ကြီး မျက်စိမှုန်ရောဂါလား။ မျက်မှန် ဆိုတဲ့အရာကို ငါဘယ်လိုလုပ် မေ့နေရတာလဲ။

ပညာတတ် အများအပြားသည် ညဘက်တွင် မီးထွန်း၍ စာဖတ်ကြသဖြင့် မျက်စိ အလွန် ထိခိုက်သည်။ အထူးသဖြင့် ဆီမီးခွက်၊ ဖယောင်းတိုင် စသည်တို့၏ အလင်းရောင်မှာ လုံးဝ မကောင်းချေ။

ထို့ကြောင့် စာများများ ဖတ်သူများ၏ မျက်စိမှာ များသောအားဖြင့် မကောင်းတတ်ကြပေ။ အသက်ကြီးလာလျှင် မျက်စိမှာ ပို၍ပင် ဆိုးရွားလာတတ်သည်။

မျက်မှန်က အမြင်အာရုံကို ကုသပေးရုံသာမက နေကာမျက်မှန်အဖြစ်လည်း ပြုလုပ်နိုင်သေးသည်။ လက်တွေ့ အသုံးကျသည့် လုပ်ဆောင်ချက်များ ရှိသလို အလှဆင်ပစ္စည်းအဖြစ်လည်း အသုံးဝင်၏။

ပြည်သူတွေက ချက်ချင်း လက်မခံသေးရင်တောင် ငါ ခေတ်ရေစီးကြောင်းကို ဦးဆောင်လို့ ရတာပဲ။ ဒီစီးပွားရေးက ကောင်းတယ်။ ပြီးတော့ ကြော်ငြာမော်ဒယ်ကလည်း မျက်စိရှေ့မှာ အဆင်သင့် ရှိနေတာပဲ။

"ဖယ်စမ်း။ ငါ့အနားကနေ ဝေးဝေးသွား။ မင်းကို မြင်တာနဲ့တင် စိတ်ရှုပ်လာပြီ။"

ဖန်ကျန်းရီ သူ့အနားသို့ ကပ်လာသည်ကို မြင်သောအခါ ကျန်းတုန်ရှန်းမှာ လုံးဝ ဂရုမစိုက်ဘဲ သတင်းစာကို ကိုင်ကာ ရှောင်ထွက်သွား၏။

ဤအကောင်ကြောင့်သာ မဟုတ်လျှင် ရိုးရှင်းသော စာမေးပွဲလေးတစ်ခုက ဤမျှလောက် ပြဿနာတွေ အများကြီး ဖြစ်လာစရာ အကြောင်းမရှိပေ။

ပန်းရှန်းသတင်းစာတိုက်က ဘာမဆို ပြောရဲ၊ ရေးရဲတယ်။ နောက်ဆိုရင် နန်းတော်က ထိန်းချုပ်ထားသင့်တယ်။ ဒီနေ့ စာမေးပွဲကိစ္စကို ဝင်ပါရဲတယ်ဆိုရင် နောက်ပိုင်း ဘာတွေ ဆက်လုပ်လာမလဲဆိုတာ တွေးတောင် မတွေးဝံ့ဘူး။

မျက်နှာပူသွားသော်လည်း ဖန်ကျန်းရီက ဒေါသမထွက်ဘဲ စားပွဲရှေ့သို့ ပြန်ထိုင်ကာ မျက်မှန်အကြောင်းကို စတင် လေ့လာနေလိုက်သည်။

တောက်ယွမ်ခရိုင်တွင် ဤအရာကို ပြုလုပ်သည့် အတွေ့အကြုံ မရှိသော်လည်း မှန်ဘီလူးသွေးရာတွင်တော့ အတွေ့အကြုံ အပြည့်ရှိသဖြင့် သိပ်မခက်ခဲလှချေ။

သူတို့အတွက် ပုံကြမ်းတချို့ ဆွဲပေးလိုက်ပြီး မှန်ဘီလူး အများအပြား ထုတ်လုပ်ခိုင်းကာ သက်ကြီးမျက်စိမှုန်သူ၊ အဝေးမှုန်သူ တချို့ကို စမ်းသပ်ခိုင်းကြည့်လိုက်လျှင် သိရမည် မဟုတ်ပါလား။

လုပ်မည်ဟု တွေးလိုက်သည်နှင့် ဖန်ကျန်းရီသည် စက္ကူနှင့် စုတ်တံကို ဆွဲယူကာ စတင် ရေးဆွဲနေတော့သည်။

ကျန်းတုန်ရှန်းသည် သူ၏ ထူးဆန်းသော အပြုအမူများကို မြင်သော်လည်း ဝင်မမေးတော့ချေ။

မကြာမီမှာပင် ဖန်ကျန်းရီသည် မျက်မှန်မှန်ဘီလူး ပုံကြမ်း ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ရေးဆွဲလိုက်ပြီး အပေါ်တွင် စာသား ရှင်းလင်းချက်တချို့ကိုပါ ထည့်သွင်းပေးလိုက်သည်။

တိကျသော အလင်းပြန်မှု တိုင်းတာခြင်းများ ပြုလုပ်ရန် မဖြစ်နိုင်သဖြင့် သင့်တော်သော အတိုင်းအတာ အတွင်းသာ ရွေးချယ်နိုင်၏။

သို့ပေမည့် ဤသို့ပြုလုပ်ခြင်းကပင် မျက်စိမှုန်နေခြင်းထက်တော့ ပိုကောင်းပေလိမ့်မည်။

အားလုံး ပြီးစီးသွားသောအခါ ဖန်ကျန်းရီက စက္ကူပေါ်မှ မင်များကို မှုတ်ပြီး ကျေနပ်စွာ ပြုံးလိုက်၏။

ဒီကဏ္ဍမှာတော့ သမိုင်းမှတ်တမ်းထဲမှာ ငါ့နာမည် သေချာပေါက် ပါရမယ်။ မျက်မှန်ဖခင်ကြီးဆိုတာ ငါ ဖန်ကျန်းရီကလွဲပြီး တခြားသူ မဖြစ်နိုင်ဘူး။

ရုံးခန်းအတွင်း တိတ်ဆိတ်နေချိန်မှာပဲ ကော်ထျန်းယန် ရောက်ရှိလာသည်။

သို့သော်ငြား စာမေးပွဲရုံတွင် အမိန့်တော် ဖတ်ကြားခြင်းက အနည်းငယ် ထူးခြားနေ၏။

စာမေးပွဲရုံနှင့် အတော်လေး ဝေးနေသေးသော်လည်း ကော်ထျန်းယန်က အသံကျယ်ကျယ်ဖြင့် မကြေညာခဲ့ဘဲ ကျန်းတုန်ရှန်း၏ မျက်နှာကို မြင်မှသာ အမိန့်တော် ဖတ်ကြားရန် စတင်လိုက်သည်။

ကျန်းတုန်ရှန်းက ကော်ထျန်းယန် ကိုယ်တိုင် ရောက်လာသည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန် ထိတ်လန့်သွားပြီး သတင်းစာကို စားပွဲပေါ်တင်ကာ အမိန့်တော်ကို ခံယူရန် အမြန်သွားလိုက်၏။

ဖန်ကျန်းရီကတော့ အပူအပင်ကင်းစွာဖြင့် သူ့ကို နှုတ်ဆက်နေသည်။

ကော်ထျန်းယန်က သူ့ကို ပြုံးပြလိုက်ပြီး အမိန့်တော်ကို ဖြန့်ကာ ဖတ်ပြလိုက်၏။ ပြီးနောက် …. "အမတ်ကြီးကျန်း ... အမိန့်တော် ကို ခံယူပါ။ စာမေးပွဲအတွက် ခင်ဗျား ဒီလောက်တောင် ပင်ပန်းခံနေရတာကို အရှင်မင်းကြီး သိတော်မူတော့ စိတ်ထဲမှာ အရမ်းကို ဝမ်းသာနေပါတယ်။ အရှင်မင်းကြီး ချီးမြှင့်လိုက်တဲ့ ပစ္စည်းတွေလည်း အခုဆိုရင် ခင်ဗျားရဲ့ အိမ်တော်ကို ပို့ဖို့ လူလွှတ်လိုက်ပါပြီ။"

ကျန်းတုန်ရှန်းသည် အမိန့်တော်ကို ကြားပြီးနောက် မျက်တောင်တဖျပ်ဖျပ် ခတ်နေပြီး စိတ်ထဲတွင် နားမလည်နိုင်အောင် ဖြစ်နေသည်။

ကော်ထျန်းယန် ပြောပြီးသွားမှသာ သူ သတိပြန်ဝင်လာပြီး မဝံ့မရဲဖြင့် မေးလိုက်၏။ "ကော်ပန်ပန် ... အရှင်မင်းကြီးက ပြည်သူတွေကြားက သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောဘူးလား။"

"ဝန်ကြီးအဖွဲ့ကကော ဘယ်လို တုံ့ပြန်လဲ။ ဟို ပန်းရှန်းသတင်းစာပေါ်က အကြောင်းအရာတွေက ... "

စကားမဆုံးမီမှာပင် ကော်ထျန်းယန်က လက်ကာပြလိုက်သည်။ "အမတ်ကြီးကျန်း ... ဒီကိစ္စကို ကျုပ် ကြားပြီးပါပြီ။

ဈေးကွက်ထဲမှာ လူတချို့က သတင်းစာတွေကို ခိုးထုတ်နေကြပြီး အပေါ်မှာ ပေါက်ကရတွေ ရေးထားကြတာ။ ခင်ဗျားက သတင်းစာအတုကို ဝယ်ဖတ်မိတာ ဖြစ်ရမယ်။ အရှင်မင်းကြီးက အဲဒီ သတင်းစာအတုတွေကို နှိမ်နင်းဖို့ လူလွှတ်ပြီးပါပြီ။ ဒီရက်ပိုင်း ခင်ဗျား သတိထားနေပါအုံး။

ပြီးတော့ ... ဟာ။ အမတ်ဖန်။ မင်း အဲဒီမှာ ဘာတွေ မီးရှို့နေတာလဲ။ စာမေးပွဲရုံထဲမှာ မီးဆော့လို့ မရဘူးလေ။"

ကော်ထျန်းယန်က စူးရှသော အသံဖြင့် အော်လိုက်ပြီး သူ၏ လက်ချောင်းသွယ်သွယ်လေးများဖြင့် ဖန်ကျန်းရီကို လက်ညှိုးထိုးပြလိုက်သည်။

အခြေအနေကို နားမလည်သေးသော ကျန်းတုန်ရှန်းသည်လည်း နောက်သို့ လှည့်ကြည့်လိုက်၏။

ဖန်ကျန်းရီက ဖယောင်းတိုင်ခုံကို မြေကြီးပေါ် ချထားပြီး သူ၏ လက်ထဲမှ သတင်းစာမှာ တစ်ဝက်ခန့် လောင်ကျွမ်းနေပြီ ဖြစ်သည်။

အခန်းထဲရှိ လူအားလုံး မိမိကို ကြည့်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ရယ်ပြလိုက်၏။ "ကျုပ်က အမတ်ကြီးကျန်းကို ဂုဏ်ပြုနေတာပါ။ ဒါက အခမ်းအနားတစ်ခုပဲလေ။ အောင်မြင်တိုးတက်ခြင်းကို ကိုယ်စားပြုတယ်။"

ကော်ထျန်းယန်က မျက်လုံးပြူးပြလိုက်သည်။ "တော်ပြီ။ ကျုပ် ဆက်မပြောတော့ဘူး။ အမတ်ကြီးကျန်း ခင်ဗျားလည်း ပင်ပန်းနေပြီ၊ ကျုပ် အရင် ပြန်ပြီး အစီရင်ခံလိုက်ဦးမယ်။"

ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားတော့သည်။

ကျန်းတုန်ရှန်းသည် အမိန့်တော်ကို ကိုင်ကာ နေရာတွင် ကြောင်တောင်တောင် ရပ်နေ၏။

ငါ အလိမ်ခံလိုက်ရပြီ ... သတင်းစာက ... သတင်းစာအတု ဖြစ်နေတယ်။

သူက ငါ့မျက်စိရှေ့မှာတင် သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်လိုက်တာပဲ။

တောက် … ပစ္စည်းအတု လုပ်တာကို လူတိုင်း သိကြပေမဲ့ သတင်းစာလိုမျိုး ပစ္စည်းကို အတုလုပ်မယ်လို့ ဘယ်သူ ထင်မိမှာလဲ။

ကျန်းတုန်ရှန်းလို အတွေ့အကြုံရင့်ကျက်သူကြီးက ဤမျှ သေးငယ်သော လှည့်ကွက်လေးဖြင့် အလိမ်ခံ လိုက်ရသည်။

ရှက်ရွံ့မှု ... နောင်တရမှု ... ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု စသည့် အဆိုးမြင် စိတ်ခံစားချက် အားလုံးက ရင်ထဲတွင် ပြည့်နှက်လာခဲ့၏။

ထိုအချိန်မှာပင် ဖန်ကျန်းရီက ကျန်းတုန်ရှန်း အနားသို့ ကပ်လာပြီး မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။ "ဦးလေးသုံး ... ဟို ပိုးထည်တွေထဲမှာ ကျုပ်အစု ပါသေးလား။ ကျုပ်က လောဘမကြီးပါဘူး ... "

"ဖန်ကျန်းရီ … မင်း ငါ့ကို လှည့်စားရဲတယ်ပေါ့။ ငါ မင်းကို သတ်ပစ်မယ်။"

ကျန်းတုန်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဖန်ကျန်းရီအပေါ်သို့ ခုန်အုပ်လိုက်သည်။

ရုတ်တရက် ဖြစ်သွားသောကြောင့် ဖန်ကျန်းရီလည်း မထင်မှတ်ထားခဲ့ပေ။ အဘိုးကြီးက အသက်ကြီးနေပြီဖြစ်သော်လည်း ဒေါသ ကြီးလွန်းလှသည်။ သူပင် မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။

သူတို့နှစ်ဦးသည် မြေကြီးပေါ်တွင် လုံးထွေး သတ်ပုတ်နေကြတော့သည်။

ရန်ပွဲက မြန်မြန်ဆန်ဆန် အနိုင်အရှုံး ပေါ်သွားခဲ့၏။

ဖန်ကျန်းရီက ငယ်ရွယ်ပြီး ခွန်အားကြီးမားသောကြောင့် ခဏအတွင်းမှာပဲ ကျန်းတုန်ရှန်းကို အောက်၌ ဖိထားနိုင်ခဲ့ပြီး အမောတကော ပြောလိုက်၏။ "ဦးလေးသုံး ... စကားကို ကောင်းကောင်းပြောပါ။"

"လူယုတ်မာ … အရှက်မရှိတဲ့ လူယုတ်မာ … မင်း ငါ့ကို လိမ်ရဲတယ်ပေါ့။"

ကျန်းတုန်ရှန်း၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေ၏။

ငါဟိုတုန်းက အရှင်မင်းကြီးနဲ့အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့တာပဲ ... အခု ငါ ဒီလောက်တောင် အသုံးမကျဖြစ်နေပြီလား ... အသက် နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်ရဲ့ လှည့်စားမှုကို ခံရရုံသာမက ဖိထားတာကိုပါ ခံနေရတယ်။ တကယ့်ကို အရှက်ရစရာပဲ။

All Chapters