← Chapters

အခန်း ၃၆၅

Vol. 20 Ch. 365

အခန်း ၃၆၅

Vol. 20 Ch. 365

အပိုင်း (၃၆၅) သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု။

ဆွေမျိုးဈေး ဆိုသေးတယ်။ ငွေတုံး တစ်ရာ ဟုတ်လား။

ကျန်းတုန်ရှန်း၏ ရင်ဘတ်ထဲမှ ထိန်းချုပ်၍ မရနိုင်သော နာကျင်မှုတစ်ခု ပေါ်ထွက်လာသည်။ ယခုလေးတင် ရှင်းလင်းသော ကမ္ဘာကြီးကို မြင်တွေ့ရသဖြင့် ဖြစ်ပေါ်လာသော ဝမ်းသာမှုများမှာလည်း ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။

သူသည် အမွေးအလှီးခံရသော သိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

သလင်းကျောက်က တန်ဖိုးကြီးသည်မှာ မှန်သော်လည်း ဤသလင်းကျောက် အပိုင်းအစလေး နှစ်ခုက မည်သို့မှ ငွေတုံး တစ်ရာလောက်အထိ ဈေးမရှိနိုင်ချေ။

မင်းက ဒါကို စိန်လို့ ထင်နေတာလား။

"ငွေတုံး တစ်ရာကတော့ တကယ်ကို ဈေးများလွန်းတယ် အမတ်ဖန်။ ငါက ငွေတုံး တစ်ရာလောက် မရှိတဲ့သူ မဟုတ်ပေမဲ့ မင်းက ငါ့ကို ဒီလိုတော့ ဈေးမတင်သေးဘူး။"

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်သည်။ "ငွေတုံးတစ်ရာဆိုတာ မျက်လုံး တစ်ဖက်စာ ဈေးနှုန်းပါ။"

"... ဒါဆိုရင် ငွေတုံး နှစ်ရာပေါ့။ ဟုတ်လား။"

ယခုအချိန်တွင် ကျန်းတုန်ရှန်းက မျက်မှန်ကို ချွတ်ပြီး ဖန်ကျန်းရီ၏ မျက်နှာကို ပစ်ပေါက်ချင်စိတ် ပေါ်လာ၏။

ငါ့ကို တကယ်ပဲ ငွေပေးမယ့် အရူးလို့ ထင်နေတာလား။

သလင်းကျောက် ဝယ်ပြီး အိမ်မှာ ကိုယ်တိုင် လုပ်ခိုင်းလိုက်မယ်။ ဒီပစ္စည်းက ကြည့်ရတာ သိပ်ရှုပ်ထွေးတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး ...

"ငွေတုံး နှစ်ရာက မှန်ဘီလူးရဲ့ ဈေးနှုန်းပါ။ အပြင်ဘက်က မျက်မှန်ကိုင်းပါ ပေါင်းမှ ပြီးပြည့်စုံတဲ့ မျက်မှန် ဖြစ်သွားမှာပါ။ အားလုံးပေါင်းရင် ငွေတုံး နှစ်ရာငါးဆယ်ပါ။ ခင်ဗျား ဒီပစ္စည်းကို ရိုးရှင်းတယ်လို့ မထင်နဲ့နော်။ ကြည့်ရတာ သာမန်လိုပေမဲ့ အတွင်းထဲက ပညာရပ်တွေက အများကြီးပဲ။

သလင်းကျောက်ကို သွေးရတာက အရမ်းခက်ခဲတယ်။ ပြီးတော့ မျက်မှန်ကိုင်းကလည်း လျှို့ဝှက်ချက်တွေ ပါသေးတယ်။ မျက်နှာနဲ့ ထိတွေ့တဲ့ နေရာတွေက သွေးကြောစုံရာ အကြောမှတ်တွေနဲ့ ကိုက်ညီအောင် လုပ်ထားတာ။ အကြောမှတ်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အချိန်ကြာကြာ တပ်ထားရင် အပူငြိမ်း စေတယ်၊ စိတ်ရှုပ်တာ သက်သာစေတယ်၊ လည်ချောင်းအသံ အားကောင်းစေတယ်၊ ဆံပင်သန်စွမ်းစေတယ်၊ ကလီစာငါးခုကို အားဖြည့်ပေးတယ်၊ စိတ်တည်ငြိမ်စေတယ်၊ သွေးလည်ပတ်မှု ကောင်းစေတယ်၊ နားရွက်ကို ရှင်းလင်းစေတယ် စတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်။ နည်းနည်းလေး လွဲသွားရင် အဲဒီ ကျန်းမာရေး အကျိုးကျေးဇူးတွေ မရှိတော့ဘူး။"

"တကယ်လား။" ကျန်းတုန်ရှန်းမှာ ယခုအခါ ပြန်လည် စိတ်ဝင်စားသွားပြန်၏။

"တကယ်ပေါ့။ တခြားဟာတွေကို မပြောနဲ့အုံး။ အသည်းအားကောင်းပြီး မျက်စိအားကောင်းစေတဲ့ အကျိုးသက်ရောက်မှုကတော့ သေချာပေါက် ရှိတယ်။ ကြည့် .. အခု ခင်ဗျား မျက်စိ အားကောင်းလာပြီလို့ မခံစားရဘူးလား။ အသည်းလည်း နည်းနည်း နေလို့ကောင်းလာပြီ မဟုတ်လား။"

"ဟုတ်သလိုပဲ။" ကျန်းတုန်ရှန်းက ပြုံးလိုက်သည်။

ဤကျန်းမာရေး အကျိုးကျေးဇူးများက တကယ်ကို ဆွဲဆောင်မှု ရှိလှသည်။ ဤပစ္စည်း၏ ချက်ချင်း သိသာသော အကျိုးသက်ရောက်မှုက ဖန်ကျန်းရီ ပြောသည်နှင့် ကိုက်ညီနေ၏။

သူကိုယ်တိုင်လည်း ဤအသက်အရွယ် ရောက်နေပြီဖြစ်ရာ ဤကဲ့သို့သော ကျန်းမာရေးအတွက် အထောက်အကူပြုမည့် ပစ္စည်းမျိုး လိုအပ်နေသည်။

"ဈေးနည်းနည်း လျှော့အုံးလေ။ ခုနကတောင် ငါ့ကို တစ်စုံ လက်ဆောင်ပေးမယ်လို့ ပြောသေးတယ်။"

"အို ... ဦးလေးသုံးရယ်။ ကျုပ်တို့က မိသားစုဝင်တွေပဲ ကျုပ်က ခင်ဗျားကို လိမ်ပါ့မလား။ ခုနက ခင်ဗျား မလိုချင်ဘူးလို့ ပြောတာ မဟုတ်ဘူးလား။

ငွေတုံး နှစ်ရာငါးဆယ်ဆိုတာ လုံးဝ မများပါဘူး။ ရှင်းရှင်းပြောရရင် ဒီကုန်ကြမ်းက ငွေတစ်တုံးပဲ တန်တယ်။ ဒါကို မျက်မှန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိတဲ့ ပညာက ငွေနှစ်ရာလေးဆယ့်ကိုးတုံး တန်တာပါ။"

ကျန်းတုန်ရှန်းမှာ အလွန် ခက်ခဲနေပုံပေါ်ပြီး မျက်မှန်ကို ချွတ်ကာ လက်ထဲတွင် အကြိမ်ကြိမ် လှည့်ပတ် ကစားနေ၏။

ကောင်းတယ် ... တကယ်ကို ပစ္စည်းကောင်းပဲ။ သုံးဖူးသွားရင် မခွဲနိုင်တော့ဘူး။

ဒါပေမဲ့ ငွေတုံး နှစ်ရာငါးဆယ်ဆိုတဲ့ ဈေးနှုန်းကတော့ ကိုယ့်ကိုယ်ကိုယ် အရူးတစ်ယောက်လို ခံစားရစေတယ်။

ဖန်ကျန်းရီက အချိန်ကျပြီဟု ထင်သဖြင့် စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ခင်ဗျားက ဈေးကြီးတယ်လို့ ထင်နေတာလား။ ဈေးကြီးတာ ကိစ္စမရှိဘူး။ ခင်ဗျားက ကျုပ်ရဲ့ လူကြီးပဲ။ ခင်ဗျားကို တစ်စုံ လက်ဆောင်ပေးရတာ ပြဿနာ မရှိပါဘူး။ နောက်မှ ကျုပ် လူရှာပြီး အသစ်တစ်စုံ ပြန်လုပ်ခိုင်းပြီး ခင်ဗျားအိမ်ကို ပို့ပေးခိုင်းလိုက်မယ်။"

ကျန်းတုန်ရှန်းသည် စိတ်ထဲတွင် ဝမ်းသာသွားပြီး ယခုအခါ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မေးလိုက်၏။ "တကယ်လား။"

"တကယ်ပေါ့။ ဒါပေမဲ့ ... ခင်ဗျား ကျုပ်ကို ကူညီပြီး နန်းတော်ထဲမှာ ကြော်ငြာပေးရမယ်။ ခင်ဗျား ငွေတုံး နှစ်ရာငါးဆယ် နဲ့ ဝယ်လာတယ်လို့ ပြောပေးရမယ်။"

ဖန်ကျန်းရီက အချိန်အတော်ကြာအောင် အောင့်ထားပြီး ဤစကားကို ပြောရန် စောင့်နေခြင်း ဖြစ်သည်။

ကျန်းတုန်ရှန်းက စိတ်လှုပ်ရှားနေသဖြင့် မျက်မှန်ကို ပြန်တပ်ကာ ဝမ်းသာအားရ ပြောလိုက်၏။ "ကိစ္စသေးသေးလေးပါ။ ဒါပေမဲ့ ... မင်း ဘယ်လောက်နဲ့ ရောင်းမလို့လဲ။ ငွေတုံး နှစ်ရာငါးဆယ်က တကယ်ကို ဈေးများလွန်းတယ်။ တခြားသူတွေကလည်း ဒီလို အရူးလုပ်ခံဖို့ သဘောတူချင်မှ တူလိမ့်မယ်။"

ဖန်ကျန်းရီ၏ မျက်နှာမှာ ညှိုးကျသွားသည်။ "အရူးလုပ်ခံရတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ ဒီပစ္စည်းက အများကြီး မထွက်ဘူးဆိုတာ ကျုပ် ခင်ဗျားကို ကြိုပြောထားမယ်။ လူတိုင်း ဝယ်လို့ရမှာ မဟုတ်ဘူး။ မျက်စိမကောင်းတဲ့သူတွေက အများကြီး ရှိတယ်။

အားလုံးက အမတ်တွေ ဖြစ်နေလို့ ကျုပ်က သူတို့ကို အရင် ဦးစားပေးပြီး ရောင်းပေးတာပါ။ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ထည့်မပြောရင်တောင် အိမ်ပြန်ပြီး အလှပြထားရင်တောင် တန်တယ်။

ပြီးတော့ ကျုပ်က သဘောကောင်းပါတယ်။ ဦးလေးကြီး၊ ဦးလေးလတ် တို့ကိုလည်း ပေးလိုက်မယ်။ ခင်ဗျား အိမ်ပြန်ရောက်ရင် ကျုပ်ကိုယ်စား ပြောပေးအုံး။"

ကျန်းတုန်ရှန်းမှာ စကားမပြောနိုင်တော့ဘဲ ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ။ မင်းရဲ့ ကျေးဇူးကို ငါ မှတ်ထားလိုက်ပါ့မယ်။

ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ်။ ဒီလောက် ဗြောင်ကျကျ ငွေရှာနေတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ငါ သိရသလောက် တောက်ယွမ်ခရိုင်က အရမ်းချမ်းသာတယ် မဟုတ်ဘူးလား။ မင်း ဒီလောက် ငွေအများကြီး ရှာပြီး ဘာလုပ်မလို့လဲ။"

ဘယ်သူက ငွေနည်းတာကို မကြိုက်လို့လဲ။

ပြီးတော့ မျက်မှန်က အနှေးနဲ့အမြန် ပြည်သူတွေဆီကို ရောင်းချရမယ့် ပစ္စည်းပဲ။ လူအတော်များများအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာမှာပဲ။

မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းဆိုတော့ ဈေးနှုန်းက အရမ်းကြီးနေလို့ မရဘူး။ ဒါပေမဲ့ လက်ရှိ တောက်ယွမ်ခရိုင်က မှန်ဘီလူးသွေးတဲ့ နည်းပညာနဲ့ ဆိုင်တွေဖွင့်ရတဲ့ ကုန်ကျစရိတ်တွေ ပေါင်းလိုက်ရင် တကယ်ကို မနည်းဘူး။ မျက်မှန်ရဲ့ ရောင်းဈေးကလည်း သက်သာမှာ မဟုတ်ဘူး။

လူအများစုက ဝယ်နိုင်မှာ မဟုတ်ဘူး။ ဈေးလျှော့လိုက်ရင်လည်း အရှုံးခံပြီး ရောင်းရမှာ ဖြစ်လို့ ရေရှည် မရပ်တည်နိုင်ဘူး။

ဒါကြောင့်မို့လို့ ခင်ဗျားတို့လို ချမ်းသာတဲ့ မြေရှင်ကြီးတွေဆီကနေ အမြတ်ထုတ်ပြီး ဆင်းရဲသားတွေကို ထောက်ပံ့ရမှာပေါ့ ... နောက်ပိုင်း မှန်ဘီလူးသွေးတဲ့ လုပ်ငန်းက တွင်ကျယ်လာရင် ဈေးနှုန်းလည်း ကျလာမှာပဲ။

ဒီလူတွေက မျိုးဆက်အဆက်ဆက် လက်ဝါးကြီးအုပ်ပြီး ငွေရှာနေကြတာ။ ကိုယ်ပိုင် နည်းပညာနဲ့ သူတို့ဆီကနေ ပြန်အမြတ်ထုတ်ရတာ လုံးဝ အပြစ်မရှိဘူး။

သို့ပေမည့် ဤစကားများကို ဗြောင်ပြော၍မရချေ။

ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။ "ဦးလေးသုံး ... ကျုပ်က ငွေမလိုပါဘူး။ ဒါပေမဲ့ ကျုပ်က ဆင်းရဲဖူးလို့ပေါ့။ လူတစ်ယောက်က တစ်ခါလောက် ဆင်းရဲဖူးရင် သူ့ရဲ့စိတ်ထဲမှာ တစ်သက်လုံး ဆင်းရဲသား တစ်ယောက် ဖြစ်သွားပြီ။ ဖျောက်ဖျက်လို့ မရတော့ဘူး။ ခင်ဗျားက မျိုးရိုးမြင့် မိသားစုက ဆင်းသက်လာတာဆိုတော့ ကျုပ် ယှဉ်လို့မရပါဘူး။"

ကျန်းတုန်ရှန်းသည် သူ၏စကားကို ကြားသောအခါ ခေါင်းခါကာ ပြုံးလိုက်၏။

နန်းတွင်းတွင် လူတိုင်းက ပြည်သူတွေကို မည်သို့အုပ်ချုပ်မည်နည်း ဆိုသည်ကို နေ့တိုင်း ဆွေးနွေးနေကြသော်လည်း ဆင်းရဲသားများ၏ စိတ်နေစိတ်ထားကိုတော့ နားလည်ရန် အလွန်ခက်ခဲလှပသည်။

ဤနေရာသို့ ရောက်သောအခါ သူ၏ဒေါသများလည်း အတော်လေး ပြေကျသွားခဲ့သည်။ အစောပိုင်းက လူငယ်လေး၏ လှည့်စားမှုကို ခံလိုက်ရသဖြင့် မျက်နှာပျက်သွားကာ စကားမပြောချင်ရုံသာရှိ၏။

မည်သို့ပင်ဖြစ်စေ ကြီးမားသော ပြဿနာ မရှိခဲ့သလို သူကိုယ်တိုင်လည်း အကျိုးအမြတ် ရရှိခဲ့သည်။ ထို့အပြင် ယခု ဖန်ကျန်းရီက မျက်မှန်ပါ လက်ဆောင်ပေးလိုက်သေးသည်။

ထို့ကြောင့် သူလည်း ဆက်လက်၍ မာနခံနေစရာ အကြောင်းမရှိတော့ပေ။

"ဒီရက်ပိုင်းအတွင်း ငါ့မှာ မေးစရာ မေးခွန်းတစ်ခု ရှိနေတယ်။ မင်း ဘာလို့ တံဆိပ်တုံး ဖျက်သိမ်းရေးကို ဒီလောက် စိတ်အားထက်သန်နေရတာလဲ။"

ရက်အနည်းငယ် ကြာသွားသော်လည်း ဤကိစ္စက ဖန်ကျန်းရီနှင့် မည်သို့ သက်ဆိုင်နေကြောင်း ကျန်းတုန်ရှန်း သေချာ မစဉ်းစားတတ်သေးချေ။

မတရားမှုကို မခံနိုင်လို့လား။ ဖန်ကျန်းရီက ကောက်ကျစ်စဉ်းလဲတဲ့ ပုံပေါက်ပြီး စိတ်သဘောထားဖြူစင်တဲ့ ပုံစံမျိုး လည်း မဟုတ်ပါဘူး။

ဖန်ကျန်းရီ အံ့အားသင့်သွားသည်။ ရက်အနည်းငယ် ကြာသွားသော်လည်း သူက ဤပြဿနာကို တွေးတောနေဆဲ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူကိုယ်တိုင်လည်း သေချာ မစဉ်းစားဖူးခဲ့ချေ။

အရှင်းလင်းဆုံး အကြောင်းပြချက်ကို ပြောရလျှင် သတင်းထောက်များ၏ ပြဿနာကို ဖြေရှင်းပေးရန်နှင့် စာမေးပွဲရုံ၏ လေထုကို သည်းမခံနိုင်ခြင်းကြောင့် ဖြစ်သည်။

သို့ပေမည့် သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ၎င်းမှာ သူ၏ ရောဂါဟောင်း ဖြစ်နေပုံရသည်။

သူ ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ အရာအားလုံးနီးပါးနှင့် အသားကျနေပြီ ဖြစ်သော်လည်း သန့်ရှင်းရေး အခြေအနေကိုတော့ လုံးဝ လက်မခံနိုင်သေးချေ။

ခေတ်သစ်ကာလနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ တောက်ယွမ်ခရိုင်တွင် စတင် ရောက်ရှိလာတည်းက သူ့ကို ဒုက္ခပေးနေသော ကြီးမားသော ပြဿနာနှစ်ခု ရှိနေသည်။ တစ်ခုက ဆင်းရဲမွဲတေမှုဖြစ်ပြီး နောက်တစ်ခုက သန့်ရှင်းရေး ညံ့ဖျင်းမှု ဖြစ်၏။

ဆင်းရဲမွဲတေမှုကတော့ ချက်ချင်း ဖြေရှင်းရမည့် ကိစ္စဖြစ်သော်လည်း ဤပြဿနာကို ဖြေရှင်းပြီးနောက် ဒုတိယပြဿနာက ယူဆောင်လာသော ကြီးမားသည့် သက်ရောက်မှုများလည်း ပေါ်ပေါက်လာခဲ့သည်။ လူများ ငတ်မွတ်သေဆုံးခြင်း အပြင် ရောဂါဘေးအန္တရာယ်ကလည်း သူ၏ ဘေးတွင် အမြဲရှိနေသည်။

လူဦးရေ မများပြားချိန်က တောက်ယွမ်ခရိုင်တွင် လူနေထိုင်မှု ကျဲပါးသဖြင့် ပြဿနာ မကြီးမားလှချေ။ ခရိုင်အတွင်းသို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာသောအခါ သန့်ရှင်းရေး ပြဿနာက ပိုမို သိသာလာခဲ့သည်။

သူကိုယ်တိုင်လည်း ရောဂါ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့၏။

နှစ်ပေါင်းများစွာအတွင်း သူသည် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ ဖျားနာသေဆုံးသွားသူများကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ရသည်။ ကလေးသူငယ်များ စောစီးစွာ သေဆုံးခြင်း အပါအဝင် အားလုံးသည် သန့်ရှင်းရေး အခြေအနေ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်ဟုသာ သူ ကောက်ချက်ချနိုင်သည်။

ရောဂါအသေးစားများက အလိုလို ပျောက်ကင်းနိုင်သော်လည်း ရောဂါကြီးများကတော့ သေဖို့သာ စောင့်ရပေမည်။

ရောဂါကုသနိုင်သော ဆေးဆရာများ ရှိသော်လည်း အဓိကအားဖြင့် သစ်ဥသစ်ဖုများသည် ပြင်ပဒဏ်ရာများကို ကုသရာတွင်သာ ပို၍ ထိရောက်မှု ရှိသည်။

တောက်ယွမ်ခရိုင်ရှိ လမ်းဘေးဆေးဆရာများ၏ အခန်းကဏ္ဍမှာ တစ်နည်းအားဖြင့် အလွန် သေးငယ်လှပေသည်။ ရောဂါကုသနိုင်သော်လည်း အများအားဖြင့် ကံကြမ္မာအပေါ် မူတည်နေ၏။

ထို့ကြောင့် ဆရာဝန်များကို မျှော်လင့်ချက် ထား၍ မရနိုင်ချေ။

သူက ဆေးပညာကို နားမလည်သော်လည်း အခြေခံ ဆေးပညာ အသိပညာများ ရှိနေသေးသည်။ သူ လုပ်နိုင်သည်မှာ သန့်ရှင်းရေး အခြေအနေကို အစွမ်းကုန် တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။ ပတ်ဝန်းကျင်ကို သန့်ရှင်းစေရန် အပြင်းအထန် စီမံခန့်ခွဲလိုက်သောအခါ ရောဂါဖြစ်ပွားနိုင်ခြေလည်း အတော်လေး လျော့ကျသွားခဲ့သည်။

ဤကိစ္စကို နှစ်အတော်ကြာ လုပ်ဆောင်ခဲ့ရာ ဖန်ကျန်းရီ၏ စိတ်ထဲတွင် စွဲလမ်းမှု တစ်ခု ဖြစ်လာခဲ့၏။ မည်သူကမှ မစင်၊ သေး များနှင့် အလုပ်မလုပ်ချင်ကြသော်လည်း ယင်းက မြို့တစ်မြို့တွင် အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်နေပြီး ရှောင်လွှဲ၍ မရနိုင်ချေ။

ယခု စာမေးပွဲရုံ၏ အခြေအနေကို မြင်တော့ ပြုပြင်ချင်သည့် အဓိက အကြောင်းရင်းမှာ သူ၏ ပင်ကိုယ် အသိစိတ်ကြောင့် ဖြစ်နိုင်သည်။

အကြောင်းရင်းကို စဉ်းစားမိသွားသော်လည်း ဖန်ကျန်းရီက မည်သို့ ဖြေရမည်ကို မသိတော့ပေ။ ထို့ကြောင့် ပခုံးတွန့်ပြလိုက်ရုံသာ တတ်နိုင်တော့၏။

All Chapters