အခန်း (၅၆၀-၅၆၁)
Vol. 52 Ch. 560-561
အပိုင်း (၅၆၀)
မဟာဝူနိုင်ငံတော်၏ နန်းတော်အတွင်းတွင်မူ မဟာဝူဧကရာဇ်သည် အခုတလော မျက်နှာမကောင်းဘဲ သောကရောက်နေခဲ့သည်။
ဒါတွေအားလုံးက မဟာရှနိုင်ငံတော်ကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့်ပင် ဖြစ်သည်။
သူသည် မိစ္ဆာကြီး၏ ဒဏ်ကို ကြံ့ကြံ့ခံ ကျော်ဖြတ်ပြီးနောက် နိုင်ငံအားလုံးသည် ခြေလှမ်းတူညီစွာဖြင့် မိမိတို့၏ နိုင်ငံတော်အင်အား ပြန်လည် ဦးမော့လာစေရန် အတူတူ ကြိုးစားကြလိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မဟာရှနိုင်ငံတော်ကမူ အခြားသူများကို အဝေးတွင် ဖြတ်ကျော်ကာ ရှေ့သို့ ဒုန်းစိုင်း ပြေးထွက်သွားခဲ့ချေလေပြီ။
အစမှအဆုံးအထိ မဟာရှနိုင်ငံတော်သည် ထိုမိစ္ဆာ၏ ဘေးဒုက္ခဒဏ်ကို လုံးဝမခံစားခဲ့ရပေ။
မိစ္ဆာပျောက်ကွယ်သွားပြီးနောက်တွင်လည်း သူတို့သည် တစ်ချက်မျှ တိုက်ခိုက်စရာမလိုဘဲ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေအကျယ်အဝန်း မိုင်ပေါင်းသန်းချီ တိုးပွားလာကာ နိုင်ငံတော်အင်အားကလည်း ထိုးတက်သွားခဲ့သည်။
ထို့အပြင် မဟာရှနိုင်ငံတော်၏ ဓားသွန်းလုပ်သူ ဆရာကြီး အိုးယမ်ဇီကလည်း အဆင့်တက်လှမ်းကာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သေးသည်။
ဒါဟာ မဟာရှနိုင်ငံတော်တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ထပ်တိုးလာခြင်းကို ဆိုလိုရုံတင် မကဘဲ နတ်ဘုရားအဆင့် လက်နက်များကို အဆက်မပြတ် ထုတ်လုပ်နိုင်တော့မည် ဖြစ်ရာ အခြားနိုင်ငံများနှင့် ကွာဟချက်ကို ပိုမို ကျယ်ပြန့်သွားစေတော့မည် ဖြစ်သည်။
တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေဦးမည်ဆိုပါက မဟာရှနိုင်ငံတော်က ပိုမိုသန်မာလာပြီး သူတို့ကမူ တဖြည်းဖြည်း အားနည်းသွားပေလိမ့်မည် ဖြစ်သည်။
မိမိ၏ ဦးခေါင်းပေါ်တွင် ဓားတစ်လက် အချိန်မရွေး ကျရောက်လာနိုင်သည့် အခြေအနေမျိုးကို မည်သူကမျှ လိုလားမည်မဟုတ်ပေ။
ယခုအခါ မဟာရှနိုင်ငံတော်က ထိုကဲ့သို့သော အခြေအနေမျိုးဆီသို့ ပိုမိုဦးတည်လာနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မဟာရှနိုင်ငံတော်၏ အထွက်တိုးစပါးမျိုးများ မိမိတို့လက်ထဲသို့ ရောက်ရှိနေပြီဆိုသည့် အချက်ကို တွေးမိလိုက်ချိန်တွင်မူ မဟာဝူဧကရာဇ်၏ ညှိုးငယ်နေသော မျက်နှာထက်၌ သက်သာရာရသွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် မိစ္ဆာဘေးဒုက္ခအပြီးတွင် မဟာဝူနိုင်ငံတော်အနေဖြင့် ပြန်လည်ဦးမော့လာနိုင်ရန် ဤအထွက်တိုးစပါးမျိုးကိုသာ အဓိက အားကိုးထားနေရခြင်း မဟုတ်ပါလော။
“ငါတို့ တကယ်ပဲ မဟာရှနိုင်ငံတော်ကို ကျေးဇူးတင်ရမယ်။ သူတို့သာ သဘောထားမကြီးဘဲ ဒီလိုအထွက်တိုးစပါးမျိုးတွေကို မမျှဝေပေးခဲ့ဘူးဆိုရင် ငါတို့ ဒီလိုမျိုးတွေ ရလာမှာမဟုတ်ဘူး။ ဒီစပါးတွေနဲ့ဆိုရင် မဟာဝူနိုင်ငံတော် ပြန်လည်ဦးမော့လာဖို့ နှစ်နှစ်တောင် ကြာမှာမဟုတ်ဘူး။ ဆုံးရှုံးမှုတစ်ခုက ကောင်းချီးတစ်ခု ဖြစ်လာတာပဲ... လင်းပိုင်ဖန်... မင်းကိုတော့ ငါ လောလောဆယ် အပြစ်မရှာတော့ဘူး”
တိုက်တိုက်ဆိုင်ဆိုက်ပင် ထိုအချိန်တွင် နန်းတွင်းဝန်ကြီးချုပ်က ပျာပျာသလဲဖြင့် အထဲသို့ ပြေးဝင်လာခဲ့သည်။
“အရှင်မင်းကြီး... အရေးပေါ် သတင်းပါဘုရား...”
ပုံမှန်အချိန်တွင် တည်ငြိမ်လှသော ဝန်ကြီးချုပ်က ယခုကဲ့သို့ ပျာယာခတ်နေသည်ကို မြင်လိုက်ရသဖြင့် မဟာဝူဧကရာဇ်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ချက်ချင်းပင် ခံစားလိုက်ရပြီး မျက်မှောင်ကုပ်လျက် - “အမတ်မင်း... ဘာကိစ္စရှိလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ... သေချာ တည်တည်ငြိမ်ငြိမ် ပြောစမ်း...”
ဝန်ကြီးချုပ်က တုန်လှုပ်ချောက်ချားနေသော အသံဖြင့် - “အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဒီနှစ် ကျွန်တော်မျိုးတို့ စိုက်ပျိုးထားတဲ့ မဟာရှနိုင်ငံတော်က အထွက်တိုးစပါးတွေမှာ ပြဿနာရှိနေပုံရပါတယ်၊ အခုအချိန်အထိ လယ်ကွင်းတွေထဲမှာ စပါးပင်တွေ တစ်ပင်မှ အညှောက်မထွက်သေးပါဘူးဘုရား...”
“ဘာ... အခုထိ အညှောက်မထွက်သေးဘူး ဟုတ်လား...” မဟာဝူဧကရာဇ်သည် ထိတ်လန့်သွားကာ နေရာမှ ဝုန်းခနဲ မတ်တတ်ထရပ်လိုက်မိသည်။
သူသည် နန်းတော်ထဲတွင်သာ နေပြီး အပြင်လောကကို မသိသည့် ဧကရာဇ်မျိုးမဟုတ်ပေ။ စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို ကောင်းကောင်း နားလည်ထားသူ ဖြစ်သည်။
သူတို့၏ စပါးများကို မတ်လတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်ရာ ပုံမှန်ထက် အနည်းငယ် နောက်ကျခဲ့သည်ဆိုသော်လည်း လုံးဝ နောက်ကျလွန်းသည်တော့ မဟုတ်ပေ။
ဧပြီလသို့ ရောက်လျှင် လယ်ကွင်းများအတွင်း၌ ပျိုးပင်များ ပေါ်လာသင့်ပြီ ဖြစ်သည်။
မေလမှ ဇွန်လအတွင်းတွင် သန်သန်မာမာ ကြီးထွားလာရမည်ဖြစ်ပြီး ၊ ဇူလိုင်မှ ဩဂုတ်လတွင် စပါးနှံများ ထွက်လာရမည်ဖြစ်သည်။ စက်တင်ဘာလသို့ ရောက်ရှိလျှင်မူ ရိတ်သိမ်းချိန် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါ ဧပြီလလယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အဘယ်ကြောင့် အခုထိ အညှောက်ပင် မထွက်ရသေးသနည်း။
ဒါက အလွန်ကြီးမားသော ပြဿနာပင် ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍသည် လက်ရှိ နိုင်ငံတော်အတွက် အသက်သွေးကြောပင် မဟုတ်ပါလော။
မဟာဝူဧကရာဇ်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် - “အမတ်ကြီး... လယ်ကွင်းတွေထဲမှာ တကယ်ပဲ အညှောက်မထွက်သေးတာ သေချာရဲ့လား...”
ဝန်ကြီးချုပ်က ခေါင်းငုံ့လျက် - “အရှင်မင်းကြီး... ကျွန်တော်မျိုးက ဒီလိုအရေးကြီးတဲ့ ကိစ္စကို ဘယ်လိုလုပ်ပြီး လိမ်ညာလျှောက်တင်ရဲပါ့မလဲ။ ဒေသအသီးသီးက စပါးစိုက်ပျိုးမှု အခြေအနေတွေကို စုစည်းကြည့်လိုက်တဲ့အခါ ဒီလိုထိတ်လန့်စရာ အခြေအနေကို တွေ့ရှိခဲ့လို့ အရှင်မင်းကြီးကို ချက်ချင်း လာရောက်သတင်းပို့ရခြင်း ဖြစ်ပါတယ်...”
မဟာဝူဧကရာဇ်သည် အခုထိ မယုံကြည်နိုင်သေးဘဲ - “ငါကိုယ်တော်ကို အရင်ဆုံး ပြစမ်း...”
နာရီဝက်ခန့် ကြာပြီးနောက် မဟာဝူဧကရာဇ်သည် မြို့ပြင်ရှိ လယ်ကွင်းများဆီသို့ ရောက်ရှိလာခဲ့သည်။
ကျယ်ပြောလှပြီး မြေဆီလွှာကောင်းသည့် လယ်ပြင်ကြီးများမှာ အခုထိ ခြောက်သွေ့ဆဲဖြစ်ပြီး စပါးပင်ဟူ၍ အရိပ်အယောင်မျှပင် မရှိချေ။ အနည်းငယ်မျှ ထွက်နေသည့် အညှောက်အချို့မှာလည်း အားနည်းပြီး ညှိုးလျော်နေခဲ့သည်။
မဟာဝူဧကရာဇ်၏ ရင်ထဲတွင် ပိုမိုလေးလံသွားခဲ့ပြီး မယုံကြည်နိုင်စရာ အမူအရာဖြင့် - “ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“အရှင်မင်းကြီး မြင်တွေ့ရတဲ့အတိုင်းပါပဲ…..” ဝန်ကြီးချုပ်က လေးနက်စွာဖြင့် ဆိုလိုက်သည်။
“မြို့တော်အနီးက လယ်ကွင်းတွေတောင် ဒီလိုအခြေအနေမျိုး ဖြစ်နေရင်... အခြားဝေးလံတဲ့ ဒေသတွေက အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားနိုင်ပါတယ်...”
“ဘာလို့ ဒီလိုဖြစ်ရတာလဲ... ဒါတွေက မဟာရှနိုင်ငံတော်ကနေ သယ်ဆောင်လာတဲ့ အထွက်တိုးစပါးမျိုးတွေလေ...” မဟာဝူဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်မိသည်။
သူသည် ဤအထွက်တိုးစပါးများဖြင့် နိုင်ငံတော်၏ အခြေအနေကို ပြောင်းလဲပစ်ရန် မျှော်လင့်ထားခဲ့သော်လည်း အခုလို ပျက်စီးသွားလိမ့်မည်ဟု ဘယ်သူက ထင်မှတ်ထားခဲ့ပါ့မလဲ။
တကယ်လို့ ကောက်ပဲသီးနှံတွေသာ မထွက်လာတော့ဘူးဆိုရင်... ဒီနှစ် တစ်နိုင်ငံလုံးရဲ့ အခြေအနေက...။ သူ ဆက်ပြီး မတွေးရဲတော့ပေ။ အကျိုးဆက်က အလွန်ပင် ပြင်းထန်လွန်းလှသည်။
ထိုအချိန်တွင် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည် - ‘စပါးမျိုးစေ့တွေမှာ ပြဿနာရှိနေတာလား’
သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်းပင် ပြန်လည်ပယ်ဖျက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအထွက်တိုး စပါးမျိုးစေ့များကို မဟာရှနိုင်ငံတော်မှ သယ်ဆောင်လာကတည်းက လမ်းခရီးတစ်လျှောက်လုံးတွင် လက်နက်ကိုင်စစ်သည် အမြောက်အမြားဖြင့် သေချာစွာ စောင့်ကြပ်စေခဲ့ခြင်း ဖြစ်သည်။
ဤမျိုးစေ့များကို ကာကွယ်ရန်အတွက် သူသည် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကိုပင် စေလွှတ်ခဲ့ရာ လမ်းခရီးတွင် ပြဿနာရှိရန် လုံးဝမဖြစ်နိုင်ပေ။
ဒါ့အပြင် မဟာရှနိုင်ငံတော်ဘက်က တစ်ခုခုပြုလုပ်ထားမည်ကို စိုးရိမ်သဖြင့် သူသည် မျိုးစေ့များကို နေရာအနှံ့အပြားမှ စုဆောင်းရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
တစ်နည်းပြောရရင် သူရရှိထားတဲ့ စပါးမျိုးစေ့တွေက မဟာရှနိုင်ငံတော်ရဲ့ အရာရှိတွေ၊ ကုန်သည်ပွဲစားတွေနှင့် လယ်သမားတွေဆီကနေ တိုက်ရိုက်ဝယ်ယူထားတဲ့ မျိုးစေ့တွေဖြစ်လို့ ပြဿနာရှိဖို့က ပိုပြီးတော့တောင် မဖြစ်နိုင်သေးသည်။
ဒါဆိုရင်... အဓိက ပြဿနာက ဘာလဲ။ ဘာလို့ အညှောက်မထွက်ကြတာလဲ။
“မဟာရှနိုင်ငံတော်ဘက်က အခြေအနေကကော ဘယ်လိုလဲ...”
ဝန်ကြီးချုပ်က တုန်တုန်ရင်ရင်ဖြင့် - “အရှင်မင်းကြီး... မဟာရှနိုင်ငံတော်ဘက်က သတင်းကို အခုလေးတင် ရရှိထားပါတယ်ဘုရား။ အဲဒီမှာရှိတဲ့ စပါးပင်တွေက အညှောက်တွေထွက်နေပြီး အမြင့် တစ်လံကျော်လောက်တောင် ရှိနေပြီလို့ သိရပါတယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့ လယ်ကွင်းတွေ အားလုံးက ဒီလိုပဲ ဖြစ်နေတာပါဘုရား...”
“ဘာ...”
မဟာဝူဧကရာဇ်သည် နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့ရပြန်သည် - “သူတို့ဆီက စပါးပင်တွေက အညှောက်ထွက်ပြီး တစ်လံကျော်တောင် မြင့်နေပြီ ဟုတ်လား...”
လူဆိုသည်မှာ အတူတူ ဆင်းရဲနေခြင်းကို မကြောက်သော်လည်း ၊ မမျှတခြင်းကိုမူ မခံမရပ်နိုင် ဖြစ်တတ်ကြသည်။
မိမိ၏ လယ်ကွင်းများမှာ ဘာမျှမထွက်ဘဲ ရှိနေချိန်တွင် မဟာရှနိုင်ငံတော်၏ လယ်ကွင်းများမှာမူ စိမ်းလန်းစိုပြည်နေခဲ့ပြီ ဖြစ်သည်။ အားလုံးက မျိုးစေ့တစ်ခုတည်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ ကွာခြားချက်ကြီးမားနေရသနည်း။
ဒေါသကြောင့် မဟာဝူဧကရာဇ်၏ မျက်နှာမှာ တွန့်ရှုံ့သွားပြီး - “ဒါကို ငါ့ကို ဘယ်သူ ရှင်းပြနိုင်မလဲ... ဘာလို့ သူတို့ဆီက စပါးတွေက ကောင်းကောင်း ကြီးထွားပြီး... ငါတို့ဆီက စပါးတွေကျတော့ မကြီးထွားနိုင်ရတာလဲ...”
ချက်ချင်းပင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိများနှင့် စိုက်ပျိုးရေးပညာရှင် အားလုံးကို ဆင့်ခေါ်လိုက်တော့သည်။
မဟာဝူဧကရာဇ်သည် အညှောက်မထွက်သော လယ်ကွင်းပြင်ကြီးကို ညွှန်ပြကာ တင်းမာသော မျက်နှာထားဖြင့် ဆိုလိုက်သည် - “ငါကိုယ်တော် အခုချက်ချင်း အဖြေတစ်ခု လိုချင်တယ်၊ ကျေနပ်လောက်တဲ့ အဖြေမျိုးပဲ ဖြစ်ရမယ်။ တကယ်လို့ မင်းတို့ အဖြေမပေးနိုင်ရင်တော့ ဒီနေ့ နန်းတော်ထဲကနေ ပြန်ဖို့ လုံးဝမစဉ်းစားနဲ့တော့...”
အရာရှိများအားလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းငုံ့ထားကြကာ မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြတော့ပေ။
အပိုင်း (၅၆၁)
မဟာဝူဧကရာဇ်က သူတို့ကို ငုံ့ကြည့်ကာ - “တစ်နာရီအတွင်း ငါကိုယ်တော် ကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ရင် မင်းတို့အားလုံးကို ခေါင်းဖြတ်သတ်ပစ်မယ်။ ငါ့မှာ အသုံးမကျတဲ့လူတွေကို ကျွေးမွေးထားဖို့ အကြောင်းမရှိဘူး”
“အာ... ဒါက...” အရာရှိများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ချွေးစေးများပင် ကျလာခဲ့ကြသည်။
ရေနွေးကြမ်းတစ်ခွက် သောက်စာခန့် အချိန် ကုန်လွန်သွားပြီးနောက်တွင်မူ အရာရှိတစ်ဦးက နောက်ဆုံး၌ သတ္တိမွေးကာ ရှေ့သို့ ထွက်လာပြီး - “အရှင်မင်းကြီး... ဒါက ဒေသအသီးသီးရဲ့ ရေမြေတောတောင် အခြေအနေ မကိုက်ညီလို့ ဖြစ်နိုင်ပါတယ်ဘုရား...”
မဟာဝူဧကရာဇ်၏ မျက်နှာထက်၌ မည်သည့် ခံစားချက်မျှ မပြဘဲ - “အသေးစိတ် ရှင်းပြစမ်း... ငါကိုယ်တော် နားထောင်နေတယ်...”
“မှန်လှပါ အရှင်မင်းကြီး...”
ထိုအရာရှိက သေချာစွာ ဂရုစိုက်လျက် - “ရှေးဆိုရိုးစကားတစ်ခု ရှိပါတယ် အရှင်မင်းကြီး... ‘ဟွိုင်နန်ပြည်နယ်မှာ စိုက်တဲ့ လိမ္မော်ပင်က လိမ္မော်သီး ဖြစ်ပေမယ့် ဟွိုင်ပေပြည်နယ်မှာ စိုက်ရင်တော့ လိမ္မော်ချဥ် ဖြစ်သွားတတ်တယ်’ တဲ့။ အခု ကျွန်တော်မျိုးတို့ဆီက အထွက်တိုးစပါးတွေက မိုင်ပေါင်း နှစ်ထောင်ကျော် ဝေးကွာတဲ့ မဟာရှနိုင်ငံတော်ကနေ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ကွာခြားချက်တွေကြောင့် စပါးမျိုးစေ့က ဒီဘက်ရေမြေနဲ့ မကိုက်ညီဘဲ မကြီးထွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်ဘုရား...”
မဟာဝူဧကရာဇ်က ခေါင်းညိတ်ကာ - “မောင်မင်းရဲ့ ရှင်းပြချက်က မဆိုးပါဘူး...”
ထိုအရာရှိလည်း ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
သို့သော်လည်း ထိုခဏ၌ပင် မဟာဝူဧကရာဇ်က - “မောင်မင်း ဒါကို သိနေရက်နဲ့ ဘာလို့ စောစောက မပြောတာလဲ။ အခုမှ လာပြောတာက ငါကိုယ်တော် အရှက်ရတာကို ထိုင်ကြည့်ချင်လို့လား... သူ့ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်ပစ်လိုက်...”
“အရှင်မင်းကြီး... အမျက်တော်ပြေပါဘုရား... အသက်ချမ်းသာပေးတော်မူပါ...”
ဆတ်ခနဲ အသံနှင့်အတူ ခေါင်းတစ်လုံး မြေသို့ လွင့်စင်သွားခဲ့ချေပြီ ဖြစ်သည်။
အရာရှိများသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သွေးပျက်သွားကြပြီး မျက်နှာများ ဖြူလျော်ကာ ချွေးစေးများ ပြိုင်တူ စီးကျလာခဲ့သည်။ အချို့သော အရာရှိများမှာမူ ခြေထောက်များပင် မခိုင်တော့ချေ။
“ဘယ်သူက ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ အဖြေတစ်ခု ထပ်ပေးဦးမလဲ။ တကယ်လို့ ဘာမှမပြောရင်တော့ နိုင်ငံတော်ရဲ့ ရိက္ခာကို သက်သာအောင် မင်းတို့ကို အခုချက်ချင်းပဲ ဘဝပြောင်းပေးလိုက်မယ်...” မဟာဝူဧကရာဇ်က တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
သို့သော်လည်း အရာရှိများက ဤအခြေအနေကို ကောင်းကောင်းသိကြသည်။ ဧကရာဇ်သည် အပြင်ပန်းတွင် ပို၍ တည်ငြိမ်လေလေ၊ အတွင်းစိတ်တွင် ပို၍ ဒေါသထွက်နေလေလေ ဖြစ်သည်။
“အရှင်မင်းကြီး... ဒါက စပါးမျိုးစေ့တွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ ပြဿနာရှိခဲ့လို့ ဖြစ်နိုင်ပါတယ်ဘုရား။ ကျွန်တော်မျိုးတို့ရဲ့ စပါးတွေကို ရေကြောင်းကနေ သယ်ဆောင်ခဲ့တာ ဖြစ်လို့ လမ်းခရီးမှာ စပါးမျိုးစေ့တွေထဲ ရေငန်တွေ မတော်တဆ ဝင်သွားတာကြောင့် မပေါက်နိုင်တော့တာ ဖြစ်နိုင်ပါတယ်ဘုရား...” အခြားလူတစ်ဦးက ကပျာကယာ လျှောက်တင်လိုက်သည်။
မဟာဝူဧကရာဇ်က ခေါင်းညိတ်ကာ - “ပြောတာ ကောင်းတယ်... သူ့ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်...”
ထို့ကြောင့် နောက်ထပ် ခေါင်းတစ်လုံး မြေသို့ လိမ့်ဆင်းသွားပြန်လေသည်။ ၎င်းသည် အရာရှိများ၏ ရှေ့တည့်တည့်သို့ လိမ့်သွားခဲ့ပြီး သေဆုံးသူ၏ မျက်လုံးများက အားလုံးကို စိုက်ကြည့်နေသကဲ့သို့ ရှိနေသည်။
“အရှင်မင်းကြီး... ဒါက မဟာရှနိုင်ငံတော်ဘက်က မသမာကြံစည်မှု ဖြစ်နိုင်ပါတယ်ဘုရား။ ကျွန်တော်မျိုးတို့ရဲ့ အထွက်တိုးစပါးတွေအားလုံးက မဟာရှနိုင်ငံတော်ကနေ လာတာပါ၊ သူတို့ဘက်က ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ပါဘူး။ စပါးမျိုးစေ့တွေထဲမှာ သူတို့ တိတ်တဆိတ် တစ်ခုခု လုပ်ထားတာ သေချာပါတယ်ဘုရား...”
မဟာဝူဧကရာဇ်က ခေါင်းညိတ်လျက် - “ပြောတာ အချက်ကျတယ်... ဒါဆို သူတို့ ဘာလုပ်ထားလဲဆိုတာ မောင်မင်း ငါ့ကို ပြောပြနိုင်မလား...”
“ဒါ... ဒါက...” ထိုအရာရှိမှာ စကားအင့်သွားခဲ့ရသည်။
မဟာဝူဧကရာဇ်က လက်ဝှေ့ယမ်းလိုက်ကာ - “ကြည့်ရတာ မင်းလည်း မသိဘဲ ငါ့ကို လှည့်စားဖို့ ဆင်ခြေပေးနေတာပဲ။ ဒါက ဧကရာဇ်ကို လိမ်လည်တဲ့ ပြစ်မှုပဲ... သူ့ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်စမ်း၊ ငါ သူ့မျက်နှာကို နောက်ထပ် မမြင်ချင်တော့ဘူး...”
ဖတ်ခနဲ အသံနှင့်အတူ တတိယမြောက် ခေါင်းတစ်လုံး မြေသို့ ကျသွားပြန်သည်။
“အရှင်မင်းကြီး... ဒါက မိစ္ဆာဘေးဆိုးကြောင့် ဖြစ်နိုင်ပါတယ်ဘုရား။ အရင်တုန်းက ဝတ်ရုံစိမ်းမျှော်စင်က မိစ္ဆာကြီးက ဒီမှာ သောင်းကျန်းသွားခဲ့တာပါ၊ စပါးပင်တွေကို သူပဲ ဖျက်ဆီးသွားတာ ဖြစ်နိုင်ပါတယ်၊ သူ့ရဲ့ စိတ်ဓာတ်က တကယ့်ကို ယုတ်မာလွန်းလှပါတယ်ဘုရား...” ဟု အခြားတစ်ဦးက လျှောက်တင်ပြန်သည်။
မဟာဝူဧကရာဇ်သည် ဒေါသကြောင့် ရယ်မောမိသွားကာ - “မောင်မင်းက အပြစ်လွှဲချတဲ့ နေရာမှာ တကယ့်ကို တော်တာပဲ၊ သေသွားတဲ့လူကိုတောင် ချန်မထားဘူးပေါ့... သူ့ကို ဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်...”
ထို့ကြောင့် နောက်ထပ် ခေါင်းတစ်လုံး မြေသို့ လိမ့်ဆင်းသွားခဲ့ရပြန်သည်။
ထို့နောက်တွင်မူ အရာရှိများသည် တစ်ဦးပြီးတစ်ဦး ရှေ့ထွက်ကာ မိမိတို့၏ ထင်မြင်ချက်များကို လျှောက်တင်ကြတော့သည်။ သို့သော်လည်း မည်သူကပင် ပြောပြော ရလဒ်ကတော့ အတူတူပင် ဖြစ်သည်။ ချွင်းချက်မရှိ အားလုံး ခေါင်းပြတ်သွားကြရသည်။
နောက်ဆုံးတွင်မူ ဧကရာဇ်သည် အဖြေကို လိုချင်နေခြင်း မဟုတ်ဘဲ သူ၏ ဒေါသကို ပေါက်ကွဲရန်အတွက်သာ လူသတ်နေခြင်း ဖြစ်သည်ကို လူတိုင်း သဘောပေါက်သွားကြတော့သည်။
ဤနည်းဖြင့် မဟာဝူဧကရာဇ်သည် လူပေါင်းများစွာကို အုပ်စုလိုက် သတ်ပစ်ခဲ့သော်လည်း သူ၏ ဒေါသမှာ မပြေနိုင်သေးပေ။
တစ်ချိန်တည်းမှာပင် အခြားသော နိုင်ငံများကလည်း မိမိတို့၏ လယ်ကွင်းများအတွင်း စပါးပင်တစ်ပင်မျှ ထွက်မလာသည်ကို သတိပြုမိသွားကြသည်။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း အကြောင်းအရင်းကို ရှာမတွေ့ခဲ့ကြပေ။
ထို့ကြောင့် နိုင်ငံအသီးသီးမှ ဧကရာဇ်များ၏ အမျက်ဒေါသများအကြားတွင် အရာရှိ အမြောက်အမြား ခေါင်းဖြတ်ခံခဲ့ကြရသည်။ ထို့နောက်တွင်မူ အခြေအနေကို ကုစားရန်အတွက် မိမိတို့၏ မူလစပါးမျိုးစေ့များကို ချက်ချင်း ပြန်လည် စိုက်ပျိုးစေခဲ့ကြသည်။
“နောက်ကျသွားပြီပဲ... အခုမှ စပါးပြန်စိုက်ရင် ဆောင်းဦးရိတ်သိမ်းချိန်ကျရင် သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံလောက် ထွက်ရင်ပဲ ကံကောင်းလှပြီ...” လင်းပိုင်ဖန်သည် စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။
သူ ထောင်ထားခဲ့တဲ့ မိုင်းဗုံးက နောက်ဆုံးတော့ ပေါက်ကွဲသွားခဲ့ချေလေပြီ။ တစ်ကမ္ဘာလုံးကို ဗုံးကြဲလိုက်သလိုမျိုး ဘယ်သူ့ကိုမျှ ချန်မထားခဲ့ပေ။
ဤအကြောင်းတို့ကြောင့် ကမ္ဘာ့အခြေအနေမှာ အပြောင်းအလဲ ဖြစ်ပေတော့မည်။ သူတို့ မဟာရှနိုင်ငံတော်ကမူ ဤအခြေအနေမှ အမြတ်အစွန်း အမြောက်အမြား ရရှိကာ ချမ်းသာတော့မည် ဖြစ်သည်။
တကယ့်ကို ကောင်းမွန်လှပေသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် မိမိအား စူးစိုက်ကြည့်နေသည့် လှပသော မျက်ဝန်းတစ်စုံကို သတိထားမိလိုက်သည်။
“ယောင်ယောင်... မင်းက ငါ့ကို ဘာလို့ ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ... ငါ့မျက်နှာပေါ်မှာ တစ်ခုခု ပေနေလို့လား...” လင်းပိုင်ဖန်က နားမလည်နိုင်သလိုဖြင့် မိမိ၏ ပါးကို ကိုင်ရင်း မေးလိုက်သည်။
ယောင်ယောင်က သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်လျက် - “ဘာလို့လဲတော့ မသိဘူး... ဒါတွေအားလုံးက ရှင်နဲ့ ပတ်သက်နေတယ်လို့ ကျွန်မ ခံစားနေရတယ်...”
“ဘာကို ဆိုလိုတာလဲ...” လင်းပိုင်ဖန်က ပို၍ပင် ဝေခွဲမရ ဖြစ်သွားသည်။
“ ဘာရှိရဦးမှာလဲ... တစ်ကမ္ဘာလုံးက ဘယ်နိုင်ငံမှာမှ စပါးမပေါက်နိုင်တဲ့ ကိစ္စလေ။ သူတို့ရဲ့ စပါးတွေအားလုံးက ရှင့်တို့ မဟာရှနိုင်ငံတော်ကနေ လာတာ၊ အခုကျတော့ ချွင်းချက်မရှိ ဘာမှ ထွက်မလာကြဘူး။ ပြောစမ်းပါဦး... ဒါ ရှင့်လက်ချက် မဟုတ်ဘူးလား...”
ယောင်ယောင်၏ မျက်ဝန်းများက လင်းပိုင်ဖန်ထံတွင်သာ စူးစိုက်နေပြီး အဖြေတစ်ခုကို တောင်းဆိုနေသကဲ့သို့ ရှိသည်။
သို့သော်လည်း လင်းပိုင်ဖန် သိနေသည်မှာ... သူမ အမှန်တကယ် လိုချင်နေသည်မှာ အဖြေမဟုတ်ဘဲ သူ၏ အမူအရာကိုသာ ကြည့်ချင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းပိုင်ဖန်က သူမ၏ ဦးခေါင်းလေးကို ထိန်းကိုင်ကာ နူးညံ့လှသော ပါးပြင်ထက်သို့ နမ်းရှုံ့လိုက်သည်။
ယောင်ယောင်မှာ ကြောင်အမ်းသွားပြီး - “ရှင်... ဘာလုပ်တာလဲ...”
“အများကြီး လျှောက်မတွေးနဲ့။ သူတို့ဆီမှာ စပါးမပေါက်တာက ရေမြေမကိုက်ညီလို့ ဖြစ်မှာပါ၊ ဒါမှမဟုတ်လည်း သူတို့ ကံမကောင်းလို့ပေါ့။ ဒါတွေက ငါနဲ့ ဘာဆိုင်လို့လဲ...” လင်းပိုင်ဖန်က ပြုံးလျက် ဆိုလိုက်သည်။
“တကယ်ပဲ ရှင် မဟုတ်ဘူးလား...”
ယောင်ယောင်က ခေါင်းလေးစောင်းကာ တိုးတိုးလေး ရေရွတ်လိုက်မိသည် - “ကျွန်မကတော့ ရှင်ကြောင့်ပဲလို့ အမြဲ ခံစားနေရတာ... ဒါပေမဲ့ သက်သေမှ မရှိတာပဲလေ...”