← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) အားလုံး ပြိုလဲသွားကြခြင်း

တော်ဝင်ညီလာခံခန်းမတွင် နံနက်ခင်း ညီလာခံမှာ ထက်ဝက်ကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားအား အခါအားလျော်စွာ ခိုးကြည့်နေလေ၏။

လဝက်ကျော်ခန့် ဆင်းရဲဒုက္ခကို ခံစားခဲ့ရပြီးနောက် နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် အလုပ်စတင်မည့်နေ့ကို နောက်ဆုံးတွင် မျှော်လင့်တကြီးဖြင့် လည်ပင်းရှည်လုမတတ် စောင့်စားနေခဲ့ကြသည်။

ရလဒ်အနေဖြင့်... ဖရဲသီး မစားလိုက်ရပေ။

နန်ကုန်းယွမ်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေ၏။ သူ၏ တက်ကြွလန်းဆန်းနေတတ်သော ဇနီးလေးမှာ ပုံမှန်ရှိနေကျ ဆွဲဆောင်မှုများ ပျောက်ဆုံးနေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ရာ သူက အတော်လေး ထိတ်လန့်တုန်လှုပ်နေလေသည်။

သူ၏ ဇနီးလေးကို မည်သူက ဒေါသထွက်အောင် လုပ်ခဲ့သည်ကိုသာ သူသိခဲ့မည်ဆိုလျှင် အားလုံးပဲ သေမင်းဆီ သွားကြရပေမည်။

ချန်ကျဲဟန်သည် ယွင်ရှောင်ထျန်း၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ယွင်ဟွားကို တစ်ချက်လှမ်းကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်၏။

"မင်းရဲ့ သမီးလေး ဘာဖြစ်နေတာလဲ..."

"ငါလည်း မသိဘူး..."

ယွင်ရှောင်ထျန်းသည် သူ၏ တိတ်ဆိတ်ငြိမ်သက်နေသော သမီးငယ်လေးကိုကြည့်ကာ လုံးဝကို တွေဝေသွားလေသည်။

ယခင်က သူ၏ အငယ်ဆုံးသမီးလေးကို ညီလာခံတွင် လိမ္မာရေးခြားရှိစေရန် မျှော်လင့်ခဲ့ဖူးသော်လည်း ယခုတကယ် လိမ္မာနေချိန်တွင်မူ သူသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။

လူတိုင်းသည် အချင်းချင်း တိုးတိုးတိတ်တိတ် တီးတိုးပြောဆိုနေကြ၏။ သူတို့သည် ယုံအန်းမင်းသမီးနှင့် ကလေးများ၏ ရင်တွင်းစကားများကို မကြားရသည်ကိုလည်း အလွန်အမင်း အသားမကျဖြစ်နေကြသည်။

ထိုအခါမှ နန်ကုန်းယွမ်သည် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့က သူ၏ ခေါင်းပေါ်နှင့် ပခုံးပေါ်တွင် အသီးသီး နေရာယူထားကြသည်ကို သတိပြုမိသွားသည်။

သူ၏ မျက်နှာအမူအရာတွင်လည်း ဒေါသရိပ်များ အနည်းငယ် ထင်ဟပ်နေလေသည်။

ယွင်ဟွားသည် တန်းစီရာတွင် သေသေချာချာ ရပ်နေသော်လည်း သူမ၏ အာရုံခံနိုင်စွမ်းကမူ ခန်းမတစ်ခုလုံးသို့ လှည့်လည်သွားလာနေခဲ့ပြီ ဖြစ်သည်။ အရာရှိများ၏ တီးတိုးစကားများကို နားထောင်ရင်း သူမသည် ဒေါသတကြီးဖြင့် အံကြိတ်လိုက်၏။

“ကောင်းတယ်... အရမ်းကောင်းတယ်…”

ညီလာခံခန်းမတစ်ခုလုံးရှိ လူတိုင်းက ကြားလိုက်ရသည်။

တတိယမင်းသားသည် သူ၏ အစ်မကြီး၏ ရင်တွင်းစကားများကို မကြားရသဖြင့် ဆက်၍ မအောင့်ထားနိုင်တော့ပေ။

"အစ်မကြီး အစ်မကြီး စိတ်မကြည်မလင် ဖြစ်နေတာကို ကျွန်တော် မြင်တယ်... ကျွန်တော့်ကို ပြောပြပါ ညီလာခံပြီးရင် အစ်မကြီးအတွက် ကလဲ့စားချေပေးမယ်..."

ယွင်ဟွားသည် သူ့အား အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာသည်။ ပြီးခဲ့သည့်ညက သူမသည် လူတိုင်း၏ လျှို့ဝှက်ချက်များ အားလုံးကို အလွတ်ကျက်မှတ်ထားခဲ့လေသည်။

“ပြဿနာကောင်သုံးက မနေ့ည သန်းခေါင်ယံမှာ ဝမ်းလျှောနေတုန်း ညဖက်ထွက်တဲ့ ကြောင်တစ်ကောင်ကြောင့် လန့်ပြီး အိမ်သာကျင်းထဲ ပြုတ်ကျမလို့ ဖြစ်သွားတယ်…”

တတိယမင်းသားမှာ ကြက်သေသေသွား၏။

*မဖြစ်နိုင်ဘူး... ငါ အစ်မကြီးကို သွားမစမိပါဘူး…

“စကားမစပ် သူ ငယ်ငယ်တုန်းက အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရတဲ့နေ့မှာ အရက်စည်ထဲကို သေးပေါက်ချခဲ့တာကို ငါ မှတ်မိသေးတယ်... လူတိုင်းက အဲ့အရက်စည်ထဲက အရက်ကို သောက်ခဲ့ကြတာနဲ့ တူတယ်... ဒါပေမဲ့ ဧကရာဇ်နဲ့ အိမ်ရှေ့စံကတော့ အဆိုးရွားဆုံးပဲ သူတို့က အများဆုံး သောက်ခဲ့ကြတာ…”

ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏ အရာရှိများအားလုံးမှာ အံ့သြမှင်သက်သွားကြသည်။

တတိယမင်းသားက ခေါင်းမူးသွားပြီး မေ့လဲချင်ယောင်ဆောင်ရန် ပြင်လိုက်သော်လည်း အိမ်ရှေ့စံနှင့် ဒုတိယမင်းသားတို့က သူ့ကို တစ်ဖက်တစ်ချက်စီမှ ခိုင်မြဲစွာ ဖမ်းချုပ်ထားလိုက်ကြသည်။

"ညီတော်... ခဏနေရင် ငါတို့ သေသေချာချာလေး သိုင်းပြိုင်ကြတာပေါ့..."

အိမ်ရှေ့စံမှာ ဒေါသကြောင့် အံကြိတ်ထားလုနီးပါး ဖြစ်နေပြီး ဧကရာဇ်ဝမ်ရွှမ်းကမူ နဂါးပလ္လင်၏ လက်တန်းများကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။

ယွင်ဟွားသည် သူတို့၏ အမူအရာအပြောင်းအလဲများကို မလွတ်တမ်းကြည့်နေပြီး နောက်ထပ် အချက်အလက်များကို ဆက်လက်ဖော်ထုတ်လိုက်၏။

“မင်းသားက ငယ်ငယ်တုန်းက အရူးလုပ်ရပ်တွေလည်း လုပ်ခဲ့သေးတယ်... မိခင်ငှက်မကြီးက သားပေါက်လေးတွေကို ဝပ်နေတာကို မြင်တော့ သူက ဥတွေကို ခိုးပြီး ငှက်သိုက်ထဲမှာ တစ်နေကုန် ပုန်းပြီး ဝပ်နေခဲ့တယ်... ပြီးတော့ အဲ့ဥတွေကို ခွဲပစ်လိုက်သေးတယ်…”

“အိုး... မနေ့ညက အိမ်ရှေ့စံကြင်ယာတော်က သူ့ကို အခန်းထဲကနေ ထပ်မောင်းထုတ်လိုက်ပြန်ပြီ... ဒီလရဲ့ ရက်နှစ်ဆယ်မှာ ဆယ့်ခြောက်ရက်လောက်က အခန်းထဲမှာ တစ်ယောက်တည်း အထီးကျန်စွာ ကုန်ဆုံးခဲ့ရတယ်..”

အိမ်ရှေ့စံမှာ ဆွံ့အသွား၏။

လူတိုင်းက ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားကြရသည်။

“ဟမ့်... ဒုတိယမင်းသားရဲ့ ပခုံးတွေက အရမ်းကို တုန်ရီနေတာပဲ... သူ အမဲလိုက်သွားတုန်းက ဝက်ကလေးတွေပါတဲ့ တောဝက်မကြီးကို ဒေါသထွက်အောင် လုပ်မိလို့ ထောင်ချောက်ထဲ တွန်းချခံလိုက်ရတာကို ငါ မှတ်မိသေးတယ်..”

ဒုတိယမင်းသားမှာ ရယ်မောနေရာမှ ရပ်တန့်သွားသည်။

"အဟမ်း... မင်းတို့ တင်ပြစရာ တစ်ခုခုများ ရှိသေးလား..."

မည်သူမျှ စကားမပြောကြသည်ကို သတိပြုမိသွားသဖြင့် ဧကရာဇ်ဝမ်ရွှမ်းက မေးလိုက်၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ ရှိပါတယ်..."

ယွင်ဟွားသည် သူတို့၏ သရုပ်ဆောင်မှုများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း ဧကရာဇ်ဝမ်ရွှမ်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“ဧကရာဇ်က ဘာလို့ ဒီလောက် ဂနာမငြိမ် ဖြစ်နေရတာလဲ... ဪ ငါ မေ့လုနီးပါးပဲ သူ လိပ်ခေါင်းရောဂါ ထပ်ထနေတာပဲ... ဒါကြောင့် နဂါးပလ္လင်ပေါ်မှာ အပိုကူရှင်နှစ်ခု တင်ထားရတာကိုး…”

ဧကရာဇ်ဝမ်ရွှမ်းမှာ ထိတ်လန့်သွား၏။ သူ၏ မျက်နှာအိုကြီးမှာ ချက်ချင်းပင် နီရဲသွားလေသည်။

“ဟင်.. ငါ့အဖေက ဘာလို့ ငါ့အင်္ကျီလက်ကို ဆွဲနေတာလဲ... သူ နည်းနည်း ဖြူရော်နေသလိုပဲ... မနေ့ညက သူ ဟောက်နေလို့ အမေက သူ့ကို ကုတင်ပေါ်ကနေ ကန်ချလိုက်တာကိုး... အခု သူ့ကျောတွေ နာနေမှာ သေချာတယ်..”

“အမလေး... အမတ်ဆွန်း... အသက်အရွယ်ရနေတာတောင် သူက သန်မာနေတုန်းပဲကိုး... မနေ့ညက သူက အထူးဆေးတွေသောက်ပြီး ကိုယ်လုပ်တော်ကို တစ်ညလုံး စိတ်ကျေနပ်အောင် လုပ်ပေးခဲ့တာပဲ... အမတ်ချန်လိုပဲ သူလည်း ကျောက်ကပ်အားနည်းနေတာ သေချာသွားပြီ…”

“ဒီလူကတော့..”

“အမတ်ဝမ် ဖြစ်ရမယ်... ဒါကြောင့် သူက မိန်းမဝတ်အတွင်းခံတွေကို ဝတ်ရတာ နှစ်သက်နေတာကိုး... အမလေး... သူက အရောင်တောက်တောက် အနီရောင် မန်ဒါရင်းဘဲလေးတွေပုံပါတဲ့ အတွင်းခံကိုတောင် ဝတ်ထားသေးတယ်... အကြိုက်ကတော့ မဆိုးဘူးပဲ..”

“ဟမ့်... အမတ်ဝူက အရင်က အတော်လေး အယူသည်းခဲ့တာပဲ... လိပ်တွေက အခွံရှိလို့ အသက်ရှည်တယ်ဆိုတာကို ကြားတော့ သူက တကယ်ပဲ သစ်သားအခွံတစ်ခုကို လုပ်ပြီး သူ့ကျောမှာ အမြဲတမ်း ချည်ထားခဲ့တာ... သူ အဲ့လောက်တောင် လုပ်ရလောက်အောင် တကယ့်ကို မိုက်မဲလွန်းတယ်... ဆုတောင်းပြည့်ဖို့ ငါ့ဆီမှာ ဒူးထောက်ပြီး တောင်းဆိုတာကမှ သူ့အတွက် ပိုကောင်းဦးမယ်…”

“အမလေး... စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ အများကြီးပဲ ငါ ပြောလို့ ကုန်နိုင်မှာ မဟုတ်ဘူး... အမတ်ချန် ငါ့ဦးလေး မင်းသားစုနဲ့ အမတ်ကျန်းတို့အကြောင်း လျှို့ဝှက်ချက်တွေ ရှိနေသေးတယ်…”

လူတိုင်း စိတ်ပျက်အားငယ်သွားကြလေသည်။

ယွင်ဟွားသည် နန်ကုန်းယွမ်၏ ကံကြမ္မာမှလွဲ၍ ခန်းမထဲရှိ လူတိုင်းကို အဝတ်ချွတ်ချလိုက်သကဲ့သို့ သူတို့၏ လျှို့ဝှက်ချက်အားလုံးကို လုံးဝ ဖော်ထုတ်ပစ်လိုက်လေသည်။

လူတိုင်း ငိုကြွေးကုန်ကြပြီ ဖြစ်သည်။

ယနေ့ နံနက်ခင်း ညီလာခံက သူတို့ဘဝ၏ အမှောင်မိုက်ဆုံးနေ့တစ်နေ့ ဖြစ်သည်ဟု ခံစားလိုက်ကြရသည်။

“ယုံအန်းမင်းသမီး... ကျေးဇူးပြုပြီး ပြောပါ... ဘယ်သူက မင်းကို ဒေါသထွက်အောင် လုပ်ရဲတာလဲ... ငါတို့ မင်းအတွက် ကလဲ့စားချေပေးပါ့မယ်…”

အမတ်ရွှီသည် သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး လျင်မြန်စွာ ရေးမှတ်လိုက်သည်။ မင်းသမီးသည် မတရားခံရသဖြင့် ဒေါသထွက်ကာ ကြီးမားသော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သည် အမတ်များသည် တုန်ရီကာ ငိုကြွေးနေကြသည် သင်နှင့် ကျွန်ုပ်၏ လျှို့ဝှက်ချက်များကိုလည်း ဖွင့်ချခံလိုက်ရပြီး မည်သည့် လျှို့ဝှက်ချက်မျှ မကျန်တော့ပေ။

ဧကရာဇ်ဝမ်ရွှမ်းသည် လန့်ဖျပ်သွားကာ လက်ကာပြလိုက်ပြီး အော်ဟစ်လိုက်၏။

"ညီလာခံ သိမ်းတယ်... ညီလာခံ သိမ်းတယ်..."

ထို့နောက် သူက တင်ပါးကို ဆုပ်ကိုင်ကာ ထွက်ပြေးသွားလေတော့သည်။

လျှို့ဝှက်ချက်များ ဖော်ထုတ်ခံရမှုကြောင့် ရရှိလာသော တုန်လှုပ်မှုမှ လူတိုင်း သတိမဝင်လာကြမီ ယွင်ဟွားသည် သူမ၏ အရာရှိဝတ်စုံမှ ဖုန်များကို ခါထုတ်လိုက်ကာ လှည့်၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်ခွာသွားလေသည်။

"သမီး... သမီးလေး... အဖေ့ကိုလည်း စောင့်ပါဦး..."

"ရှောင်ဟွားအာ... ဖြည်းဖြည်းသွားပါ..."

ယွင်ရှောင်ထျန်းနှင့် နန်ကုန်းယွမ်တို့သည် နောက်မှ ကပ်၍ လိုက်သွားခဲ့သော်လည်း နန်းတော်တံခါးဝသို့ ရောက်ချိန်တွင် ယွင်ဟွားမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နန်ကုန်းယွမ်မှာ လုံးဝကို ထိတ်လန့်သွားလေသည်။

သူ၏ ခန္ဓာကိုယ်မှာ အားအင်အားလုံး ရုတ်တရက် စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လက်ချောင်းထိပ်များပင် တုန်ရီနေ၏။ သူ အမီလိုက်ရန်အတွက် ခန္ဓာကိုယ်ပေါ့ပါးခြင်း သိုင်းပညာရပ်ကို အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် အထိန်းတော်ချောင်က ချွေးသံတရွှဲရွှဲဖြင့် ပြေးလာခဲ့သည်။

"အရှင်မင်းသား... အမတ်ကြီးယွင်... အရှင်မင်းကြီးက အခေါ်လွှတ်လိုက်ပါတယ်..."

နန်ကုန်းယွမ်ထံမှ အေးစက်လှသော အငွေ့အသက်များ ထွက်ပေါ်လာပြီး အထိန်းတော်ချောင်အား အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။

အထိန်းတော်ချောင်က တုန်လှုပ်သွား၏။

"အရှင်မင်းသား... ဒီနေ့ ညီလာခံမှာ ဖြစ်သွားခဲ့တဲ့ ယုံအန်းမင်းသမီးကိစ္စနဲ့ ပတ်သက်လို့ပါ..."

နန်ကုန်းယွမ်နှင့် ယွင်ရှောင်ထျန်းတို့ စာကြည့်ဆောင်သို့ ရောက်ရှိလာချိန်တွင် တတိယမင်းသား မြေပြင်ပေါ်၌ အရိုက်ခံနေရသည်ကို မြင်တွေ့လိုက်ရသည်။ ဧကရာဇ်ဝမ်ရွှမ်းက ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်နေပြီး အိမ်ရှေ့စံက ကူညီပေးကာ ဒုတိယမင်းသားက လက်နက်ကိရိယာများကို ကမ်းပေးနေလေသည်။

"ခမည်းတော်... သားတော် မှားသွားပါတယ်... ငယ်ငယ်တုန်းက ဘာမှနားမလည်လို့ လုပ်မိတာပါ... ကျေးဇူးပြုပြီး သားတော်ကို ခွင့်လွှတ်ပေးပါ... အင့်..."

*အစ်မကြီးက ဘာလို့ ရုတ်တရက်ကြီး အတိတ်က ဇာတ်လမ်းဟောင်းတွေကို ပြန်ဖော်နေရတာလဲ…*

ယွင်ရှောင်ထျန်းနှင့် သူတို့အဖွဲ့ ရောက်ရှိလာသည်ကို မြင်ပြီးမှသာ ဧကရာဇ်ဝမ်ရွှမ်းသည် တတိယမင်းသားကို လွှတ်ပေးလိုက်သည်။ ရပ်တန့်ပြီးနောက် သူသည် စိတ်အနည်းငယ် သက်သာရာရသွားစေရန် နောက်ပြန်လှည့်၍ တတိယမင်းသားကို နှစ်ချက်ခန့် ထပ်ကန်လိုက်သေးသည်။

"ယွင်ရှောင်ထျန်း... မင်းသမီးလေး ဘာဖြစ်နေတာလဲ... ဒီနေ့ ညီလာခံမှာ သူမက အားလုံးကို အတားအဆီးမရှိ တိုက်ခိုက်သွားတာပဲ..."

ငယ်ငယ်တုန်းက လုပ်ခဲ့သည့် အရူးလုပ်ရပ်များကိုပင် ပြန်လည်ဖော်ထုတ်ခံလိုက်ရသဖြင့် သူသည် အရှက်ရသွားခဲ့ပြီ ဖြစ်သည်။

ယွင်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော မိသားစုများသည် ယွင်ရှောင်ထျန်းထံသို့ လှမ်းကြည့်လိုက်ကြသည်။

သူတို့လည်း အတူတူပင်ဖြစ်သည်။ သူတို့မှာ မည်သည့် လျှို့ဝှက်ချက်မျှ မကျန်တော့ပေ။

"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း မသိပါဘူး..."

ယွင်ရှောင်ထျန်းမှာ စိုးရိမ်နေပုံရသည်။ ၎င်းသည် သူ၏ သမီးငယ်လေး သည်မျှလောက် ထူးထူးခြားခြား ပြုမူနေသည်ကို ဆယ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

"မင်းသားငယ်လေးကို မေးကြည့်ရင်ရော ဘယ်လိုလဲ... သူက ကျွန်တော်မျိုးရဲ့ သမီးလေးအနားမှာ အမြဲတမ်း ကပ်နေတာလေ... မနေ့ညက တစ်ခုခု

ဖြစ်ခဲ့တာ သေချာတယ်..."

နန်ကုန်းယွမ်၏ မျက်နှာမှာ တည်ကြက်နေ၏။ ဖြစ်ရပ်များကို ဆယ်ကြိမ်ခန့် ပြန်လည်စဉ်းစားပြီးနောက် ပြီးခဲ့သည့်ညက မင်းသားစုအိမ်တော်သို့ ယမမင်း လာရောက်ခဲ့သည်ဆိုသည့် အကြောင်းကိုသာ ပြန်လည်ပြောပြနိုင်ခဲ့သည်။

"ဝမ်းကွဲအစ်ကို... ယမမင်းက ဘယ်လိုပုံစံမျိုးလဲ... သူက ဘာလို့ ခင်ဗျားကိုပဲ လာကြည့်ပြီး ကျွန်တော်တို့ကို လာမကြည့်ရတာလဲ..."

တတိယမင်းသားသည် နာကျင်မှုကို အံကြိတ်ခံရင်း စိတ်လှုပ်ရှားစွာဖြင့် အနားသို့ တိုးကပ်လာသော်လည်း အိမ်ရှေ့စံ၏ ထပ်မံကန်ကျောက်ခြင်းကို ခံလိုက်ရပြန်သည်။

*ယမမင်း လာတွေ့မှာကို ငါတို့က မျှော်လင့်နေပေမယ့် သူက ငါတို့ကို လာတွေ့မှာ မဟုတ်ဘဲ ငါတို့ အသက်တွေကို လာယူမှာ သေချာတယ်…*

"ဟုတ်တယ်... ဒါကြောင့် ငါ့ရဲ့ သမီးငယ်လေးက ယမမင်းကို ခေါ်ပြီး မင်းကို လာတွေ့တာပေါ့..."

ယွင်ရှောင်ထျန်းသည် သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်ရာ ဖခင်အိုကြီး၏ နှလုံးသားမှာ နောက်တစ်ကြိမ် ထပ်မံ၍ တစ်စစီ ကွဲအက်သွားခဲ့ပြန်သည်။

နန်ကုန်းယွမ်၏ မျက်လုံးများ မှောင်မိုက်သွားသည်။ သူ၏ ဇနီးလေးသည် ယမမင်းကို ခေါ်လာခြင်းမှာ သူ၏ အဆင့်အတန်းကို အသုံးပြုကာ သူ့ကို ခြိမ်းခြောက်ရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်လေသည်။

"ဖြစ်နိုင်တာက... ရှောင်ဟွားအာက သူမရဲ့ ငရဲပြည်က မိသားစုကို ကျွန်တော့်ကို အနာဂတ်သမက်အဖြစ် အသိအမှတ်ပြုစေချင်တာလား..."

လူတိုင်း…

ထို့ကြောင့် စာကြည့်ဆောင်ထဲတွင် တစ်နေကုန်နီးပါး ဆွေးနွေးပြီးနောက် သူတို့သည် အောက်ပါ ကောက်ချက်ချမှုကို ရရှိခဲ့ကြသည်။

ယမမင်း... ငရဲပြည်ကို အုပ်ချုပ်သူ...

သူတို့က မိန်းကလေးငယ်ကို အနိုင်ကျင့်ခဲ့ကြသည်။

ထို့နောက်…

လူတိုင်းက သူတို့၏ စိတ်ထဲတွင် သူ့အား သေစေလောက်သည်အထိ ကျိန်ဆဲနေကြလေသည်။

နန်းတော်မှ ထွက်ခွာပြီးနောက် ယွင်ဟွားသည် ယွင်အိမ်တော်သို့ မပြန်ဘဲ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ သွားခဲ့သည်။ သူမက နောက်မှ ပြန်လာမည်ဟုဆိုကာ ရှောင်ထောင်ဟွာအတွက် စာတစ်စောင် ချန်ထားခဲ့လေသည်။

သူမသည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေအထက်တွင် အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြီး သိုလှောင်နယ်မြေထဲမှ ဂေါ်ပြားတစ်လက်ကို ထုတ်ကာ တွင်းတစ်တွင်း စတင်တူးလေတော့သည်။

စုစုပေါင်း ဆယ်ဂဏန်းလောက် တူးဖော်ခဲ့ရသည်။

All Chapters