← Chapters

အခန်း (၁၉၈၁-၁၉၈၂)

Vol. 199 Ch. 1981-1982

အခန်း (၁၉၈၁-၁၉၈၂)

Vol. 199 Ch. 1981-1982

အခန်း (၁၉၈၁) - တပ်မဟာကြီး ခြောက်ခု

နှစ်ပေါင်းများစွာ ကြာမြင့်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက်တွင်... တရားသူကြီးဌာန၏ ညှဉ်းပန်းနှိပ်စက် စစ်ဆေးရေး နည်းလမ်းများသည်... တစ်နေ့ထက်တစ်နေ့ ပိုမို၍ တိုးတက်ပြောင်းလဲလာခဲ့ပြီး... လွန်ခဲ့သည့် နှစ်များစွာကနှင့် နှိုင်းယှဉ်လျှင်... အဆပေါင်း ရာဂဏန်းမကပင် ပိုမို၍ ပြင်းထန်ထက်မြက်လာခဲ့ပြီ ဖြစ်သည်။

ရှကျီ၏ ရှေ့မှောက်တွင်မူ... အတော်လေး ပါးစပ်မာကာ မာနထောင်လွှားနေခဲ့ကြသည့် ပြင်ပမျိုးနွယ် သုံးဦးသည်... ကျန်းယွီရှု၏ လက်အောက်ရှိ တရားသူကြီးများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး မကြာမီမှာပင်... ခန့်မှန်းခြေအားဖြင့် နှစ်နာရီမှ သုံးနာရီခန့်မျှသာ ကြာမြင့်တတ်သော အချိန်ကာလအတွင်း၌... ၎င်းတို့အားလုံးကို ခန်းမဆောင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြတော့သည်။

အထက်ပိုင်း နယ်မြေသုံးခုမှ ရောက်ရှိနေကြသည့် အဆင့် ၉ ရှိသူ ကျွမ်းကျင်သူ အပေါင်းတို့သည်... မျက်နှာအမူအရာများ ထုံထိုင်းအုံ့မှိုင်းကာ သက်မဲ့ရုပ်တုများကဲ့သို့ ဖြစ်နေကြပြီဖြစ်သော ၎င်းတို့သုံးဦးကို... တပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင်မူ စူးစမ်းစစ်ဆေးလိုသည့် အရိပ်အယောင်များ အထင်အရှား ပေါ်လွင်နေကြတော့သည်။

“မင်းတို့ရဲ့ နောက်ခံဇာတ်ကြောင်းနဲ့ နာမည်တွေကို ပြောစမ်း...”

ကျန်းယွီရှုက ထိုင်လျက်... မြေပြင်ပေါ်၌ ဒူးထောက်နေကြသည့် ပြင်ပမျိုးနွယ် သုံးဦးကို ကြည့်ကာ... တည်ငြိမ်အေးစက်လှသော လေသံဖြင့် မေးမြန်းလိုက်သည်။

“ဟင်းလင်အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့...၊ ချန်းဆွေ နတ်ဘုရားနယ်မြေ...၊ လူသားမျိုးနွယ်...၊ ဟော်ဆွေ့ သွေးမျိုးဆက်...၊ ပေဖုန်းမြို့ တန်မိသားစုရဲ့ မျိုးဆက်... တန်ဇီဟောင် ပါ...”

“ဟင်းလင်ပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့...၊ ချန်းဆွေ နတ်ဘုရားနယ်မြေ...၊ လူသားမျိုးနွယ်...၊ ဟော်ဆွေ့ သွေးမျိုးဆက်... ချင်ရှူးလန် ပါ...”

“ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့...၊ ချန်းဆွေ နတ်ဘုရားနယ်မြေ...၊ လူသားမျိုးနွယ်...၊ ဟော်ဆွေ့ သွေးမျိုးဆက်... ရဲ့မင် ပါ...”

လူတိုင်း၏ စိတ်နှလုံးများက ချက်ချင်းပင် လှုပ်ခတ်သွားကြရတော့သည်...၊ မင်ရွှီခေတ်ကာလက အမှတ်သညာများနှင့် အသိဉာဏ်များကို ပိုင်ဆိုင်ထားသည့် ချန်ဖေးဖေး ကဲ့သို့သော တည်ရှိမှုမျိုးပင်လျှင်... ထိုသုံးဦး၏ ပါးစပ်မှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကို ကြားလိုက်ရသည့်အခါ... မျက်နှာပေါ်တွင် အံ့ဩမှင်တက်သွားသည့် အရိပ်အယောင်များ အတိုင်းအဆမရှိ ပေါ်လွင်လာခဲ့ရသည်။

“မင်းတို့သုံးယောက်က... လူသားမျိုးနွယ်တွေ ဟုတ်လား...”

ချန်ဖေးဖေးက ထူးဆန်းအံ့ဩဖွယ်ကောင်းလှသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်သည်။

“ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ထဲမှာ... လူသားမျိုးနွယ်တွေ ခြေချရပ်တည်နိုင်မယ့် နေရာ ရှိနေသေးတာလား...”

“မင်းတို့က လူသားမျိုးနွယ်ဆိုရင်... ငါတို့ကကော ဘာလဲ...”

အဆင့် ၉ ရှိသူ ကျွမ်းကျင်သူတစ်ဦးက မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

“လူသားမျိုးနွယ်ရဲ့ အဓိက အထွတ်ထိပ်အရိုးတွေက အားလုံး အလုယက် ခံထားရပြီးပြီလို့ ကြားဖူးတယ်...၊ ဒါပေမဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့... အဲဒီ အထွတ်ထိပ်ရိုးတွေ ရှိနေသေးတဲ့ပုံပဲ...”

ဤသို့ ဝင်ရောက်ပြောဆိုလိုက်သူမှာ... လန်တောက်ချွန်း ဖြစ်ပေသည်။

ရှောက်မုန့်ယွမ်ကမူ လက်ရှိအချိန်တွင် စကားတစ်ခွန်းမျှ ဝင်မပြောသေးဘဲ... မျက်မှောင်ကြုတ်လျက် ထိုသုံးဦးကိုသာ စူးစိုက်ကြည့်ရှု တွေးတောနေမိသည်။ ၎င်းတို့သည်...ကျန်းရန်သူတော်စင် က လွန်ခဲ့သောအချိန်က ယင်လောကထဲတွင် နဂါးနတ်ဘုရား နှင့် ပြောဆိုခဲ့ဖူးသည့် စကားများကို... ရုတ်တရက် ပြန်လည်၍ အမှတ်ရသွားခဲ့ကြခြင်း ဖြစ်ပေသည်။

“ငါတို့က လူသားမျိုးနွယ် စစ်စစ်တွေပဲ... ဒါပေမဲ့ မင်းတို့ကတော့ မဟုတ်ဘူး...”

တန်ဇီဟောင်က မျက်နှာသေဖြင့် အေးစက်စွာ တုံ့ပြန်လိုက်သည်။

“မင်းတို့ ရှန်းဟုန်း သွေးမျိုးဆက်က... လွန်ခဲ့တဲ့အချိန်ကတည်းက လူသားမျိုးနွယ်ရဲ့ စာရင်းကနေ ပယ်ဖျက်ခြင်း ခံထားရပြီးသား...၊ ဒါကြောင့်မို့လို့ ငါတို့မျိုးနွယ်စုရဲ့ ကံကြမ္မာ အရှိန်အဝါက... မင်းတို့နဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိတော့ဘူး...”

“လန်အစ်ကို... ကြည့်ရတာ လူသားမျိုးနွယ်ရဲ့ အရင်းအမြစ် နောက်ခံက... ငါတို့ရဲ့ မူလ နတ်ဘုရားမျိုးနွယ် ထက်တောင်မှ အဆပေါင်းများစွာ ပိုပြီးတော့ သန်မာလွန်းနေပုံပဲ...၊ ငါတို့ မြင်တွေ့နေရတာက... လူသားမျိုးနွယ်ထဲကနေ နှင်ထုတ်ခြင်းခံထားရပြီး လေလွင့်နေတဲ့ မျိုးနွယ်ခွဲလေး တစ်ခုသက်သက်ပဲ ဖြစ်လိမ့်မယ်...”

ရှောက်မုန့်ယွမ်က လန်တောက်ချွန်းထံသို့ လှည့်၍... လေးလံသော လေသံဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

နှင်ထုတ်ခြင်းခံထားရသည့် လေလွင့်မျိုးနွယ်ခွဲ ဟုတ်လား...။ လူတိုင်းက ထိုစကားကြောင့် စိတ်နှလုံးထဲ၌ လေးလံသွားကြပြီး... တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားကြတော့သည်။

ထိုအချိန်တွင် တန်ဇီဟောင်က ထပ်မံ၍ နှုတ်ခမ်းကို လှုပ်ရှားကာ ပြောဆိုလိုက်ပြန်သည်။

“ဒီကိစ္စတွေက... နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ဖြစ်ပေမဲ့လည်း... ငါတို့ လူသားမျိုးနွယ်ထဲမှာတော့ ရှန်းဟုန်း သစ္စာဖောက်တွေရဲ့ ကိစ္စက အခုထက်ထိ မျက်စိရှေ့မှောက်မှာ ရှိနေတုန်းပဲ...၊ မျိုးဆက်တစ်ခုပြီးတစ်ခု သွေးချင်းဆက်ပြီး လက်ဆင့်ကမ်း သတိပေးလာခဲ့ကြတာ...။ မင်းတို့ ဒါတွေကို မသိတာက... အဲဒီ ရှန်းဟုန်း သစ္စာဖောက်တွေက မင်းတို့ကို အမှန်အတိုင်း မပြောရဲကြလို့ပဲ...၊ သူတို့က ဒီလောက်အထိ ကျယ်ပြောလှတဲ့ ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ကြီးထဲမှာ... နတ်ဘုရားနယ်မြေတစ်ခုခုကို အမှတ်မထင် ရှာဖွေပြီး ခွေးတစ်ကောင်လို ပုန်းအောင်း အသက်ဆက်ချင်ခဲ့ကြတာ...။

ဒါပေမဲ့ လောကကြီးမှာ လေမလုံတဲ့ တံတိုင်းရယ်လို့ မရှိပါဘူး...၊ အထူးသဖြင့် ဟော်ဆွေ့ ဘိုးဘေးကြီးက ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ ဖြန့်ဖြေရေးခုံရုံးမှာ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာပေါ့...။

မင်းတို့ ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ သစ္စာဖောက်တွေ ဘယ်နေရာမှာ ပုန်းနေလဲဆိုတာ... ဟော်ဆွေ့ ဘိုးဘေးကြီးရဲ့ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်နေရပြီးသားပဲ...”

လူတိုင်းအနေဖြင့် ထို ဟော်ဆွေ့ ဘိုးဘေးကြီးဆိုသည်မှာ မည်မျှအထိ ကြီးမားလှသော ပုဂ္ဂိုလ်ကြီး ဖြစ်သည်ကို မသိကြသလို... ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့၏ ဖြန့်ဖြေရေးခုံရုံး ဆိုသည်မှာကော မည်သည့် အာဏာစက်မျိုးကို ကိုယ်စားပြုသည်ကို မသိရှိကြချေ။ သို့သော်လည်း ဤပုဂ္ဂိုလ်၏ ပြောစကားများကို ကြားရရုံမျှဖြင့်... မိမိတို့ လက်ရှိ ရင်ဆိုင်နေရသည့် လူသားမျိုးနွယ်၏ ရန်သူသည် အလွန်အမင်း သန်မာရုံတင်မကဘဲ... ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ကို အလိုလို ခံစားမိနေကြပေသည်။

လူတိုင်းက မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်ငြိမ်သက်နေကြသည်ကို မြင်လိုက်ရသောအခါ... တန်ဇီဟောင်၏ မူလက သက်မဲ့ဖြစ်နေသော မျက်နှာသေပေါ်တွင်... လှောင်ပြောင်လိုသည့် အမူအရာ အရောင်အသွေးအချို့ ထပ်မံပေါ်လွင်လာခဲ့သည်။

“ဒီစစ်ပွဲမှာ... မင်းတို့ဘက်က အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိဘူး...၊ မင်းတို့တွေက ဒီလိုမျိုး ပုရွက်ဆိတ်အသိုက်အမြုံလို နေရာအောက်ခြေအထိ ပုန်းအောင်းနေကြရင်တောင်မှ... သစ္စာဖောက်တွေကို ရှင်းလင်းရေး တာဝန်ယူထားတဲ့ ငါတို့ရဲ့ သခင်လေးက... အစအန ရှာဖွေပြီးတော့ မင်းတို့ကို သေချာပေါက် မိအောင် ဖမ်းနိုင်လိမ့်မယ်...”

“မှန်တယ်...၊ လက်ရှိအချိန်မှာ မင်းတို့က ငါတို့သုံးယောက်ကို ဘယ်လိုမျိုးပဲ ညှဉ်းပန်းနှိပ်စက်နေပါစေ...၊ နောင်တစ်ချိန်ကျရင်... ဒီအရာအားလုံးက မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကို အဆပေါင်း ထောင်ချီ၊ သောင်းချီပြီးတော့ ပြန်လည်သက်ရောက်သွားစေရမယ်...”

ချင်ရှူးလန်ကလည်း ဖြည်းညှင်းစွာဖြင့် ဝင်ရောက် ကြုံးဝါးလိုက်သည်။

ရဲ့မင်ကမူ စကားတစ်ခွန်းမျှ ဝင်မပြောသော်လည်း... သူ၏ အေးစက်လှသော မျက်ဝန်းများထဲတွင်မူ... သရော်လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ထင်ဟပ်နေပေသည်။

ထိုသုံးဦးမှာ... တရားသူကြီးဌာန၏ နှိပ်စက်ရေး နည်းလမ်းများအောက်တွင် မခံမရပ်နိုင်ဖြစ်ကာ... အညံ့ခံ၍ အတွင်းရေးအချို့ကို ပြောပြရန် သဘောတူခဲ့ကြသော်လည်း... ၎င်းတို့၏ စိတ်ထဲတွင်မူ ရှန်းဟုန်း သွေးမျိုးဆက်၏ အကြွင်းအကျန်များကို... အထက်စီးကနေ၍ နှိမ်ချဆက်ဆံလိုသည့် အမူအရာကို ယခုထက်ထိ ဖျောက်ဖျက်နိုင်ခြင်း မရှိကြသေးချေ။

“မင်းတို့ရဲ့ သခင်လေးက... ချင်းမင် နယ်မြေထဲမှာပဲ လမ်းသလားနေတုန်း ရှိသေးတာပဲ...၊ ငါတို့ကို ရှာတွေ့ဖို့ဆိုတာ... မင်းတို့ထင်သလောက် မလွယ်ကူလှပါဘူး...”

ခန်းမဆောင်ထဲမှ အဆင့် ၉ ရှိသူ ကျွမ်းကျင်သူတစ်ဦးက... ထိုသုံးဦး၏ မာနထောင်လွှားနေသော အမူအရာကို ကြည့်မရသဖြင့်... နှာခေါင်းရှုံ့လျက် အေးစက်စွာဖြင့် တန်ပြန်လှောင်ပြောင်လိုက်သည်။

တန်ဇီဟောင်ကမူ တည်ငြိမ်စွာဖြင့်ပင်

“ငါတို့ သုံးယောက်တောင်မှ ဒီနေရာကို ရှာတွေ့နိုင်ခဲ့ရင်... သခင်လေးကတော့ သေချာပေါက်ကို ရှာတွေ့မှာပါ...၊ ဒါက အချိန်တစ်ခုရဲ့ ပြဿနာပဲ ရှိတာ...”

“ငါတို့လို တန်ခိုးစွမ်းအား ကျင့်ကြံသူတွေအတွက်... အလိုအပ်ဆုံး မဟုတ်တာကလည်း အဲဒီ အချိန် ပဲ မဟုတ်လား...”

ချင်ရှူးလန်ကလည်း ထပ်မံ ဖြည့်စွက်ပြောဆိုလိုက်သည်။

ရှကျီကမူ ထိုစကားများကို အမှုမထားဘဲ ပြုံးလျက်...

“အခု... မင်းတို့ရဲ့ သခင်လေးက ဘယ်လောက်အထိ သန်မာလဲဆိုတာကိုပဲ ပြောစမ်းပါ...၊ ငါသိရသလောက်တော့... သူတော်စင်အဆင့် အချင်းချင်းကြားမှာတောင်မှ... စွမ်းအားအဆင့်အတန်း ကွာခြားချက်တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား...”

“သခင်လေးက ဘယ်လောက်အထိ သန်မာလဲဆိုတာကို ငါတို့လည်း အတိအကျ မသိဘူး...၊ ဒါပေမဲ့ သခင်လေးက... သူတော်စင်အဆင့်တွေ အားလုံးထဲမှာ... အသန်မာဆုံးနဲ့ အထက်မြက်ဆုံး တည်ရှိမှု ဖြစ်ရမယ်...၊ တကယ်လို့ သခင်လေးသာ အလိုရှိမယ်ဆိုရင်... နယ်မြေတစ်ခုလုံးကို အုပ်ချုပ်တဲ့ နယ်မြေအရှင် အဆင့်အထိ တက်လှမ်းနိုင်မယ့် အခွင့်အရေး လုံးဝ ရှိနေပြီးသားပဲ...”

တန်ဇီဟောင်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

နယ်မြေအရှင် ဟုတ်လား...။ ခန်းမဆောင်ထဲရှိ လူအနည်းငယ်မျှသာ ထိုဝေါဟာရ၏ အဓိပ္ပာယ်ကို နားလည်ကြသဖြင့်... ၎င်းတို့၏ မျက်နှာအမူအရာများက ချက်ချင်းပင် လှုပ်ခတ်ပြောင်းလဲသွားခဲ့ရတော့သည်။

“မင်းတို့ရဲ့ သခင်လေးက... မင်းပြောသလောက် တကယ်ပဲ သန်မာလွန်းလို့လား...”

ရှောက်မုန့်ယွမ်က သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။

ထိုပြင်ပမျိုးနွယ် သုံးဦးစလုံးကမူ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသည့် အမူအရာကိုသာ ပြသလိုက်ကြပြီး... စကားတစ်ခွန်းမျှ ပြန်လည်၍ မတုံ့ပြန်ကြတော့ချေ။

လန်တောက်ချွန်းက ရုတ်တရက် ရှေ့သို့တိုးကာ...

“မင်းတို့ပြောနေတဲ့ အဲဒီ ချန်းရွှေ နတ်ဘုရားနယ်မြေ ဆိုတာ ဘယ်မှာလဲဆိုတာကို ငါမသိဘူး...၊ ဒါပေမဲ့ မင်းတို့အနေနဲ့ နတ်ဘုရားမျိုးနွယ် အကြောင်းကိုကော ကြားဖူးလား...”

“နတ်ဘုရားမျိုးနွယ် ဟုတ်လား...၊ မှတ်မိပြီ...”

တန်ဇီဟောင်က ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်ပြီး...

“ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ သစ္စာဖောက်တွေက... နတ်ဘုရားသိုလှောင်ရာဌာန လို့ ခေါ်တဲ့ နေရာတစ်ခုမှာ ပုန်းအောင်းနေခဲ့ကြတာ...၊ အဲဒီ နတ်ဘုရားမျိုးနွယ် ဆိုတာက... နတ်ဘုရားသိုလှောင်ရာ နတ်ဘုရားနယ်မြေရဲ့ ပထမဆုံးသော အမြင့်မြတ်ဆုံး မဟာမျိုးနွယ်စု ဖြစ်ပြီး... သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကလည်း အဲဒီ နတ်ဘုရားနယ်မြေရဲ့ 'နယ်မြေအရှင်' ပဲ ဖြစ်ခဲ့ဖူးတယ်...။ ဒါပေမဲ့ အဲဒီ နယ်မြေအရှင်က... ဟင်းလင်းပြင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ရဲ့ ဖြန့်ဖြေရေးခုံရုံးမှာ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် နေရာအတွက် အချင်းချင်း အားပြိုင်လုယူကြတဲ့ အချိန်တုန်းက... အသင်းအဖွဲ့ ရွေးချယ်တာ မှားယွင်းသွားခဲ့တယ်...၊ နောက်ဆုံးမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီး... အကျိုးဆက်အနေနဲ့ တစ်မျိုးနွယ်လုံး ပတ်သက်ဆက်နွှယ်ပြီး အပြစ်ပေးခြင်း ခံခဲ့ရတာ...။

တစ်မျိုးနွယ်လုံးကို ငါတို့ရဲ့ ဟော်ဆွေ့ ဘိုးဘေးကြီး က ကိုယ်တိုင် အပြစ်ပေး အကျဉ်းချခဲ့တာမို့လို့... သူတို့မျိုးနွယ်ထဲမှာ သူတော်စင်အဆင့်ရှိတဲ့ ကျွမ်းကျင်သူ တစ်ယောက်မှ ကျန်ရစ်အောင် မချန်ထားခဲ့ဘူး...၊ တိမ်စွန်းထက်ကနေပြီးတော့ ချောက်နက်ကြီးထဲကို တိုက်ရိုက် ပြုတ်ကျသွားခဲ့ရပြီး... နောက်ပိုင်းမှာတော့ လေလွင့်မျိုးနွယ်စုကြီး တစ်ခု ဖြစ်သွားခဲ့ရတာပဲ...”

သူ၏ မျက်ဝန်းထဲတွင်မူ... သူတစ်ပါး ပျက်စီးခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်။

လန်တောက်ချွန်း နှင့် ရှောက်မုန့်ယွမ် တို့သည်... ထိုစကားကြောင့် လုံးဝ ဆွံ့အမှင်တက်သွားကြရတော့သည်။ ၎င်းတို့သည်... မိမိတို့ နတ်ဘုရားမျိုးနွယ် ၏ ဆုတ်ယုတ်ပျက်စီးမှုနှင့်... နယ်မြေအရှင်၏ ကွယ်လွန်အနိစ္စရောက်မှုတို့သည်... တစ်ဖက်လူ၏ ပါးစပ်မှ ထွက်ပေါ်လာသည့် ထို ဟော်ဆွေ့ ဘိုးဘေးကြီး နှင့် ဆက်စပ်နေလိမ့်မည်ဟု... အိမ်မက်ထဲတွင်ပင် ထည့်မက်ဖူးခြင်း မရှိခဲ့ကြချေ။

ထိုမျှမက... ထိုဟော်ဆွေ့ ဘိုးဘေးကြီးသည်... နယ်မြေကိုးခုရှိ လူသားမျိုးနွယ်၏ သေရာပါ ကမ္ဘာ့ရန်သူကြီး ဖြစ်နေပြန်သည် မဟုတ်ပါလား။

ဒါဆိုလျှင်... အစအဆုံး ကိစ္စရပ်အားလုံးကို ခြုံငုံကြည့်လိုက်လျှင်... မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့သည်... ထိုကြီးမားလှသော အရှိန်အဝါရှိသည့် တည်ရှိမှုကြီးကြောင့်... လွန်ခဲ့သောအချိန်ကတည်းက ကံကြမ္မာတစ်ခုတည်းအောက်တွင် တူညီစွာ ချည်နှောင်ခြင်း ခံထားရပြီးသား ဖြစ်ပေသည်...၊ သို့သော်လည်း ၎င်းတို့အနေဖြင့် ဤအမှန်တရားကို ယခုအချိန်အထိ တစ်ခါမျှ မသိရှိခဲ့ကြခြင်းသာ ဖြစ်သည်။

“လန်အစ်ကို... အဲဒီလိုမျိုး ဆက်စပ်ပတ်သက်မှုလေး တစ်ခုတည်းကြောင့်နဲ့တင်... ငါတို့မျိုးနွယ်စုရဲ့ တကယ့် ထိပ်သီး နယ်မြေအရှင်ကြီးကိုပါ ကွယ်လွန်သွားအောင် လုပ်နိုင်ခဲ့တာဆိုရင်... သူတို့ ပါးစပ်က ပြောနေတဲ့ အဲဒီ ဟော်ဆွေ့ ဘိုးဘေးကြီးရဲ့ စွမ်းအားက... ဘယ်လိုမျိုး အဆင့်အတန်းအထိ ရောက်နေမှာလဲ...”

ရှောက်မုန့်ယွမ်က စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့်... လန်တောက်ချွန်းထံသို့ အသံလှိုင်းဖြင့်သာ တိတ်တဆိတ် မေးမြန်းလိုက်မိသည်။

“ငါ့ကို မမေးနဲ့... ငါကော ဘယ်လိုလုပ်ပြီး သိမှာလဲ...၊ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်တုန်းကတောင်မှ... ငါက အဲဒီလိုမျိုး အဆင့်အတန်း မြင့်မားတဲ့ နယ်ပယ်ကို ထိတွေ့နိုင်ခွင့် မရှိခဲ့ဘူး...။ ငါတို့ လက်ရှိ သိထားရမှာကတော့... ဒီသုံးယောက်ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူသားမျိုးနွယ်ရဲ့ တကယ့် အင်အားစုက... ငါတို့ရဲ့ နတ်ဘုရားမျိုးနွယ် အထွတ်အထိပ် ရောက်ခဲ့တဲ့ အချိန်ထက်... အဆပေါင်း ရာချီ၊ ထောင်ချီပြီးတော့ သန်မာလွန်းနေတယ်ဆိုတာကိုပဲ သိထားရင် ရပြီ...”

လန်သောက်ချန်း၏ မျက်နှာအမူအရာက အလွန်အမင်း လေးလံအုံ့မှိုင်းနေပေသည်။

ယနေ့ ရရှိခဲ့သည့် သတင်းအချက်အလက်များသည်... ၎င်းတို့အတွက် အလွန်တရာ အသုံးဝင်လှသည်မှာ မှန်သော်လည်း... တစ်ဖက်တွင်လည်း ၎င်းတို့၏ စိတ်နှလုံးများအပေါ်တွင်... အသက်ရှူရကျပ်လောက်မည့် ဖိအားကြီးတစ်ခုကို မသိမသာ ရိုက်ခတ်သက်ရောက်စေခဲ့ခြင်း ဖြစ်ပေသည်။

“ဒီ ကြေးပြားကတော့... သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ သိမ်းဆည်းရမိခဲ့တာပဲ...၊ ကြားရသလောက်တော့... ဒါက ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အငွေ့အသက်တွေကို သီးသန့် ခွဲခြားသိမြင်နိုင်စွမ်း ရှိတယ်လို့ ပြောတယ်...”

ရှကျီက ရုတ်တရက် ကြေးပြားတစ်ခုကို ထုတ်ယူလိုက်ပြီး... လူတိုင်း၏ ရှေ့မှောက်သို့ ကမ်းပေးလိုက်သည်။

လူတိုင်းက ထိုကြေးပြားကို တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း၍ စူးစမ်းကြည့်ရှုကြပြီး... ထိုအထဲမှ တစ်ဦးက မိမိကိုယ်ကိုယ် ဦးတည်၍ လှမ်းပြီး စစ်ဆေးကြည့်လိုက်ရာ... ကြေးပြားပေါ်မှနေ၍ ချက်ချင်းပင် စူးရှတောက်ပလှသော အလင်းဖြူကြီးတစ်ချက် ပေါ်ထွက်လာခဲ့တော့သည်။

“တုံ့ပြန်မှု ရှိတယ်ဆိုရင်... မင်းတို့အားလုံးက ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ သစ္စာဖောက် အကြွင်းအကျန်တွေ ဖြစ်နေတယ်ဆိုတာကို သက်သေပြလိုက်တာပဲ...”

တန်ဇီဟောင်က တည်ငြိမ်စွာဖြင့်ပင် ထပ်မံပြောဆိုလိုက်သည်။

“သခင်လေးရဲ့ လက်အောက်မှာရှိတဲ့ တန်ခိုးစွမ်းအားရှင် အဖွဲ့တိုင်းရဲ့ လက်ထဲမှာ... ဒီပစ္စည်းမျိုး ရှိကြတယ်...၊ ဒါက ရှန်းဟုန်း သစ္စာဖောက်တွေကို အထူးတလည် လိုက်လံစုံစမ်း ခြေရာခံဖို့အတွက် သုံးတာ...”

ထိုအချိန်တွင် လူတစ်ဦးက ထိုကြေးပြားကို ယူဆောင်၍... ရှောက်မုန့်ယွမ်နှင့် လန်တောက်ချွန်း တို့၏ ခန္ဓာကိုယ်ပေါ်သို့ လှမ်း၍ စစ်ဆေးကြည့်လိုက်ရာ... တူညီစွာပင် တောက်ပလှသော အလင်းဖြူကြီး ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

“မိတ်ဆွေ နှစ်ယောက်စလုံး...၊ ဒီတစ်ခေါက်တော့ မင်းတို့လည်း ငါတို့နဲ့အတူတူ လှေတစ်စင်းတည်းစီး၊ လက်ချင်းချိတ်ပြီးသား ဖြစ်သွားခဲ့ပြီနော်...”

ရှကျီက အားရပါးရ ပြုံးလိုက်ပြီးနောက်...

“ မင်းတို့နှစ်ယောက်အနေနဲ့ နောက်ထပ် ဘာများ ဆက်ပြီး အစီအစဉ် ရှိဦးမလဲ...”

“ဘာအစီအစဉ် ရှိရဦးမှာလဲ...၊ အခုအချိန်မှာ အကောင်းဆုံးကတော့ သူတို့ရဲ့ ပါးစပ်ထဲကနေ အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို ပိုပြီးတော့ များများ မေးမြန်းထားဖို့ပဲ ရှိတာပေါ့...၊ ပြီးရင်တော့ စစ်ပွဲအတွက် အင်တိုက်အားတိုက် ပြင်ဆင်ကြတာပေါ့...”

လန်တောက်ချွန်းက စကားဆုံးသည်နှင့်... တန်ဇီဟောင် အပါအဝင် ပြင်ပမျိုးနွယ် သုံးဦးကို လှည့်ကြည့်လိုက်ပြီး

“မင်းတို့ရဲ့ သခင်လေးက... တစ်ယောက်တည်းတော့ သေချာပေါက် ရောက်လာမှာ မဟုတ်ဘူး... သူက သူတော်စင်အဆင့် ဖြစ်နေရင်တောင်မှ... တစ်ကိုယ်တော် စွမ်းအားတစ်ခုတည်းနဲ့တော့... ဒီလောက်အထိ ကျယ်ပြောလှတဲ့ နယ်မြေကမ္ဘာကြီးတစ်ခုလုံးကို အလွယ်တကူ တိုက်ခိုက်ချေမှုန်းဖို့ မဖြစ်နိုင်ဘူး...၊ ငါ သိချင်တာက... သူက ဘယ်လောက်အထိ များပြားတဲ့ ကျွမ်းကျင်သူ အင်အားစုတွေကို ခေါ်ဆောင်လာခဲ့တာလဲ...၊ ပြီးတော့ သူတို့က ဘယ်လိုမျိုး တန်ခိုးစွမ်းအားတွေကို အဓိက ကျွမ်းကျင်ကြလဲ ဆိုတာပဲ...”

တန်ဇီဟောင်က ခဏမျှ တိတ်ဆိတ်စွာဖြင့် တွေးတောနေပြီးနောက်... ရုတ်တရက် လှောင်ပြောင်သရော်သည့် အပြုံးဖြင့် ပြုံးလျက်...

“ဒါတွေကို မင်းတို့ကို ပြောပြလိုက်ရင်လည်း ဘာမှ အကြောင်းမရှိပါဘူး...၊ သခင်လေးရဲ့ ကွပ်ကဲမှုအောက်မှာ...တပ်မဟာကြီး ခြောက်ခု ရှိတယ်...။ အဲဒီ တပ်မဟာ တစ်ခုချင်းစီတိုင်းမှာ... သူတော်စင်အဆင့် ကျွမ်းကျင်သူ ၁၀ ဦးစီ၊ သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ၁၀၀ စီ ရှိကြတယ်...။ ပြီးတော့... ကန့်သတ်ချက်ကိုကျော်လွန်ခြင်းအဆင့်ကျွမ်းကျင်သူ ငါးသောင်းစီနဲ့... အဆင့် ၉ အဆင့်ရှိတဲ့ ကျွမ်းကျင်သူ ပေါင်း... တစ်သန်းစီ ပါဝင်ကြတယ်...”

အခန်း (၁၉၈၂) - အချိန်တိုလေးအတွင်း နှစ်ရှစ်ထောင်ကျော်

တန်ဇီဟောင်က စကားဆုံးသည်နှင့်... ခန်းမဆောင်အတွင်းရှိ လူအပေါင်းတို့၏ မျက်နှာအမူအရာများကို တည်ငြိမ်စွာဖြင့် အကဲခတ်စောင့်ကြည့်လိုက်သည်။ မကြာမီမှာပင်... သူသည် လူအများ၏ မျက်နှာပေါ်မှနေ၍ မိမိအလိုရှိသော စိတ်ခံစားချက် အရိပ်အယောင်များကို မြင်တွေ့လိုက်ရတော့သည်။

၎င်းတို့မှာ... ထိတ်လန့်တုန်လှုပ်မှု၊ တွေဝေငေးမောမှု၊ ကြောက်ရွံ့ထိတ်လန့်မှုနှင့် လေးလံအုံ့မှိုင်းမှုတို့ပင် ဖြစ်ပေသည်။

“တပ်မဟာကြီး ခြောက်ခု...၊ သူတော်စင်အဆင့် ၆၀၊ သူတော်စင်တစ်ပိုင်းအဆင့် ၆၀၀၊ ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့် ၅၀,၀၀၀ နဲ့... အဆင့် ၉ အဆင့်ရှိတဲ့ ကျွမ်းကျင်သူ ပေါင်း... ခြောက်သန်း...”

လန်တောက်ချွန်းက ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် ခပ်ဖွဖွ သပ်လိုက်မိသည်။

နတ်ဘုရားမျိုးနွယ် ၏ အထွတ်အထိပ် ရောက်ခဲ့သော ခေတ်ကာလတုန်းကဆိုလျှင်ပင်... ဤမျှလောက် များပြားလှသော အင်အားစုသည် တစ်မျိုးနွယ်လုံးရှိ အင်အားအားလုံး၏ ဆယ်ပုံတစ်ပုံနီးပါး ရှိပေသည်။

ထိုခေတ်ကာလက နတ်ဘုရားမျိုးနွယ်သည် ကွဲပြားခြားနားလှသော မျိုးနွယ်စုခွဲပေါင်း ထောင်ချီ၍ ကွဲထွက်နေခဲ့ပြီး... သူတော်စင်အဆင့်ရှိသူ အယောက် ရှစ်ရာခန့်မှာ ထိုမျိုးနွယ်စုခွဲအသီးသီးတွင် အနှံ့အပြား တည်ရှိနေကြသဖြင့် အပြင်ပန်းတွင်မူ သိပ်ပြီး သိသာထင်ရှားခြင်း မရှိခဲ့ချေ။

နယ်မြေအရှင်ကိုယ်တိုင် လူကိုယ်တိုင် ထွက်မလာခဲ့လျှင်... နတ်ဘုရားမျိုးနွယ်ရှိ အခြားသော ထိပ်သီးပုဂ္ဂိုလ်များထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ... ဤကဲ့သို့သော ကြီးမားလှသည့် စစ်တပ်ကြီးတစ်တပ်ကို အလွယ်တကူ စေခိုင်းလှုံ့ဆော်နိုင်စွမ်း မရှိခဲ့ကြချေ။

၎င်းတို့ကဲ့သို့ ထိုခေတ်ကာလကို ကိုယ်တိုင်ဖြတ်သန်းခဲ့ဖူးသည့် တည်ရှိမှုမျိုးသာလျှင်... တန်ဇီဟောင်၏ ပါးစပ်မှ ထွက်ပေါ်လာသည့် ဤစကားလုံးများ၏ အလေးချိန်က မည်မျှအထိ လေးလံလှသည်ကို အသေအချာ နားလည်နိုင်ပေသည်။

“အတွင်းနယ်မြေ တစ်ခုတည်းတင် ခြောက်ရာကျော် ရှိနေတာပဲ...၊ အတွင်းနယ်မြေရဲ့ စွမ်းအားကိုဆိုရင် သာမန် ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့်တွေကလည်း လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး...”

ရှောက်မုန့်ယွမ်၏ စိတ်နှလုံးထဲ၌ ဒိန်းခနဲ တုန်လှုပ်သွားရသည်။ ယခုအချိန်တွင် မော်ထျန်းတီကျန့် တာအိုရရှိပြီးသည့် နောက်၌... နယ်မြေကိုးခု၏ လက်ရှိ အခြေအနေမျိုးနှင့်ဆိုလျှင် ဤနေရာတွင် မွေးဖွားလာမည့် ကောင်းကင်တာအို စွမ်းအားသည်... ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာ ရန်သူစစ်တပ်ကြီးကို အမှန်တကယ်ပင် တားဆီးနိုင်ပါ့မလားဆိုတာ သူ လုံးဝ မသေချာတော့ချေ။

“ငါတို့သုံးယောက်လိုမျိုး တည်ရှိမှုတွေကို... သခင်လေးက စုစုပေါင်း တစ်သန်းကျော်လောက်အထိ အနှံ့အပြား စေလွှတ်ထားတာ...၊ နောက်ဆုံးတော့လည်း တစ်ယောက်မဟုတ် တစ်ယောက်က ဒီနေရာကို ရောက်လာကြမှာပဲ၊ သူတို့က ငါတို့သုံးယောက်လိုမျိုး ကံမဆိုးဘဲ... မင်းတို့ရဲ့ ဖမ်းဆီးခြင်းကို ချက်ချင်း မခံရရုံတင် ရှိတာ။

ဒါဆိုရင် အဲဒီ လုပ်ဖော်ကိုင်ဖက်တွေက အခွင့်ကောင်းရှာပြီးတော့... သခင်လေးဆီကို မှန်ကန်တဲ့ ကြယ်တာရာလမ်းကြောင်း သတင်းအချက်အလက်တွေကို သေချာပေါက် ပြန်ပို့ပေးနိုင်လိမ့်မယ်။

ငါထင်သလိုသာဆိုရင်... သခင်လေးက မကြာခင်မှာပဲ ဒီနေရာကို ရောက်လာပြီး မင်းတို့နဲ့ တွေ့ဆုံတော့မှာပါ။

မင်းတို့တွေအနေနဲ့ အခုကတည်းက ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ တကယ့် အချုပ်အခြာ အဆက်အနွယ်တွေကို အမြန်ဆုံး ခေါ်လာပြီးတော့... သခင်လေးရဲ့ ရှေ့မှောက်မှာ ဒူးထောက် အသနားခံဖို့အတွက် ကြိုတင်ပြင်ဆင်ထားကြတာ ပိုကောင်းလိမ့်မယ်။

တကယ်လို့ သခင်လေးက စိတ်ကောင်းဝင်ပြီး ကရုဏာသက်ခဲ့ရင်... မင်းတို့ကို နောင်တရ ပြုပြင်ပြောင်းလဲဖို့အတွက် အခွင့်အရေးတစ်ကြိမ် ပေးရင် ပေးဦးမှာပေါ့...”

တန်ဇီဟောင်က ပြုံးလျက် ပြောဆိုလိုက်သည်။

စကားပြောဆိုနေရင်းနှင့်ပင် သူတို့၏ မျက်နှာပေါ်ရှိ ညှဉ်းပန်းနှိပ်စက်ခံထားရသဖြင့် နွမ်းလျနေသော အမူအရာများသည်... စိတ်ထဲ၌ ယုံကြည်မှုများ ထပ်မံ ပြည့်နှက်လာခြင်းနှင့်အတူ တဖြည်းဖြည်းချင်း လွင့်ပျယ်သွားခဲ့တော့သည်။

၎င်းတို့၏ သခင်လေးသာ ဤနေရာသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိလာနိုင်မည်ဆိုလျှင်... ဤနေရာကမ္ဘာတွင် ရှိသမျှ အရာအားလုံးသည် လုံးဝ ပျောက်ကွယ်ပျက်စီးသွားရတော့မည် မဟုတ်ပါလား။

“ဒီသုံးယောက်က ထပ်ပြီးတော့ လျှောက်ပြောနေပြန်ပြီ...၊ ကြည့်ရတာ စိတ်ကူးယဉ်ပြီး ရူးသွပ်နေကြတဲ့ပုံပဲ...၊ ကျန်းဌာနမှူး... မင်း လူလွှတ်ပြီးတော့ သူတို့ကို အောက်ကို ထပ်ခေါ်သွားပြီး စိတ်နည်းနည်း လန်းဆန်းသွားအောင် လုပ်ပေးလိုက်ဦးဗျာ...”

ရှကျီက ပြုံးလျက် လက်နှစ်ဖက်စုကာ ပြောဆိုလိုက်သည်။

ကျန်းယွီရှုကလည်း ခေါင်းညိတ်ပြုံးပြလိုက်တော့သည်။

ထို့နောက်တွင်မူ တန်ဇီဟောင်နှင့် အခြားသူ သုံးဦးစလုံးသည် ဆွံ့အမှင်တက်နေကြသည့် မျက်နှာအမူအရာများဖြင့်... တရားသူကြီးများ၏ ဆွဲခေါ်သွားခြင်းကို ထပ်မံ၍ ခံလိုက်ရပြန်တော့သည်။

၎င်းတို့ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်... ခန်းမဆောင်ထဲမှ လူတစ်ဦးက အမြန်ဆုံး မေးမြန်းလိုက်တော့သည်။

“စီနီယာ ဝမ် နဲ့ စီနီယာ ဖန်တို့ကော ဘယ်မှာလဲ...”

“အဲဒီ စီနီယာကြီး သုံးယောက်ကိုပါ ဒီနေရာကို လှမ်းပြီးတော့ ဖိတ်ခေါ်လိုက်ရမလား...”

“ဒီကိစ္စက... ငါတို့ရဲ့ အင်အားတစ်ခုတည်းနဲ့ တားဆီးနိုင်မယ့် အခြေအနေမျိုး မဟုတ်တော့ဘူး...၊ ကြိုတင်ပြီးတော့ နောက်ဆုတ်ဖို့ လမ်းကြောင်းတွေကို ပြင်ဆင်ထားမှ ဖြစ်မယ်...”

“ဒီက သတင်းကို... အဲဒီ စီနီယာကြီးတွေက မကြာခင်မှာပဲ သိရှိသွားကြမှာပါ...၊ ဒါပေမဲ့ သူတို့ သိသွားရင်တောင်မှ... ငါတို့မှာ နောက်ဆုတ်ဖို့ လမ်းကြောင်းတွေ ပြင်ဆင်ဖို့အတွက် လုံလောက်တဲ့ အချိန် ရှိတော့မှာ မဟုတ်ဘူး...”

ရှကျီက လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။

“လက်ရှိအချိန်မှာ... ငါတို့အတွက် ရွေးချယ်စရာ လမ်းကြောင်း တစ်ခုတည်းပဲ ရှိတယ်...၊ အဲဒါကတော့ ငရဲမိဖုရား အတွက် အချိန် ပိုပြီးတော့ ရအောင် တိုက်ခိုက်ပေးဖို့ပဲ...။ တကယ်လို့ ငရဲမိဖုရားက... သူတို့ ပါးစပ်က ပြောနေတဲ့ သခင်လေး ဆိုတဲ့သူ မရောက်လာခင်မှာပဲ တာအိုရရှိသွားခဲ့မယ်ဆိုရင်... အဲဒီ သခင်လေးကလည်း ငါတို့ကို စိတ်တိုင်းကျ အလွယ်တကူ နှိပ်စက်နိုင်တော့မှာ မဟုတ်ဘူး။

တကယ်လို့ အဲဒီလိုမှ မဟုတ်ရင်တော့... ငါတို့တွေက နည်းလမ်းစုံသုံးပြီးတော့ အချိန်ဆွဲဖို့အတွက်ပဲ အစွမ်းကုန် ပြင်ဆင်ထားကြရတော့မယ်...၊ အဲဒီအချိန်ကျရင် နယ်မြေကိုးခုရဲ့ ထိခိုက်သေဆုံးမှုတွေက သေချာပေါက်ကို အလွန်အမင်း ပြင်းထန်ပြီး သွေးချောင်းစီးလိမ့်မယ်။

ဒါပေမဲ့ အားလုံးကို သိစေချင်တာက... ဒါက ငါတို့အတွက် ရှိသမျှထဲမှာ တစ်ခုတည်းသော ရှင်သန်ရာ လမ်းကြောင်းပဲ...၊ တကယ်လို့ တစ်စုံတစ်ယောက်ကသာ စစ်မြေပြင်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့မယ်ဆိုရင်... နယ်မြေကိုးခုအတွက် အချိန်ဆွဲပေးနိုင်မယ့် အခွင့်အရေးတွေ လျော့နည်းသွားလိမ့်မယ်...၊ အဲဒီလိုမျိုး အချိန်တိုလေး လျော့နည်းသွားတာကပဲ စစ်ပွဲတစ်ခုလုံးကို အကြီးအကျယ် ရှုံးနိမ့် ပျက်စီးသွားစေတာမျိုး ဖြစ်လာနိုင်တယ်...”

လူတိုင်းကလည်း... ရှကျီသည် လျှို့ဝှက်စောင့်ရှောက်ရေးဌာန၏ ဌာနမှူး ဖြစ်သဖြင့်... ပိုင်ဆိုင်ထားသည့် သတင်းအချက်အလက်များသည် မိမိတို့ထက် ပိုမိုပြည့်စုံကာ... အဆိုပါ စီနီယာကြီးများနှင့်လည်း တိုက်ရိုက် အဆက်အသွယ် ရှိနိုင်သည်ကို သိရှိကြပေသည်။

ထို့ကြောင့် သူ ယခု ပြောဆိုနေသည့် စကားများသည်... အမှန်တကယ်ပင် လုံးဝ မှန်ကန်နေကြောင်းကို လူတိုင်း လက်ခံလိုက်ကြသည်။

၎င်းတို့အတွက် ပေးထားသည့် ရွေးချယ်မှုသည်... အမှန်တကယ်တော့ ရွေးချယ်စရာ လမ်းကြောင်း လုံးဝ မရှိတော့ဘဲ... မျက်စိရှေ့မှောက်က ဤလမ်းတစ်ခုတည်းသာ ရှိတော့ခြင်း ဖြစ်သည်။

ထိုသခင်လေး ပိုင်ဆိုင်ထားသည့် စစ်တပ်အင်အားနှင့် နှိုင်းယှဉ်လိုက်လျှင်...၁၈ထပ်ငရဲမျှော်စင် က ယင်စစ်သည်တော် အင်အားစုကြီးပင်လျှင်... တစ်ဖက်လူ၏ သောင်းပုံ၊ သိန်းပုံ တစ်ပုံကိုပင် မှီနိုင်စွမ်း မရှိချေ။

“မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ကတော့... လုံးဝ မဖြစ်နိုင်တော့ဘူး...၊ တိုက်မယ်ဆိုရင်လည်း ဘေးတိုက်ကနေပြီးတော့ပဲ ပရိယာယ်သုံး တိုက်ရလိမ့်မယ်...၊ အဓိကကတော့ ဘယ်လောက်အထိ အချိန်ဆွဲနိုင်မလဲ ဆိုတာပဲ...”

လန်တောက်ချွန်းက ခေါင်းကို ညင်သာစွာ ညိတ်လိုက်ရင်း...

“ဒီကိစ္စကြီး ပြီးဆုံးသွားတဲ့ အခါကျရင်တော့... လွန်ခဲ့တဲ့အချိန်က ငါတို့ နတ်ဘုရားမျိုးနွယ် ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးကြီးရဲ့ တကယ့် အမှန်တရား ဇာစ်မြစ်ကိုလည်း ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့ မျှော်လင့်ရတာပဲ...”

ရှောက်မုန့်ယွမ်ကလည်း တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

နတ်ဘုရားမျိုးနွယ် အတွက်မူ... လွန်ခဲ့သောအချိန်က နတ်ဘုရားမျိုးနွယ်၏ ထိပ်သီး နယ်မြေအရှင်ကြီး ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခဲ့ရသည့် ကိစ္စသည်... ယနေ့အချိန်အထိ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

၎င်းတို့သည် အဆိုပါ ကိစ္စ၏ တကယ့် အရင်းအမြစ်ကို ခြေရာခံ သိရှိနိုင်ခွင့် မရှိခဲ့ဘဲ... ထိုအချိန်တုန်းက မိမိတို့ နတ်ဘုရားမျိုးနွယ် အပြင်... အခြားသော နဂါးနတ်ဘုရား ကဲ့သို့သော တည်ရှိမှုကြီးများပါ ပတ်သက်ဆက်နွှယ်ပြီး အပြစ်ပေးခြင်း ခံခဲ့ရသည်ကိုသာ သိရှိခဲ့ကြခြင်း ဖြစ်သည်။

အားလုံးမှာ တိမ်စွန်းထက်ကနေ၍ ချောက်နက်ကြီးထဲသို့ တပြိုင်နက်တည်း အပြတ်အသတ် ရိုက်ချခြင်း ခံခဲ့ရသည်။

ထိုအရာကို ကြည့်ခြင်းအားဖြင့်... ထိုသုံးဦး၏ ပါးစပ်မှ ထွက်ပေါ်လာသည့် ဟော်ဆွေ့ ဘိုးဘေးကြီး၊ ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့၏ ဖြန့်ဖြေရေးခုံရုံးမှ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ဆိုသူသည်... မည်မျှအထိ ကြီးမားလှသော ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အာဏာစက်မျိုးကို ပိုင်ဆိုင်ထားသည်ကို ခန့်မှန်းနိုင်ပေသည်။

ထိုပုဂ္ဂိုလ်၏ စွမ်းအားသည်... သေချာပေါက် နယ်မြေအရှင်အဆင့်ထက် များစွာ ကျော်လွန်နေရမည်ဖြစ်ပြီး... နယ်ပယ်တစ်ခု၏ ကောင်းကင်တာအိုကိုပင် တိုက်ရိုက် နှိပ်ကွပ်နိုင်စွမ်း ရှိပေလိမ့်မည်...။

“လွန်ခဲ့တဲ့အချိန်တုန်းက... ငရဲမင်း မထွက်ခွာခင်မှာ ကျွန်တော့်ကို ကိစ္စတစ်ခု မှာကြားသွားခဲ့တယ်...၊ အဲဒါကတော့ နယ်မြေကိုးခုအတွက် နယ်မြေကိုးခု နယ်စပ်ခံတပ် တစ်ခု တည်ဆောက်ဖို့ပဲ...၊ ဒါမှလည်း ပြင်ပရန်သူတွေ ရောက်လာတဲ့ အခါကျရင် ပထမဦးဆုံး အချိန်မှာတင် ချက်ချင်း သိရှိပြီး တုံ့ပြန်နိုင်မှာ ဖြစ်တယ်...”

ရှကျီက လက်နှစ်ဖက်စုကာ လူအများကို ကြည့်၍ ပြောဆိုလိုက်သည်။

“ဒီနှစ်တွေအတွင်းမှာ... ယင်လောကဘက်ကနေပြီးတော့ လူအင်အား၊ ပစ္စည်းအင်အား အမြောက်အမြား စိုက်ထုတ်ပြီး တည်ဆောက်နေခဲ့တာ...၊ အခုတော့ အချိန်က အလွန်အမင်း ကပ်နေပြီဖြစ်လို့... အဖက်ဖက်ကနေပြီးတော့ ဝိုင်းဝန်း ကူညီပေးကြဖို့ မျှော်လင့်ပါတယ်...၊ အဲဒီ နယ်မြေကိုးခု နယ်စပ်ခံတပ်ကို အမြန်ဆုံး စတင်အသုံးပြုနိုင်အောင် လုပ်ဆောင်ကြရအောင်...”

“ရပါတယ်...၊ ကျင့်ကြံခြင်းဆိုင်ရာ ရတနာပစ္စည်းတွေပဲ လိုလို...၊ မသေမျိုးကျောက်တုံး တွေပဲ လိုလို...၊ ဒါမှမဟုတ် လူအင်အားပဲ လိုလို...၊ မင်းတို့ဘက်က လိုအပ်တာကိုသာ တိုက်ရိုက်ပြောပါ...၊ ငါတို့ဘက်က ဘာစည်းကမ်းချက်မှ မရှိဘဲနဲ့ အပြည့်အဝ ဝိုင်းဝန်းကူညီပေးပါ့မယ်...”

“ငါလည်း သဘောတူတယ်...”

“ငါလည်း သဘောတူတယ်...”

“ငါလည်း သဘောတူတယ်..

............................

“ကြည့်ရတာ... ဒီ ကျိုရွှမ်မျှော်စင် ရဲ့ တကယ့် အသုံးဝင်မှုက... လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ပေးနိုင်ရုံတင်မကဘဲ... တကယ့် အဓိက အသုံးဝင်ပုံကတော့... ခန္ဓာကိုယ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို စိုးရိမ်စရာမလိုဘဲ၊ ကျင့်စဉ်တွေရဲ့ တန်ပြန်သက်ရောက်မှုကို ခံရမှာကို ကြောက်စရာမလိုဘဲ... မတူကွဲပြားတဲ့ ကျင့်စဉ်လမ်းကြောင်း အသစ်တွေကို စမ်းသပ်လေ့ကျင့်နိုင်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်...”

ဖန့်ချန် သည် တိတ်ဆိတ်အေးချမ်းလှသော အိမ်ရာဝင်းလေးတစ်ခုအတွင်း၌ ရပ်တန့်လျက်... မိမိ၏ ခန္ဓာကိုယ်အတွင်း၌ လွန်ခဲ့သောအချိန်ကနှင့် လုံးဝ ခြားနားဆန့်ကျင်လှသော အငွေ့အသက် စွမ်းအားတစ်ခု စီးဆင်းဖြစ်တည်လာသည်ကို တဖြည်းဖြည်းချင်း ခံစားမိလိုက်သည်။

ယခုတစ်ကြိမ် ကျိုရွှမ်မျှော်စင်ထဲသို့ သူ ဝင်ရောက်လာသည့် အခါတွင်မူ... ဓားတာအိုကျင့်စဉ်ကို ထပ်မံ၍ လေ့ကျင့်ခြင်း မပြုခဲ့သလို... တာအိုကျင့်စဉ် သုံးထောင်၏ လမ်းကြောင်းအတိုင်းလည်း လျှောက်လှမ်းခြင်း မရှိခဲ့ချေ။

သူ လျှောက်လှမ်းခဲ့သည်မှာ...အခြေခံအုတ်မြစ် တည်ဆောက်ရေး လက်ဝှေ့ကျင့်စဉ် နှင့် သူတော်စင်ကျမ်းစာကျင့်စဉ် တို့ ဖြစ်ကြသည်။

သူသည် အချိန်ကာလ တစ်ထောင်စုနှစ်တစ်ခုကို အသုံးပြု၍... ခန္ဓာကိုယ်ပေါ်တွင် အထွတ်ထိပ်အရိုး၏ ကူညီပံ့ပိုးမှု လုံးဝမရှိဘဲနှင့်... မိမိ၏ ပင်ကိုယ်ကြိုးစားမှု သက်သက်ဖြင့်သာ အခြေခံအုတ်မြစ် တည်ဆောက်ရေး၏ စတုတ္ထမြောက် အဆင့်ဖြစ်သော တာအိုနှင့် တစ်သားတည်းဖြစ်ခြင်း နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ထို့နောက်တွင်မူ အဆင့် ၉ အဆင့်ရှိ ကျွမ်းကျင်သူ နယ်ပယ်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။

ပြီးနောက်တွင်... ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်... စသည်ဖြင့် ဆက်လက် တက်လှမ်းခဲ့သည်။

တတိယမြောက် ထောင်စုနှစ်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ... သူသည် အဆင့် ၉ ၏ ကန့်သတ်ချက် အချုပ်အခြာကို ဖောက်ထွက်ဖျက်ဆီးနိုင်ခဲ့ပြီး... ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့်သို့ စတင်ဝင်ရောက်နိုင်ခဲ့သည်။

ဤကဲ့သို့သော ကန့်သတ်ချက်ကို ကျော်လွန်ခြင်း စွမ်းအားသည်... အလွန်အမင်း စစ်မှန်လွန်းလှသည်...၊ အနည်းဆုံးတော့ သူကိုယ်တိုင် ခံစားရသလောက်ဆိုလျှင်... လွန်ခဲ့သော မင်ရွှီခေတ်ကာလတုန်းက အခြားသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ခံစားခဲ့ရဖူးသည့် ကန့်သတ်ချက်ကို ကျော်လွန်ခြင်း စွမ်းအားများနှင့်... မည်သို့မျှ ခြားနားခြင်း မရှိချေ။

ကန့်သတ်ချက်ကို ကျော်လွန်ခြင်း၏ ပထမခြေလှမ်း၊ ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း...။ သူသည် ထိုအဆင့်အားလုံးကို... အဆင်ပြေချောမွေ့စွာနှင့် တပြိုင်နက်တည်းမှာပင် အလွန်အမင်း ပင်ပန်းဆင်းရဲစွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

ပဉ္စမမြောက် ထောင်စုနှစ်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ...။ သူသည် မိမိ၏ ကိုယ်ပိုင် အတွင်းနယ်မြေကို စတင်၍ စုစည်းရန် ကြိုးစားခဲ့တော့သည်။

ဤခြေလှမ်းတစ်ခုတည်းကပင်... သူ့ကို အချိန်ကာလ နှစ်သုံးထောင် မျှအထိ အပြတ်အသတ် ပိတ်ဆို့တားဆီးထားခဲ့ခြင်း ဖြစ်သည်။

ယခုလေးတင်... ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်လာသည့် ကန့်သတ်ချက်ကို ကျော်လွန်ခြင်း စွမ်းအားများနှင့်အတူ... သူတစ်ဦးတည်းသာ မြင်တွေ့နိုင်သည့် အတွင်းနယ်မြေကြီးတစ်ခုသည်... မိမိ၏ မျက်နှာစာရှေ့မှောက်တွင် ကြီးမားလှသော ဟိန်းဟောက်သံကြီးနှင့်အတူ တံခါးမကြီးကို ဝုန်းခနဲ ဖွင့်လှစ်လိုက်တော့သည်။

“ယောက်ျား...၊ နှစ်ပေါင်း ထောင်ချီအောင် ကျင့်ကြံနေခဲ့တာကို... အခုထက်ထိ ကျင့်ကြံလို့ မဝသေးဘူးလား...၊ အချိန်လေးနည်းနည်းလောက် ဖယ်ပြီးတော့ အောက်က မျောက်ကောင်လေးတွေကိုလည်း သွားပြီးတော့ ကြည့်ရှုစောင့်ရှောက်ပေးဦးမှပေါ့...”

အချိန်ကာလများသည်... နတ်မိမယ်ယွီ ၏ မျက်နှာပေါ်တွင် များစွာသော ခြေရာ အမှတ်အသားများကို ချန်ထားရစ်ခဲ့ခြင်း မရှိသော်လည်း... သူမ၏ မူလက ကလေးဆန်လှသော အမူအရာကို အနည်းငယ် လျော့နည်းသွားစေခဲ့ပြီး... ပိုမို၍ ရင့်ကျက်တည်ငြိမ်လှသော အရောင်အသွေးများကို တိုးပွားစေခဲ့သည်။

ယခုအချိန်တွင် သူမသည် လတ်ဆတ်လှသော သစ်သီးဝလံများ ထည့်ထားသည့် လင်ဗန်းကို ကိုင်ဆောင်လျက်... ဖန့်ချန်၏ ရှေ့မှောက်သို့ လှမ်းဝင်လာခဲ့ပြီး... ချစ်စနိုးဖြင့် သစ်သီးတစ်လုံးကို ကောက်ယူကာ ဖန့်ချန်၏ နှုတ်ခမ်းနားသို့ လှမ်း၍ ကျွေးလိုက်သည်။

“လွန်ခဲ့တဲ့အချိန်တုန်းကတော့... ကျင့်ကြံဖို့အတွက် အချိန် သိပ်ပြီးတော့ မရှိခဲ့ဘူး...၊ ဒီတစ်ခေါက် အခွင့်အရေးက အလွန်တရာ ရှားပါးလွန်းတာမို့လို့... လမ်းကြောင်းအသစ်တစ်ခုကို စမ်းသပ်လေ့ကျင့်ကြည့်နေတာပါ...”

ဖန့်ချန်က သစ်သီးကို စားလိုက်ပြီးနောက်...နတ်မိမယ်ယွီ ၏ လက်ကို ဆွဲကာ ဘေးနားရှိ နွယ်ပင်ကုလားထိုင်ပေါ်တွင် အတူတူ ထိုင်လိုက်ကြသည်။

ကုလားထိုင် တစ်လုံးတည်းပေါ်တွင် လူနှစ်ယောက် ပူးကပ်စွာ ထိုင်နေမိကြသည်။

နတ်မိမယ်ယွီသည် ဖန့်ချန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရောက်ရှိသွားခဲ့ပြီး... ပါးပြင်လေးကို ဖန့်ချန်၏ ရင်ဘတ်ပေါ်သို့ ညင်သာစွာ ကပ်ထားမိတော့သည်။

“ယွီလေး...၊ ငါ မင်းကို ကိစ္စတစ်ခု မေးချင်တယ်...၊ မင်း ငါ့ကို အမှန်အတိုင်း ဖြေရမယ်နော်...”

ဖန့်ချန်က ပြောဆိုလိုက်သည်။

နတ်မိမယ်ယွီက အနည်းငယ် မှင်တက်သွားမိပြီး...

“ဘာကိစ္စလဲ...၊ ရှင် နောက်ဆုံးတော့ မယားငယ် ထပ်ယူချင်လာပြီ မဟုတ်လား...လုံးဝ သဘောမတူဘူးနော်။ ငါတို့နှစ်ယောက် အတူတူ ရှိနေခဲ့တာက... အချိန်တိုလေးအတွင်း နှစ်ရှစ်ထောင်ကျော်ပဲ ရှိသေးတာကို... ရှင်က ငါ့ကို အလိုလို ငြီးငွေ့သွားပြီလား...”

“ဒါက အခြားကိစ္စပါ...”

ဖန်ချန်က မျက်လုံးကို တစ်ချက် ပင့်ပြလိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်တော့သည်။

All Chapters