← Chapters

အခန်း ၃၆၄

Vol. 20 Ch. 364

အခန်း ၃၆၄

Vol. 20 Ch. 364

အပိုင်း (၃၆၄) အလင်းရောင် ပြန်လည်ရရှိခြင်း။

"ကျုပ်က ခင်ဗျားကို လိမ်တယ် ဟုတ်လား။ အရှင်မင်းကြီးက ခင်ဗျားရဲ့ အစီရင်ခံစာကို နန်းတွင်း သတင်းလွှာမှာတောင် ထည့်သွင်း ကြေညာလိုက်ပြီ။ နောက်ဆိုရင် ခင်ဗျားက နိုင်ငံတစ်ဝန်းက ပညာတတ်တွေရဲ့ ရင်ထဲက သူရဲကောင်းကြီး ဖြစ်သွားပြီ။

ခင်ဗျား ကျုပ်ကို ကျေးဇူးတင်သင့်တာ ... ဆက်ချအုံးမလို့လား။"

ကျန်းတုန်ရှန်းမှာ ဒေါသထွက်နေသဖြင့် သူပြောသည်ကို လုံးဝ နားမဝင်ချေ။ လက်နှစ်ဖက်ကို အားကုန်ရုန်းကာ အော်ဟစ်နေ၏။ "မင်း အထက်အရာရှိကို ရိုက်နှက်တယ်ပေါ့။ ငါ မင်းကို တိုင်မယ်။ မင်းလို အရှက်မရှိတဲ့ လူယုတ်မာ။"

"ထပ်အော်ကြည့်လေ။ ထပ်အော်ရင် ခင်ဗျား မျက်နှာကို တံတွေးနဲ့ ထွေးမယ်။"

"မင်း လုပ်ရဲလား။"

"ထွီ"

တံတွေးတစ်ချက်က ကျန်းတုန်ရှန်း၏ နားဘေးသို့ တည့်တည့်ကျသွားရာ ချက်ချင်း အော်ဟစ်ခြင်းကို ရပ်တန့်လိုက်သည်။

ဖန်ကျန်းရီကို အသက်မပါသော မျက်လုံးများဖြင့် ကြည့်နေ၏။

မေ့သွားတယ် ... ဒီလူယုတ်မာက ဘာမဆို လုပ်ရဲတယ် ... နောက်ဆက်တွဲ ဆိုးကျိုးကို လုံးဝ ထည့်မတွေးဘူး ...။

ဖန်ကျန်းရီက တကယ်တော့ မျက်နှာကို တံတွေးမထွေးရဲချေ။ သို့သော်ငြား ဤအဘိုးကြီးက ဒေါသအရမ်းကြီးလွန်းသည်။ အသက်သာ ကြီးသွားသည်။ စိတ်ကတော့ မအိုသေးပေ။

"ငါ့ကို လွှတ်ပေးတော့ ... ငါ မင်းနဲ့ ဆက်မချတော့ဘူး။" ကျန်းတုန်ရှန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

ဖန်ကျန်းရီက အမြန် ထရပ်ကာ သူ့ကို တွဲထူပေးလိုက်သည်။ ပြီးနောက် အင်္ကျီပေါ်မှ ဖုန်များကိုပါ ခါပေးရင်း တီးတိုး ပြောလိုက်သည်။ "ဦးလေးသုံးရယ် ... မိသားစုတွေပဲဟာ။ ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ။ ကြည့်ပါအုံး … အခုဆိုရင် အားလုံး အကျိုးရှိသွားပြီ မဟုတ်လား ... "

ဒီလောက် အဆင်သင့်ဖြစ်နေတဲ့ ထိပ်တန်း ကြော်ငြာမော်ဒယ်ကြီးကို လျစ်လျူရှုထားလို့ မရဘူး။

ရှေ့နောက် အနည်းငယ် အလုပ်ရှုပ်ပြီးနောက် ကျန်းတုန်ရှန်း၏ ဒေါသများလည်း အတော်လေး ပြေကျသွားသည်။ ပြီးနောက် မျက်နှာသေဖြင့် တံခါးပြင်သို့ လက်ညှိုးထိုးပြလိုက်၏။ "ထွက်သွား။ ငါ မင်းကို မမြင်ချင်ဘူး။"

"ဦးလေးသုံး ... ကျုပ်မှာ ပြောစရာ ရှိသေးတယ်။ ခင်ဗျားရဲ့ မျက်စိမှုန်တဲ့ ရောဂါကို ကျုပ် ကုပေးနိုင်တယ် ... "

"ထွက်သွား။"

...

နောက်ရက်များတွင် စာမေးပွဲ ကြီးကြပ်ခြင်းမှာ အလွန် ချောမွေ့သွားခဲ့သည်။

ကျန်းတုန်ရှန်းက ဖန်ကျန်းရီကို လုံးဝ စကားမပြောတော့ဘဲ ကြည့်ရသည်ကိုပင် စိတ်ရှုပ်နေပုံပေါ်၏။

ဖန်ကျန်းရီလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အနားယူနေလိုက်သည်။

စာမေးပွဲရုံထဲရှိ အေးချမ်းသော အခြေအနေနှင့် သေးနံ့သင်းနေသော လေထုကို ခံစားရင်း အလွန် ကျေနပ်နေ၏။

လုပ်ငန်းစဉ်က အနည်းငယ် ရှုပ်ထွေးသော်လည်း ဤသို့ မွှေမည့်သူ မရှိပါက တချို့သော ကိစ္စများသည် ဘယ်တော့မှ တိုးတက်လာမည် မဟုတ်ချေ။ သူ နောက်ကွယ်မှသာ ပြဿနာ မရှာပေးလျှင် ဒုံရင်းက ဒုံရင်းအတိုင်း ဖြစ်ပေလိမ့်မည်။

သူကိုယ်တိုင် သတိမထားမိဘဲ လူဘယ်လောက်များများကို အကျိုးပြုခဲ့ပြီးပြီလဲ။ သူ့၌ အလွန်များပြားသော ကုသိုလ်တရားတွေ ရှိပေလိမ့်မည်။

...

စာမေးပွဲရုံတွင် လှည့်လည်ကြည့်ရှုနေစဉ် ကန့်လန့်ကာပေါက်မှ လူတစ်ယောက်က သတင်းပို့သဖြင့် ဖန်ကျန်းရီ အလျင်အမြန် ထွက်သွားလိုက်သည်။

ကန့်လန့်ကာပေါက်တွင် လူတစ်ယောက် စောင့်ဆိုင်းနေပြီး ဖန်ကျန်းရီကို မြင်သည်နှင့် သေတ္တာငယ်လေး တစ်လုံးကို ချက်ချင်း ကမ်းပေးလိုက်၏။

ဖန်ကျန်းရီက ဖွင့်ကြည့်လိုက်ရာ သေတ္တာထဲတွင် မှန်ဘီလူး ဒါဇင်ပေါင်းများစွာကို ပြည့်ကျပ်စွာ စီရီထားပြီး မျက်မှန်ကိုင်း တစ်ခုလည်း ပါဝင်သည်။

မျက်မှန်ကိုင်းကို ငွေကြိုးဖြင့် ရက်လုပ်ထားပြီး အနည်းငယ် ကြီးမားကာ အပေါ်တွင် မှန်ဘီလူး အလွယ်တကူ တပ်ဆင်နိုင်ရန် အစွပ်ပေါက်များ ပါဝင်သည်။ သေတ္တာကို ယူပြီးသည်နှင့် ဖန်ကျန်းရီသည် ကျန်းတုန်ရှန်းကို ချက်ချင်း သွားရှာလိုက်၏။

ဒီကိစ္စကို ပြီးပြည့်စုံအောင် အဆုံးသတ်ရမယ်။ အဘိုးကြီးရဲ့ မျက်စိပြဿနာကို ဖြေရှင်းပေးလိုက်ရင် နောက်ပိုင်း ပေါင်းသင်းရတာ ပိုလွယ်သွားမှာပေါ့။

မဟုတ်လို့ သဘောထားသေးသိမ်ပြီး ဒီကိစ္စကို အငြိုးထားနေရင် ငါ့အတွက် ပြဿနာ ဖြစ်လာနိုင်တယ်။

ပြီးတော့ ... နောက်ပိုင်း ငါ့ရဲ့ ပစ္စည်းကို ကြော်ငြာပေးဖို့ သူ့ကို အားကိုးရအုံးမယ်။

ဖန်ကျန်းရီက သေတ္တာကို ကျန်းတုန်ရှန်း ရှေ့တွင် ချထားလိုက်သည်။

ကျန်းတုန်ရှန်း၏ ဒေါသက လုံးဝ မပြေသေးဘဲ မျက်နှာသေဖြင့် ပြောလိုက်၏။ "ငါ့ကို လာဘ်ထိုးချင်တာလား။ ယူသွားစမ်း။ မင်းကို ငါ ပြောထားမယ်။ ဒီလောက် ရိုးရှင်းမယ် မထင်နဲ့။ ဒီကိစ္စ မင်းနဲ့ ငါ မပြီးသေးဘူး။"

"အို ... ဒီစကားကို ဘယ်လို ပြောလိုက်တာလဲ။ မိသားစုတွေပဲဟာ။ အငြိုးထားစရာ လိုလို့လား။ ခင်ဗျားကို ပစ္စည်းကောင်း တစ်ခု ပြမယ်။"

ကျန်းတုန်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ "တော်ပြီ။ ဘယ်သူက မင်းနဲ့ မိသားစုလဲ။ အခွင့်အရေးပေးတိုင်း အတင့်မရဲနဲ့။ ဆွေမျိုး လာစပ်နေရင်တော့ ငါ ... "

"ကျုပ်ကို တိုင်မယ် ဟုတ်လား။ ရတယ်။ မနက်ဖြန်ကျရင် ကျုပ်တို့နှစ်ယောက် ဘာမှ မပတ်သက်ဘူးဆိုတာ မြို့တော်က ပြည်သူတွေ သိအောင် သတင်းစာထဲမှာ ထည့်ကြေညာလိုက်မယ်။"

ထိုစကားကို ကြားသောအခါ ကျန်းတုန်ရှန်းမှာ ချက်ချင်း ခေါင်းကိုက်သွား၏။

သတင်းစာထဲ ထည့်ကြေညာမယ် ဟုတ်လား။ အဲတာဆို ပိုပြီးထင်ရောင်ထင်မှားတွေ ဖြစ်ကုန်တော့မှာပေါ့။

"မင်း ပြီးပြီလား။ ငါ မင်းနဲ့ ဘာရန်ငြိုးတွေ များရှိနေလို့လဲ။"

ဖန်ကျန်းရီက စကားဆက်မပြောတော့ဘဲ သေတ္တာကို ဖွင့်လိုက်ရာ အထဲရှိ မှန်ဘီလူးများကို မြင်လိုက်ရသည်။

ကျန်းတုန်ရှန်း၏ အာရုံစိုက်မှုက ပြောင်းလဲသွားပြီး ချက်ချင်း မေးလိုက်၏။ "ဒါက ဘာပစ္စည်းလဲ။"

"ဒါကို မျက်မှန်လို့ ခေါ်တယ်။ မျက်စိမှုန်လို့ သေချာ မမြင်ရတဲ့ ပြဿနာကို အထူးကုသပေးတာ။"

ထိုသို့ပြောရင်း ဖန်ကျန်းရီက မျက်မှန်ကိုင်းကို ယူကာ ခေါင်းပေါ် တပ်လိုက်ရာ ကျန်းတုန်ရှန်းက သူ၏ ထူးဆန်းသော ပုံစံကို ကြည့်ပြီး သရော်လိုက်သည်။ "ရယ်စရာကောင်းလိုက်တာ။"

ဟမ့် ... ရယ်စရာကောင်းတယ် ဟုတ်လား။ ခဏနေရင် ခင်ဗျား ပါးစပ် ပိတ်သွားစေရမယ်။

ဖန်ကျန်းရီက မျက်မှန်ကို ချွတ်လိုက်ပြီး ပထမတန်းမှ မှန်ဘီလူး နှစ်ခုကို ယူကာ မျက်မှန်ကိုင်းတွင် တပ်ဆင်လိုက်ပြီး ကျန်းတုန်ရှန်း၏ မျက်လုံးတွင် တပ်ပေးလိုက်၏။

ကျန်းတုန်ရှန်းက လက်လှမ်း၍ ချွတ်ရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက သူ၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်ထားလိုက်သည်။

သက်ကြီးရွယ်အိုများသည် ဤအရွယ်တွင် အသစ်အဆန်းများကို လက်ခံနိုင်စွမ်း အလွန် နိမ့်ပါးတတ်ကြသည်။ နန်းတွင်းရှိ ဉာဏ်ကောင်းသူများ ဖြစ်သော်လည်း သဘာဝတရား၏ နိယာမကို ဆန့်ကျင်ရန် ခက်ခဲလှ၏။

အကျိုးကျေးဇူးကို မြည်းစမ်းခွင့် ရမှသာလျှင် ကိုယ်တိုင် လက်ခံလာကြမည် ဖြစ်သည်။

နောက်ခေတ်များတွင် တချို့သော အဘိုးကြီးများသည် Douyin (TikTok) ကို အသုံးမပြုတတ်သော်လည်း တစ်ခါ သုံးတတ်သွားပါက နေ့စဉ်ဘဝတွင် မိန်းကလေး ကသည်ကိုသာ ကြည့်ရှုရင်း အချိန်ကုန်တတ်ကြပြီး ဖုန်းကို လက်မှမချနိုင် ဖြစ်သွားကြ၏။

မျက်မှန်က ပို၍ပင် ဆိုးသေးသည်။

ကျန်းတုန်ရှန်းက မျက်မှန် တပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်ထဲတွင် ထိတ်လန့်သွားပြီး အလန့်တကြား အော်ဟစ်လိုက်၏။ "အာ ... ဖယ်စမ်း။ ဖယ်စမ်း။ မြန်မြန် ဖယ်စမ်း။ ဒါက ဘာသရဲတစ္ဆေ ပစ္စည်းကြီးလဲ။ ငါ ဘာမှ မမြင်ရတော့ဘူး။"

ဖန်ကျန်းရီက မျက်မှန် ချွတ်ပေးလိုက်ပြီး လက်တစ်ဖက်က သူ၏ ပခုံးကို ဖိထားလိုက်သည်။

"ငြိမ်ငြိမ်နေပါအုံး။ ပစ္စည်းကောင်းပါ။ ကြည့် … ဒီထဲမှာ မှန်ဘီလူးတွေ အများကြီး ရှိတယ်။ ခင်ဗျားနဲ့ ကိုက်ညီမယ့် မှန်ဘီလူးကို ရှာရမှာ။”

"ပေါက်ကရတွေ လုပ်နေတယ်။" ကျန်းတုန်ရှန်းက ထထွက်ရန် ပြင်လိုက်၏။

ဖန်ကျန်းရီက မိမိကို သတ်သတ် လှောင်ပြောင်နေခြင်း ဖြစ်မည်။ အဘယ့်ကြောင့် ဒင်းနှင့် ကစားရမည်နည်း။

သူ မထရသေးမီ ဖန်ကျန်းရီက ပြန်ဖိချလိုက်ပြန်သည်။ "ကျုပ်က နောက်နေပုံ ပေါက်နေလို့လား။ ဒီသေတ္တာထဲက ပစ္စည်းတွေ အားလုံးက ငွေရာချီ တန်ဖိုးရှိတဲ့ ထိပ်တန်း သလင်းကျောက်တွေချည်းပဲ။ ကျုပ်က ငွေတွေကို သုံးပြီး ခင်ဗျားကို လိမ်နေမယ်လို့ ထင်နေတာလား။"

ပြောရင်းနှင့် မှန်ဘီလူး တစ်ခုကို ကမ်းပေးလိုက်ရာ ကျန်းတုန်ရှန်းက သေသေချာချာ ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိ၏။

တကယ် ... တကယ် အပြစ်အနာအဆာကင်းတဲ့ သလင်းကျောက်တွေပဲ။

ဒီသန့်စင်မှုက အိမ်က စိန်တွေနဲ့တောင် ယှဉ်လို့ ရနေပြီပဲ။ ဖန်ကျန်းရီက ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို သုံးပြီး ငါ့ကို လာနောက်စရာ အကြောင်းမရှိဘူး။

တကယ်လို့ အသုံးဝင်ရင်ကော။

ထိုသို့တွေးလိုက်သောအခါ သူ ငြိမ်ကျသွားပြီး စကားမပြောဘဲ ပြန်ထိုင်လိုက်၏။

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ဒီလိုမှပေါ့ … ဒါက ပစ္စည်းကောင်းပါ။ အသုံးဝင်ရင် ခင်ဗျားကို တစ်စုံ လက်ဆောင်ပေးမယ်။"

"ဟမ့် ... မင်းပေးတာ ငါ မယူဘူး။ ငါ ကိုယ်တိုင် ဝယ်နိုင်တယ်။"

ကျုပ် ထုတ်တာလေ။ ကျုပ် မရောင်းရင် ခင်ဗျား ဘယ်မှာ သွားဝယ်မလဲ။

ဖန်ကျန်းရီက ပြုံးလိုက်ပြီး သူ့ကို မျက်မှန် စမ်း တပ်ပေးလိုက်သည်။

ယခုအချိန်တွင် ကျန်းတုန်ရှန်းကလည်း မကျေမနပ် မပြောတော့ဘဲ နေရာတွင် ထိုင်ကာ သေသေချာချာ ပူးပေါင်းလုပ်ဆောင်နေသဖြင့် အခြေအနေမှာ အလွန် အေးချမ်းသွား၏။

"ဒီတစ်ခုကော ဘယ်လိုလဲ။"

"အင်း ... မရဘူး။ ဝါးနေတယ်။"

"ဒါလေးကော။"

"ရှူး ... အာ၊ ခုနကဟာနဲ့ မတူတော့ဘူး။ ဒါပေမဲ့ ဝါးနေတုန်းပဲ။"

"ဒီတစ်ခု ... "

ဆက်တိုက် ဆယ့်နှစ်ခုအထိ စမ်းသပ်ပြီးနောက် ဆယ့်သုံးခုမြောက်တွင် အကျိုးသက်ရောက်မှု ရှိသွားခဲ့သည်။

မျက်မှန် တပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းတုန်ရှန်းက အံ့သြဝမ်းသာစွာ ပြောလိုက်၏။ "အာ …ကောင်းတယ်။ ရှင်းသွားပြီ။ ဒါက ကောင်းတယ်။ ငါ့ကို စာအုပ်တစ်အုပ် မြန်မြန် ရှာပေးစမ်း။"

စာအုပ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဖန်ကျန်းရီက စာမျက်နှာကို ဖွင့်ကာ သူ၏ မျက်စိရှေ့သို့ ထိုးပြလိုက်သည်။

ကျန်းတုန်ရှန်းသည် စာမျက်နှာပေါ်ရှိ ရှင်းလင်းပြတ်သားသော စာသားများကို ကြည့်ကာ လက်ဖြင့် ပွတ်သပ် နေမိသည်။ ပါးစပ်မှလည်း တီးတိုးရေရွတ်နေ၏။ "အံ့ဩစရာပဲ ... တကယ်ကို အံ့ဩစရာပဲ ... ငါ သေချာ မမြင်ရတာ သုံးနှစ်တောင် ရှိပြီ ... အခုတော့ လူငယ်ဘဝတုန်းကလိုမျိုး ပြန်ဖြစ်သွားပြီပဲ။"

စကားပြောရင်းနှင့် သူ၏ အသံမှာ အနည်းငယ် တုန်ယင်လာခဲ့သည်။

ရှင်းလင်းပြတ်သားသော ကမ္ဘာကြီးကို ပြန်လည် မြင်တွေ့ရခြင်း ... ဤအရာသည် ယခင်က တွေးတောင် မတွေးဝံ့ခဲ့သော မျှော်လင့်ချက် တစ်ခု ဖြစ်၏။

သုံးနှစ်အတွင်း သူသည် အသည်းအားကောင်း၊ မျက်စိအားကောင်းစေသော ဆေးရည်များကို မရေမတွက်နိုင်အောင် သောက်ခဲ့သော်လည်း မည်သည့်ဆေးကမှ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ထို့ကြောင့် ဤကိစ္စသည် မျှော်လင့်ချက် တစ်ခုသာ ဖြစ်လာခဲ့သည်။

ယခုတော့ ဤကဲ့သို့ မမျှော်လင့်ထားသော နေရာတွင် မမျှော်လင့်ထားသော လူတစ်ယောက်၏ လက်ဖြင့် ရှင်းလင်းပြတ်သားသော ကမ္ဘာကြီးကို ပြန်လည် မြင်တွေ့ခွင့် ရခဲ့၏။

ကျန်းတုန်ရှန်း၏ ရင်ထဲတွင် ဝမ်းသာပီတိများ ပြည့်နှက်နေပြီး မျက်ရည်များပင် ဝဲလာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အမတ်ဖန်၊ ကျေးဇူးတင်ပါတယ်။ ဒါ ဘယ်လောက်လဲ။ ငါ ပေးပါ့မယ်။"

"အာ ... မရောင်းပါဘူး။ ခင်ဗျားကို စမ်းတပ်ခိုင်းတာပါ။ ခင်ဗျားက နန်းတွင်းက အမတ်ကြီးလေ။ ဒီလိုပစ္စည်းမျိုး တပ်ထားရင် အရမ်း ရယ်စရာကောင်းနေမှာပေါ့။ မတပ်ပါနဲ့။"

ဖန်ကျန်းရီ၏ ခနဲ့တဲ့တဲ့ စကားကို ကြားသောအခါ ကျန်းတုန်ရှန်းမှာ မျက်နှာ နီရဲသွားခဲ့သည်။

ပစ္စည်းရဲ့ အကျိုးသက်ရောက်မှုက ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒါပေမဲ့ ငါ့ကို မျက်မှန် ချွတ်ခိုင်းနေပြီ။ ဝါးနေတဲ့ ကမ္ဘာကြီးထဲ ပြန်သွားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

ထို့ကြောင့် တိုးတိုးလေး ပြောလိုက်ရ၏။ "အင်း ... ငါ့မျက်စိက မမြင်တာပါ။ ငါ တောင်းပန်ပါတယ်။ ဘယ်လောက်လဲသာ ပြောပါ။ ငါ သေချာပေါက် ဝယ်မယ်။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "ဆွေမျိုးဈေးပဲပေး ... ငွေတုံး တစ်ရာပါ။"

All Chapters