← Chapters

အခန်း (၅၆၂-၅၆၃)

Vol. 52 Ch. 562-563

အခန်း (၅၆၂-၅၆၃)

Vol. 52 Ch. 562-563

အပိုင်း (၅၆၂)

လင်းပိုင်ဖန်က လက်လှမ်း၍ ယောင်ယောင်၏ ဆံပင်များကို ဖွဖွလေး ဖွပစ်လိုက်ရင်း - “အများကြီး လျှောက်မတွေးနေနဲ့။ အခု မင်း စဉ်းစားရမှာက ငါတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲပဲ။ ငါတို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာရက်မြတ်က နီးနေပြီလေ”

မင်္ဂလာပွဲအကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယောင်ယောင်၏ ပါးပြင်နှစ်ဖက်မှာ ရဲခနဲ နီမြန်းသွားပြီး ချက်ချင်းပင် ထွက်ပြေးချင်စိတ်များ ပေါက်လာကာ စကားများပင် ထစ်အကုန်တော့သည် - “ကျွန်... ကျွန်မ ကျင့်ကြံရဦးမယ်၊ အရင်သွားပြီ”

လသူသည်ောဆိုဆိုဖြင့် သူမသည် ကိုယ်ဖော့ပညာကို ချက်ချင်း အသုံးပြုကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ချေပြီ ဖြစ်သည်။

လင်းပိုင်ဖန်က တဟားဟား ရယ်မောလိုက်ပြီး - “ဘုန်းကြီး ပြေးရင် ကျောင်းက ရှိသေးတာပဲ။ ငါတို့ရဲ့ မင်္ဂလာရက်မြတ်ကျရင်တော့ မင်း ဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့”

သူသည် ကြည်လင်ရွှင်ပြသည့် ခံစားချက်ဖြင့် အင်ပါယာစာကြည့်ဆောင်သို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် အရေးကြီးသော အရာရှိကြီးအချို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်...၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ...”

“အမတ်မင်းတို့ ထကြပါ...”

လင်းပိုင်ဖန်သည် နဂါးပလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်လိုက်ပြီး အရာရှိများကို ကြည့်ကာ - “ငါကိုယ်တော် အမတ်မင်းတို့ကို ခေါ်လိုက်တာက ညွှန်ကြားစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပဲ။ အမတ်မင်း ချောင်ချောင်...”

“ကျွန်တော်မျိုး ရှိပါတယ် ဘုရား...” ချောင်ချောင်က ရှေ့သို့ ထွက်လာသည်။

“မောင်မင်းက စစ်ရေးစစ်ရာ ဝန်ကြီးဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေကို တာဝန်ယူထားရတာ။ ဒါကြောင့် လာမယ့်ရက်တွေမှာ လက်နက်နဲ့ သံချပ်ကာ ထုတ်လုပ်ရေးကိုပဲ ဆက်ပြီး အာရုံစိုက်ထားပါ၊ များများထုတ်နိုင်လေ ပိုကောင်းလေပဲ။ ပြီးတော့ အခြား အမတ်မင်းတွေကလည်း ပိုပြီး ပူးပေါင်း ဆောင်ရွက်ပေးရမယ်”

ချောင်ချောင်နှင့် ဟီရှန်းတို့ နှစ်ဦးစလုံးမှာ ဝေခွဲမရ ဖြစ်သွားကြပြီး - “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ စစ်ပွဲအတွက် ထပ်ပြီး ပြင်ဆင်နေတာလား။ ဘယ်သူ့ကို တိုက်ခိုက်မှာလဲ ဘုရား...”

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “စစ်ပွဲစတင်ဖို့ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ။ အခြားနိုင်ငံတွေရဲ့ လယ်ကွင်းတွေမှာ စပါးပင်တွေ မပေါက်နိုင်တဲ့ သတင်းကို မောင်မင်းတို့လည်း သိပြီးလောက်ပြီ။ တကယ်လို့ ဆောင်းဦးရိတ်သိမ်းချိန်မှာ ရိက္ခာပြတ်လပ်မှု ဖြစ်လာရင် စားနပ်ရိက္ခာအတွက်နဲ့ နိုင်ငံတွေက စစ်မက်ဖြစ်ပွားကြမှာ အသေအချာပဲ”

“အခုအချိန်မှာ ငါတို့ မဟာရှနိုင်ငံတော်က အကြီးမြတ်ဆုံး အင်ပါယာဖြစ်နေပြီး သူတို့ရဲ့ အထွက်တိုး စပါးတွေကလည်း ငါတို့ဆီက လာတာဆိုတော့... သူတို့ရဲ့ ပဋိပက္ခအားလုံးကို မဟာရှနိုင်ငံတော်ဆီပဲ ဦးတည်ပြီး ငါတို့ကို အရေးယူဖို့ ကြိုးစားလာလိမ့်မယ်”

“ဒါကြောင့် ငါတို့က ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပြီး ဒီအရာအားလုံးအတွက် အဆင်သင့် ဖြစ်နေရမယ်”

အရာရှိများ၏ စိတ်အခြေအနေမှာ လေးလံ ထိုင်းမှိုင်းသွားကြသည်။

အရှင်မင်းကြီး မိန့်ကြားသကဲ့သို့ပင် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် ရိက္ခာပြတ်လပ်သွားပါက ၎င်းတို့သည် ဧကန်မုချ စစ်ပွဲကို ဆင်နွှဲကြပေလိမ့်မည်။

၎င်းတို့၏ မျိုးစပါးများမှာ ကိုယ်တိုင်စိုက်ပျိုး၍ ရလာခြင်းမဟုတ်ဘဲ မဟာရှနိုင်ငံတော်မှ ရရှိထားခြင်းဖြစ်ရာ ပဋိပက္ခဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် မဟာရှနိုင်ငံတော်သည် လူအများ၏ ပြစ်တင်ဝေဖန်မှုနှင့် ရန်ရှာမှု ခံရမည့် ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

၎င်းတို့အနေဖြင့် အခြားနိုင်ငံများက မဟာရှနိုင်ငံတော်ကို ရန်ရှာမည်ကို မကြောက်သော်လည်း... တကယ်လို့ ထိပ်တန်းအင်ပါယာကြီး လေးခုသာ ပူးပေါင်းသွားပါက အခြေအနေမှာ အနည်းငယ် စိုးရိမ်ရနိုင်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အဆင်သင့် ပြင်ထားရမည် ဖြစ်သည်။

“မှန်လှပါ အရှင်မင်းကြီး...” အားလုံးက အမိန့်တော်ကို ပြိုင်တူ နာခံလိုက်ကြသည်။

“စစ်သူကြီးတို့... မောင်မင်းတို့လည်း ပြန်ရောက်ရင် စစ်သည်တွေရဲ့ လေ့ကျင့်ရေးကို ပိုပြီး တိုးမြှင့်လုပ်ဆောင်ကြ။ ငြိမ်းချမ်းတဲ့အချိန်မှာ ချွေးပိုထွက်လေ၊ စစ်မက်ဖြစ်ပွားတဲ့အချိန်မှာ သွေးထွက်နည်းလေပဲ...” လင်းပိုင်ဖန်က ဆက်လက် ညွှန်ကြားလိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး...” စစ်သူကြီးများက ပြိုင်တူ ပြန်လည် လျှောက်တင်လိုက်ကြသည်။

အားလုံး၏ တည်ကြည်လေးနက်သော မျက်နှာများကို မြင်သောအခါ လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - “အမတ်မင်းတို့... အလွန်အမင်း စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ငါတို့တွေ လေမုန်တိုင်းတွေကို ဖြတ်ကျော်ခဲ့ပြီးပြီပဲလေ၊ ရေတွက်လို့မရတဲ့ အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ နိုင်ငံပျက်မယ့် ခြိမ်းခြောက်မှုကိုတောင် ရင်ဆိုင်ခဲ့ရဖူးတယ်၊ ဒါပေမဲ့ ငါတို့အားလုံးကို ကျော်လွှားနိုင်ခဲ့ကြတာပဲ။ ဒီတစ်ကြိမ်လည်း... ချွင်းချက်ရှိမှာ မဟုတ်ဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်။ တကယ်လို့ ငါတို့ ဒီအကျပ်အတည်းကို ဖြတ်ကျော်နိုင်ရင် ငါတို့ရဲ့ မဟာရှနိုင်ငံတော်ဟာ...”

လင်းပိုင်ဖန်က မော့ကြည့်လိုက်ပြီး - “ဧကန်မုချ အဆင့်အသစ်တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်”

“အရှင်မင်းကြီးရဲ့ မိန့်ကြားချက်က မှန်ကန်လှပါတယ်...” မဟာရှနိုင်ငံတော်၏ လွန်ခဲ့သောနှစ်များက အတွေ့အကြုံများကို ပြန်လည်တွေးတောမိပြီး လူတိုင်းတွင် ယုံကြည်မှုများ ပြန်လည် နိုးထလာခဲ့သည်။

“ဒါပေမဲ့ လောလောဆယ်တော့ ငါတို့တွေ ပျော်ရွှင်စရာ ကိစ္စအချို့ကိုပဲ အာရုံစိုက်ရအောင်”

လင်းပိုင်ဖန်က လီလင်းဖူဘက်သို့ လှည့်ကာ - “အမတ်လီ... မင်္ဂလာပွဲ ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ။ ဒီမင်္ဂလာပွဲက ငါကိုယ်တော်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတင် မဟုတ်ဘဲ မဟာရှနိုင်ငံတော်နဲ့ မိစ္ဆာဂိုဏ်းတို့ရဲ့ မဟာမိတ်ပြုခြင်းအတွက် အရေးအကြီးဆုံး ကိစ္စလည်း ဖြစ်တယ်။ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး”

လီလင်းဖူက ဦးညွှတ်လိုက်ပြီး - “အရှင်မင်းကြီး... ကျွန်တော်မျိုးကိုယ်တိုင် ကြီးကြပ်ပြီး ပြင်ဆင်နေပါတယ်။ မင်္ဂလာပွဲအတွက် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မင်္ဂလာရက်မြတ် ရောက်တာနဲ့ အခမ်းအနားကို ချက်ချင်း စတင်နိုင်ပါတယ် ဘုရား”

“ကောင်းပြီ...” လင်းပိုင်ဖန်မှာ ဝမ်းမြောက်သွားခဲ့သည်။

မျက်တောင်ဖျတ်ခနဲ ခတ်လိုက်သည့် အချိန်အတွင်းမှာပင် နှစ်ပတ်တာ အချိန်က ကုန်လွန်သွားခဲ့ပြီး လင်းပိုင်ဖန်နှင့် ယောင်ယောင်တို့၏ ခမ်းနားကြီးကျယ်သော မင်္ဂလာရက်မြတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုနေ့တွင် တစ်မြို့တော်လုံး စည်ကားသိုက်မြိုက်ကာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤမင်္ဂလာပွဲသည် ကြီးမြတ်လှသော စွမ်းအားစုကြီးနှစ်ခုနှင့် ပတ်သက်နေခြင်းကြောင့် အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ကောင်းကင်အဆင့် သိုင်းပညာရှင် အယောက်သုံးဆယ်ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့အထဲတွင် မဟာကောင်းကင်အဆင့် နှစ်ဦး သို့မဟုတ် သုံးဦးပင် ပါဝင်နေသည်။ မိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်အားလုံးလည်း မိစ္ဆာဂိုဏ်း၏ မြင့်မြတ်သမီးတော် ဖြစ်သူ ယောင်ယောင်ကို ထောက်ခံအားပေးရန်အတွက် အားလုံး တက်ရောက်ခဲ့ကြသည်။

“အရှင်မင်းကြီး... ကျွန်မ ယောင်ယောင်လေးကို အရှင်မင်းကြီးဆီ အပ်နှံလိုက်ပြီ”

မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဇီလျိုလီသည် ယောင်ယောင်၏ လက်ကို အလွန် တွန့်ဆုတ်စွာဖြင့် ကိုင်ထားပြီး - “သူမက ငယ်ငယ်လေးကတည်းက ကျွန်မဘေးမှာ ရှိနေခဲ့တာ၊ သူမ ကြီးပြင်းလာတာကို ကျွန်မ စောင့်ကြည့်ခဲ့ရတာပါ။ သူမက တစ်ခါတလေ ဆိုးချင်ဆိုးမယ်၊ ခေါင်းမာချင်မာမယ်၊ ဒါပေမဲ့ အချစ်ရေးမှာတော့ တကယ့်ကို စစ်မှန်ပါတယ်။ တစ်ခါ ချစ်မိသွားရင် မီးပုံထဲ တိုးဝင်တဲ့ ပိုးဖလံလိုမျိုး သေသည်အထိ မပြောင်းလဲတတ်ဘူး။ အရှင်မင်းကြီး သူမအပေါ် စိမ်းကားမသွားဖို့ မျှော်လင့်ပါတယ်”

လင်းပိုင်ဖန်က ချက်ချင်းပင် အာမခံလိုက်သည် - “ဂိုဏ်းချုပ်ဇီ... စိတ်ချပါ၊ ယောင်ယောင်က ငါ့မျက်စိထဲက အဖိုးတန်ရတနာလေးပါ။ ငါ သူမအပေါ် ဘယ်လိုလုပ် စိမ်းကားနိုင်မှာလဲ”

လီထျန်းချန်းက တဟားဟား ရယ်မောလိုက်ပြီး - “လျိုလီ... စိတ်မကောင်းမဖြစ်ပါနဲ့တော့။ ယောင်ယောင် လက်ထပ်လိုက်တယ်ဆိုတာ ပြန်လာလို့မရတော့တာမှ မဟုတ်တာ။ သူတို့ရဲ့ ပေါင်းစည်းခြင်းက ပျော်ရွှင်စရာ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဆင်နွှဲသင့်တာလေ။ ငါတို့ ပျော်နေရမှာပေါ့”

“ပြောတာ မှန်ပါတယ်၊ ကျွန်မကပဲ စိတ်က နုနေတာပါ” ဇီလျိုလီလည်း ရယ်မောလိုက်သည်။

ထိုခဏ၌ပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည် - “မင်္ဂလာရက်မြတ် အချိန်ကျရောက်ပါပြီ... မြေပြင်နဲ့ ကောင်းကင်ကို အလေးပြုရန် အချိန်တန်ပါပြီ...”

လင်းပိုင်ဖန်သည် ဖီးနစ်သရဖူနှင့် မင်္ဂလာဝတ်ရုံတော်ကို ဆင်မြန်းထားသည့် ယောင်ယောင်ကို ဦးဆောင်ကာ ကောင်းကင်၊ မြေပြင်နှင့် ဘိုးဘေးများကို ပူဇော်ရန် တော်ဝင်ထုံးတမ်းစဉ်လာအတိုင်း လိုက်နာဆောင်ရွက်ခဲ့သည်။

အခမ်းအနားအတွင်း ယောင်ယောင်သည် သူမ၏ စုန်းမငယ် သဘာဝကို မပြဘဲ ရှက်သွေးဖြာနေသည့် သတို့သမီးငယ်လေးကဲ့သို့ ပြုမူကာ ထုံးတမ်းစဉ်လာအားလုံးကို လင်းပိုင်ဖန်၏ ဦးဆောင်မှုနောက်သို့ ငြိမ်သက်စွာ လိုက်နာခဲ့သည်။

ဂါရဝပြုပြီးနောက်တွင်မူ ယောင်ယောင်သည် မင်္ဂလာခန်းဆောင်သို့ ဝင်ရောက်သွားခဲ့ပြီး လင်းပိုင်ဖန်တစ်ဦးတည်းသာ ဧည့်သည်တော်များကို နှုတ်ဆက်ရန် ကျန်ရစ်ခဲ့သည်။

အရာရှိကြီးများနှင့် ဝန်ကြီးများသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့ ရောက်လာကြကာ အရက်ခွက်များ မြှောက်၍ ဂုဏ်ပြုစကားများ ဆိုကြသည်။

“အရှင်မင်းကြီး... ရာသက်ပန် အနှစ်တစ်ရာတိုင်အောင် တစ်သက်လုံး လက်တွဲနိုင်ပါစေ...”

“အရှင်မင်းကြီး... သားရတနာ မကြာခင် ထွန်းကားပြီး မိသားစု အောင်မြင်ဖြစ်ထွန်းပါစေ...”

“အရှင်မင်းကြီး... အရှင်မင်းကြီးတို့ရဲ့ ပေါင်းစည်းခြင်းက နဂါးနဲ့ ဖီးနစ်လို မင်္ဂလာရှိပြီး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေ ဘုရား...”

လင်းပိုင်ဖန်သည် ဂုဏ်ပြုပြောဆိုလာသည် အရက်ခွက်တိုင်းကို ချွင်းချက်မရှိ ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ထိုစဉ်မှာပင် မထင်မှတ်ထားသော်လည်း ရောက်လာသင့်သည် လူတစ်ယောက် ရောက်ရှိလာခဲ့သည်။

စုန့်ယွီဖေးသည် ကြည်လင်သော အရက်ခွက် တစ်ခွက်ကို ကိုင်ဆောင်ကာ လင်းပိုင်ဖန်ထံသို့ ချဉ်းကပ်လာပြီး - “အရှင်မင်းကြီး... တာအိုဂိုဏ်းကိုယ်စား အရှင်မင်းကြီးရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်၊ တစ်သက်လုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”

“ကျေးဇူးတင်ပါတယ်”

လင်းပိုင်ဖန်က သူမနှင့် ခွက်ချင်းတိုက်လိုက်ပြီး ပြုံးလျက် ဆိုလိုက်သည် - “မင်းရဲ့ ဂုဏ်ပြုစကားက နည်းနည်းတော့ အတင်းအကျပ် ဖြစ်နေသလိုပဲ”

“ဘာလို့လဲဆိုတော့ ဒါက ကျွန်မရဲ့ တကယ့်ခံစားချက် မဟုတ်သလို တာအိုဂိုဏ်းရဲ့ ရည်ရွယ်ချက်လည်း မဟုတ်ဘူးလေ၊ ဒါပေမဲ့ ကျွန်မ ပြောကိုပြောရမှာမို့လို့ပါ” စုန့်ယွီဖေးက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းခါလိုက်ပြီး - “မင်း ပခုံးပေါ်မှာ ထမ်းထားရတာတွေက များလွန်းတယ်။ ပင်ပန်းနေမှာပဲ”

“ယောင်ယောင်လည်း အများကြီး ထမ်းထားရတာပါပဲ၊ ကျွန်မက သူမလောက် ကံမကောင်းတာပဲ ရှိတာပါ”

စုန့်ယွီဖေးက သက်ပြင်းတစ်ချက်ချကာ နောက်ဆုံးတွင်မူ အတင်းအကျပ် ပြုံးလိုက်ရင်း - “ဘာပဲဖြစ်ဖြစ် ဒီနေ့က အရှင်မင်းကြီးရဲ့ မင်္ဂလာရက်မြတ်ပဲလေ။ မပျော်ရွှင်စရာ ကိစ္စတွေကို မပြောကြတာပေါ့”

“မှန်တာပေါ့၊ ဒီနေ့က ပျော်ရွှင်စရာ နေ့တစ်နေ့ပဲလေ”

အရက်ကို သောက်ပြီးနောက် လင်းပိုင်ဖန်သည် ယောင်ယောင်၏ နန်းဆောင်သို့ ပြန်လာခဲ့သည်။

ယောင်ယောင်သည် တောက်ပသော အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ကုတင်ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။

နီရဲသော မျက်နှာဖုံးပုဝါက သူမ၏ မျက်နှာကို ကွယ်ထားသောကြောင့် လင်းပိုင်ဖန် မမြင်ရသော်လည်း အင်ပါယာ မြေပုံမှတစ်ဆင့် သူမ၏ မျက်နှာတစ်ခုလုံး လုံးဝ နီမြန်းနေသည်ကို သူ သိရှိလိုက်ရသည်။

လင်းပိုင်ဖန်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ တဟားဟား ရယ်မောလိုက်ပြီး - “ယောင်ယောင်... ဒီတစ်ကြိမ် မင်း ဘယ်လိုပြေးမလဲ”

“အရှင်မင်းကြီး...” ယောင်ယောင်သည် စိတ်ခံစားမှုမျိုးစုံဖြင့် တုန်လှုပ်နေခဲ့သည်။

“ဒီညတော့ မင်းက ငါ့အပိုင်ပဲ” လင်းပိုင်ဖန်က ယောင်ယောင်၏ ကိုယ်လုံးလေးကို ပွေ့ချီကာ ကုတင်ထက်သို့ လှဲချလိုက်တော့သည်။

ထိုညတွင် ကုတင်ထက်၌ နဂါးနှင့် ဖီးနစ်တို့ သဟဇာတဖြစ်စွာ ပေါင်းစပ်ညှိနှိုင်းသွားကြပြီး ၎င်းတို့နှစ်ဦးသည် အတိုင်းမသိ ပျော်ရွှင်မှု ရနံ့များအကြား နစ်မြောကာ ကျန်ရှိသမျှ လောကကိစ္စအဝဝကို မေ့လျော့သွားခဲ့ကြချေတော့သည်”

အပိုင်း (၅၆၃)

လာမည့်ရက်များအတွင်း လင်းပိုင်ဖန်၏ နေ့ရက်များသည် အလွန်ပင် စိတ်အေးချမ်းသာစွာဖြင့် ကုန်လွန်နေခဲ့သည်။

သူသည် အားလပ်ချိန်ရတိုင်း ယောင်ယောင်ကို စနောက်ကျီစယ်လေ့ရှိပြီး သူမ၏ မချိတင်ကဲဖြင့် အံကြိတ်ကာ အရှုံးပေးလိုက်ရသည့် ပုံစံလေးကို ကြည့်ရင်း လင်းပိုင်ဖန်မှာ အတိုင်းမသိ ကျေနပ်ပီတိ ဖြစ်နေမိတော့သည်။ “မင်း ဘယ်လောက်ပဲ ဆိုးချင်ဆိုး၊ နောက်ဆုံးတော့လည်း ငါ့လက်ထဲမှာပဲ ယဉ်ပါးသွားရတာပါပဲ”

‘တကယ်လို့ မင်းက မကျေနပ်သေးဘူးဆိုရင်လည်း အိပ်ရာထက်ကျမှ ဘယ်သူက ပိုသာလဲဆိုတာ ကြည့်ကြသေးတာပေါ့’

၎င်းအပြင် လင်းပိုင်ဖန် နောက်ထပ် အာရုံစိုက်နေသည့် ကိစ္စမှာ တော်ဝင်စာမေးပွဲနှင့် စစ်ဘက်ဆိုင်ရာ ရွေးချယ်ပွဲ (သိုင်းပြိုင်ပွဲ) တို့ပင် ဖြစ်သည်။

ဤရက်ပိုင်းအတွင်း မင်္ဂလာပွဲအတွက် ပြင်ဆင်နေရုံသာမက မဟာရှနိုင်ငံတော်၏ အရေးကြီးဆုံး ကိစ္စရပ်တစ်ခုမှာ တိုင်းပြည်အတွက် ထူးချွန်ထက်မြက်သည့် အတတ်ပညာရှင်များကို စုဆောင်းရန် တော်ဝင်စာမေးပွဲနှင့် သိုင်းပြိုင်ပွဲကို ကျင်းပရန် ဖြစ်သည်။

“အရှင်မင်းကြီး... အခုအချိန်အထိ တော်ဝင်စာမေးပွဲအတွက် စာရင်းပေးသွင်းထားသူ အရေအတွက်ဟာ သုံးသိန်းအထိ ရှိနေပါပြီ။ လူဦးရေ များပြားလွန်းတဲ့အတွက် စာမေးပွဲကို အလှည့်ကျ အကြိမ်ကြိမ် ခွဲပြီး ကျင်းပရမယ့် အခြေအနေ ရှိပါတယ်” ဟု ပညာရေးဝန်ကြီး လီလင်းဖူက လျှောက်တင်လိုက်သည်။

လင်းပိုင်ဖန်မှာ အံ့အားသင့်သွားပြီး - “ဒီလောက်တောင် များတာလား...”

လွန်ခဲ့သည့်နှစ်က တော်ဝင်စာမေးပွဲတွင် စာရင်းပေးသွင်းသူဦးရေမှာ တစ်သိန်းကျော်မျှသာ ရှိခဲ့ပြီး ထိုအထဲတွင် မဟာရှနိုင်ငံတော်တွင် ပညာသင်ကြားနေသည့် ကျောင်းသားအများအပြား ပါဝင်ခဲ့သည်။ သို့သော် ယခုအခါ တစ်နှစ်အတွင်းမှာပင် စာရင်းပေးသွင်းသူ သုံးသိန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ကိုယ့်နိုင်ငံအတွင်း စာမေးပွဲဖြေဆိုရန် သတ်မှတ်ချက် ပြည့်မှီသူဦးရေမှာ တစ်သောင်းနှစ်ထောင် သို့မဟုတ် တစ်သောင်းသုံးထောင်ခန့်သာ ရှိသည်။

ဆိုလိုသည်မှာ ဤပညာရှင် သုံးသိန်းထဲမှ နှစ်သိန်းကျော်မှာ ပြင်ပနိုင်ငံများမှ လာရောက်ကြသူများ ဖြစ်ကြသည်။

၎င်းအပြင် ၎င်းတို့အားလုံးသည် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရရန် အဆင့်မြင့်စာပေပညာရှင်များ ဖြစ်ကြရမည် ဖြစ်သည်။

အဆင့်မြင့် စာပေပညာရှင် နှစ်သိန်းကျော်ဟူသည်မှာ မည်မျှ ခြောက်ခြားဖွယ်ကောင်းသော အရေအတွက်နည်း။

အနှစ်တစ်ထောင် သက်တမ်းရှိသည့် အင်ပါယာကြီးတစ်ခုပင်လျှင် ဤမျှများပြားသော စာပေပညာရှင်များ မွေးထုတ်ပေးနိုင်မည် မဟုတ်ပေ။

လီလင်းဖူက သူ၏ အစီရင်ခံစာကို ဆက်လက် လျှောက်တင်လိုက်သည် - “လက်ရှိအချိန်အထိ စုစုပေါင်း စာရင်းပေးသွင်းသူ ၃၀၂,၁၈၃ ဦး ရှိပြီး အဲဒီအထဲမှာ အဆင့်မြင့် စာပေပညာရှင် ၁၉၁,၈၃၇ ဦးနဲ့ ကျောင်းသားအဆင့် စာပေပညာရှင် ၁၁၀,၃၄၆ ဦး ပါဝင်နေတာကြောင့် သမိုင်းတစ်လျှောက်မှာ အများဆုံး စံချိန်ကို တင်နိုင်ခဲ့ပါပြီ အရှင်မင်းကြီး ”

“ဒီလောက်ထိ ထူးချွန်တဲ့ ပညာရှင်တွေ အလုံးအရင်းနဲ့ လာရောက်ကြတာဟာ မဟာရှနိုင်ငံတော်ဟာ ယနေ့ကမ္ဘာပေါ်မှာ နံပါတ်တစ် အင်ပါယာကြီး ဖြစ်လာပြီး ချမ်းသာကြွယ်ဝကာ အာဏာစက် ပြင်းပျနေတာကြောင့်ပါပဲ။ နိုင်ငံအသီးသီးက ပညာရှင်တွေအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်တောင့်တနေကြတာ ဖြစ်ပါတယ်”

“အရှင်မင်းကြီး... ဒါဟာ အရှင်မင်းကြီးရဲ့ အမျှော်အမြင်ရှိပြီး တရားမျှတတဲ့ ဦးဆောင်မှုကြောင့်ဖြစ်ပြီး အရှင်မင်းကြီးကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ သာယာဝပြောတဲ့ အင်ပါယာကြီးရဲ့ အသီးအပွင့်တွေပါပဲ….”

လင်းပိုင်ဖန်မှာ အလွန်ပင် ဝမ်းမြောက်သွားပြီး - “ဒီမြှောက်ပင့်စကားကတော့ တကယ့်ကို ကွက်တိပဲ၊ ငါကိုယ်တော် လက်ခံလိုက်မယ်။ ငါတို့ မဟာရှနိုင်ငံတော်က နိုင်ငံငယ်လေးတစ်ခု ဖြစ်ခဲ့တုန်းက ပညာရှင်တစ်ယောက်မှ လာဖို့မပြောနဲ့၊ ဖွံ့ဖြိုးတိုးတက်ဖို့တောင် အလွန်ခက်ခဲခဲ့တာကို မှတ်မိနေသေးတယ်။ အခုတော့ ဘာမှ ကြော်ငြာစရာမလိုဘဲ သူတို့ဘာသာသူတို့ လာကြတာပဲ။ ဟားဟား...”

“အရှင်မင်းကြီး မိန့်ကြားတာ မှန်ကန်လှပါတယ် ဘုရား။ ‘ရွှေအိမ်ဆောက်မှ ဖီးနစ်ငှက်နားတယ်’ ဆိုတဲ့ စကားပုံလိုပေါ့။ အခုဆိုရင် ကျွန်တော်တို့ မဟာရှနိုင်ငံတော်ဟာ လောကကြီးတစ်ခုလုံးမှာ အကြီးမားဆုံး ဖီးနစ်ငှက်သိုက်ကြီး ဖြစ်နေပြီဆိုတော့ ပညာရှင်တွေ အုန်းအုန်းကျွက်ကျွက် ရောက်လာကြတာဟာ သဘာဝကျပါတယ် အရှင်မင်းကြီး” လီလင်းဖူက ပြုံးလျက် လျှောက်တင်လိုက်သည်။

“လူတွေ ဒီလောက်တောင် များနေမှတော့ အယောင်ဆောင်တွေလည်း ရောနှောပါလာနိုင်တယ်။ ဒါကြောင့် ငါကိုယ်တော်အတွက် သေချာ စောင့်ကြည့်ပေးပါ၊ ကြီးမြတ်တဲ့ မျိုးနွယ်စုက လူတွေ ခိုးဝင်ပြီး နေရာမယူစေနဲ့” လင်းပိုင်ဖန်က ညွှန်ကြားလိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး...” လီလင်းဖူက အမိန့်တော်ကို နာခံလိုက်သည်။

ထို့နောက် လင်းပိုင်ဖန်သည် စစ်ဘက်ရေးရာဝန်ကြီး ချောင်ချောင်ဘက်သို့ လှည့်လိုက်သည်။

ချောင်ချောင်က ချက်ချင်းပင် ရှေ့သို့ထွက်၍ လျှောက်တင်လိုက်သည် - “အရှင်မင်းကြီး... စစ်ဘက်ဆိုင်ရာ သိုင်းပြိုင်ပွဲအတွက်လည်း အဆင်သင့် ဖြစ်နေပါပြီ။ အခုအချိန်အထိ စုစုပေါင်း ၃၆,၁၃၀ ဦး စာရင်းပေးသွင်းထားပါတယ် ။ ၎င်းတို့ထဲမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၁၃ ဦး၊ ပထမတန်းစား သိုင်းပညာရှင် ၈,၇၀၀ ဦးနဲ့ ဒုတိယတန်းစား သိုင်းပညာရှင် ၂၅,၃၀၀ ဦး ပါဝင်ပါတယ်...”

လင်းပိုင်ဖန် အနည်းငယ် ဆွံ့အသွားပြီး - “ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေတောင် စာရင်းပေးသွင်းကြတာလား၊ နည်းနည်း မများလွန်းဘူးလား”

ချောင်ချောင်က ပြုံးကာ - “အရှင်မင်းကြီး... အရှင်မင်းကြီး မသိသေးလို့ပါ၊ လွန်ခဲ့တဲ့ နှစ်တွေအတွင်း မဟာရှနိုင်ငံတော် စည်ပင်ဝပြောလာတာနဲ့အမျှ ကျွန်တော်မျိုးတို့ဆီမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တွေ မရှားပါဘူး၊ ဒါကြောင့် အပြင်ကနေ ထပ်ပြီး မခေါ်ယူတော့တာပါ။ ဒါပေမဲ့ တိုင်းပြည်ကို အမှုထမ်းချင်ပေမယ့် လမ်းစမရှိတဲ့ သိုင်းပညာရှင်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့တွေက သိုင်းပြိုင်ပွဲကတစ်ဆင့် အရှင်မင်းကြီးရဲ့ သတိပြုခြင်းခံရဖို့ မျှော်လင့်ချက်နဲ့ ရောက်လာကြတာပါ….”

“အော်... ဒါကြောင့်ကိုး” လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။

နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ပြီးနောက်တွင် ၎င်းတို့အင်ပါယာရှိ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အရေအတွက်မှာ ၁၈၀ အထိ ရှိနေပြီဖြစ်သည်။

ပထမတန်းစား သိုင်းပညာရှင် အရေအတွက်မှာမူ ပို၍ပင် များပြားလှပြီး တစ်သောင်းကျော်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ဝေးဝေးကြည့်စရာမလို၊ နန်းတော်အတွင်း၌ပင် ကာကွယ်စောင့်ရှောက်နေသည့် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ၃၀ ကျော်ရှိပြီး တော်ဝင် သက်တော်စောင့်များအားလုံးမှာ ပထမတန်းစား သိုင်းပညာရှင်များ ဖြစ်ကြရာ ဒုတိယတန်းစား သိုင်းပညာရှင်ဟူ၍ အလွန်ပင် ရှားပါးလှသည်။

ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အရေအတွက် နည်းပါးခြင်းသည် လင်းပိုင်ဖန်အတွက် စိုးရိမ်စရာ မဟုတ်တော့ပေ။

ထို့ကြောင့် ပြင်ပမှ သိုင်းပညာရှင်များကို ထပ်မံခေါ်ယူရန် လင်းပိုင်ဖန် စိတ်မဝင်စားတော့ချေ။

သူ့လက်အောက်၌ တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းနေသည့် သိုင်းပညာရှင် အများအပြား ရှိနေရုံနှင့်ပင် ပျိုးထောင်ပေးရန် လုံလောက်လှပြီ ဖြစ်သည်။

ယခုရှိနေသည့် အရင်းအမြစ်များဖြင့် ပထမတန်းစား သိုင်းပညာရှင် သောင်းချီထဲမှ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် ရာဂဏန်းကို သူ မမွေးထုတ်ပေးနိုင်ဘဲ နေမည်လော။

ထို့ကြောင့် ပြင်ပမှ သိုင်းပညာရှင်များအနေဖြင့် မဟာရှနိုင်ငံတော်သို့ ဝင်ရောက်လိုပါက သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိပေ။ ဤအခြေအနေသည် လင်းပိုင်ဖန်အား သူ၏ ယခင်ဘဝက အစိုးရဝန်ထမ်းစာမေးပွဲများကို ပြန်လည်သတိရစေသည်။ အပြိုင်အဆိုင် ပြင်းထန်လွန်းလှသဖြင့် ဘဝကိုပင် စိတ်ပျက်မိစေလောက်ပေသည်။

“အရာအားလုံးကို လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်ပါ” လင်းပိုင်ဖန်က ပြောလိုက်သည်။

“မှန်လှပါ အရှင်မင်းကြီး...”

ထိုအချိန်တွင် မဟာရှနိုင်ငံတော်၏ မြို့တော်သို့ ထူးဆန်းသော လူစုတစ်စု ရောက်ရှိလာခဲ့သည်။

ဤလူစုမှာ အလွန်ပင် ထူးဆန်းလှသည်။ ထိုအထဲတွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် စုံလင်စွာ ပါဝင်ပြီး အားလုံးမှာ အရှိန်အဝါ ပြင်းထန်သည့် သိုင်းပညာရှင်များ ဖြစ်ပုံရသည်။

သို့သော် ၎င်းတို့၏ ဝတ်စုံများမှာ အလွန် ရိုးရှင်းလှပြီး သာမန်အရပ်သားများနှင့် ခွဲခြားမရနိုင်လောက်အောင်ပင် ဖြစ်နေသည်။

၎င်းတို့သည် ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်ရှုနေကြပြီး အထဲမှ လူငယ်သိုင်းသမားတစ်ဦးက မအောင့်နိုင်ဘဲ ရေရွတ်လိုက်သည် - “ဒီနေရာက တကယ့်ကို စည်ကားတာပဲ။ လူတွေ ရှုပ်ရှက်ခတ်နေပြီး ရထားလုံးတွေ၊ မြင်းလှည်းတွေကလည်း အဆုံးမရှိ စီးဆင်းနေတာပဲ...။ ငါ မြို့ပေါင်း ရာချီကို ရောက်ဖူးပေမယ့် ဒီလောက်အထိ စည်ကားတဲ့ မြို့မျိုး တစ်ခါမှ မမြင်ဖူးဘူး”

“စည်ကားရုံတင် ဘယ်ကမလဲ” နောက်ထပ် လူငယ်သိုင်းသမားတစ်ဦးက ထောက်ပြလိုက်သည်။

“ဟိုးဘက်ကို ကြည့်လိုက်ဦး၊ စာပေပညာရှင်တွေ ဘယ်လောက်တောင် များလိုက်လဲ။ သူတို့တွေက သိသိသာသာကို ပညာအရည်အချင်း နက်နဲတဲ့သူတွေပဲ။ ပြီးတော့ ဟိုးဘက်က လူတွေကို ကြည့်လိုက်၊ တစ်ယောက်ချင်းစီရဲ့ အရှိန်အဝါက အနည်းဆုံး ပထမတန်းစား သိုင်းပညာရှင် အဆင့်မှာ ရှိတယ်။ တချို့ဆိုရင် ငါတို့ထက်တောင် ပိုပြီး သန်မာတဲ့ ပုံပဲ”

“ဒီမှာ ကင်းလှည့်နေတဲ့ စစ်သည်တွေတောင် အနည်းဆုံး တတိယတန်းစား အဆင့်မှာ ရှိနေတာ။ ခုနက ဖြတ်သွားတဲ့ စစ်တပ်ဆိုရင် အားလုံးက ပထမတန်းစား အဆင့်တွေချည်းပဲ” တစ်စုံတစ်ယောက်က အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“မယုံနိုင်စရာပဲ... မဟာရှနိုင်ငံတော်က ဒီလောက်အထိ အင်အားကြီးမားသွားပြီလားဟ”

All Chapters