← Chapters

အခန်း ၃၆၆

Vol. 20 Ch. 366

အခန်း ၃၆၆

Vol. 20 Ch. 366

အပိုင်း (၃၆၆) စာမေးပွဲပြီးဆုံးခြင်း၊ အိမ်ပြန်ခြင်း။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးနောက် စာမေးပွဲ၏ နောက်ဆုံးနေ့သို့ ရောက်ရှိလာခဲ့သည်။

အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားပြီး ဘာပြဿနာမှ မဖြစ်ပွားခဲ့ချေ။

စာမေးပွဲဖြေဆိုသူများသည်လည်း ပို၍ ရဲဝံ့လာကြသည်။ မစင်စွန့်သူများပြားလာသည်ကို ကျန်စာမေးပွဲဖြေဆိုသူများက မြင်တွေ့ကြရ၏။

ထို့ကြောင့် လူအတော်များများကလည်း ရဲရဲဝံ့ဝံ့ပင် တကယ် မအောင့်နိုင်တော့သည့်အခါ စာမေးပွဲ စစ်ဆေးသူများထံ ခွင့်တောင်းကြသည်။

ထို့ကြောင့် ယခင်နှစ်များကဲ့သို့ အခန်းထဲတွင် အရေးကြီးသော ကိစ္စရပ်များကို ဖြေရှင်းရသည့် စာမေးပွဲ ဖြေဆိုသူများ မပေါ်ပေါက်လာတော့ချေ။

ဖန်ကျန်းရီသည် စက္ကူနှင့် စုတ်တံကို ကိုင်ကာ အတန်းများကြားတွင် ထပ်မံ လှည့်လည်ကြည့်ရှုနေပြန်၏။

ယနေ့ အချိန်ကုန်ဆုံးသွားလျှင် အရှင်မင်းကြီး အလိုရှိသော ဌာနခြောက်ခုအတွက် သတင်းထောက် အမည်စာရင်းကို ရွေးချယ်နိုင်မည် ဖြစ်သဖြင့် အလုပ်ပြီးစီးသွားပြီ ဖြစ်သည်။

စာမေးပွဲပြီးဆုံးပြီးနောက် စာမေးပွဲစစ်ဆေးသူများသည် စာမေးပွဲရုံတွင် ကျန်ရစ်ကာ အဖြေလွှာများကို စစ်ဆေးရဦးမည်။ သို့ပေမည့် ဖန်ကျန်းရီကတော့ နေမည် မဟုတ်ချေ။

အရှင်မင်းကြီးက သူ့တွင် စာမေးပွဲကြီးကြပ်ရန် တာဝန်သာ ရှိကြောင်း ပြောထားသဖြင့် ထပ်မံ နေထိုင်ရန် လုံးဝ မလိုအပ်တော့ပေ။ ထို့အပြင် သူကိုယ်တိုင်လည်း အဖြေလွှာ စစ်ဆေးရာတွင် ကူညီနိုင်မည် မဟုတ်ချေ။

ကျန်းတုန်ရှန်းက သူ၏ အကျိုးကျေးဇူးများကို ရရှိထားသဖြင့် ဆက်လက်၍ အခက်အခဲ မပေးတော့ပေ။ ထို့အပြင် အရှင်မင်းကြီး၏ အမိန့်ရှိသောကြောင့် စာမေးပွဲရုံမှ ထွက်ခွာခွင့် ပြုရမည်သာ ဖြစ်သည်။

လှည့်လည်ကြည့်ရှုနေရင်း ဖန်ကျန်းရီသည် ရှန်ရီ၏ အနီးသို့ ထပ်မံ ရောက်ရှိသွားပြန်၏။

ကိုးရက်တာ အချိန်အတွင်း ရှန်ရီသည် သိသိသာသာ ပင်ပန်းနွမ်းနယ်နေပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ စိတ်ဓာတ် ကျနေပုံလည်းရသည်။

ထူထဲသော မျက်ကွင်းညိုများက သေချာ မအိပ်ရကြောင်း သိသာစေ၏။

ဖန်ကျန်းရီကဲ့သို့သော ခေါင်းပုံဖြတ် အရင်းရှင် တစ်ယောက်တောင် ကြည့်ရင်း သနားသွားမိသည်။

စာမေးပွဲက တကယ်ကို လူကို ညှဉ်းပန်းတာပဲ။ ပြန်ရောက်ရင် သေချာ အားဖြည့်ပေးရမယ်။ မဟုတ်ရင် ရောဂါအခံ ဖြစ်သွားပြီး နောက်ပိုင်း အချိန်ပို ဘယ်လို ဆင်းခိုင်းလို့ ရတော့မှာလဲ။

သို့သော်ငြား ဘေးနားရှိ အခန်းမှ ကျန်းချန်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ခံစားချက်က ချက်ချင်း ပြန်လည် ကောင်းမွန်သွားပြန်သည်။

ရှန်ရီကဲ့သို့ လမ်းကြိုလမ်းကြား လျှောက်သွားရသော သတင်းထောက်တစ်ယောက်၏ ရှင်သန်နိုင်စွမ်းက သူ့ထက် အဆပေါင်းများစွာ ပိုမြင့်မား၏။

ကျန်းချန်က ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ကြီးပြင်းလာသူဖြစ်ရာ ရှန်ရီထက် ပိုမို ဆိုးရွားစွာ ခံစားနေရပြီး ခန္ဓာကိုယ်ပင် ပိန်သွားသေးသည်။

ကျန်းချန်က စုတ်တံကို အားကုန်ကိုက်ထားပြီး အဖြေလွှာကို စိုက်ကြည့်ကာ ဘာတွေ တွေးနေမှန်းမသိ ငေးမောနေသည်။ ဖန်ကျန်းရီ သူ့အနား ရောက်လာသည်ကိုတောင် လုံးဝ သတိမထားမိချေ။

ဖန်ကျန်းရီက အနား ကပ်သွားပြီး ခေါင်းပြူကြည့်လိုက်တော့ ချက်ချင်း ပြုံမိးသွား၏။

ဒီကောင်က စက္ကူကြမ်းပေါ်မှာ ငါ့ကို ကျိန်ဆဲနေတာပဲ။ မင်းရဲ့ စိတ်ဖိစီးမှု ဖြေဖျောက်တဲ့ နည်းလမ်းက တကယ် ကောင်းတာပဲ။ ကောင်းတယ်။ သတ္တိရှိတယ်။

နောက်တစ်စက္ကန့်တွင် ဖန်ကျန်းရီက အင်္ကျီအိတ်ကပ်ထဲမှ တံဆိပ်တုံးလေး တစ်ခုကို ထုတ်ယူကာ ကျန်းချန်၏ မှန်ကူကွက်ထဲတွင် နှစ်ခါလောက် ရိုက်နှိပ်လိုက်သည်။

ဒေါက်ခနဲ အသံနှင့်အတူ စစ်မှန်သော အညစ်အကြေးတံဆိပ်တုံး တစ်ခုက ကျန်းချန်၏ အဖြေလွှာပေါ်တွင် အနှိပ်ခံလိုက်ရ၏။

ဤသို့ နှိပ်လိုက်သောအခါ ကျန်းချန်မှာ တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူက ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ကြောင်တောင်တောင်ဖြင့် ဖန်ကျန်းရီကို ကြည့်နေ၏။ ဖြစ်ပျက်သွားသော ကိစ္စ၏ ကြီးမားမှုကို သူ သတိမထားမိသေးပုံရ၏။

"အမတ်ဖန် … ခင်ဗျား ဒါ ဘာသဘောလဲ။"

ဖန်ကျန်းရီက အေးစက်စက် ပြုံးကာ လက်ကို ဆန့်ထုတ်ပြီး စက္ကူကြမ်းကို ဆွဲယူလိုက်သည်။ "ဘာသဘောလဲ ဟုတ်လား။ မင်းက စက္ကူပေါ်မှာ စာမေးပွဲစစ်ဆေးသူကို စော်ကားရဲတယ်။ သည်းခံပေးစရာ အကြောင်းမရှိဘူး။"

ဒါပေမဲ့ ကျုပ်က သဘောထားကြီးတော့ မင်းနဲ့ အပြစ်မယူတော့ပါဘူး။ စာမေးပွဲသာ ဆက်ဖြေတော့။"

ထိုသို့ပြောပြီးနောက် လက်နောက်ပစ်ကာ ကော့တော့ကော့တော့ဖြင့် ထွက်သွားတော့သည်။

ကျန်းချန်က ကြောင်တောင်တောင်ဖြင့် ခေါင်းငုံ့ကာ အဖြေလွှာပေါ်ရှိ စတုရန်းပုံ အမည်းရောင် အမှတ်အသားကို ကြည့်နေ၏။

ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ယင်လာတော့သည်။

...

နောက်ဆုံးတော့ စာမေးပွဲ ပြီးဆုံးသွားခဲ့ပြီ။

ဖန်ကျန်းရီသည် ချက်ချင်း ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သော်လည်း ကျန်းတုန်ရှန်း၏ တားဆီးခြင်းကို ခံလိုက်ရ၏။

အဘိုးကြီး၏ မျက်နှာမှာ မသာမယာ ဖြစ်နေပြီး ခေါင်းပေါ်တွင် တစ်ဝက်တစ်ပျက် မျက်မှန်ကို တပ်ထားဆဲဖြစ်ကာ ချွတ်ရန် နှမြောနေပုံရသည်။

ဖန်ကျန်းရီအား ဆုံးမရန် ပြင်နေစဉ် မျက်မှန် သိမ်းဆည်းခံလိုက်ရပြီး မျက်မှန်အသစ်ကို အမြန် ပြန်လုပ်ပေးမည်ဟူသော အကြောင်းပြချက်ဖြင့် လွတ်မြောက်သွားခဲ့၏။

ကျန်းတုန်ရှန်းမှာ အတော်လေး စိတ်ပျက်သွားသော်လည်း မျက်မှန်၏ ဆွဲဆောင်မှုက ကြီးမားလွန်းနေသည်။ ဤကောင်လေးကလည်း အလုပ်မလုပ်သော်လည်း အရှင်မင်းကြီး၏ အမိန့်နှင့် အကာအကွယ် ယူထားသောကြောင့် လက်လွှတ်ပေးလိုက်ရတော့သည်။

အပြန်လမ်းတွင် သတင်းထောက်တစ်စုက စာမေးပွဲမေးခွန်းများကို ရယ်ရယ်မောမောဖြင့် ဆွေးနွေးနေကြ၏။

သူတို့၏ စိတ်ဝင်တစား ဆွေးနွေးနေမှုကို ကြည့်ကာ ဖန်ကျန်းရီ၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ခေတ်ဟောင်းဖြစ်စေ၊ ခေတ်သစ်ဖြစ်စေ စာမေးပွဲပြီးလျှင် အဖြေတိုက်ခြင်းကတော့ အသေအချာပင်။ ဘာအပြောင်းအလဲမှ မရှိဘူးဆိုလျှင် ခဏနေရင် လူတစ်ချို့ မျက်နှာပျက်တော့မည်။

ဖန်ကျန်းရီ၏ စိတ်ထဲတွင် ယုတ်မာသော အကြံအစည်များ ပေါ်လာပြီး သတင်းထောက်များကို ခိုးကြောင်ခိုးဝှက် အကဲခတ်နေလိုက်သည်။

သူ ထင်ထားသည့်အတိုင်းပင် ဆွေးနွေးပြီး မကြာမီ လူတစ်ချို့၏ မျက်နှာများ မှိုင်းညှိုးသွားကြ၏။

ဖန်ကျန်းရီမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

လူအများစု၏ စိတ်ဓာတ်များ ကျဆင်းသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက အရင်စ၍ နှစ်သိမ့်ပေးလိုက်သည်။ "အားလုံး စိတ်မပျက်ကြပါနဲ့။ စာမေးပွဲ အောင်တာ၊ ကျတာက သာမန်ပါပဲ။ အပျော်သဘော ဖြေတယ်လို့ပဲ သဘောထားလိုက်ပါ။ နောက်သုံးနှစ်နေရင် ခင်ဗျားတို့ကို ထပ်ဖြေခိုင်းရင်တောင် သွားချင်မှ သွားကြတော့မှာ။

ဒီနေ့ ပြန်ရောက်ရင် ကျုပ် ခင်ဗျားတို့ကို အကောင်းစားတွေ ကျွေးမယ်။ သေချာ အနားယူကြ။ မနက်ဖြန် အပြင်ထွက်ပြီး သတင်းယူရအုံးမယ်။ ခင်ဗျားတို့က အရာရှိတွေ မဟုတ်ပေမဲ့ မြို့တော်က ပြည်သူတွေက ခင်ဗျားတို့ မရှိလို့ မဖြစ်ဘူး။

ကျုပ် ပြောတာ မှန်ရဲ့လား။"

"မှန်ပါတယ် ... " သတင်းထောက်များက အားနည်းသော အသံဖြင့် ထောက်ခံလိုက်ကြ၏။

ဖန်ကျန်းရီ လက်မြှောက်အရှုံးပေးလိုက်ရသည်။ ကြည့်ရတာ တကယ်ကို ပင်ပန်းနေကြပြီမို့ ခွန်အားပေး စကားတွေတောင် နားထဲ ဝင်ပုံမပေါ်တော့ချေ။

သတင်းစာတိုက်သို့ ရောက်သောအခါ ရှဲ့ရှန်းက ခမ်းနားသော ညစာစားပွဲ တစ်ခုကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ညှဉ်းပန်းနှိပ်စက်ခံထားရသော သတင်းထောက်များသည်လည်း ဟန်မဆောင်နိုင်တော့ဘဲ စားပွဲတွင် စုထိုင်ကာ အားရပါးရ စားသောက်ကြတော့၏။

ဖန်ကျန်းရီသည် သူတို့ စားသောက်နေသည်ကို ကြည့်ကာ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားမိသည်။

လူအများနှင့် အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် သတင်းစာတိုက်တွင် ဆက်မနေတော့ဘဲ မြင်းစီးကာ အိမ်သို့ ပြန်လာခဲ့၏။

အိမ်ရောက်မှသာ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ဖြစ်သည်။ ပျင်းရိငြီးငွေ့ခြင်းက သေချာပေါက် ညှဉ်းပန်းနှိပ်စက်မှု တစ်ခုပင် ဖြစ်၏။

ဖန်ကျန်းရီသည် စာမေးပွဲ ကြီးကြပ်ရသည်မှာ ဓားပြတိုက်ရသည်ထက် ပိုပင်ပန်းသည်ဟုပင် ခံစားရသည်။ အခြားအရာများကို မဆိုထားနှင့် တစ်စုံတစ်ခုကို ပြန်လည်ရရှိသော ဝမ်းသာပီတိမျိုး လုံးဝ မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အိမ်ပြန်ရောက်သောအခါ ရှောင်ထောင်က ရင်းနှီးစွာ ကြိုဆိုခဲ့ပြီး အပြင်အင်္ကျီများကို ချွတ်ပေးကာ ရေချိုးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ရေချိုးခန်းထဲတွင် ရေနွေးများကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ရေစည်ထဲသို့ ဝင်လိုက်သောအခါ တစ်ကိုယ်လုံးရှိ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွား၏။

စည်ပိုင်းအစွန်းတွင် မှီရင်း ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး ချလိုက်သည်။ မျက်လုံးကိုမှိတ်ကာ ပင်ပန်းမှုများ တဖြည်းဖြည်း လျော့ကျသွားသည့် လုပ်ငန်းစဉ်ကို ဖြည်းညှင်းစွာ ခံစားနေလိုက်သည်။

မကြာမီမှာပင် ခေါင်းထဲတွင် ဝေဝါးလာ၏။

တစ်ဝက်အိပ် တစ်ဝက်နိုး အခြေအနေတွင် ရေချိုးခန်းတံခါးက တိတ်တဆိတ် ပွင့်လာပြီး ... ငွေရောင်ခြေချင်း ဝတ်ဆင်ထားသော နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ခြေဖဝါးလေး တစ်ဖက်က ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။

လော့နင်ရှင်းသည် ပါးလွှာသော ပိုးသားအင်္ကျီကို ဝတ်ဆင်ထားရာ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများကို မသဲမကွဲ မြင်တွေ့နေရသည်။

သူမသည် ရေချိုးခန်းတံခါးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အထဲသို့ စိုးရိမ်တကြီး ကြည့်လိုက်၏။

ရေချိုးခန်းထဲတွင် ရေခိုးရေငွေ့များ ဖုံးလွှမ်းနေပြီး အလယ်တွင် ကြီးမားသော ရေချိုးစည်ကြီး တစ်ခုသာ ရှိကာ ဖန်ကျန်းရီ၏ ကျောပြင်ကို မသဲမကွဲ မြင်နေရသည်။

လော့နင်ရှင်းက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး တံခါးကို ဆက်ဖွင့်ကာ အထဲသို့ သတိထား၍ ဝင်သွားလိုက်သည်။ သူမ၏ လက်ထဲတွင် မျက်နှာသုတ်ပဝါ တစ်ထည်ကို ဆုပ်ကိုင်ထား၏။

သူမ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသည် ... ယောက်ျားတစ်ယောက် ရေချိုးသည်ကို သူမ ပထမဆုံးအကြိမ် ခိုးကြည့်ခြင်းပင်။

ဖန်ကျန်းရီက စာမေးပွဲရုံကနေ အခုလေးတင် ပြန်ရောက်လာတာဆိုတော့ အခုအချိန်မှာ အရမ်း ပင်ပန်းနေမှာ သေချာတယ်။ ငါ့ရဲ့ အရည်အချင်းကို ပြရမယ့် အချိန် ရောက်ပြီ။

အစ်မချွန်း ပြောတာ မှန်တယ်။ မိန်းကလေးက ယောက်ျားလေးကို လိုက်ရတာ ပိုလွယ်တယ်။ ငါဘက်က တက်ကြွရမယ်။

မဟုတ်ရင် ငါက တစ်သက်လုံး အစေခံရဲ့ အစေခံရဲ့ အစေခံ ဖြစ်သွားမှာ။ ငါ အစေခံ မလုပ်ချင်ဘူး။ ငါ မယားငယ်ပဲ လုပ်ချင်တယ်။

လော့နင်ရှင်းက စိတ်ထဲတွင် မိမိကိုယ်ကိုယ် အားပေးနေပြီး ခြေလှမ်းများကို ဖြည်းညှင်းစွာ ရွှေ့ကာ ဖန်ကျန်းရီ၏ နောက်ကျောသို့ တိုးကပ်သွားလိုက်သည်။

ဖန်ကျန်းရီက ပက်လက်လှန်နေပြီး မျက်နှာပေါ်တွင် မျက်နှာသုတ်ပဝါ တစ်ထည် အုပ်ထားကာ တစ်ချက်လေးမျှ မလှုပ်ရှားချေ။

လော့နင်ရှင်းက အောက်နှုတ်ခမ်းကို ကိုက်ကာ ဖန်ကျန်းရီ၏ ကိုယ်ပေါ်သို့ လက်လှမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း နောက်တွန့်နေခဲ့၏။

သူမသည် ပြည့်တန်ဆာအိမ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း အမြဲတမ်း ဣန္ဒြေစောင့်ထိန်းခဲ့ပြီး မည်သည့် ယောက်ျားနှင့်မှ ဤမျှ နီးကပ်စွာ မထိတွေ့ခဲ့ဖူးချေ။

သီအိုရီ အသိပညာတွေ အများကြီး ရှိသော်လည်း လက်တွေ့ အတွေ့အကြုံကတော့ မရှိသေးပေ။

ခဏနေလို့ သူ ငါ့ကို ရေစည်ထဲ ဆွဲချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ပြည့်တန်ဆာအိမ်က စိတ်ဖောက်ပြန်နေတဲ့ ယောက်ျားတချို့လို မိန်းကလေးတွေကို ရိုက်နှက်တတ်တဲ့သူတော့ မဟုတ်ပါဘူးနော်။

အစ်မတွေ အများကြီး ပြောကြတယ်။ ယောက်ျားတစ်ချို့က ရုပ်ရည်သန့်ပြန့်ပေမဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာကို သဘောကျပြီး လူတွေကို ဒဏ်ရာတွေ အပြည့်ရအောင် ရိုက်တတ်ကြတယ်တဲ့ ... လူ့မျက်နှာကို သိပေမဲ့ လူ့စိတ်ကိုတော့ မသိနိုင်ဘူးလေ ...

မဖြစ်ဘူး။ ဂရုမစိုက်နိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက တစ်သက်လုံး အစေခံတော့ မလုပ်ချင်ဘူး။

သူမ ဆုံးဖြတ်ချက် ချလိုက်သည်။ နူးညံ့ဖြူဖွေးသော လက်တစ်ဖက်ကို ဖန်ကျန်းရီ၏ ပခုံးပေါ်သို့ တင်လိုက်၏။

All Chapters