အခန်း (၅၆၄-၅၆၅)
Vol. 52 Ch. 564-565
အပိုင်း (၅၆၄)
ထိုခဏ၌ပင် လူစု၏ အလယ်တွင် လျှောက်လှမ်းလာသော အကြီးအကဲ အဖိုးအိုတစ်ဦးက ဖြည်းညှင်းစွာ စကားဆိုလိုက်သည် - “ဒါဟာ တော်ဝင်စာမေးပွဲနဲ့ သိုင်းပြိုင်ပွဲကြောင့် ဖြစ်ရမယ်။ မဟာရှနိုင်ငံတော်က အရပ်ရပ်က ပညာရှင်တွေကို စုဆောင်းဖို့အတွက် ဒီစာမေးပွဲတွေကို ကျင်းပဖို့ ပြင်ဆင်နေတာလေ။ သူတို့တွေလည်း ဒီပွဲကို ဝင်နွှဲဖို့ ရောက်လာကြတာ ဖြစ်လိမ့်မယ်”
“ဒါပေမဲ့ ဆရာ... ဒီမှာ ပညာရှင်တွေက အများကြီးပဲလေ။ စာမေးပွဲပဲဖြစ်ဖြစ်၊ သိုင်းပြိုင်ပွဲပဲဖြစ်ဖြစ် ရွေးချယ်မယ့် လူဦးရေက အကန့်အသတ်ပဲ ရှိတာမို့လို့ ဒီလူတွေထဲက အများစုကတော့ လက်ဗလာနဲ့ပဲ ပြန်ကြရမှာက အသေအချာပဲလေ။ ဒါကို သိရက်နဲ့ သူတို့တွေ ဘာလို့ လာပြိုင်ကြသေးတာလဲဟင်” ဟု ကြည်လင်ပြတ်သားသော အသံပိုင်ရှင် မျက်နှာဖုံးစွပ် မိန်းကလေးငယ်တစ်ဦးက မေးမြန်းလိုက်သည်။
“ဒါက လောကနိယာမ သဘာဝတရားနဲ့ ဆက်စပ်နေလို့ပဲ တပည့်တို့ရာ...” ဟု အဖိုးအိုက သက်ပြင်းတစ်ချက်ချကာ ဆိုလိုက်သည်။
“ကောင်းကင်ဘုံရဲ့ နိယာမ သဘောတရားကတော့ ပိုလျှံနေတာတွေကို နှုတ်ယူပြီး လိုအပ်နေတဲ့နေရာတွေကို ဖြည့်ဆည်းပေးတတ်တယ်။ လူသားတို့ရဲ့ လောကီတရားကတော့ မပြည့်စုံတဲ့နေရာကနေ နှုတ်ယူပြီး ပိုလျှံနေတဲ့ နေရာကိုပဲ ထပ်ဖြည့်ပေးတတ်ကြတာပဲ။ ဒါကြောင့် သန်မာတဲ့သူက ပိုပြီး သန်မာလာပြီး အားနည်းတဲ့သူက ပိုပြီး အားနည်းသွားရတာပေါ့။ အခု မဟာရှနိုင်ငံတော်က လောကကြီးမှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်နေတော့ ထူးချွန်ထက်မြက်တဲ့ ပညာရှင်တွေကို ဆွဲဆောင်နိုင်တဲ့ အရှိန်အဝါကလည်း အတားအဆီးမဲ့နေပြီလေ။ ဒါကြောင့် သူတို့တွေ အုန်းအုန်းကျွက်ကျွက် လာကြတာဟာ အံ့ဩစရာ မဟုတ်ပါဘူး”
လူတိုင်းက တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ကြသည်။
အဖိုးအိုက ဆက်လက်၍ - “လူသားတွေရဲ့ ဒီလို မမျှတတဲ့ တရားတွေကြောင့်ပဲ ငါတို့ မိုဂိုဏ်း အနေနဲ့ လူသားအားလုံးကို အပြန်အလှန် ချစ်ခင်မြတ်နိုးခြင်းနဲ့ စစ်မက်မဖြစ်ပွားခြင်းဆိုတဲ့ ဝါဒတွေကို စွဲကိုင်ပြီး ဆင်းရဲသား ပြည်သူတွေအတွက် အသက်ဆက်နိုင်မယ့် လမ်းစကို ရှာဖွေပေးနေရတာပေါ့”
“ဆရာ့ဆီကနေ အများကြီး သင်ယူလိုက်ရပါတယ်...” လူစုမှာ နှိမ့်ချစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
“ဒါပေမဲ့ ဆရာ... မဟာရှနိုင်ငံတော်ရဲ့ ဧကရာဇ်က ကျွန်တော်တို့ကို လက်ခံတွေ့ဆုံပါ့မလား။ ကြားဖူးတာတော့ သူက ရက်စက်တဲ့ ဘုရင်တစ်ပါး တဲ့။ နန်းတက်ကတည်းက နယ်မြေချဲ့ထွင်ဖို့ စစ်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့တာဆိုတော့ ကျွန်မ အနည်းငယ် စိုးရိမ်မိတယ်...”
“ဆရာတို့ သူ့ကို မဖြစ်မနေ တွေ့မှ ရမယ်” ဟု အဖိုးအိုက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း မျက်ဝန်းများ တောက်ပစွာဖြင့် ဆိုလိုက်သည်။
“မဟာရှ ဧကရာဇ်မှာ ရက်စက်တတ်တဲ့ စိတ်ရှိနိုင်ပေမယ့် ကြီးမြတ်တဲ့ မေတ္တာတရား ရှိတဲ့ အပိုင်းလည်း ရှိသေးတာပဲ။ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ အေးချမ်းသာယာစွာ နေထိုင်နေရပြီး တိုင်းပြည်ကလည်း ဝပြောကာ အေးချမ်းနေတာပဲ မဟုတ်လား။ တကယ်လို့ သူသာ ဆရာတို့ရဲ့ အတွေးအခေါ်တွေကို လက်ခံနိုင်ရင် အတွေးအခေါ် အနည်းငယ် ပြောင်းလဲသွားရုံနဲ့တင် လောကကြီးတစ်ခုလုံးအတွက် အကျိုးကျေးဇူး အများကြီး ဖြစ်ထွန်းစေလိမ့်မယ်”
မသိလိုက်ဘာသာဖြင့် ၎င်းတို့သည် မဟာရှနိုင်ငံတော်၏ တော်ဝင်နန်းတော်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဝင်ရောက်တွေ့ဆုံခွင့်တောင်းသည့် သဝဏ်လွှာကို တင်ပြလိုက်ကြသည်။
မကြာမီမှာပင် လင်းပိုင်ဖန်သည် ထိုသဝဏ်လွှာကို ရရှိခဲ့ပြီး အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည် - “မိုဂိုဏ်းက လူတွေ ရောက်လာတာလား...”
လင်းပိုင်ဖန်သည် မိုဂိုဏ်းအကြောင်းကို ကောင်းစွာ သိရှိထားသည်။ ၎င်းသည် မိုဇီတည်ထောင်ခဲ့သော ပညာရပ်ဆိုင်ရာ ကျောင်းတော်တစ်ခု ဖြစ်သော်လည်း လက်တွေ့တွင်မူ ဂိုဏ်းအဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်သည်။
မိုဂိုဏ်းဝင်များသည် အပြန်အလှန် ချစ်ခင်ခြင်းနှင့် စစ်မက်မပြုခြင်းဟူသော ဝါဒကို စွဲကိုင်ထားကြပြီး စက်မှုအတတ်ပညာများတွင် ကျွမ်းကျင်ကာ၊ အားနည်းသူကို ကူညီ၍ အားကြီးသူကို နှိမ်နင်းသည့် သူရဲကောင်းဆန်ဆန် ပြုမူတတ်ကြသဖြင့် ၎င်းတို့ကို ‘မိုသိုင်းသမားများ’ ဟုလည်း ခေါ်ဆိုကြသည်။
၎င်းတို့ အနှစ်သက်ဆုံး အလုပ်မှာ နိုင်ငံအသီးသီးသို့ လှည့်လည်ကာ ငြိမ်းချမ်းရေးဆိုင်ရာ အတွေးအခေါ်များကို ဖြန့်ဝေခြင်း ဖြစ်သည်။
၎င်းတို့သည် လူသားချင်း တန်းတူညီမျှမှုကို ရှေ့တန်းတင်ကြပြီး၊ ကျူးကျော်စစ်များကို ဆန့်ကျင်ကာ၊ ဖြုန်းတီးမှုကို ဆန့်ကျင်၍ ခြိုးခြံချွေတာမှုကို အားပေးကြသည့်အပြင် သဘာဝနိယာမများကို နားလည်ခြင်းကိုလည်း တန်ဖိုးထားကြသည်။
သို့သော် ၎င်းတို့၏ အတွေးအခေါ်များသည် တိုင်းပြည်ကို အုပ်ချုပ်မည့် မင်းစိုးရာဇာများ လိုလားသည့် အရာမျိုး မဟုတ်သဖြင့် မည်သည့်နိုင်ငံကမျှ ၎င်းတို့ကို လက်ခံခဲ့ခြင်း မရှိပေ။
ယခုမူ ၎င်းတို့သည် သူ့ထံသို့ မထင်မှတ်ဘဲ ရောက်ရှိလာခဲ့ချေလေပြီ။
“သူတို့ကို နန်းတော်ထဲ ဝင်ခွင့်ပြုလိုက်...”
ခေတ္တမျှ ကြာပြီးနောက် အဖိုးအိုသည် လူစုကို ဦးဆောင်ကာ အင်ပါယာ စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
၎င်းတို့သည် လင်းပိုင်ဖန်ကို နှိမ့်ချလွန်းခြင်း၊ မောက်မာလွန်းခြင်း မရှိဘဲ ပုံမှန်အတိုင်း ဦးညွှတ်ဂါရဝပြုကာ - “မိုဂိုဏ်းချုပ် ချူထျန်းမင်နဲ့အတူ မိုဂိုဏ်းဝင်များက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ...” ဟု ဆိုလိုက်ကြသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... သက်တော်ရာကျော် ရှည်ပါစေ...” ဟု အခြားသူများကလည်း ပြိုင်တူ လျှောက်တင်ကြသည်။
“ ထုံးတမ်းစဉ်လာတွေ လုပ်မနေကြပါနဲ့တော့”
လင်းပိုင်ဖန်က လက်ဟန်ပြကာ ပြုံးလျက် - “ငါကိုယ်တော် မိုဂိုဏ်းအကြောင်း ကြားဖူးတာ ကြာပါပြီ။ မောင်မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အလွန် လေးစားမိပါတယ်။ အားလုံးပဲ အပန်းမကြီးရင် နေရာယူကြပါဦး”
“ကျေးဇူးတော် ကြီးမြတ်လှပါတယ် အရှင်မင်းကြီး...” အားလုံးက ပြိုင်တူ လျှောက်တင်ကာ နေရာအသီးသီးတွင် ထိုင်လိုက်ကြသည်။
ဤသည်မှာ နှစ်ဦးနှစ်ဖက်စလုံး တစ်ဦးကိုတစ်ဦး ပထမဆုံးအကြိမ် စူးစမ်းအကဲခတ်ခွင့် ရရှိခြင်း ဖြစ်သည်။
မိုဂိုဏ်းဝင်များအားလုံးသည် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်နေကြသည်ကို လင်းပိုင်ဖန် အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ ၎င်းအပြင် အားလုံးမှာ အသက် ၃၀ ထက်မပိုသော လူငယ် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များသာ ဖြစ်ကြသည်။
လူငယ်ဟူသည်မှာ အလားအလာရှိခြင်းကို ကိုယ်စားပြုပြီး ၎င်းတို့သည် တောက်ပသော အနာဂတ်များနှင့်အတူ အစွမ်းထက်ဆုံး အချိန်သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
မိုဂိုဏ်းအနေဖြင့် ၎င်းတို့ကို မည်သို့ ပျိုးထောင်ပေးခဲ့သည်ကို သူ စဉ်းစားမရပေ။ ၎င်းတို့သည် တစ်ချိန်က ပညာရေးလောကတွင် ကွန်ဖြူးရှပ်ကျောင်းတော် နှင့် ရင်ပေါင်တန်းနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
လင်းပိုင်ဖန်ကို အံ့အားအသင့်စေဆုံးအရာမှာ လက်ရှိ မိုဂိုဏ်းချုပ် ‘ချူထျန်းမင်’ ပင် ဖြစ်သည်။ သူသည် ကောင်းကင်အဆင့်ရှိသော ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေသည်။
သူသည် မိမိ၏ အစစ်အမှန် ခွန်အားကို နှစ်ပေါင်းများစွာတိုင်အောင် အလွန်နက်နဲစွာ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းပိုင်ဖန်က မိုဂိုဏ်းက လူစုကို အကဲခတ်နေစဉ်မှာပင် ၎င်းတို့ကလည်း သူ့ကို ပြန်လည်အကဲခတ်နေကြသည်။
၎င်းတို့အားလုံး ထိတ်လန့်သွားကြရသည်။ လင်းပိုင်ဖန်က လူတိုင်းကို ပေးလိုက်သည့် ပထမဆုံး အထင်အမြင်မှာ... သူသည် ငယ်လွန်းနေခြင်းပင် ဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ ၎င်းတို့နှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းပင် ဖြစ်ပုံရသည်။
သို့သော် ၎င်းတို့မှာ လောကကြီးတွင် အမည် မရှိသေးချိန်၌... သူသည် ကျယ်ပြောလှသော နယ်မြေများကို သိမ်းပိုက်ပြီး၊ နံပါတ်တစ် အင်ပါယာကြီးကို တည်ထောင်ကာ၊ နိုင်ငံပေါင်းစုံက လာရောက်ခစားရသည့် ကမ္ဘာ့အကြီးမြတ်ဆုံး ဧကရာဇ် ဖြစ်နေခဲ့လေပြီ။
သူနှင့် နှိုင်းယှဉ်လိုက်ပါက ၎င်းတို့ကိုယ် ၎င်းတို့၏ အောင်မြင်မှုများအတွက် အလွန် ရှက်ရွံ့မိသွားကြသည်။
ဤလူငယ် တပည့်များထဲတွင် အသက် ၁၈ နှစ်ခန့်ရှိသည့် မျက်နှာဖုံးစွပ် မိန်းကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး သူမ၏ လှပသော မျက်ဝန်းအစုံက လင်းပိုင်ဖန်ထံသို့ စူးစမ်းစွာ စိုက်ကြည့်နေခဲ့သည်။
ထိုစဉ် လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - “မောင်မင်းတို့ရဲ့ မိုဂိုဏ်းက စက်မှုအတတ်ပညာနဲ့ စက်မှုပစ္စည်းတွေ ဖန်တီးတဲ့နေရာမှာ အလွန်ထူးချွန်တယ်လို့ ငါကိုယ်တော် ကြားဖူးတယ်။ ငါကိုယ်တော်ကို တစ်ခုလောက် ပြသနိုင်မလား”
“အရှင်မင်းကြီး မိန့်ကြားတော်မူပါ၊ ကျွန်တော်မျိုးတို့ မငြင်းဆန်ဝံ့ပါဘူး ” ဂိုဏ်းချုပ်ကြီး ချူထျန်းမင်က ခေါင်းညိတ်လိုက်ပြီး လူငယ်တပည့်တစ်ဦးကို အချက်ပြလိုက်သည်။
ထိုတပည့်က ရှေ့သို့ တစ်လှမ်းတိုးကာ လင်းပိုင်ဖန်ကို ဦးညွှတ်ဂါရဝပြုပြီးနောက် သစ်သားဖြင့် ပြုလုပ်ထားသော ငှက်ရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူလိုက်သည်။
အပိုင်း (၅၆၅)
“ဒါက ဘာများလဲ...” လင်းပိုင်ဖန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“အရှင်မင်းကြီး... ဒါက စက်မှုငှက်ရုပ်ပဲ ဖြစ်ပါတယ်” ဟု လူငယ်တပည့်က ပြုံးလျက် လျှောက်တင်လိုက်သည်။
“သူ့ကို သစ်သားနဲ့ပဲ လုပ်ထားတယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့ဦး။ အခုတော့ သူက သက်မဲ့အရာတစ်ခုပဲ ဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ ထိန်းချုပ်မှုအောက်ရောက်ရင် မကြာခင်မှာ အသက်ဝင်လာမှာပါ”
သူက စကားပြောရင်း လက်ထဲရှိ သစ်သားငှက်ရုပ်ကလေးကို လှုပ်ရှားလိုက်ရာ ငှက်ရုပ်ကလေးသည် အသက်ဝင်လာသည့်အလား ၎င်း၏ အတောင်ပံများကို ဖြည်းညှင်းစွာ ရိုက်ခတ်လာလေသည်။ ထို့နောက် အသာအယာ မြှောက်တင်လိုက်ရာ သစ်သားငှက်ရုပ်သည် အမှန်တကယ်ပင် ပျံတက်သွားပြီး နန်းတော်အထက်တွင် အကြိမ်အနည်းငယ် ဝဲပျံနေခဲ့သည်။ သေသေချာချာ မကြည့်မိပါက အသက်ရှိသော ငှက်အစစ်တစ်ကောင်ဟုပင် ထင်မှတ်မှားစရာပင် ဖြစ်လေ၏။
အင်ပါယာမြေပုံမှတစ်ဆင့် လင်းပိုင်ဖန် စူးစမ်းကြည့်လိုက်ရာ ဤသစ်သားငှက်၏ ပုံစံထုတ်လုပ်ထားမှုမှာ အလွန်ပင် ဆန်းကြယ်လှပြီး နာရီတစ်လုံးထက်ပင် ပိုမိုရှုပ်ထွေးလှသည့် အလွန်တိကျသော စက်မှုတည်ဆောက်ပုံများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်ရသည်။
ဤသစ်သားငှက်၏ စွမ်းအင်အရင်းအမြစ်မှာမူ... အစစ်အမှန်ချီပင် ဖြစ်သည်။
ထိုမိုဂိုဏ်းတပည့် လေ့ကျင့်ထားသော အစစ်အမှန်ချီမှာ ထူးခြားဆန်းပြားလှပြီး မျက်စိဖြင့် မမြင်နိုင်သော်လည်း ခိုင်ခံ့မြဲမြံလှကာ သစ်သားငှက်ကို ကြိုးမျှင်အလား ဆွဲငင်ထိန်းချုပ်၍ ပျံသန်းစေခြင်း ဖြစ်သည်။
လင်းပိုင်ဖန်လည်း မချီးမွမ်းဘဲ မနေနိုင်တော့ဘဲ လက်ခုပ်တီးကာ - “အံ့ဩစရာကောင်းလိုက်တာ... ဒီသစ်သားငှက်က ဘယ်လောက်အထိ မြင့်မြင့်နဲ့ ဝေးဝေး ပျံသန်းနိုင်လဲ၊ ပြီးတော့ သူ့ကို ဘယ်နေရာမှာ အသုံးပြုလို့ရလဲ”
“အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ လက်ရှိစွမ်းရည်နဲ့ဆိုရင်တော့ ဒီသစ်သားငှက်ကို အတောင်တစ်ရာ အကွာအဝေးအထိ ပျံသန်းဖို့ ထိန်းချုပ်နိုင်ပါတယ်။ အသုံးပြုမယ့်နေရာကတော့...” လူငယ်တပည့်က ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ဆက်၍ - “တကယ်တော့ သူက အသုံးဝင်လှတာတော့ မဟုတ်ပါဘူး... အပျော်သဘော သက်သက်ပါပဲ”
“ဒါကတော့ ဟုတ်ချင်မှ ဟုတ်မှာပါ” လင်းပိုင်ဖန်က ရယ်မောလိုက်သည်။
“တကယ်လို့ ဒီသစ်သားငှက်ကသာ လူတစ်ယောက်စာလောက် ကြီးမားသွားမယ်ဆိုရင် လူတွေကို တင်ဆောင်ပြီး မပျံသန်းနိုင်ဘူးလား”
“မှန်လှပါ အရှင်မင်းကြီး……အရှင်မင်းကြီးရဲ့ အတွေးအမြင်က တကယ်ကို ထက်မြက်လှပါတယ်…” ဂိုဏ်းချုပ် ချူထျန်းမင်က ရယ်မောလျက် ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ မိုဂိုဏ်းဟာလည်း တစ်ချိန်က လူတင်ဆောင်နိုင်တဲ့အထိ ကြီးမားတဲ့ သစ်သားငှက်ကြီးတစ်ကောင်ကို ဖန်တီးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ထုထည်က အလွန်ကြီးမားလွန်းတာကြောင့် ပျံသန်းတဲ့အခါမှာ အလွန်လေးလံထုံထိုင်းနေတာကို တွေ့ခဲ့ရတယ် ဘုရား”
“ဒါတင်မကသေးဘူး... အဲဒီလို ကြီးမားတဲ့ သစ်သားငှက်ကြီးကို ထိန်းချုပ်ဖို့ဆိုရင် အင်ပါယာချီအဆင့်ရှိတဲ့ အင်အားကြီး သိုင်းပညာရှင်တွေသာ ထောက်ပံ့ပေးနိုင်မယ့် အစစ်အမှန်ချီ ပမာဏ အများကြီး လိုအပ်ပါတယ် ဘုရား။ ဒါကြောင့် နောက်ဆုံးမှာတော့ ကလေးတွေ ဆော့ကစားဖို့အတွက် သေးငယ်တဲ့ ငှက်ရုပ်ကလေးအချို့ကိုပဲ လုပ်ဖြစ်ခဲ့ကြတာပါ”
“အော်... ဒီလိုကိုး” လင်းပိုင်ဖန်က ခေါင်းညိတ်ပြုံးပြလိုက်သည်။
“မောင်မင်းတို့ဆီမှာ ငါကိုယ်တော်ကို ပြသနိုင်မယ့် အခြား စက်မှုပစ္စည်းတွေကော ရှိသေးလား”
“အရှင်မင်းကြီးကို ပြသခွင့်ရတာ ကျွန်တော်မျိုးတို့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ အဲဒီ စက်မှုသားရဲရုပ်တွေက အလွန်ကြီးမားလွန်းတာကြောင့် မြို့တော်ထဲကို ယူဆောင်လာလို့ မရပါဘူး။ တကယ်လို့ အရှင်မင်းကြီး စိတ်ပါဝင်စားတယ်ဆိုရင် မြို့ပြင်ကို ထွက်ပြီး ကြည့်ရှုနိုင်ပါတယ်”
“ကောင်းပြီ...” လင်းပိုင်ဖန်က အလွယ်တကူပင် သဘောတူလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် အားလုံးသည် မြို့ပြင်သို့ ရောက်ရှိလာခဲ့ကြပြီး ချူထျန်းမင်နှင့် အခြားသူများက မိုဂိုဏ်း၏ စက်မှုအတတ်ပညာများကို လင်းပိုင်ဖန်ထံ ခင်းကျင်းပြသကြလေသည်။
လင်းပိုင်ဖန်သည် ၎င်းတို့က ခေတ်ပေါ်ထရပ်ကားတစ်စီးအလား လျင်မြန်စွာ မောင်းနှင်နေသော ဧရာမ သံမဏိယာဉ်ကြီးတစ်စီးကို မောင်းနှင်ပြနေသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် အမြင့် အတောင်နှစ်ဆယ်ခန့်ရှိသော လူသားပုံသဏ္ဌာန် စက်မှုသားရဲကြီးတစ်ကောင်ကို ထိန်းချုပ်ကာ လူသားတစ်ဦးကဲ့သို့ မတူညီသော လှုပ်ရှားမှုများကို ပြုလုပ်ပြနေသည်ကိုလည်း တွေ့ရသည်။ ၎င်း၏ ကိုယ်ထည်မှာ ကြေးနီ၊ သံမဏိတို့ဖြင့် တည်ဆောက်ထားသည့်အလား မာကျောလှပြီး ခွန်အားမှာလည်း ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ယှဥ်နိုင်ပေသည်။
၎င်းအပြင် လင်းပိုင်ဖန်သည် လင်းယုန်ငှက်နှင့်တူသော စက်မှုသားရဲကြီးတစ်ကောင်က အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို တင်ဆောင်ကာ ကောင်းကင်ယံထက်တွင် ပျံသန်းနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
၎င်းသည် တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ အတတ်ပညာများ ဖြစ်ကြသည်။ မိုဂိုဏ်းဝင်များသည် ဤခေတ်ကာလ၏ တီထွင်သူ ပညာရှင်ကြီးများ သဖွယ်ပင် ဖြစ်နေတော့သည်။
တကယ်လို့ သူသာ ၎င်းတို့ကို မိမိထံ ဝင်ရောက်အမှုထမ်းဖို့ စည်းရုံးနိုင်ခဲ့ရင် မဟာရှနိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက အရှိန်အဟုန်နဲ့ ပိုမိုမြန်ဆန်လာမှာ သေချာပေသည်။
“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ ဒီနေ့တော့ ငါကိုယ်တော် တကယ်ပဲ မျက်စိပွင့်နားပွင့် ဖြစ်သွားခဲ့ရတယ်” လင်းပိုင်ဖန်က ဆက်တိုက် လက်ခုပ်တီးကာ ချီးမွမ်းလိုက်သည်။
“အရှင်မင်းကြီး... ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်” ချူထျန်းမင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်သည်။
“ခရီးသွားနေရတာမို့လို့ ကျွန်တော်မျိုးတို့အနေနဲ့ ဒီလို အသေးအမွှား ပစ္စည်းတွေကိုပဲ ဆောင်ယူလာနိုင်တာပါ။ ကျွန်တော်မျိုးတို့ဆီမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တဲ့ စွမ်းအားကြီး စက်မှုသားရဲတွေ အများကြီး ရှိပါသေးတယ်။ ဒါတင်မကသေးဘူး... စစ်သည်တော် အင်အားတစ်သန်းတောင်မှ ချိုးဖျက်လို့မရနိုင်တဲ့ ဧရာမ စက်မှုမြို့တော်ကြီးတွေကိုလည်း တည်ဆောက်နိုင်ပါသေးတယ် ဘုရား”
အခြား မိုဂိုဏ်းတပည့်များကလည်း ဂုဏ်ယူသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
မိုဂိုဏ်း၏ အစွမ်းထက်ဆုံးသော ပညာရပ်မှာ လောကတစ်ခုလုံးတွင် ကျော်ကြားလှသည့် စက်မှုအတတ်ပညာပင် ဖြစ်ပေသည်။
လင်းပိုင်ဖန်၏ မျက်ဝန်းများ တောက်ပသွားကာ - “ဒါတွေအားလုံးက တကယ့် ရတနာတွေပဲ... ဒါတွေကို ငါကိုယ်တော် ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မလဲ”
“အရှင်မင်းကြီး... တကယ်လို့ အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးတို့ဂိုဏ်းရဲ့ အတွေးအခေါ်ကို လက်ခံပြီး တိုင်းပြည်ကို မိုဂိုဏ်းရဲ့ ဝါဒနဲ့ အုပ်ချုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့ ဂိုဏ်းတစ်ခုလုံးက အရှင်မင်းကြီးကို အင်တိုက်အားတိုက်နဲ့ အစွမ်းကုန် ပံ့ပိုးကူညီသွားမှာပဲ ဖြစ်ပါတယ် ဘုရား” ချူထျန်းမင်က ဦးညွှတ်ကာ သူ၏ ရည်ရွယ်ချက်ကို ဖွင့်ဟလိုက်သည်။
“မောင်မင်းတို့ရဲ့ အတွေးအခေါ်တွေက စိတ်ကူးယဉ်ဆန်လွန်းတယ်။ ပြီးတော့ ဒါက ငါကိုယ်တော့်ရဲ့ အကျိုးစီးပွားနဲ့ မဟာရှနိုင်ငံတော်ရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်စေတယ်။ ဒါကြောင့် ငါကိုယ်တော် လက်မခံနိုင်ဘူး” လင်းပိုင်ဖန်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။
မိုဂိုဏ်းဝင်များအားလုံး ဆွံ့အသွားကြရသည်။ လင်းပိုင်ဖန်က ၎င်းတို့ကို ဤမျှအထိ မြန်ဆန်ပြီး ပွင့်လင်းပြတ်သားစွာ ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
၎င်းတို့အနေဖြင့် ဘာမှပင် သေသေချာချာ မပြောရသေးချေ။
“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို တစ်စုံတစ်ခု အထင်လွဲသွားတာလို့ပဲ ထင်ပါတယ် ဘုရား”
ချူထျန်းမင်က လေးနက်တည်ကြည်စွာဖြင့် - “ကျွန်တော်မျိုးတို့ မိုဂိုဏ်းက အပြန်အလှန် ချစ်ခင်ခြင်းနဲ့ စစ်မက်မပြုခြင်းကို ရှေ့တန်းတင်ပါတယ်။ ဒါက လူသားအားလုံး တန်းတူညီမျှရှိဖို့နဲ့ ကျူးကျော်စစ်တွေကို ဆန့်ကျင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်မျိုးတို့ ဂိုဏ်းအနေနဲ့ မမောမပန်းဘဲနဲ့ လိုက်လံအကောင်အထည်ဖော်နေတဲ့ အရာဖြစ်ပြီး၊ ဒီအတွက်ဆိုရင် ကျွန်တော်မျိုးတို့ရဲ့ အသက်တွေကိုတောင် ပေးဆပ်ဖို့ အဆင်သင့်ပါပဲ ဘုရား”
“ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ... ကျွန်တော်မျိုးတို့ရဲ့ အတွေးအခေါ်တွေက စိတ်ကူးယဉ်ဆန်လွန်းတယ်ဆိုတာကိုလည်း နားလည်ပါတယ်”
“လူသားအားလုံး တန်းတူညီမျှဖို့ဆိုတာ ပြောဖို့က လွယ်ပေမယ့် အကောင်အထည်ဖော်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ”
ချူထျန်းမင်က သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်သည် - “လူသားတွေဖြစ်တဲ့အတွက် မွေးရာပါ အဆင့်အတန်း ကွာဟမှုတွေနဲ့ ခွန်အားချင်း မတူညီမှုတွေက ရှိနေကြတာပဲ။ ပြီးတော့ လူတွေမှာ အတ္တဆန္ဒတွေနဲ့ မျှော်လင့်ချက်တွေ ရှိနေကြတာမို့လို့ စစ်မှန်တဲ့ တန်းတူညီမျှမှုကို ရရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”
“အခု... ကျူးကျော်စစ်တွေအကြောင်း ပြောရအောင်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကို ပြန်ကြည့်ရင် သမိုင်းဆိုတာ ကျူးကျော်စစ်တွေရဲ့ မှတ်တမ်းတစ်ခုလိုပါပဲ။ လူတွေရှိနေသရွေ့ အကျိုးစီးပွား၊ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေက ရှိနေဦးမှာပဲ။ နိုင်ငံအချင်းချင်း ကြားက အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုတွေက ပိုပြီးတော့တောင် ရှုပ်ထွေးပါသေးတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ ပျက်ပြားသွားတဲ့အခါ စစ်ပွဲကသာ တစ်ခုတည်းသော ဖြေရှင်းရာ လမ်းစ ဖြစ်လာတာပဲ”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့... ငြိမ်းချမ်းရေးဆိုတာ ရံဖန်ရံခါမှ ရှိတတ်တဲ့အရာ ဖြစ်ပြီး စစ်ပွဲဆိုတာကတော့ လောကရဲ့ သဘာဝတရား ဖြစ်နေလို့ပါပဲ အရှင်မင်းကြီး”