အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃) ယွင်ဟွား၏ တန်ပြန်လှည့်စားမှု
ကောင်မလေးက စကားပြောလာသောအခါ နန်ကုန်းယွမ်သည် သဘာဝကျစွာပင် နာခံလေ၏။
သူသည် နောက်သို့လှည့်ကာ သူ့ကိုယ်သူ ကြည့်ရင်း တတွတ်တွတ် ရေရွတ်နေမိသည်။
"ဇနီးသည်စကားကို နားထောင်မှသာ ကြီးပွားချမ်းသာနိုင်မည်..."
"လူတိုင်းက တစ်နေ့ သေကြရမည်သာဖြစ်ပြီး အစောနှင့်အနှောင်း သင်္ချိုင်းဂူထဲ ရောက်ကြရမည်..."
"ဒါ့အပြင်..."
"ငါက ဖုန်းတုဧကရာဇ် ဖြစ်နေသေးတာပဲ.. ရှက်နေစရာ မလိုပါဘူး..."
"သူတို့အတွက်တော့ သေပြီးရင် မြေမြှုပ်ခံရမယ့် အရသာကို ကြိုတင်မြည်းစမ်းခိုင်းတယ်လို့ သဘောထားလိုက်မယ်.."
နန်ကုန်းယွမ်သည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ ရောက်ရှိလာပြီး ပွစိပွစိပြောဆိုရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
လူတိုင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီး တစ်ယောက်မှ နိုးလာမည့်ပုံ မပေါ်ပေ။
သူ မသိသည်က တစ်ချက်ပင်ရှိ၏။
ယွင်ဟွားသည် သူတို့ကို ဘေးထွက်ဆိုးကျိုးမရှိသော မေ့ဆေးအမွှေးနံ့များ ပေးထားပြီး သူတို့နိုးလာမည့်အချိန်ကိုပါ တွက်ချက်ထားခြင်း ဖြစ်သည်။
နန်ကုန်းယွမ်သည် သူ၏ ကိုယ်ပိုင်နေရာကို ရှာဖွေကာ လှဲလျောင်းလိုက်လေသည်။
နောက်တစ်စက္ကန့်တွင်။
သူသည် အခြားသူများကဲ့သို့ပင် ဘေးနားရှိ မြေကြီးများဖြင့် သူ့ကိုယ်သူ သေချာစွာ ဖုံးအုပ်လိုက်လေ၏။
ခဏအကြာတွင်။
မလှမ်းမကမ်းမှ မြောက်မြားစွာသော ခြေသံများ နီးကပ်လာသဖြင့် နန်ကုန်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
တကယ် စိတ်အနှောင့်အယှက်ဖြစ်စရာပင်။
သူ လှဲနေသည်မှာ ခဏသာရှိသေးပြီး ယခုမှ အိပ်ပျော်ရန် ဟန်ပြင်နေခြင်းဖြစ်၏။
အထိန်းတော်ချောင်သည် ရင်ဘတ်ကိုဖိလျက် ကျင်းထဲတွင် သေသပ်စွာ လှဲလျောင်းနေသော လူများကို ကြည့်ကာ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေကျသွားလေသည်။
"ဘုရားရေ..."
မျက်နှာဖြူရော်ကာ ခြေထောက်များ တုန်ယင်နေသော အထိန်းတော်ချောင်ကို အစောင့်နှစ်ယောက်က ထူမပေးထားရ၏။ သူက သူ၏ ပေါင်ကို ဆက်တိုက်ရိုက်ရင်း
"ငါ့ကို ဂရုစိုက်မနေကြနဲ့... မြန်မြန်... အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံတို့ကို အမြန်သွားတူးကြစမ်း..."
မြေကြီးထဲ တစ်ဝက်မြှုပ်နေသည်မှာ အမှန်တကယ်ပင် အုတ်ဂူမှတ်တိုင်လေးတစ်ခုသာ လိုတော့သည့်အလား ဖြစ်နေသည်။
ယုံအန်းမင်းသမီး။
ဤအစေခံအိုကြီးကတော့ တကယ့်ကို လက်မြှောက်အရှုံးပေးလိုက်ပြီ ဖြစ်၏။
သတ်မှတ်ထားသော အချိန်ကျရောက်လာ၍ဖြစ်စေ သို့မဟုတ် ဆူညံသံများလွန်း၍ဖြစ်စေ လူတိုင်းက မျက်လုံးများကို မဝေမခွဲနိုင်စွာ ဖွင့်ကြည့်လာကြသည်။
သို့သော်လည်း။
"အား..."
"ဘုရား... ဘုရား..."
"ငါ... ငါ ဒီနေရာကို ဘယ်လိုရောက်လာတာလဲ..."
အော်ဟစ်သံများ၊ ထိတ်လန့်တကြား ငိုကြွေးသံများနှင့် စူးရှသောအသံများက အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေပေါ်ရှိ လေထုကို ဖြိုခွဲလိုက်ပြီး နားနေသော ငှက်များပင် လန့်ဖျပ်ကာ သတိလစ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။
"ယွင်ဟွား... နင်လို ကလေးဆိုးမကို အရေခွံဆုတ်ပြီး အသားတွေ ပြတ်ထွက်သွားတဲ့အထိ ရိုက်ပစ်မယ်..."
ယွင်ရှောင်ထျန်းက ဟိန်းဟောက်လိုက်ပြီး ကျင်းထဲမှ ထွက်လာရန် ရုန်းကန်လိုက်လေ၏။
တစ်ချိန်လုံး ပွစိပွစိလုပ်နေသည်က ကိစ္စမရှိသော်လည်း သူတို့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီသို့ အမှန်တကယ် သယ်ဆောင်လာခြင်းကတော့ လွန်လွန်းနေပြီ ဖြစ်သည်။
"ရိုက်ပစ်..."
"သူ့ကို ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ပစ်..."
အစောင့်များ၏ ထူမမှုကို ခံထားရသော ဧကရာဇ်ဝမ်ရွှမ်းသည် တုန်ယင်လျက် ယွင်ရှောင်ထျန်းအနီးသို့ ချဉ်းကပ်လာ၏။
"ကိုယ်တော်... ကိုယ်တော် မင်းရဲ့ ရိုက်နှက်မှုကို ထောက်ခံတယ်..."
ကျစ်...
ဤမိန်းကလေးက တဖြည်းဖြည်းနှင့် ပို၍ဆိုးရွားလာကာ သူ့ကိုပင် မြေမြှုပ်ရဲနေပြီ ဖြစ်၏။
သူက ထိုမိန်းကလေးကို မဆုံးမရဲသော်လည်း သူမ၏ ဖခင်ဖြစ်သူ ယွင်ရှောင်ထျန်းကတော့ ဆုံးမရဲလေသည်။
"အမတ်ကြီးယွင်... ကျုပ်လည်း ရိုက်တာကို ထောက်ခံတယ်... ကလေးဆိုတာ မဆုံးမရင် ကြီးမလာဘူး... ပြီးတော့ မင်းသမီးတွေကလည်း မရိုက်ရင် ရိုင်းသွားတတ်တယ်..."
"ကျုပ်အမြင်အရတော့ အမတ်ကြီးယွင်ကိုယ်တိုင် လုပ်ဆောင်ရုံသာမက မင်းသမီးရဲ့ အဘိုးဖြစ်တဲ့ ချွေ့နယ်စားကလည်း သွေးသားတော်စပ်မှု အားသာချက် ရှိသေးတယ်... ခင်ဗျားတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်ကြရင်ကော ဘယ်လိုလဲ..."
"ဟုတ်တယ်... ကျုပ် သဘောတူတယ်..."
"ကျုပ် ရာနှုန်းပြည့် သဘောတူတယ်..."
နန်ကုန်းယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
သူက အတော်လေး အသေးအဖွဲကိစ္စများကိုပါ မှတ်သားထားတတ်သူဖြစ်ရာ အရာအားလုံးကို ရေးမှတ်ထားလိုက်လေသည်။
ထိခိုက်သွားသော စိတ်နှလုံးကို ပြန်လည်တည်ငြိမ်စေပြီးနောက် အိမ်ရှေ့စံသည် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် နန်ကုန်းယွမ်အနီးသို့ လျှောက်လာ၏။
ကံကောင်းသွားသည်ပင်။
သူတစ်ယောက်တည်းသာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေသို့ သယ်ဆောင်ခံရခြင်း မဟုတ်ပေ၊ သို့မဟုတ်လျှင် သူ အသေအလဲ လန့်ဖျပ်သွားနိုင်ခြေ ရှိ၏။
"ဟေ့... မင်းက သူမရဲ့ အသည်းအသက်လေး မဟုတ်ဘူးလား... ဘာလဲ... မင်းလည်း ဒီနေရာကို သယ်လာခံရတာပဲလား..."
နန်ကုန်းယွမ်သည် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး တစ်ဖက်လူ၏ မျက်လုံးထဲမှ လှောင်ပြောင်လိုသည့် အရိပ်အယောင်များကို လက်လွတ်မခံခဲ့ပေ။
သူသည် အိမ်ရှေ့စံကို အံ့သြထိတ်လန့်စွာ ကြည့်လိုက်ပြီး
"ဟင်... ဘယ်လိုလုပ်ပြီး ရှောင်ဟွားအာ ဖြစ်နိုင်မှာလဲ... ခင်ဗျား အိပ်မက်မက်နေတုန်းပဲလား..."
အိမ်ရှေ့စံမှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
အခြားတစ်ဖက်တွင်မူ။
ယွင်ရှောင်ထျန်းတစ်ယောက် ယွင်ဟွားကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်းဟူသည့် အကြံဉာဏ်များကို လူတိုင်းက ဦးနှောက်ခြောက်ခံ စဉ်းစားနေကြဆဲတွင် သူမ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရလေသည်။
"အဖေ..."
"အဖေ... ဒီအစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲကို ဘယ်လိုရောက်နေတာလဲ..."
ယွင်ဟွားသည် အမောတကော ပြေးလာပြီး သူမ၏ အံ့သြမှုမှာ အစစ်အမှန်ပင်ဖြစ်၏။
"ဘုရားရေ... ရှင်တို့အားလုံး ဒီနေရာမှာ ဘာလုပ်နေကြတာလဲ..."
"ပြီးတော့ ရှောင်ယွမ်ယွမ်... အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ... ဒီကိစ္စကို တစ်ယောက်ယောက် ရှင်းပြလို့ရမလား..."
လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။
နန်ကုန်းယွမ်က ကောင်းကင်ကို မော့ကြည့်လိုက်၏။
သူ ဘာမှမသိပါချေ။
"မသိဘူးလား..."
"မင်းက ငါတို့ကို ဘာဖြစ်တာလဲလို့ ပြန်မေးနေတယ်ပေါ့... မင်း လုပ်တာ မဟုတ်ဘူးလား..."
အိမ်ရှေ့စံ စကားမဆုံးမီမှာပင် ဧကရာဇ်ဝမ်ရွှမ်းက သူ့ကို ကန်လိုက်သဖြင့် ကျန်စကားများကို ချက်ချင်း မြိုချလိုက်ရသည်။
"ဘာလဲ... ကျွန်မကို ပြောပြလေ..."
ယွင်ဟွားသည် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး အကြည့်များက ကြည်လင်တောက်ပနေ၏။
“စာအုပ်လေး... တစ်ချက်ကြည့်လိုက်ပါဦး... သူတို့တွေ ဘာဖြစ်နေကြတာလဲ... ငါ ဘာမှတောင် မလုပ်ရသေးဘူး... သူတို့က အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲမှာ အိပ်နေကြပြီ..”
လူတိုင်းမှာ ရုတ်တရက် အံ့သြမှင်သက်သွားကြလေသည်။
*ဘာ...ယုံအန်းမင်းသမီး လုပ်ခဲ့တာ မဟုတ်ဘူးပေါ့…*
“ပန်းကလေး... ငါ့ကို စောင့်ဦး... ငါ အခုပဲ စာအုပ်ထဲမှာ သွားရှာကြည့်လိုက်မယ်..”
သေခြင်းရှင်ခြင်းစာအုပ်သည် ရယ်ချင်စိတ်ကို အောင့်ထားရင်း ယွင်ဟွား၏ ခေါင်းပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး တရားသူကြီးစုတ်တံက ၎င်း၏ ပခုံးများကို နှိပ်နယ်ပေးနေ၏။
ထိုလူစုမှာ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။ အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်သွားသဖြင့် သူတို့၏ ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားလေ၏။
သေခြင်းရှင်ခြင်းစာအုပ်က အချိန်ကိုက်ဖြစ်နေပြီဟု မြင်သောအခါ ကြောက်ရွံ့ဟန်ဆောင်ကာ အော်ဟစ်လိုက်သည်။
“ပန်းကလေး... တကယ် ထူးဆန်းတယ်... သူတို့ရဲ့ ကံကြမ္မာက သူတို့ရဲ့ ဘိုးဘေးတွေ မပျော်မရွှင် ဖြစ်နေတာကို ပြသနေတယ်... ဒါကြောင့် သူတို့အားလုံး မြေအောက်ကနေ တက်လာပြီး ဝင်ပူးကာ သူတို့ကိုယ်သူတို့ မြှုပ်ဖို့ ကျင်းတွေတူးပြီး သင်ခန်းစာပေးချင်နေကြတာပဲ…”
လူတိုင်းမှာ ဆွံ့အသွားကြသည်။
အနည်းငယ် ကျောချမ်းစရာကောင်းလှ၏။
"ဘာလို့လဲ..."
ယွင်ဟွားက နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဟူး…”
သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်၏။
“ဒါတွေအားလုံးက ယွင်မိသားစုရဲ့ ဘိုးဘေးတွေကြောင့်ပဲ... သူတို့က အခြားဘိုးဘေးတွေဆီသွားပြီး ယွင်မိသားစုရဲ့ သားစဉ်မြေးဆက်တွေက အောင်မြင်ပြီး အရည်အချင်းရှိတယ်လို့ ကြွားဝါခဲ့ကြတယ်လေ... အလုပ်မဖြစ်တဲ့ သူတို့ရဲ့ မျိုးဆက်တွေနဲ့ မတူဘူးဆိုပြီးတော့ပေါ့... ပြီးတော့ အမြဲတမ်း ပျက်စီးနေတဲ့ ကလေးဆိုးတချို့လည်း ရှိနေတာကိုး…”
“အင်း... သူတို့ အရမ်းဒေါသထွက်သွားလို့ ဒီနေရာကို အားလုံး တက်လာကြတာလေ..”
“ဟွန့်... မှတ်လောက်ပါပြီ... အကယ်၍ ပေပေ့သာ သူတို့ရဲ့ ဘိုးဘေးဖြစ်ခဲ့ရင် သူတိူ့ကို ငရဲပြည်ကို တန်းပြီး ဆွဲခေါ်သွားမှာပဲ... ရှင်သန်နေတာက အစားအစာ ဖြုန်းတီးရာကျလို့လေ…”
ယွင်ဟွား ရုတ်တရက် သဘောပေါက်သွားလေသည်။
သူမသည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်နေသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ လူလိမ်ဟန်ဆောင်မှုကို ချက်ချင်း ပြန်လည်စတင်လိုက်၏။
“အမ်း…”
“ငါ သူတို့ကို လိမ္မာပါးနပ်စွာ ပြောပြတာ ပိုကောင်းမယ်... မဟုတ်ရင် သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…”
တရားသူကြီးစုတ်တံက ယွင်ဟွားနှင့် ပူးပေါင်းကာ ဒေါသတကြီးဖြင့် အော်လိုက်၏။
“ဟွားဟွား... နင်က အရမ်းသဘောကောင်းလွန်းတယ်... သူတို့ နင့်ကို ရွှေလေးတွေ မပေးဘူးဆိုရင် ဒါက အကြောင်းပြချက် မခိုင်လုံဘူးနော်…”
လေထုအခြေအနေမှာ အတော်လေး အဆင်ပြေနေပြီဖြစ်ကြောင်း မြင်သောအခါ ယွင်ဟွားက ပြောလိုက်သည်။
"အရှင်မင်းကြီး... လေးစားအပ်ပါသော အမတ်မင်းတို့... ကျွန်မ ခုလေးတင် လက်ချောင်းတွေနဲ့ တွက်ကြည့်လိုက်တာ... ရှင်တို့အားလုံး အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို အိပ်ရင်း ယောင်ပြီးရောက်လာကြတာပဲ..."
လူတိုင်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားကြလေသည်။
“ကျွန်မကို မယုံဘူးလား…”
ယွင်ဟွားက မကျေမနပ်ဖြင့် အသံကိုမြှင့်လိုက်၏။
"ဒါဆိုရင် ရှင်တို့ရဲ့ ကိုယ်ပိုင်လက်သည်းတွေကို ကြည့်လိုက်ကြလေ... မြေကြီးတွေ ပေကျံနေပြီးတော့ မြေပြင်ပေါ်မှာလည်း ဂေါ်ပြားတွေ အများကြီးပဲ..."
သူမက အလွန်ထက်မြက်လှ၏။
မြေကြီးများဖြင့် ဖုံးအုပ်စဉ်က သူတို့၏ လက်များပေါ်တွင် သက်သေအထောက်အထားများ ကျန်ရစ်စေရန်ပင် သေချာပေါက် လုပ်ဆောင်ခဲ့ကြသည်။
လူတိုင်းက မသိစိတ်မှ သူတို့၏ လက်များကို ကြည့်လိုက်ကြပြီး နန်ကုန်းယွမ်ကလည်း တစ်ချက် ကြည့်လိုက်၏။
အင်း...
ကံကောင်းထောက်မစွာဖြင့် သူသည် စောစောက သူ့ကိုယ်သူ မြေမြှုပ်ခဲ့သဖြင့် သူ၏ လက်သည်းများကြားတွင် မြေကြီးအချို့ ကပ်နေလေသည်။
“ဒါနဲ့... ပန်းကလေး..”
“ရှူးရှူး ခုလေးတင် ယွင်ဘိုးဘေးဆီက သတင်းရတယ်... သူတို့ရဲ့ ဘိုးဘေးတွေက ပြောတယ်... အကယ်၍ သူတို့က သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ အပြင်မှာ မဆင်မခြင် ပြုမူတာတွေ၊ ယောက်ျား မိန်းမတွေကို အနိုင်ကျင့်တာတွေ၊ ကိုယ့်မိသားစုဝင်အချင်းချင်း အကြံအစည်ထုတ်တာတွေကို မတားဆီးနိုင်ရင်... ဒီနေ့ကစပြီး နေ့တိုင်း အိပ်မက်ထဲကို လာခဲ့မယ် မဟုတ်ရင် ဝင်ပူးမယ်တဲ့…”
ယင်းကို ကြားသောအခါ လူတိုင်းမှာ အသက်ရှုမှားသွားကြပြီး ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားကြလေသည်။
"အရှင်မင်းကြီး... အိမ်တွင်းရေး ကိစ္စအချို့ ဖြေရှင်းဖို့ ဒီနေ့ ခွင့်ယူခွင့်ပြုပါ..."
"အရှင်မင်းကြီး... ကျွန်တော်မျိုးလည်း ခွင့်တောင်းခံပါရစေ..."
"အရှင်မင်းကြီး..."
ထိုလူစုမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေမှ မှင်သက်စွာဖြင့် ထွက်ခွာသွားကြပြီး အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ဝမ်းနည်းပက်လက် ငိုကြွေးကြလေတော့သည်။
သူတို့က မိသားစုကို ရှင်းလင်းရေး လုပ်ချင်နေကြပြီဖြစ်၏။
ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားကို ကြည့်လိုက်ရာ သူမက သူ့ကို ပြုံးဖြီးဖြီးလုပ်ပြနေသည်ကို မြင်လိုက်ရသည်။ သူ တစ်ခုခုလွဲမှားနေသည်ဟု ခံစားရသော်လည်း မည်သည့်အရာဖြစ်ကြောင်း အတိအကျ မထောက်ပြနိုင်ခဲ့ပေ။
"နန်းတော်ကို ပြန်မယ်..."
သူ၏ ခြေထောက်များက အားနည်းနေဆဲဖြစ်ပြီး အစောင့်များက သူ့ကို ထူမကာ ပြန်ခေါ်သွားရလေသည်။
ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်ကို သံသယမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ရဲ့ ဘိုးဘေးတွေ အားလုံး ထွက်သွားကြပြီ မဟုတ်ဘူးလား... နင့်အဖေနဲ့ နင့်အစ်ကိုကကော အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို ဘယ်လိုလုပ် ရောက်လာတာလဲ..."
ယွင်ဟွားက သူမ၏ လက်များကို ဆန့်တန်းလိုက်၏။
ဘယ်သူက သိမှာလဲ...
"ချွေ့မိသားစုဆီက ဖြစ်နိုင်တယ်..."
ယွင်ရှောင်ထျန်းမှာ ဆွံ့အသွားလေတော့သည်။