အခန်း (၁၉၈၃-၁၉၈၄)
Vol. 199 Ch. 1983-1984
အခန်း (၁၉၈၃) - ပျက်စီးနေသော အတွင်းနယ်မြေ
“အခြားကိစ္စ ဟုတ်လား...၊ အဲဒါက ဘာကိစ္စမို့လို့လဲ...”
နတ်မိမယ်ယွီက သံသယစိတ်များဖြင့် ခေါင်းကို မော့ကြည့်လိုက်ရာ... ထိုအချိန်တွင် သူမ၏ ပုံစံလေးမှာ အလွန်တရာပင် ချစ်စရာကောင်းပြီး ဖြုစင်လှသော မြေခွေးပေါက်စလေးတစ်ကောင်နှင့် တူနေပေသည်။
“လောကမှာ လူတွေအတွက် အတိတ်ဘဝဆိုတာ တကယ်ရှိခဲ့မယ်ဆိုရင်... မင်းရဲ့ အတိတ်ဘဝက ဘာဖြစ်ခဲ့မယ်လို့ ထင်လဲ...”
ဖန်ချန်က ပြုံးလျက် မေးမြန်းလိုက်သည်။
“ကျွန်မရဲ့ အတိတ်ဘဝ ဟုတ်လား...၊ ကျွန်မရဲ့ အတိတ်ဘဝကတော့ ကျောက်တုံးတစ်တုံးပဲ ဖြစ်နေလောက်တယ်...”
နတ်မိမယ်ယွီက ဆိုသည်။
“ကျောက်တုံး ဟုတ်လား...”
“ဟုတ်ပါ့..၊ ကျောက်တုံးတစ်တုံးဆိုရင် နေ့တိုင်း အိပ်စက်လို့ရတယ်...၊ ဘာအသိစိတ်မှမရှိဘဲ ငေးငေါင်နေလို့ရတယ်...၊ ဘာကိစ္စတွေကိုမှလည်း အများကြီး တွေးတောပူပန်နေစရာ မလိုတော့ဘူးလေ...”
“ဒါဆို... ငါ မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်...”
“ကျွန်မရဲ့ အတိတ်ဘဝနဲ့ ပတ်သက်တဲ့ ပုံပြင်လား...”
နတ်မိမယ်ယွီ၏ မျက်ဝန်းအစုံထဲတွင် နူးညံ့သိမ်မွေ့လှသော အပြုံးအရိပ်အယောင်လေးတစ်ခု ပေါ်ထွက်လာပြီး...
“ပြောပြလေ...၊ လွန်ခဲ့တဲ့အချိန်တုန်းက ရှင်က ဆရာဖန် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရုတ်တရက် ပေါ်လာခဲ့တုန်းက... ကျွန်မက ကိုယ့်ကိုယ်ကိုယ် ပါရမီ အရမ်းထူးချွန်လွန်းလို့ ရှင်က ကျွန်မရဲ့ အရည်အချင်းကို သဘောကျပြီး လာခေါ်တာလို့ ထင်နေခဲ့တာ။ အခုတော့ ဒီလောက်အထိ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဆိုတော့... ရှင် ဘာတွေကို ရည်ရွယ်ခဲ့လဲဆိုတာ ကျွန်မ ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ...”
“ပုံပြင်ရဲ့ အစကတော့... နတ်ဘုရားနယ်မြေ လို့ ခေါ်တဲ့ နေရာတစ်ခုကနေ စတင်ရလိမ့်မယ်...”
အချိန်ကာလအားဖြင့် တစ်နာရီမှ နှစ်နာရီခန့်မျှ ကြာမြင့်အောင်... ဖန်ချန်သည် ကိစ္စရပ်အားလုံး၏ အစအဆုံး အကြောင်းအရင်း ဇာစ်မြစ်များကို တစ်လုံးမကျန် အသေးစိတ် ရှင်းလင်းပြောပြလိုက်သည်။
နတ်မိမယ်ယွီသည် ထိုစကားများကို ကြားလိုက်ရသည့်အခါ တစ်ခဏမျှ ဆွံ့အမှင်တက်ကာ ငေးငေါင်စွာ နားထောင်နေမိပြီးနောက်... အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်တော့သည်။
“ဒါဆိုရင်... လွန်ခဲ့တဲ့အချိန်တုန်းက ကျွန်မရဲ့ ခန္ဓာကိုယ်ထဲကို မိစ္ဆာသန္ဓေသား အသွင်းခံလိုက်ရပြီးတဲ့နောက်... ကျွန်မက နတ်ဘုရားမျိုးနွယ်အဖြစ်နဲ့ အတိတ်ဘဝ အမှတ်သညာတွေ ပြန်ပွင့်လာပြီး... ရှင့်ကို ရန်သူလိုမျိုး သဘောထားပြီးတော့ တိုက်ခိုက်ခဲ့တာပေါ့ ဟုတ်လား...”
“ဟုတ်တယ်...”
“ကျွန်မ တကယ်ကို သေထိုက်တာပဲ...”
နတ်မိမယ်ယွီက စိတ်တိုဒေါသထွက်စွာဖြင့် ညည်းတွားလိုက်ပြီး...
“တကယ်လို့ အဲဒီအချိန်တုန်းက ကျွန်မကိုယ်ကျွန်မ ပြန်တွေ့ခွင့်ရမယ်ဆိုရင်... ရှင့်မျက်စိရှေ့မှာတင် အဲဒီမိန်းမကို ဆွဲပြီးတော့ အသေရိုက်ပြလိုက်ချင်တယ်...”
“ဘာဖြစ်လို့လဲဆိုတော့... အဲဒီအချိန်တုန်းက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လူသားမျိုးနွယ်အဖြစ် ရှင်သန်ခဲ့တဲ့ အမှတ်သညာတွေက... မင်း ရှင်သန်ခဲ့ဖူးတဲ့ သက်တမ်းတစ်ခုလုံးနဲ့ ယှဉ်လိုက်ရင် အလွန်တရာ အစိတ်အပိုင်း သေးသေးလေးတစ်ခုပဲ ရှိသေးလို့ပဲ...၊ အဲဒါက လူတစ်ယောက် နေ့လယ်ဘက် ခဏတဖြုတ် အိပ်ပျော်သွားတဲ့အချိန်မှာ မထင်မရှား မပြတ်မသား မက်လိုက်ရတဲ့ အိမ်မက်တိုလေးတစ်ခုနဲ့ပဲ တူနေလို့ပေါ့...”
ဖန်ချန်က အသာအယာ ပြုံးလိုက်ရင်း...
“ဒါကြောင့်မို့လို့ ငါက နည်းလမ်းရှာပြီးတော့... မင်းမက်ခဲ့တဲ့ အိမ်မက်တိုလေးကို ပိုပြီးတော့ ထင်ရှားစစ်မှန်လာအောင် လုပ်ပေးခဲ့တာ...၊ နောက်ဆုံးမှာ အဲဒီအိမ်မက်က မင်းရဲ့ မူလအတိတ်ဘဝ အမှတ်သညာတွေကို အစားထိုးပြီးတော့... ဒီနေရာမှာ ရှိသမျှ အရာအားလုံးကို တကယ့်လက်တွေ့ ဖြစ်လာစေခဲ့ပြီး... လွန်ခဲ့တဲ့ အတိတ်ဘဝက အရာအားလုံးကိုတော့ အိမ်မက်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ...”
“ဒါက တကယ်ပဲ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပဲ...၊ အရင်တုန်းက ကျွယ်မင်ကြယ် ပေါ်မှာ သံသရာလည်ခဲ့တဲ့ ကာလတွေကော... ဒီနေရာက နှစ်ရှစ်ထောင်ကျော် သက်တမ်းကိုကော အားလုံး ခြုံငုံတွက်ချက်လိုက်ရင်... တကယ်လို့ အခု ကျွန်မကို အတိတ်က အမှတ်သညာတွေ ပြန်ပေးမယ်ဆိုရင်တောင်မှ... ကျွန်မက သေချာပေါက် အခုလက်ရှိ ကျွန်မအဖြစ်နဲ့ပဲ ဆက်ပြီး တည်ရှိနေမှာပါ...”
နတ်မိမယ်ယွီက လေသံတိုးတိုးလေးဖြင့် ပြောဆိုလိုက်သည်။
“ဒါက ဝမ်အိုကြီး က ငါ့ကို ပေးခဲ့တာ...”
ဖန်ချန်က မိမိ၏ ရင်ခွင်ထဲမှနေ၍ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး... နတ်မိမယ်ယွီ၏ ရှေ့မှောက်သို့ ကမ်းပေးလိုက်သည်။
“တကယ်လို့ မင်းဘက်က အဆင်သင့်ဖြစ်ပြီလို့ ခံစားရရင်... ဒါကို မျိုချလိုက်ပါ...”
“ဒါက... မိစ္ဆာသန္ဓေသား လား...”
“အင်း...”
နတ်မိမယ်ယွီသည် ဘာစကားတစ်ခွန်းမျှ ထပ်မံ၍ အငြင်းအခုန်မပြုတော့ဘဲ... ထိုအရာကို ယူဆောင်ကာ ပါးစပ်ထဲသို့ ချက်ချင်းပင် ထည့်၍ မျိုချလိုက်တော့သည်။ ထို့နောက်တွင်မူ သူမသည် မျက်နှာလေးကို ရှုံ့တွလိုက်ရင်း မကျေမနပ်ဖြင့် ညည်းတွားလိုက်ပြန်သည်။
“အရသာက နည်းနည်း ခါးတယ်...”
သူမသည် လက်ကို ဝှေ့ယမ်း၍ လှမ်းယူလိုက်ရာ... လတ်ဆတ်လှသော သစ်သီးတစ်လုံးက သူမ၏ လက်ထဲသို့ ကျရောက်လာခဲ့ပြီး... ထိုသစ်သီးကို ကျမိစ္ဆာသန္ဓေသားနှင့်အတူ ရောနှောကာ ကမန်းကတန်း ဝါးမြိုချလိုက်တော့သည်။
သစ်သီး၏ ချိုမြိန်လှသော အရသာက... ခါးသက်လှသော အရသာကို တဖြည်းဖြည်းချင်း ဖျောက်ဖျက်ပေးလိုက်သဖြင့်... နတ်မိမယ်ယွီ၏ မျက်နှာအမူအရာလေးမှာ ထိုအခါမှသာ အနည်းငယ် ပြန်လည်၍ ကြည့်ကောင်းလာခဲ့ရသည်။
လူနှစ်ဦးသည် ဤကဲ့သို့ပင် နွယ်ပင်ကုလားထိုင်ပေါ်၌ တစ်ဦးကိုတစ်ဦး မှီတွဲလျက် စကားစမြည် ပြောဆိုနေမိကြရာ... တဖြည်းဖြည်းနှင့် မိုးချုပ်စပြုလာခဲ့ပြီ ဖြစ်သည်။
ဖန်ချန်သည် ဘေးနားဆီမှနေ၍ ညင်သာလှသော ဟောက်သံတိုးတိုးလေးကို ကြားလိုက်ရသဖြင့်... ခေါင်းကို ငုံ့၍ ကြည့်လိုက်ရာ... နတ်မိမယ်ယွီမှာ မည်သည့်အချိန်ကတည်းက အိပ်ပျော်သွားခဲ့သည်မသိဘဲ... နှစ်ခြိုက်စွာဖြင့် အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။
မျက်စိမှားခြင်း ဟုတ်မဟုတ် မသေချာသော်လည်း... ဖန်ချန်သည် နတ်မိမယ်ယွီ၏ လက်မောင်းပေါ်တွင်... နက်မှောင်လှသော အရည်တစ်မျိုး ရုတ်တရက် ပေါ်ထွက်လာသည်ကို မသိမသာ မြင်တွေ့လိုက်ရသည်။
“ မိစ္ဆာသန္ဓေသားကို မျိုချလိုက်တာက... ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်စဉ်ကို ဖြစ်ပေါ်စေတာလား...”
ဖန်ချန်၏ မျက်ဝန်းထဲတွင် တွေးတောဆင်ခြင်လိုသည့် အရိပ်အယောင်များ ပေါ်လွင်သွားခဲ့သော်လည်း... နောက်တစ်စက္ကန့်မှာပင် သူသည် လက်ကို ဆန့်ထုတ်ကာ ခပ်ဖွဖွ ပုတ်ထုတ်လိုက်ရာ... ထိုနက်မှောင်လှသော အရည်များသည် လေထုထဲသို့ ချက်ချင်းပင် ပျံတက်သွားခဲ့တော့သည်။
သူသည် လက်ကို မြှောက်ကာ ဤနေရာဝန်းကျင်ကို တားမြစ်ကျင့်စဉ်များဖြင့် တားဆီးပိတ်ဆို့လိုက်ပြီး... တပြိုင်နက်တည်းမှာပင် သူ၏ ဝိညာဉ်စွမ်းအား ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေကာ... အဆိုပါ နက်မှောင်လှသော အရည်များ နောက်သို့ အမှီလိုက်၍ လိုက်လံဖမ်းဆီးတော့သည်။
ထိုအရာသည်... မိစ္ဆာသန္ဓေသားကြောင့် ဖြစ်ပေါ်လာသည့် ထူးဆန်းသော ဖြစ်စဉ် လုံးဝ မဟုတ်ချေ။
သူသည် ထိုကဲ့သို့သော အရာမျိုးကို... ဘယ်နေရာမှာ မြင်ဖူးခဲ့သည်ကို ရုတ်တရက် အမှတ်ရသွားခဲ့ခြင်း ဖြစ်ပေသည်။
လွန်ခဲ့သောအချိန်က... ကျန်းရန်သူတော်စင် နှင့် အခြားသူများ အတင်းအကျပ် အားစိုက်ပြီး စုစည်းခဲ့ကြသည့် အတွင်းနယ်မြေ ထဲတွင်လည်း... ဤကဲ့သို့သော အရာမျိုး ရှိနေခဲ့သည် မဟုတ်ပါလား။
ထိုအရာသည်... အတွင်းနယ်မြေအတွင်း၌ ဖြစ်တည်လာတတ်သော တစ်စုံတစ်ရာသော ထူးဆန်းဆန်းပြားလှသည့် မိစ္ဆာအငွေ့အသက် အညစ်အကြေးများ ဖြစ်ပုံရပေသည်။
“ကျန်းရန်သူတော်စင် တို့က... ရှေးဟောင်းတားမြစ်နယ်မြေကို အခြေခံပြီးတော့ အတွင်းနယ်မြေအဖြစ် ကျင့်ကြံခဲ့ကြတာမို့လို့... ဒီလိုအရာမျိုး ရှိနေတာက မဆန်းဘူး။ ဒါပေမဲ့ ဒီ ကျိုရွှမ်မျှော်စင်ကြီးကလည်း... တဖြည်းဖြည်းချင်း ပျက်စီးသေဆုံးနေလို့ပဲ... ဒီပစ္စည်းမျိုးကို မွေးဖွားပေးလိုက်တာလား...”
“ဒါဆို... သူက အရင်တုန်းက ဘာဖြစ်လို့ တစ်ခါမှ ပေါ်မလာခဲ့ဘဲ... ယွီလေးက မိစ္ဆာသန္ဓေသားကို မျိုချလိုက်တဲ့ အချိန်ကျမှ ရုတ်တရက် ပေါ်လာရတာလဲ...”
“သူက... ယွီလေးရဲ့ ခန္ဓာကိုယ်ကို ဝင်ရောက်ကျူးကျော် သိမ်းပိုက်ဖို့ ကြံစည်နေတာလား...”
ဤသို့ တွေးတောမိလိုက်သည်နှင့်... ဖန်ချန်၏ ဝိညာဉ်စွမ်းအား ပျံသန်းနှုန်းသည် ချက်ချင်းပင် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သွားခဲ့တော့သည်။
မကြာမီမှာပင်... သူသည် မိမိ၏ ရှေ့မှောက်တွင် နက်မှောင်လှသော အမည်းစက်တစ်ခု အသည်းအသန် ထွက်ပြေးတိမ်းရှောင်နေသည်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။
“ထွက်ပြေးချင်တာလား...”
ဖန်ချန်၏ မျက်ဝန်းအစုံက အေးစက်တည်ငြိမ်သွားခဲ့ပြီး... လက်ကို ဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို လှမ်း၍ ဆွဲဖမ်းလိုက်ရာ... သူ၏ နောက်ကျောဘက်တွင်လည်း ကြီးမားလှသော တံခါးမကြီးတစ်ခု ဝုန်းခနဲ ပွင့်ဟလာသကဲ့သို့ ခံစားလိုက်ရသည်။
အလုံးအရင်းနှင့် ပြည့်လျှံနေသော ကန့်သတ်ချက်ကို ကျော်လွန်ခြင်း စွမ်းအားများသည် လှိုင်းတံပိုးများကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး... ကြီးမားလှသော လက်ဝါးကြီးတစ်ဝါးအဖြစ် ပြောင်းလဲကာ... အဆိုပါ နက်မှောင်လှသော အရည်များကို တိုက်ရိုက် နှိပ်ကွပ်ရန် ကြိုးစားလိုက်တော့သည်။
သူ၏ လက်ရှိ အစွမ်းသတ္တိသည်... သူတော်စင်တစ်ပိုင်းအဆင့် နယ်ပယ်သို့ တည်ငြိမ်စွာဖြင့် ခြေချရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ အတွင်းနယ်မြေမှာ... အစောပိုင်း အဆင့်မျှသာ စုစည်းထားရသေးသဖြင့် အတွင်းပိုင်းရှိ အရာအားလုံးက တည်ငြိမ်မှု မရှိသေးဘဲ... သူကိုယ်တိုင်ပင် အထဲသို့ ဝင်ရောက်ကြည့်ရှုခြင်း မပြုရသေးသော်လည်း... သူသည် အတွင်းနယ်မြေ၏ စွမ်းအားအချို့ကိုမူ စတင်၍ ထုတ်ယူအသုံးပြုနိုင်နေပြီ ဖြစ်သည်။
ဤကဲ့သို့သော ဖမ်းဆီးမှုမျိုးအောက်တွင်... သာမန် သူတော်စင်တစ်ပိုင်းအဆင့်ရှိသူ ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလျှင်ပင်... သေချာပေါက် ဒဏ်ရာရရှိသွားနိုင်ပေသည်။
သို့သော်လည်း... သူ၏ ကြီးမားလှသော လက်ဝါးကြီးက ထိုနက်မှောင်လှသော အရည်များကို ထိတွေ့ရန် ကြံရွယ်လိုက်ရုံမျှရှိသေး... တစ်ဖက်လူက ငါးရှဉ့်တစ်ကောင်ကဲ့သို့ အလွန်အမင်း ချောမွတ်စွာဖြင့်... သူ၏ ဖမ်းဆီးမှုအောက်မှနေ၍ တိုက်ရိုက် လျှောထွက်သွားခဲ့တော့သည်။
ထိုကဲ့သို့သော နည်းလမ်းဖြင့်... သူသည် လေးငါးကြိမ်ခန့်အထိ ထပ်မံ၍ စမ်းသပ်ဖမ်းဆီးကြည့်ခဲ့သော်လည်း... ထိုအရာကို လုံးဝ ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ချေ။
“မင်း ဘယ်လောက်အထိ ဝေးဝေး ပြေးနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
ဖန့်ချန်သည် ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုတော့ဘဲ... ထိုအရာ၏ နောက်သို့သာ ထပ်ကြပ်မကွာ အမြဲတမ်း လိုက်လံစောင့်ကြည့်နေခဲ့သည်။
မသိမသာဖြင့် ရက်အနည်းငယ်မျှသော အချိန်ကာလများ ကုန်ဆုံးသွားခဲ့ရသည်။
ထိုနက်မှောင်လှသော အရည်များသည်... ဖန့်ချန်၏ မျက်နှာစာ ရှေ့မှောက်တွင်ပင်... ရုတ်တရက် အစအန လုံးဝမကျန်ဘဲ ရှာမတွေ့တော့လောက်အောင် ကွယ်ပျောက်သွားခဲ့တော့သည်။
ဖန့်ချန်သည် ဤဝန်းကျင်တစ်ခုလုံးကို အကြိမ်ကြိမ် အထပ်ထပ် ရှာဖွေကြည့်ခဲ့သော်လည်း... မည်သည့် ခြေရာလက်ရာ သဲလွန်စမျှ ရှာမတွေ့ခဲ့ချေ။ ထိုနက်မှောင်လှသော အရည်များသည် လေထုထဲတွင်ပင် အလိုလို ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသဖြင့်... သူသည် ချက်ချင်းပင် မိမိ၏ ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရုပ်သိမ်းရန် ရွေးချယ်လိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်... ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
နတ်မိမယ်ယွီမှာမူ ယခုထက်ထိ နှစ်ခြိုက်စွာဖြင့် အိပ်မောကျနေဆဲပင်။
ဖန့်ချန်၏ စိတ်ထဲတွင်မူ... ခပ်ဖွဖွ ထိတ်လန့်တုန်လှုပ်မိသည့် ခံစားချက်တစ်ခု အလိုလို ပေါ်ထွက်လာခဲ့သည်။ တကယ်လို့ လွန်ခဲ့သောအချိန်က နတ်မိမယ်ယွီသည် တစ်ဦးတည်းသာ မိစ္ဆာသန္ဓေသားကို မျိုချခဲ့ပြီး... မိမိအနေဖြင့် ထိုနက်မှောင်လှသော အရည်များ၏ တည်ရှိမှုကို သတိမထားမိခဲ့ပါက... နောက်ဆက်တွဲအနေဖြင့် ဘာတွေ ဖြစ်ပျက်သွားနိုင်မလဲ...။
သူသည် ဆိုးကျိုးဖြစ်နိုင်ချေ အမျိုးမျိုးကို တွေးတောဆင်ခြင်ကြည့်လိုက်မိသော်လည်း... မည်သည့်အခြေအနေမျိုးမဆို... သူ လုံးဝ မြင်တွေ့လိုသည့် အခြေအနေမျိုး မဟုတ်ချေ။
ဖန့်ချန်၏ စိုက်ကြည့်နေမှုကို အာရုံခံမိ၍ ထင်ရသည်...၊ နတ်မိမယ်ယွီ၏ မျက်တောင်လေးများက ခပ်ဖွဖွ လှုပ်ရှားသွားခဲ့ပြီးနောက်... မျက်လုံးနှစ်လုံးကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်တော့သည်။ သူမ၏ မျက်ဝန်းထဲတွင် အစပိုင်း၌ တွေဝေငေးမောမှုများ ပြည့်နှက်နေသော်လည်း... နောက်ဆုံးတွင်မူ ဖန့်ချန်၏ မျက်နှာပေါ်သို့ အကြည့်ကို တဖြည်းဖြည်းချင်း စုစည်းလိုက်တော့သည်။
“သခင်လေး...”
“အားလုံး... ပြန်မှတ်မိသွားပြီလား...”
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
“မှတ်မိသွားပါပြီ...”
နတ်မိမယ်ယွီက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အမူအရာလေးဖြင့် ပြောဆိုလိုက်သည်။
“နတ်ဘုရားနယ်မြေထဲက ကျွန်မရဲ့ အမှတ်သညာတွေကော... ကျွယ်မင်ကြယ်ပေါ်က သံသရာလည်ခဲ့တဲ့ အမှတ်သညာတွေကော အားလုံး ပါဝင်ပါတယ်...”
“အခုတော့... ငါ့ကို ရန်သူလို သဘောထားပြီး ထပ်ပြီးတော့ လိုက်မသတ်တော့ဘူး မဟုတ်လား...”
ဖန့်ချန်က လှောင်ပြောင်ကျီစယ်လိုက်သည်။
“အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
နတ်မိမယ်ယွီက ရှက်ပြုံးလေး ပြုံးလိုက်ရင်း...
“လောကကြီးမှာ... ကျွန်မဘေးမှာ ဒီလောက်အထိ အချိန်အကြာကြီး ပေးပြီးတော့ အတူတူ နေပေးနိုင်မယ့်သူက... ရှင့်တစ်ယောက်တည်းပဲ ရှိတာကို... သခင်လေးရယ်...”
သူမက စကားကို ခဏမျှ ရပ်တန့်လိုက်ပြီးနောက်...
“ဒါပေမဲ့ တကယ်ကို ထူးဆန်းတာပဲ...၊ သခင်လေးက ကျွန်မရဲ့ နတ်ဘုရားနယ်မြေထဲက ကိစ္စရပ်တွေကို ဘယ်လိုလုပ်ပြီး သိနေတာလဲ...၊ ဒါပေမဲ့ ကျွန်မရဲ့ နတ်ဘုရားနယ်မြေထဲက အမှတ်သညာတွေထဲမှာတော့... သခင်လေးရဲ့ တည်ရှိမှုက လုံးဝ မရှိခဲ့ဘူးနော်...”
“မင်း...သံသရာမသေမျိုးဂိုဏ်း အကြောင်းကို ကြားဖူးလား...”
ဖန်ချန်က မေးမြန်းလိုက်သည်။
“ဘာပြောလိုက်တာလဲ...”
နတ်မိမယ်ယွီက စကားလုံးကို သေချာမကြားရသကဲ့သို့ ဖြစ်နေပေသည်။
ဖန်ချန်က နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ မေးမြန်းကြည့်ခဲ့သော်လည်း... နောက်ဆုံးတွင်မူ သူမသည်လည်း အခြားသူများကဲ့သို့ပင်... သံသရာမသေမျိုးဂိုဏ်း ဆိုသည့် စကားလုံးကို လုံးဝ ကြားနိုင်စွမ်း မရှိတော့ကြောင်းကို အသေအချာ အတည်ပြုလိုက်မိတော့သည်။
ထိုအရာသည်... လူသားတစ်ယောက်၏ သိမြင်နားလည်နိုင်စွမ်းကို အဓိက ကန့်သတ်ပိတ်ဆို့ထားသည့် နည်းလမ်းတစ်မျိုး ဖြစ်ပေသည်။
“ဘာမှမဟုတ်တော့ပါဘူး...၊ မင်းဘက်က အတိတ်ဘဝ အမှတ်သညာတွေ ပြန်ပွင့်လာပြီဆိုမှတော့... ငါတို့တွေ အပြင်ကို အရင်ဆုံး ထွက်ကြတာပေါ့...”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။
“အပြင်ကို ထွက်ရမှာလား...၊ ဒါဆိုရင် ကျွန်မ အောက်က မျောက်ကောင်လေးတွေကို သွားပြီးတော့ နှုတ်ဆက်လိုက်ဦးမယ်...”
နတ်မိမယ်ယွီ၏ မျက်ဝန်းထဲတွင် တွဲဖက်တွယ်တာပြီး မခွဲခွာနိုင်သည့် အရိပ်အယောင်များ ပေါ်လွင်နေပေသည်...၊ သို့သော်လည်း သူမအနေဖြင့် ထိုကျိုရွှမ်မျှော်စင်အတွင်းရှိ အရာအားလုံးသည်... မိမိနှင့် ဖန့်ချန် နှစ်ဦးတည်းမှအပ ကျန်ရှိသမျှ အရာအားလုံးက အတုအယောင်များသာ ဖြစ်သည်ကို ကောင်းစွာ နားလည်ထားပေသည်။
“သွားလေ...”
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်တော့သည်။
နတ်မိမယ်ယွီ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးနောက်... သူသည် မတ်တပ်ရပ်၍ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ... သူ၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားခဲ့တော့သည်။
သူ ထပ်မံ၍ ပေါ်ထွက်လာသည့် အချိန်တွင်မူ... ကမောက်ကမ ဖြစ်နေသော ပရမ်းပတာ ဟင်းလင်းပြင် ဟာလာဟင်းလင်းကြီးတစ်ခု အတွင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုနေရာတွင် ရှိနေသော စွမ်းအားများသည် အလွန်အမင်း ပြင်းထန်ကြမ်းတမ်းလွန်းလှပြီး... သေးငယ်လှသော အမှတ်အသားတစ်ခုခုကို ခပ်ဖွဖွ ထိတွေ့လိုက်ရုံမျှဖြင့်... ချက်ချင်းပင် ပေါက်ကွဲသွားနိုင်သည့်ပုံစံမျိုး ဖြစ်နေပေသည်။
ဤအရာသည်... သူ ကျိုရွှမ်မျှော်စင်အတွင်း၌ အတင်းအကျပ် အားစိုက်ပြီး စုစည်းခဲ့သည့် သူ၏ ကိုယ်ပိုင် အတွင်းနယ်မြေ ပင် ဖြစ်သည်။
သူသည် အချိန်ကာလ နှစ် ၃၀၀၀ ကျော်မျှအထိ အသုံးပြုခဲ့ရသော်လည်း... သူသည် ထိုအထဲမှ တကယ့် အဓိက သော့ချက် အနှစ်သာရကိုမူ ယခုထက်ထိ သေချာပေါက် နားမလည်နိုင်သေးချေ။
လက်ရှိ ရှုထောင့်ကနေ ကြည့်မည်ဆိုလျှင်... ဤအတွင်းနယ်မြေသည် ရှုံးနိမ့်ပျက်စီးနေသော အတွင်းနယ်မြေတစ်ခုသာ ဖြစ်ပေသည်။
တကယ်လို့ လက်တွေ့ကမ္ဘာထဲတွင်သာ ဤကဲ့သို့ စုစည်းမိခဲ့မည်ဆိုလျှင်... သူသည် သေချာပေါက် အခြားသော သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများထဲတွင်... အောက်ခြေအကျဆုံး တည်ရှိမှုမျိုးသာ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း... ထိုကဲ့သို့သော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ဖူးပြီး... မပြည့်စုံသော်လည်း အောင်မြင်ခဲ့ဖူးသည့် အတွေ့အကြုံကို ရရှိခဲ့ပြီဖြစ်သဖြင့်... သူသည် နောက်တစ်ကြိမ်တွင်မူ ပိုမိုကောင်းမွန်လှသော စမ်းသပ်မှုအသစ်ကို ပြုလုပ်နိုင်မည်ဖြစ်ပြီး... မိမိကိုယ်ကိုယ် စိတ်ကျေနပ်မှု ရရှိစေနိုင်မည့် တကယ့် အတွင်းနယ်မြေအစစ်အမှန်ကို သေချာပေါက် စုစည်းနိုင်လိမ့်မည် ဖြစ်သည်။
ဖန်ချန်အနေဖြင့် ထိုအတွင်းနယ်မြေထဲမှနေ၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည့် အချိန်တွင်ပင်... သူ၏ မျက်နှာစာရှေ့မှောက်ရှိ ပြင်းထန်ကြမ်းတမ်းလှသော ဟင်းလင်းပြင်ထဲတွင်... ကန့်သတ်ချက်ကို ကျော်လွန်ခြင်း စွမ်းအားများ၏ စီးဆင်းမှုများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအရှိန်အဝါ စီးဆင်းမှုများသည်... ရုတ်တရက်ကြီးမားလှသော မျက်နှာပြင် အလင်းပိတ်စကြီးတစ်ခုအဖြစ် စုစည်းဖြစ်တည်သွားခဲ့တော့သည်။
ထိုအလင်းပိတ်စကြီး၏ အတွင်း၌မူ... အဆုံးအစမရှိ ကျယ်ပြောလှသော စကြာဝဠာ ဟင်းလင်းပြင်ကြီးနှင့်... ကြီးမားလှသော... စစ်တပ်ကြီးတစ်တပ်ကို လှမ်း၍ မြင်တွေ့လိုက်ရတော့သည်...။
အခန်း (၁၉၈၄) - မီးနတ်ဘုရားမျိုးနွယ် အာဏာရရှိခြင်း
ဒါက...
ဖန့်ချန်သည် ချက်ချင်းပင် ထွက်ခွာသွားရန် စိတ်ကူးကို ဖျောက်ဖျက်လိုက်ပြီး... ခန္ဓာကိုယ်ကို လှည့်ကာ ဤကြီးမားလှသော အလင်းပိတ်စကြီး၏ ရှေ့မှောက်သို့ လျှောက်လှမ်းလာခဲ့သည်။ သူ၏ မျက်ဝန်းအစုံထဲတွင် စုစုစိုက်စိုက် စူးစမ်းလိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာပေသည်။
ထိုအလင်းပိတ်စကြီး၏ အတွင်း၌မူ...မသေမျိုးလှေအစင်းပေါင်း ထောင်ချီ၍ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းမောင်းနှင်နေကြသည်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။
မသေမျိုးလှေ တစ်စင်းချင်းစီ၏ ပေါ်တွင်မူ... အဆုံးအစမရှိ များပြားလှသော လူရိပ်လူယောင်များ တည်ရှိနေကြပေသည်။
အလင်းပိတ်စကြီးက ခြားနားပိတ်ဆို့ထားသော်လည်း... ဖန့်ချန်အနေဖြင့် ထိုလူရိပ်များ၏ ခန္ဓာကိုယ်ပေါ်မှနေ၍ အလွန်တရာ ပြင်းထန်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါ စွမ်းအားများကို အထင်အရှား ခံစားမိနေသည်။
“ရေတွက်လို့မရနိုင်အောင် များပြားလှတဲ့ အဆင့် ၉ ကျွမ်းကျင်သူတွေ...၊ ပြီးတော့ ကန့်သတ်ချက်ကို ကျော်လွန်ခြင်း ပထမခြေလှမ်း၊ ဒုတိယခြေလှမ်း၊ တတိယခြေလှမ်း ကောင်တွေကော... သူတော်စင်တစ်ပိုင်းအဆင့်တွေပါ ပါဝင်နေတာပဲ...”
ဖန့်ချန်၏ မျက်နှာအမူအရာက အနည်းငယ် လေးနက်အုံ့မှိုင်းသွားခဲ့ရသည်။ ဤအလင်းပိတ်စကြီးသည် သေချာပေါက် အကြောင်းမဲ့သက်သက် ပေါ်ထွက်လာခြင်း မဟုတ်ချေ။ သူ၏ ကိုယ်ပိုင် အတွင်းနယ်မြေထဲတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ပေါ်ထွက်လာနိုင်သည်ဆိုလျှင်... ဖြစ်နိုင်သည်မှာ ထိုကျင့်ကြံသူ အုပ်စုကြီးသည် သူနှင့် တစ်စုံတစ်ရာသော ဆက်စပ်ပတ်သက်မှု ရှိနေ၍ ဖြစ်ပေလိမ့်မည်။
“ကျန်းရန်သူတော်စင် ရဲ့ ပါးစပ်က ပြောခဲ့တဲ့ အဲဒီလူအုပ်စုကြီးလား...”
စိတ်ကူးတစ်ခု လျှပ်ခနဲ ပေါ်ထွက်လာပြီးနောက်... ဖန့်ချန်၏ အကြည့်က မသေမျိုးလှေများ၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသော အကြီးမားဆုံး လှေကြီးတစ်စင်းပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို လှေ၏ ပုံစံသည်... လွန်ခဲ့သောအချိန်က ကူးယွဲ့လင်း ပိုင်ဆိုင်ခဲ့ဖူးသည့် မသေမျိုးလှေနှင့် အနည်းငယ် ဆင်တူလှပေသည်။
လှေ၏ ကုန်းပတ်ပေါ်တွင်မူ... ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက အလယ်ဗဟိုတည့်တည့်တွင် ထိုင်နေပေသည်။
သူ့ရှေ့မှောက်တွင်မူ... အလင်းတန်းဖြင့် ထိုးပြထားသည့် ကြယ်တာရာမြေပုံ တစ်ခု ရှိနေသည်။
ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်သည်... ကြယ်တာရာမြေပုံကို အလွန်အမင်း အာရုံစိုက်လျက် စေ့စေ့စပ်စပ် ဖတ်ရှုစစ်ဆေးနေပြီး... တစ်ခါတစ်ရံတွင် တွေးတောဆင်ခြင်နေတတ်ကာ... တစ်ခါတစ်ရံတွင်မူ ဘေးနားရှိ လူအနည်းငယ်နှင့် စကားစမြည် ပြောဆို ဆွေးနွေးနေတတ်ပေသည်။
ဖန့်ချန် သတိပြုမိလိုက်သည်မှာ... ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ဘေးနားတွင် ရှိနေကြသော လူအနည်းငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ စွမ်းအားများသည်... သူတော်စင်အဆင့် ကျွမ်းကျင်သူများနှင့် အလွန်အမင်း ဆင်တူနေခြင်း ဖြစ်သည်။
“ဒီလူတွေ အားလုံးက... သူတော်စင်အဆင့်တွေလား...”
သူသည် ထို မသေမျိုးလှေပေါ်တွင် ရှိနေကြသော အခြားသော လူများကိုပါ အသေးစိတ် စေ့စေ့စပ်စပ် ထပ်မံ၍ လေ့လာစောင့်ကြည့်လိုက်မိသည်။
“တစ်ယောက်... နှစ်ယောက်... သုံးယောက်... ငါးဆယ်... ငါးဆယ့်ကိုး... ခြောက်ဆယ်...”
“သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ပေါင်း... ခြောက်ဆယ် တောင်မှ ရှိနေတာပဲ...”
ဖန့်ချန်၏ မျက်နှာအမူအရာက ပိုမို၍ လေးနက်တည်ကြည်သွားခဲ့ရပြီး... သူ၏ အကြည့်က ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်ပေါ်သို့ ထပ်မံ၍ ကျရောက်သွားခဲ့ပြန်သည်။
ထိုပုဂ္ဂိုလ်သည်... ဓားကဲ့သို့ ထက်မြက်လှသော မျက်ခုံးအစုံနှင့် ကြယ်တာရာကဲ့သို့ တောက်ပလှသော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားပြီး... အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ဝင်းပနေသဖြင့် အလွန်တရာပင် ချောမောခန့်ညားလှသော ရုပ်ရည်ရှိပေသည်။ မျက်နှာကျမှာ ခိုင်မာပြတ်သားလှသဖြင့် နွဲ့နှောင်းလှသော မိန်းမဆန်သည့် အငွေ့အသက်မျိုး လုံးဝမရှိဘဲ... ယောက်ျားပီသလှသော ယောက်ျားဆန်သည့် အရှိန်အဝါများ ပိုမို၍ ပြည့်နှက်နေပေသည်။
ကျန်ရှိနေသော အခြားသော လူများ၏ ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်အဆင့် အရှိန်အဝါများကိုမူ... ဖန့်ချန်အနေဖြင့် အထင်အရှား အာရုံခံ သိရှိနိုင်ပေသည်။
သို့သော်လည်း... သူသည် ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ စွမ်းအားများကို စူးစမ်းစစ်ဆေးရန် ကြံရွယ်လိုက်သည့် အခါတွင်မူ... တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူထပ်လှသော မြူခိုးမြူငွေ့ကြီးတစ်ခုက ဖုံးလွှမ်းပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသဖြင့်... မည်သို့မျှ အသေအချာ ဖောက်ထွက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ချေ။
“ဒီတစ်ခေါက် ငါတို့ရဲ့ တပ်မဟာကြီး ခြောက်ခုကနေ... စုစုပေါင်း ထောက်လှမ်းရေးသမား တစ်သန်းကျော်လောက်အထိ အပြင်ကို စေလွှတ်ထားတာမလား...၊ အခုထက်ထိ ဘာသတင်းအချက်အလက်မှ ပြန်မရောက်လာသေးဘူးလား...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ရုတ်တရက် ပါးစပ်ကို ဖွင့်ဟ၍ မေးမြန်းလိုက်သည်။
သူ၏ ဘေးနားတွင် အမြဲတမ်း ရိုသေစွာဖြင့် မတ်တပ်ရပ်နေကြသော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီး ခြောက်ဦးစလုံးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ... ချက်ချင်းပင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်၍ ကြည့်လိုက်မိကြပြီး... ထိုအထဲမှ ငါးဦး၏ အကြည့်ကမူ အမျိုးသမီးသူတော်စင်တစ်ဦးပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားခဲ့ကြတော့သည်။
“ဝူရှင်းလင်...၊ မင်းက လျှို့ဝှက်တပ်မဟာရဲ့ အကြီးအကဲ တစ်ယောက်ပဲ...၊ မူလက ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေကို ရှာဖွေရမယ့် တာဝန်က မင်းရဲ့ လက်အောက်မှာပဲ ရှိတာ...၊ ဘာဖြစ်လို့ စီမံကိန်းအတိုင်း အဲဒီ ရှန်းဟုန်း သွေးမျိုးဆက်တွေ ရှိနေတဲ့ တကယ့် တည်နေရာကို တိတိကျကျ မပေးနိုင်ရတာလဲ...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကလည်း ထိုအမျိုးသမီးသူတော်စင်ကို လှမ်း၍ ကြည့်လိုက်ရင်း... တည်ငြိမ်အေးဆေးလှသော လေသံဖြင့် မေးမြန်းလိုက်သည်။
ဝူရှင်းလင် ဟုတ်လား...
ဖန့်ချန်၏ အကြည့်ကလည်း ထိုအမျိုးသမီးသူတော်စင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး... သူ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရသည်။
တကယ်လို့ ထိုခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကသာ ပါးစပ်မှနေ၍ ဤအမျိုးသမီး၏ အမည်နာမကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့လျှင်... သူသည် ဝူရှင်းလင် ကို လုံးဝ မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။
အတိတ်ဘဝကနှင့် နှိုင်းယှဉ်လိုက်လျှင်... လက်ရှိ ဝူရှင်းလင်သည် ပိုမို၍ ရင့်ကျက်တည်ငြိမ်လှသော ပုံစံရှိနေပြီး... မျက်နှာအမူအရာမှာလည်း အနည်းငယ် အသက်ကြီးရင့်သွားသည့်ပုံစံ ရှိပေသည်။ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါ စွမ်းအားများမှာ အလွန်တရာပင် ထူထပ်သိပ်သည်းလှပြီး... လွန်ခဲ့သောအချိန်က ကျန်းရန်သူတော်စင် နှင့် အခြားသူများ၏ အခြေခံအုတ်မြစ်ထက်ပင် များစွာ ပိုမို၍ နက်ရှိုင်းခိုင်မာလှပေသည်။
ထိုအချက်ကြောင့်ပင်... ဖန့်ချန်အနေဖြင့် ဤအမျိုးသမီးသည် မိမိ၏ အသိမိတ်ဆွေဟောင်းတစ်ဦး ဖြစ်နေသည်ကို တစ်ခဏမျှ သတိမထားမိဘဲ နေခဲ့ခြင်း ဖြစ်သည်။
သူမသည်... လွန်ခဲ့သောအချိန်တုန်းက မိမိဆီမှနေ၍ တစ်စုံတစ်ရာသော ရတနာပစ္စည်းကို အတင်းအကျပ် လာရောက်ငှားရမ်းရန် ကြံစည်ခဲ့ဖူးသည့် အရိပ်မျိုးနွယ်စု ရဲ့ တကယ့် ထိပ်သီးပါရမီရှင်မလေး မဟုတ်ပါလား။
ဒါပေမဲ့... ထိုမိန်းမက သူတော်စင်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါလျက်နှင့်... ဘာဖြစ်လို့ အခြားသူတစ်ယောက်ရဲ့ အမိန့်ပေးစေခိုင်းမှုကို နာခံနေရသေးတာလဲ...။
“ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေ...၊ ဒါဆိုရင် ဒီခရမ်းရောင်ဝတ်စုံနဲ့ လူငယ်က... ကျန်းရန်သူတော်စင်ရဲ့ ပါးစပ်က ပြောခဲ့တဲ့ အဲဒီ သခင်လေး ဆိုတဲ့သူ သေချာပေါက် ဖြစ်ရမယ်...”
ဖန့်ချန်က ခရမ်းရောင်ဝတ်စုံနှင့် လူငယ်ကို စိုက်ကြည့်လိုက်မိသည်။
ဤပုဂ္ဂိုလ်သည် အမှန်တကယ်ပင် မိမိနှင့် တစ်စုံတစ်ရာသော ရန်ငြိုးရန်စ ဆက်စပ်မှုများ ရှိနေပေသည်...၊ သူတို့ လာရောက်မည့် တကယ့် ဦးတည်ရာ ပန်းတိုင်သည်လည်း... သေချာပေါက် နယ်မြေကိုးခု ပင် ဖြစ်ရပေမည်။
“သခင်လေး...၊ ကျွန်မလည်း ဒီကိစ္စကို သခင်လေးဆီကို အစီရင်ခံစာ တင်ပြဖို့ ပြင်ဆင်နေတာပါ...”
ဝူရှင်းလင်က လက်နှစ်ဖက်စုကာ ရိုသေစွာဖြင့်...
“ကျွန်မရဲ့ အတွင်းနယ်မြေထဲကနေပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အဆက်အသွယ် ရရှိခဲ့တဲ့ နတ်ဘုရားမျိုးနွယ် က အခု စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပါပြီ...၊ သူ့နဲ့ ပူးပေါင်းခဲ့တဲ့ နတ်ဆိုးမျိုးနွယ် တွေလည်း အလားတူပဲ... တစ်ဖက်လူရဲ့ လိုက်လံသုတ်သင် နှင်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။ တကယ်တော့... သူတို့တွေက နယ်မြေရှာဖွေရေးဂိုဏ်းခွဲ ရဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ လက်ထဲမှာ ရှိနေတဲ့ တကယ့် မှန်ကန်တဲ့ ကြယ်တာရာမြေပုံကို လုံးဝ လက်ဝယ်မရရှိခဲ့ကြပါဘူး...”
“စစ်ရှုံးသွားတာ ဟုတ်လား...၊ မင်း ပြောတုန်းကတော့... အဲဒီ နတ်ဘုရားမျိုးနွယ်က သူတော်စင်တစ်ပိုင်းအဆင့်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်ဆို။ သူ စုစည်းထားတဲ့ အတွင်းနယ်မြေက အောက်ခြေအဆင့် အညံ့စား အတွင်းနယ်မြေတစ်ခု ဖြစ်နေပြီး... အတွင်းနယ်မြေ မိစ္ဆာအညစ်အကြေး တွေရဲ့ နှောင့်ယှက်ဖျက်ဆီးခြင်းကို ခံနေရတယ်ဆိုဦးတော့... ငါကိုယ်တိုင် ပေးသနားထားတဲ့ ရတနာပစ္စည်း ရှိနေတာမို့လို့... သူက အချိန်တိုလေးအတွင်းမှာ အဲဒီခြိမ်းခြောက်မှုတွေကို လုံးဝ ဂရုစိုက်စရာမလိုဘဲ... အတွင်းနယ်မြေရဲ့ စွမ်းအားတွေကို စိတ်တိုင်းကျ ထုတ်သုံးနိုင်ရမှာလေ...”
“ဒီလိုမျိုး အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှိနေပါလျက်နဲ့... သူက အဲဒီ နယ်မြေကိုးခု လို့ ခေါ်တဲ့ နေရာအောက်တန်းစားလေးမှာ ဘာဖြစ်လို့ စစ်ရှုံးသွားရတာလဲ...၊ အဲဒီနေရာမှာ အားအကောင်းဆုံး တည်ရှိမှုဆိုလို့ ကောင်းကင်တာအိုအဆင့်တစ်ပိုင်း ရှိတဲ့သူတွေပဲ ရှိတာ မဟုတ်ဘူးလား...၊ အဲဒီကောင်တွေက တကယ့် စံနှုန်းကျတဲ့ ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့်တွေတောင် မဟုတ်ဘဲ အတုအယောင်တွေပဲလေ...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က မျက်ခုံးကို တွန့်လိုက်ရင်း မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။
“မူလကတော့... ကိစ္စရပ်အားလုံးက ကျွန်မတို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ချောမွေ့စွာ လည်ပတ်နေခဲ့တာပါ...၊ ဒါပေမဲ့ အလယ်အလတ် လမ်းခရီးမှာ မမျှော်လင့်ဘဲ အမှားအယွင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ နယ်မြေကိုးခုဘက်မှာ ဝိညာဉ်မျိုးနွယ် ရဲ့ ထိပ်သီးကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာခဲ့ပြီး... သူက ထူးဆန်းဆန်းပြားလှတဲ့ ဝိညာဉ်လက်နက် တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ရတနာပစ္စည်းရဲ့ အတွင်းထဲမှာ... ကန့်သတ်ချက်ကို ကျော်လွန်ခြင်းအဆင့် ကျွမ်းကျင်သူ ပေါင်း တစ်ထောင်ကျော်နဲ့... အဆင့် ၉ ကျွမ်းကျင်သူ ပေါင်း တစ်သိန်းနီးပါးလောက်အထိ လျှို့ဝှက်သိုဝှက်ထားခဲ့တာပါ။”
ဝူရှင်းလင်က ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ရင်း...
"ဒီလို အင်အားကြီးမားလှတဲ့ စစ်တပ်ကြီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ... လွန်ခဲ့တဲ့ အချိန်က ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ သူတော်စင်အဆင့်ရှိသူ အချို့ရဲ့ လူဝင်စား အစီအစဉ်တွေပါ ပူးပေါင်းလိုက်တဲ့အတွက်... အဆိုပါ နတ်ဘုရားမျိုးနွယ်က ကပ်ကပ်လေးနဲ့ပဲ စစ်ရှုံးသွားခဲ့ရခြင်း ဖြစ်ပါတယ်...”
“ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေက... တကယ်ပဲ နည်းလမ်းအချို့ ရှိနေသေးတာပဲ...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က တည်ငြိမ်စွာဖြင့် တစ်ချက် ပြုံးလိုက်ရင်း...
“လွန်ခဲ့တဲ့အချိန်တုန်းက... ကျန်းရန်သူတော်စင်တို့ရဲ့ ဦးနှောက်က... ဝမ်သောက်သူတော်စင် နဲ့ ဖန်လဲ့ တို့လောက် အသုံးမဝင်ဘူးဆိုတာ ငါ ကောင်းကောင်း သိထားခဲ့တာ...၊ အခု ကြည့်ရတာတော့... သူတို့က တကယ်ပဲ တစ်ဖက်လူရဲ့ လှည့်စားကစားခြင်းကို ခံလိုက်ရပြီး ဦးနှောက်ခြောက်နေကြတဲ့ပုံပဲ...”
“သခင်လေးအနေနဲ့ စိတ်အေးအေးထားပါ...၊ အခုအချိန်မှာ ကျွန်တော်တို့တွေက နယ်မြေကိုးခုရဲ့ အနီးအနားဝန်းကျင်ကို သေချာပေါက် ပိတ်ဆို့ချဉ်းကပ်နိုင်နေပြီဖြစ်လို့... တကယ့် တည်နေရာ အချက်အလက်ကို ရှာဖွေတွေ့ရှိတာနဲ့ တပြိုင်နက်... ကျွန်တော်တို့တွေ နယ်မြေကိုးခုကို ရောက်ရှိသွားတဲ့အခါ... တပ်မဟာကြီး ခြောက်ခုက နယ်မြေကိုးခုမှာ ရှိသမျှ အရာအားလုံးကို လုံးဝ ပိပြားပျက်စီးသွားအောင် ချေမှုန်းပစ်ပါ့မယ်...”
သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်နှစ်ဖက်စုကာ ကတိကဝတ်ပြုလိုက်သည်။
“ရှန်းဟုန်း သွေးမျိုးဆက် ဆိုတာ... တောမြက်ပင်တွေလိုပဲ... ဘယ်လောက်အထိ ရှင်းရှင်း ရှင်းလို့ မကုန်နိုင်ဘဲ ထပ်ခါတလဲလဲ ပေါက်လာတတ်တာမျိုး...။ တကယ်လို့ ဒီတစ်ခေါက်သာ ငါတို့ ဟော်ဆွေ့ မျိုးဆက်ရဲ့ ဘိုးဘေးကြီးက...ဟင်းလင်းပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ရဲ့ ဖြန့်ဖြေရေးခုံရုံး မှာ ဂုဏ်ထူးဆောင် ကောင်းကင်အရှင် ရဲ့ နေရာအချုပ်အခြာကို အောင်မြင်စွာ ရရှိခဲ့ခြင်း မရှိဘူးဆိုရင်... အဲဒီကောင်တွေက အခုထက်ထိ နတ်ဘုရားနယ်မြေ ထဲမှာ တိတ်တဆိတ် ကျင့်ကြံနေကြဦးမှာ...၊ သူတို့က အစွမ်းတွေကို စုဆောင်းပြီးတော့ တစ်နေ့နေ့ကျရင် ငါတို့ကို ပြန်ပြီး ကိုက်ခဲဖို့အတွက်ပဲ စောင့်ဆိုင်းနေကြတာ...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ပြုံးလိုက်ရင်း... သူ၏ အကြည့်က ဝူရှင်းလင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး...
“ငါ မှတ်မိသလောက်ဆိုရင်... မင်းကလည်း အဲဒီ ရှင်စန်းနတ်ဘုရားနယ်မြေကနေ ဆင်းသက်လာခဲ့တာ မဟုတ်လား...၊ နောက်ပိုင်းကျတော့ မင်းတို့ရဲ့ မျိုးနွယ်စုမှာ ပြဿနာအချို့ ထွက်ပေါ်လာခဲ့ပြီးတော့... လွင့်ပါးတိမ်းရှောင်ရတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်သွားခဲ့ရတာမလား...”
ကျန်ရှိနေသော အခြားသော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများသည်လည်း ဝူရှင်းလင်ကို တပြိုင်နက်တည်း လှမ်း၍ ကြည့်လိုက်ကြသည်။
ဝူရှင်းလင်က တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက်... ခေါင်းကို ညင်သာစွာ ညိတ်လိုက်ရင်း...
“မှန်ပါတယ်...၊ လွန်ခဲ့တဲ့အချိန်တုန်းက ကျွန်မတို့မျိုးနွယ်စုက လွင့်ပါးတိမ်းရှောင်ရတဲ့ ဘဝကို ရောက်ရှိသွားခဲ့ပြီး... တိုက်တိုက်ဆိုင်ဆိုင် ချန်းဆွေနတ်ဘုရားနယ်မြေ ရဲ့ အနီးအနားကို ရောက်ရှိလာခဲ့ပါတယ်။ အဒီအခါမှသာ ကျွန်မအနေနဲ့ ကျိုယွီနန်းတော် ထဲကို ဝင်ရောက်ပြီး ကျင့်ကြံခွင့် ရရှိခဲ့တာပါ။
သူတော်စင်အဆင့်ကို ရောက်ရှိပြီးတဲ့နောက်မှသာ... သခင်လေးရဲ့ မျက်စိကျခြင်းကို ခံခဲ့ရပြီး... သခင်လေးရဲ့ နောက်ကို လိုက်ပါပြီ စစ်မြေပြင်အနှံ့မှာ တိုက်ပွဲဝင်ခွင့်ရခဲ့ပြီး ကြီးမားလှတဲ့ စစ်မှုထမ်းကောင်းမှုတွေကို တည်ဆောက်နိုင်ခဲ့တာပါ။
ဒါကြောင့်မို့လို့လည်း ကျွန်မတို့ မျိုးနွယ်စုက ချန်းဆွေနတ်ဘုရားနယ်မြေထဲမှာ အခြေတကျ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် ခိုင်မာလှတဲ့ အခြေခံအုတ်မြစ်တွေကို ရရှိခဲ့တာပါ...”
“ဒါဆို... နောက်ပိုင်းကျတော့... မင်းတို့ရဲ့ မူလ အရပ်ဒေသဖြစ်တဲ့ ရှင်စန်းနတ်ဘုရားနယ်မြေထဲမှာ... ဘယ်သူက အာဏာစက်ကို သိမ်းပိုက်ရရှိသွားလဲဆိုတာ မင်း ကြားမိသေးလား...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ပြုံးလျက် မေးမြန်းလိုက်သည်။
“ကြားမိသလောက်ဆိုရင်တော့...မီးနတ်ဘုရားမျိုးနွယ် လို့ ထင်ရပါတယ်...”
ဝူရှင်းလင်က လေသံတိုးတိုးလေးဖြင့် ဖြေကြားလိုက်သည်။
ဖန့်ချန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ... သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းဆန်းပြားလှသော အမူအရာတစ်ခု အလိုလို ထွက်ပေါ်လာခဲ့ရသည်။
နတ်ဘုရားမျိုးနွယ်က တိမ်းရှောင်ခဲ့ရပြီး... အခု ကြည့်ရတာ အရိပ်မျိုးနွယ်စုကလည်း လွင့်ပါးတိမ်းရှောင်ခဲ့ရပုံရပေသည်။
သို့သော်လည်း... ဘာဖြစ်လို့ မီးနတ်ဘုရားမျိုးနွယ်စုကမှ... အာဏာစက်ကို သိမ်းပိုက်ခွင့် ရရှိသွားရတာလဲ...။
ဘယ်လိုပဲ တွက်ချက်တွက်ချက်... မီးနတ်ဘုရားမျိုးနွယ်စုရဲ့ အလှည့်ကို လုံးဝ ရောက်ရှိလာစရာ အကြောင်းမရှိချေ။
“မင်း သိလား... ဘာဖြစ်လို့ မီးနတ်ဘုရားမျိုးနွယ်စုက အာဏာရရှိသွားလဲဆိုတာ...၊ ဘာဖြစ်လို့လဲဆိုတော့... သူတို့တွေက အစကတည်းကနေ အဆုံးအထိ... ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေကို တစိုက်မတ်မတ် လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြလို့ပဲ။ ငါတို့ မျိုးဆက်ရဲ့ ဘိုးဘေးကြီးက ဒီကိစ္စကို သိရှိသွားတဲ့ အခါကျတော့... မီးနတ်ဘုရားမျိုးနွယ်စုအပေါ်ကို အလွန်အမင်း သဘောကျပြီး မျက်နှာသာပေးခဲ့ရုံတင်မကဘဲ... သူတို့ကို လမ်းညွှန်ချက်အချို့ ပေးသနားခဲ့သေးတာ...။
ပြီးတော့... လွန်ခဲ့တဲ့အချိန်က နဂါးသူတော်စင် တို့ရဲ့ နေရာတွေကို အစားထိုးဖို့အတွက်... သူတော်စင်အဆင့် ကျွမ်းကျင်သူအသစ်အချို့ကိုပါ ထပ်မံစေလွှတ်ပေးခဲ့တာလေ။ ဒီလို ဆက်စပ်ပတ်သက်မှုမျိုး ရှိနေခဲ့လို့သာ... မီးနတ်ဘုရားမျိုးနွယ်စုက နောက်ဆုံးမှာ အတိတ်က နတ်ဘုရားမျိုးနွယ်ထက် မနိမ့်ကျတဲ့ အင်အားကြီးမားလှတဲ့ မျိုးနွယ်စုကြီးတစ်ခုအဖြစ် ကြီးထွားလာနိုင်ခဲ့ပြီး... ရှင်စန်းနတ်ဘုရားနယ်မြေရဲ့ တကယ့် အာဏာအချုပ်အခြာကို သိမ်းပိုက်နိုင်ခဲ့တာပေါ့...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ပြုံးလျက် ရှင်းပြလိုက်သည်။
ဝူရှင်းလင်၏ မျက်နှာအမူအရာက ပိုမို၍ ရိုသေကိုင်းညွတ်သွားခဲ့ရပြီး... ကျန်ရှိနေသော အခြားသော သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများသည်လည်း ထိုကိစ္စရပ်၏ နောက်ကွယ်တွင် ရှိနေသော စွမ်းအားကြီးမားမှုက မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ကို အသေအချာ ခံစားမိလိုက်ကြသည်။
လူငယ်က လမ်းညွှန်ချက်အချို့ ပေးသနားခဲ့ရုံမျှဖြင့်... တကယ့် သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများကို အတင်းအကျပ် စေလွှတ်ပေးခဲ့ပြီး... နောက်ဆုံးတွင် ဤကဲ့သို့သော သေးငယ်လှသော မျိုးနွယ်စုလေးတစ်ခုကို... ရှင်စန်းနတ်ဘုရားနယ်မြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အာဏာပိုင်အဖြစ်သို့ မြှင့်တင်ပေးခဲ့ခြင်း ဖြစ်ပေသည်။ ထိုအရာသည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အာဏာစက်မျိုး ဖြစ်သနည်း။
“ငါ မင်းတို့ကို ဒီအကြောင်းအရာတွေကို ပြောပြနေရတာက... မင်းတို့အနေနဲ့ ဒီအချက်ကို စိတ်ထဲမှာ သေချာပေါက် စွဲမြဲစွာ မှတ်သားထားစေချင်လို့ပဲ။ မင်းတို့တွေက လူသားမျိုးနွယ် ဖြစ်ဖြစ်... မဖြစ်ဖြစ်... ဒါမှမဟုတ် ဟော်ဆွေ့ မျိုးဆက်ကနေ ဆင်းသက်လာတာ ဖြစ်ဖြစ်... မဖြစ်ဖြစ်... ငါတို့အတွက် အရေးမကြီးဘူး။
မင်းတို့အနေနဲ့... ရှန်းဟုန်း သွေးမျိုးဆက်ရဲ့ အကြွင်းအကျန်တွေကို လုံးဝ သုတ်သင်ချေမှုန်းပစ်ဖို့ကို... ကိုယ့်ရဲ့ ကိုယ်ပိုင်တာဝန်တစ်ခုအနေနဲ့ သဘောထားပြီး ဆောင်ရွက်သရွေ့... ဟော်ဆွေ့ ဘိုးဘေးကြီးက မင်းတို့ကို ဘယ်တော့မှ မတရားသဖြင့် နှိမ်ချဆက်ဆံမှာ မဟုတ်ဘူး...”
ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ပြုံးလျက် ပြောဆိုလိုက်သည်။
“နားလည်ပါပြီ...”
သူတော်စင်အဆင့် ပုဂ္ဂိုလ်ကြီးများအားလုံးက လေးနက်တည်ကြည်လှသော မျက်နှာအမူအရာများဖြင့် ခေါင်းကို ညိတ်လိုက်ကြတော့သည်။
“ဟော်ဆွေ့ ဘိုးဘေးကြီး ဟုတ်လား...”
ဖန့်ချန်၏ မျက်နှာအမူအရာကလည်း အလားတူပင် အလွန်အမင်း လေးနက်တည်ကြည်သွားခဲ့ရသည်။
ထိုစကားဝိုင်းကို ကြားလိုက်ရခြင်းအားဖြင့်... သူသည် အလွန်တရာ အသုံးဝင်လှသော သတင်းအချက်အလက် အမြောက်အမြားကို ရရှိခဲ့ပြီ ဖြစ်သည်။
တစ်ဖက်လူသည်... ဤမျှလောက် ဝေးကွာလှသော အရပ်ဒေသကနေ၍ပင်... နယ်မြေကိုးခု၏ အခြေအနေအချို့ကို အတိုင်းအတာတစ်ခုအထိ အသေအချာ နားလည်သဘောပေါက်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့ ဖြစ်ရခြင်းမှာ... ဝူရှင်းလင်၏ အတွင်းနယ်မြေကနေတစ်ဆင့်... ရှေးဟောင်းမိစ္ဆာ နှင့် တိုက်ရိုက် ဆက်သွယ်နိုင်ခဲ့သောကြောင့် ဖြစ်ရပေမည်။
“ဒါကြောင့်မို့လို့လည်း... ရှေးဟောင်းမိစ္ဆာက အတွင်းနယ်မြေရဲ့ စွမ်းအားတွေကို ဘာမှတွေးပူစရာမလိုဘဲ အတားအဆီးမရှိ ထုတ်သုံးနိုင်ခဲ့တာပဲ...၊ ဘာဖြစ်လို့လဲဆိုတော့ သူက ဒီဘက်က လူတွေနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေခဲ့ပြီးတော့... အဲဒီလူငယ်ဆီကနေပြီးတော့... အတွင်းနယ်မြေ မိစ္ဆာအညစ်အကြေးတွေကို ဖျောက်ဖျက်ပေးနိုင်မယ့် ရတနာပစ္စည်းတွေကို ရရှိထားခဲ့လို့ကိုး...”
ဖန့်ချန်၏ မျက်နှာအမူအရာက ထူးဆန်းသွားခဲ့ရပြီး... သူသည် အခုမှပင် ထိုနက်မှောင်လှသော အရည်များ၏ တကယ့် အမည်နာမမှာ ဘာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့ရခြင်း ဖြစ်သည်။
“ဒါပေမဲ့... တစ်ခုခုတော့ မှားနေသလိုပဲ...၊ ရှေးဟောင်းမိစ္ဆာ စစ်ရှုံးသွားခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တစ်ခုလေ...၊ ဘာဖြစ်လို့ ဝူရှင်းလင်က အခုအချိန်ကျမှ သခင်လေးဆီကို အစီရင်ခံစာ လာတင်နေရတာလဲ...”
ဤသို့ တွေးတောမိလိုက်သည်နှင့်... ဖန့်ချန်၏ အကြည့်က ဝူရှင်းလင်၏ မျက်နှာပေါ်သို့ ထပ်မံ၍ ကျရောက်သွားခဲ့ပြန်ရာ... သူမ၏ တည်ငြိမ်အေးဆေးလှသော မျက်နှာအမူအရာအောက်တွင်မူ... မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ အပြင်ပန်းသို့ ထွက်ပေါ်လာခြင်း မရှိသည်ကို တွေ့လိုက်ရပေသည်။